ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ



လှကျော်ဇော - ကျွန်မတို့ရဲ့ဆရာမကြီး ရဲဘော်ငွေ
ကွယ်လွန်ခြင်းရက်လည်နေ့ - ၁၅-၃-၂၀၁၄ အမှတ်တရ
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၆

၁၉၇၈ ခုနှစ် သြဂုတ်လ မှ ၁၉၈၉ ခုနှစ်ဧပြီလအထိ ၁၀ နှစ်ကျော် အတူတကွ နေထိုင်ခဲ့ပြီး ကျွန်မရဲ့“လက်နက်ကိုင်တော်လှန်ရေးသမားဘဝဖြတ်သန်းမှုကိုအောင်မြင်စွာကျော်ဖြတ်နိုင်အောင် နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ပညာပေးပြုပြင်တည်ဆောက်ပေးခဲ့တဲ့ ကျွန်မရဲ့တော်လှန်ရေးဘဝ ‘လက်ဦးဆရာ၊ ဆရာမကြီး ရဲဘော်ငွေ ထာဝစဉ် ဥဒါန်းတွင်ပါစေ” ကျွန်မဆရာမကြီးကို ၁၉၇၈ ခုနှစ်၊ သြဂုတ်လ-၁၅ ရက် ပါတီနေ့အလွန် ရက်တရက်မှာ စတင်သိရှိခဲ့ရပါတယ်။ အဲဒီနေ့က ကျွန်မတို့ ပါတီဌာနချုပ် ဗဟိုရုံးချုပ်က လူအားလုံး အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရုံးစိုက်ရာပန်ဆန်းကို ပြောင်းရွှေ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။

အဲဒီတုန်းက ဆရာမကြီးဟာ စစ်ဒေသဆေးရုံရဲ့ဒုနိုင်ငံရေးမှူးပါ။ ခရိုင်အဆင့်ကေဒါပါ။ အမျိုးသမီးရဲဘော်တွေအကြားမှာ အတော်အဆင့်မြင့်ပါတယ်။ ဒါကြောင့် ပါတီထဲက အမျိုးသမီးရဲဘော်များက ဆရာမကြီးကို မိမိတို့ရဲ့ခေါင်းဆောင်အဖြစ် သဘောထားကြပါတယ်။ ဟိုးအောက်ခြေ ထမင်းချက်ရဲဘော်မလေး များကအစ ပါတီဗဟို ခေါင်းဆောင်ကြီးများရဲ့ ဇနီးသည်များအထိ ပါတီတွင်း အမျိုးသမီးတရပ်လုံးက ဒီလိုသဘောထားခြင်းခံရသူပါ။ ဆရာမကြီးဟာ ၁၉၄၈-၄၉ ခုနှစ်ပါတီရဲ့လက်နက်ကိုင်တော်လှန်ရေးစတင်ရာ ဒေသပျဉ်းမနားဇာတိဖြစ်ပြီး၊ အဲဒီကာလကတည်းက ပါတီထဲရောက်ရှိခဲ့သူဖြစ်လို့ အလွန်ဝါရင့်ပါတယ်။ အဲဒီကာလကတည်းက လုပ်ဖော်ကိုင်ဘက်များအဖြစ် ရင်းနှီးခင်မင်ခဲ့ကြတဲ့ရဲဘော်ဟောင်းများ၊ ခေါင်းဆောင် ဟောင်းများနဲ့ ကလည်း စဉ်ဆက်မပြတ် ဆက်ဆံနေသူဖြစ်လို့ ပါတီရဲ့အဆက်ဆက်ဗဟိုခေါင်းဆောင် ရဲဘော်ကြီး များနှင့် တရင်းတနှီးဆက်ဆံနိုင်သူဖြစ်ပါတယ်။ အဲဒီ အကြောင်းအရာအဖြစ်အပျက် အတော်များများ ကိုတော့ သူကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ‘အာရုဏ်ဦးခရီးသည်’စာအုပ်မှာ တော်တော်ရေးပြီးပါပြီ။

ကျမအခုရေးချင်တာကတော့ ကျွန်မတို့ အတူဖြတ်သန်းခဲ့ရတဲ့ ‘အရှေ့မြောက်စစ်ဒေသခရီး’ပါ။

ကျွန်မကို ပါတီဗဟိုက‘ဆေးကျောင်း’ ဖွင့်ဖို့တာဝန်ပေးပါတယ်။ ပါတီမှာ ဆေးကျောင်းတွေ၊ ဆေး သင်တန်းတွေ၊ အဆက်မပြတ်ဖွင့်ခဲ့တာပါ။ ကျွန်မ ပန်ဆန်းရောက်တော့လည်း စစ်ဒေသဆေးရုံမှာ ဆေးသင်တန်းလေးတခု ဖွင့်လှစ်သင်ကြားနေပါတယ်။

စစ်ဒေသဆေးဌာနမှူး ရဲဘော်ကျော်စွာ(ကွယ်လွန်) ဦးစီးပြီးသင်ကြားပို့ချနေပါတယ်။

အဲဒီသင်တန်းမှာ ကျွန်မက ဘာသာရပ်တချို့မှာဝင်ကူသင်ပြီး နောင်ဖွင့်မယ့်အဆင့်မြင့် ဆေးကျောင်းအတွက် လေ့လာပြင်ဆင်တာတွေ လုပ်ရပါတယ်။

အဲဒီကာလမှာ ကျွန်မဆရာမကြီးဆီရောက်သွားပြီး ဆရာမကြီးနဲ့အတူနေထိုင်ခဲ့ရတာပါ။ အဲသလို ဆရာမကြီးနဲ့အတူ နေထိုင်ခွင့်ရလိုက်တာဟာ ကျွန်မအတွက် အလွန့်ကို ကုသိုလ်ကံ ကောင်းခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ ဆရာမကြီးဟာ တော်လှန်ရေးသက်တမ်း အလွန်ရှည်ကြာခဲ့ပြီး အတွေ့အကြုံတွေ အတော်များတဲ့အထဲက တန်ဖိုးအရှိဆုံးအချက်ကတော့ ရဲဘော်သစ်တွေ (အထူးသဖြင့်ပညာတတ်တွေ) ကို ကောင်းကောင်းနားလည်ပြီး ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပြုပြင် ပေးနိုင်တာပါပဲ။ ကျွန်မအတွက် အလွန့်ကိုအဖိုးတန်တဲ့ကာလပါ။

ကျွန်မတို့ ပညာတတ် ရဲဘော်သစ်များ အနေနဲ့ တော်လှန်ရေး သဘောတရားတွေကို အတော်အတန် ခေါက်မိသိရှိကြတော့ တော်လှန်ရေးတွင်းတွေ့ရတဲ့ လက်တွေ့ပြဿနာများအပေါ် ချဉ်းကပ်တဲ့အခါ ‘ငါသိ ငါတတ်’ နဲ့ အလွန့်ကို စိတ်လောကြီးပြီး၊ တရားသေ ကျတတ်ပါတယ်။ သဘောတရားတွေပဲ ရွတ်နေတတ်ပါတယ်။ လက်တွေ့ဖြစ်ရပ်များနဲ့လည်း ကင်းကွာတတ်ပါတယ်။ ကျွန်မတို့အတွက် အခက်အခဲဆုံးအရာကတော့ ‘မိမိရဲ့အတ္တ’ကို ပျောက်အောင်လုပ်ရတဲ့ကိစ္စပါ။ အလွန်ပြင်းထန်တဲ့အတွေးအခေါ်တိုက်ပွဲကို တိုက်ရပါတယ်။ ငါတို့တော်လှန်ရေးအတွေ့အကြုံမရှိဘူး။ တော်လှန်ရေးသမားဟောင်းကြီးများဆီက သင်ယူရဦးမယ်။ တော်လှန်ရေးတရပ်ဆိုတာ တချီကောင်း၊ တပွဲကောင်းနဲ့မအောင်မြင်နိုင်ဘူး၊ အဖိနှိပ်ခံလူတန်းစားတွေ လွတ်မြောက်ရေးဆိုတာ ရေရှည်လုပ်ရ မှာ၊ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားကောင်းဖြစ်အောင် အတော်လုပ်ယူရဉီးမယ် ဆိုတဲ့ ကိုယ့်မာနကိုယ်ချတဲ့ လင်္ကာတွေကိုလည်း နေ့စဉ်မပြတ် ရွတ်ဖတ်နေဖို့လိုပါတယ်။ ပါတီထဲ တော်လှန်ရေးထဲ ဒုံးပေကပ်သပ် စွဲမြဲနေနိုင်အောင်ဆိုရင်၊ မိမိတို့မှာရှိတဲ့ ဓနရှင်ပေါက်စမာနတွေ အတွေးအခေါ်တွေ’ကို တဖြည်းဖြည်းကုန်စင်အောင် တိုက်ထုတ်ယူရဦးမယ်လို့လည်း ကိုယ့်ကိုယ် ကိုယ်သတိပေးနေရပါတယ်။ ဒီမာနတွေကို မတိုက်ချွတ်နိုင်ရင်၊ ပါတီထဲ၊ တော်လှန်ရေးထဲရေရှည် ဖြတ်သန်းနိုင်မှာမဟုတ်ဘူးနော်လို့လည်း ကိုယ့်ကိုကိုယ် ဆုံးမနေရပါတယ်။ အဲသလို မိမိပင်ကိုယ် အတွေးအခေါ်ဟောင်း အတွေးအခေါ်အမှားတွေကိုအပြင်းအထန် တိုက်ပွဲဆင်နေရချိန်မှာ ဘေး ပတ်ဝန်းကျင်ရဲ့ကူညီမှု၊ အားပေးမှု၊ တည့်မတ်ပေးမှုတွေဟာ အလွန်အရေးကြီးပါတယ်။

ဒီနေရာမှာ အဲဒီကာလအရှေ့မြောက်စစ်ဒေသရဲ့ပတ်ဝန်းကျင်အခြေအနေအကြောင်းအရာတွေကို ပြောပြချင်ပါတယ်။

ပါတီရဲ့အဲဒီကာလ အဓိကအခြေစိုက်ရာ ပန်ဆန်းဒေသဟာ အလွန်ထူးခြားပါတယ်။ လူမျိုးကတော့စုံ သလားမပြောပါနဲ့။ အများစုက‘ဝ’ လူမျိုးတွေပါ။ ရှမ်း၊ ကချင်၊ ကရင်၊ အခါ၊ လားဟူ၊ ရခိုင်စတဲ့ လူမျိုးစု စုံအောင် ရှိပါတယ်။ ဗမာနဲ့တရုတ်လူမျိုး (ဗမာပြည်ပေါက် တရုတ်လူမျိုးများအပါ) စတဲ့ လူမျိုးများ ကတော့ အနည်းစု ဖြစ်နေပါတယ်။

အဲဒီတော့ ဘာသာစကားပေါင်းစုံ၊ ဓလေ့ထုံးစံမျိုးစုံနဲ့အတော့်ကို နေထိုင်ရခက်၊ ဆက်ဆံရပြောဆိုရ ခက်ခဲတဲ့အရပ်ဖြစ်လို့နေပါတယ်။ ဒီကြားထဲပါတီက တပ်ပေါင်းစုလုပ်ငန်းတိုးချဲ့လုပ်လာတော့ အဖွဲ့ အစည်းပေါင်းစုံရောက်လာပြန်ပါတယ်။ ဒီအခါ နိုင်ငံရေးအတွေးအခေါ်ပေါင်းစုံ ဝင်လာပြန်ပါ တယ်။ ခြုံပြောရရင်တော့ အတော့်ကိုရှုပ်ထွေးပြီး ပြဿနာပေါင်းစုံတဲ့အရပ်လို့ ဆိုနိုင်ပါတယ်။

ဒီအချိန်အခါမှာ ကျွန်မတို့ရဲဘော်သစ်များအနေနဲ့ မိမိကိုယ် မိမိတည်ဆောက်ရေးလည်းလုပ်ရ၊ ဘေးပတ်ဝန်းကျင်နဲ့သင့်မြတ်လျော်ကန်အောင်လည်း ဆက်ဆံရနဲ့အလွန်ကို ခက်ခဲရှုပ်ထွေးတဲ့ တော်လှန်ရေးဘဝခရီးကြမ်းကို လျှောက်နေရတာပါ။

အတိမ်းအစောင်းမခံပါဘူး။ အဲသလိုကာလမျိုးမှာ ကျွန်မဟာ ကံကောင်းထောက်မစွာ ဆရာမကြီးနဲ့အတူနေလိုက်ရတာပါ။ ကျွန်မတို့ ကိုယ့်အတွေးအခေါ်ကို ကိုယ့်ဘာသာ ခက်ခက်ခဲခဲတိုက်နေရစဉ်မှာ ဆရာမကြီးတို့လို ဝါရင့်တော်လှန်ရေးသမားကြီးတဦးက အနားကနေပြီး စေတနာမှန်စွာ နည်းပရိယာယ်များပြား ºကယ်ÿစွာ ဖေးမကူညီပြုပြင် တည်ဆောက် အားပေးနေမှုဟာ အလွန့်ကိုအဖိုးတန်ပြီး ရည်ရွယ်ချက်လည်း ကောင်းပါတယ်။

ကျွန်မတို့တတွေဟာ ကိုယ်ကသာ ဆရာလုပ်ချင်ပြီး ကိုယ့်ဆရာလာလုပ်ရင် သိပ်ကြိုက်တတ်သူများ နာခံတတ်သူများမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကို ကိုင်တွယ်ရာမှာ စေတနာမှန်ဖို့လိုရုံမက နည်းပရိယာယ် ကြွယ်ဝဖို့လည်း လိုပါတယ်။ ဒါ့အပြင် ကျွန်မတို့မှာ ကိုယ့်အားနည်းချက်ကို ကာကွယ်ဖို့အတွက် ဆင်ခြေတွေကလည်း အလုံအလောက် ရှိပါတယ်။ ကိုယ့်အမှားကို ဝန်ခံဖို့ဆိုတာ အလွန်ခဲယဉ်းပါတယ်၊ ရဲဘော်ဟောင်းကြီးများဘက်က နားလည်စာနာဖို့လိုသလို စိတ်ရှည်ဖို့လည်း လိုပါတယ်။ စံပြအဖြစ်လည်း နေပြ၊ လုပ်ပြဖို့ လိုပါတယ်။ ဆရာမကြီးမှာ ဒီအရည်အချင်းတွေ အပြည့်အဝရှိပါတယ်။ ကျွန်မတို့ရှေ့မှာ အဆင်းရဲ အပင်ပန်းခံ နေတာတွေ၊ နှိမ်နှိမ်ချချပြောဆိုလုပ်ကိုင်နေတာတွေကို မြင်တွေ့ရတဲ့အခါ ကျွန်မတို့အနေနဲ့ “ဒီလောက်ဝါရင့်တဲ့ ရဲဘော်ကြီးတွေတောင် ဒီလိုနေနိုင်နှိမ်ချနိုင်ရင် တို့တွေက ဘာလို့မနေနိုင်ရမှာလဲ” ဆိုတဲ့ စိတ်နဲ့မိမိရဲ့မာနတွေကို ချိုးနှိမ်နိုင်ခဲ့ကြပါတယ်။

ကျွန်မ အဲဒီပန်ဆန်းမှာ ‘ဗဟိုဆေးကျောင်း’ တွေ အဆက်မပြတ် ဖွင့်နိုင်ခဲ့တာဟာ ဆရာမကြီးရဲ့ ဥဉ်ဆက်မပြတ် ကူညီထောက်ခံ အားပေးမှုကြောင့်ပါ။ ကျွန်မနေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲ ပေါင်းစုံကို ဆရာမကြီးက ကူညီဖြေရှင်းပေးရာမှာ သိသိသာသာ နည်းနဲ့ရော၊ မသိမသာ နည်းနဲ့ရော ကျွန်မရဲ့အခြေခံအားနည်းချက်များဖြစ်တဲ့ မာန်မာနကြီးမှု၊ စိတ်လောကြီးမှု၊ ဒေါကြီးပြီး ပိုးခနဲ ပက်ခနဲ ပြောတတ်မှု၊ ဆင်ခြေများမှုစတာတွေကို တဖြည်းဖြည်း လျော့နည်းအောင် လုပ်ပေးခဲ့ပါတယ်။ (ကုန်တော့ မကုန်စင်သေးပါဘူး။ ဒါကတော့ တသက်လုံးတိုက်ရမယ့် အတွေးအခေါ်တိုက်ပွဲပါ။)

ဆရာမကြီး ကျွန်မကိုပညာပေးခဲ့တဲ့အကြောင်းအရာတွေ၊ လူပုဂ္ဂိုလ်အကြောင်းအရာတွေ အများကြီးပါ။ တသက်တာလုံး မှတ်သားထားရမယ့်အကြောင်းများပါ၊ ဥပမာ တခုပေးပါရစေ။

“ကြာတပေါင်း နှောင်းတံခူး။ ဖြည်းဖြည်းစောင့် သိပ်လောရင် သူ့အမှားက ကိုယ့်အမှား ဖြစ်သွားမယ်” ဆိုတဲ့စကားမျိုးပါ။ သူသင်ပြပေးသလို အချိန်တချိန်စောင့်တာ၊ စိတ်ရှည်တာ၊ အမှားကို ကိုယ်ကိုယ် တိုင်မြင်သွားအောင်စောင့်တာ၊ စိတ်တိုနေရင် စကားမပြောဘဲနေတာ၊ သူများကို အပြစ်တင် မစောတာ စတဲ့ လုပ်ဟန်တွေဟာ တော်လှန်ရေးသမားတွေ နိုင်ငံရေးသမားတွေအတွက် အလေ့အကျင့် ကောင်းတွေ၊ အကျိုးသက်ရောက်မှုကောင်းတဲ့လုပ်ဟန်တွေ ဖြစ်တယ်။ သူပြောခဲ့သလိုပဲ ဒီလုပ်ဟန်တွေဟာ လုပ်ရင်းလုပ်ရင်းနဲ့အကျင့်ပါလာပြီး လောကြီးမှုတွေ၊ ဒေါကြီးတာတွေ လျော့နည်း လာတော့ရဲဘော်အများနဲ့ဆက်ဆံရာမှာ ပြေလည်ပြေပြစ်ချောမောလာပါတော့တယ်။

ဆရာမကြီးရဲ့ဒီလိုကူညီပံ့ပိုးများကြောင့်သာ ကျွန်မဟာ ပါတီကပေးအပ်တဲ့ တာဝန်တွေကို အောင်မြင်အောင် ထမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဆရာမကြီးကို ကျေးဇူး အမြဲ တင်သွားမှာပါ။

၈-၃-၂၀၁၄ ကမ္ဘာ့အမျိုးသမီးနေ့မှာကွယ်လွန်သွားရှာပြီဖြစ်တဲ့ဆရာမကြီးရဲ့နောက်ဆုံးခရီးကိုရော ၁၅-၃-၂၀၁၄ နေ့မှာ ပြုလုပ်တဲ့ရက်လည်ဆွမ်းကျွေးပွဲကိုရော အဝေးရောက်ကျွန်မ မတက်ရောက်နိုင်ခဲ့ပါ ဘူး၊ ဒီအတွက် ဒီစာတမ်းနဲ့ပဲဆရာမကြီးကို ဂါရဝပြုလိုက်ပါတယ်။

ဆရာမကြီး ငြိမ်းချမ်းစွာ အနားယူပါတော့။

ဆရာမကြီးရဲ့မပြီးဆုံးသေးတဲ့တာဝန်တွေကို ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ဆက်လက်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်။

လှကျော်ဇော
၁၅-၃-၂၀၁၄။
မှတ်ချက် - သူ့ဘဝ သူ့အတွေး ….စာအုပ်မှ၊