ကျော်မောင်(တိုင်းတာရေး) - ဘယ်အခန်းမှာလဲ



ကျော်မောင်(တိုင်းတာရေး) - ဘယ်အခန်းမှာလဲ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆


အတန်းစဉ်တိုင်းတွင် အခန်းခွဲသော စနစ်များကို ကြုံဖူးသမျှ ပြန်တွေးကြည့်မိသည်။ ငယ်စဉ်ကာလဖြစ်သောကြောင့် မမှတ်မိသောအချက်များကို လူကြီးမိဘများထံတွင် မေးမြန်းရသည်။ မူလတန်းကျောင်းတစ်ကျောင်းတွင် သူငယ်တန်းမှ စတက်စဉ်တွင်ဖြစ်သည်။ ထိုကျောင်းတွင် သူငယ်တန်းများကို အခန်းခွဲသော စနစ်သည် ကျောင်းလာအပ်သော မိဘအုပ်ထိန်းသူများပေါ်တွင် မူတည်လေသည်။

သူငယ်တန်းတက်ရောက်မည့်ကလေးအတွက် သင့်လျော်မည်ထင်သော သူငယ်တန်းအတန်းပိုင်ကို မိဘများက ရွေးချယ်ကာ ထိုအတန်းပိုင်ထံတွင် ကလေးကို ကျောင်းအပ်နှံကြသော စနစ်ဖြစ်သည်။ ထိုအခါ ပုံပြင်အပြောကောင်းသည်၊ အသင်အပြကောင်းသည်၊ ကလေးတွေကို စိတ်ရှည်သည်းခံသည်ဟု နာမည်ကြီးသော သူငယ်တန်းပြ ဆရာ ဆရာမ၏ စာသင်ခန်းတွင် ကျောင်းသူ ကျောင်းသား အပြည့်ဖြစ်လေသည်။ ကလေးများကို ဆူသော၊ မာန်မဲကြိမ်းမောင်းသော၊ ရိုက်သော၊ စိတ်မရှည်သော ဆရာ ဆရာမ အတန်းများကား ကျောင်းသူ ကျောင်းသားနည်းလေသည်။

သူငယ်တန်းမှ ပထမတန်းသို့ တက်သောအခါတွင်လဲ ထိုနည်းအတိုင်းပင် ဖြစ်လေသည်။ ကြိုက်ရာ အတန်းပိုင်ကို မိဘများက ရွေးချယ်အပ်နှံခွင့်ရှိသည်။ သို့မဟုတ်လျှင်လဲ ဆိုင်ရာ အတန်းများမှ ဆရာ ဆရာမများ၊ အထူးသဖြင့် အတန်းမှူးများ၏ ဆုံးဖြတ်ချက်ကို လိုက်နာရသည်။ ၎င်းမှာ စာသင်ခန်းတစ်ခန်းတွင် တက်ရောက်နိုင်သည့် အရေအတွက်ထက်ကျော်လွန်သည့်အခါ နေရာလွတ်ရှိသော ကျန်နှစ်သက်ရာ အတန်းပိုင်ထံတွင် အပ်နှံရသော စနစ်ဖြစ်လေသည်။ တခါတရံတွင်လဲ စိတ်ကြိုက်ရွေးချယ်ခွင့်မပေးဘဲ ဆိုင်ရာအတန်းမှူးများ နေရာချပေးသော အခန်းတွင် တက်ရောက်ရသည်။

ဒုတိယတန်းအောင်ပြီးနောက် ထိုကျောင်းနှင့် ကံမဆုံဖြစ်တော့ဘဲ တစ်ခြားကျောင်းသို့ ပြောင်းရွှေ့သောအခါတွင် နောက်ထပ် စနစ်တစ်မျိုးကို လေ့လာသိရှိခွင့်ရခဲ့သည်။

သူငယ်တန်းမှ ပထမတန်း၊ ထို့နောက် ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းအထိ စာသင်နှစ် ငါးနှစ်ဆက်တိုက်လုံး ကျောင်းသူ ကျောင်းသားများနှင့် တစ်တန်းပြီး တစ်တန်းလိုက်ပါသွားကာ စာသင်ခန်းကို တာဝန်ယူအုပ်ချုပ်ရင်း စာသင်ကြားပေးသော အတန်းပိုင်သည် စတုတ္ထတန်းအပြီး နောက်တစ်နှစ်တွင် သူငယ်တန်းသို့ ပြန်ဆင်းကာ မူလတန်း ကလေးများနှင့် စာသင်နှစ်ကို ပြန်စရသော စနစ်ဖြစ်သည်။

ဆိုသောအခါ ထိုစဉ်က ထိုထိုအတန်းများတွင် ဘယ်အခန်းမှာလဲဟူသော မေးခွန်းမှာ ခေတ်မစားသေးဟု ပြောနိုင်သည်။ မေးခဲ့ပါလျှင်လဲ အတန်းပိုင် မည်သူဆိုသည်ကို သိချင်လိုသောကြောင့် မေးမြန်းခြင်းသာ ဖြစ်ပေလိမ့်မည်။

အလယ်တန်းကျောင်းတစ်ကျောင်းတွင် ကြုံခဲ့ဖူးသည်မှာ ဤသို့ဖြစ်သည်။ အလယ်တန်းကျောင်းဖြစ်သောကြောင့် အဋ္ဌမတန်း (ရှစ်တန်း) သည် ကျောင်းတွင် အတန်းအကြီးဆုံးဖြစ်သည်။ သတ္တမတန်း (ခုနစ်တန်း) တွင် A (အေ) B (ဘီ) C (စီ) ဟူ၍ စာသင်ခန်း အခန်းသုံးခန်းရှိသည်။ ရှစ်တန်းတွင် အေ ဘီ ဟူ၍ နှစ်ခန်းသာ ထားသည်။ ရှစ်တန်း အေ သည် ခုနစ်တန်းစာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်သူများအတွက် ဖြစ်သည်။ ရှစ်တန်း ဘီ သည် ခုနစ်တန်းမှ အမှတ်နည်းစွာဖြင့် အောင်လာသူများနှင့် ရှစ်တန်းနှစ်ကျများအတွက်ဖြစ်သည်။

ထိုအခါတွင် ဘယ်အတန်းရောက်ပြီလဲ၊ ရှစ်တန်းရောက်ပြီဟူသော အမေးအဖြေနောက်ဆက်တွဲအဖြစ် ဘယ်အခန်းမှာလဲ ဟူသည်မှာ အတော်ပင် ရေပန်းစားသော မေးခွန်းဖြစ်လေသည်။ ဘီ အခန်းမှာဟုဆိုလျှင် ဟေ့ စာကြိုးစားဦး၊ ဒီအတန်းအောင်လို့ အထက်တန်းကျောင်းသွားရင် ကိုးတန်းမှာ ဟိုးနောက်ဆုံးအခန်းတွေမှာ ထိုင်နေရဦးမယ် ဟူသော တိုက်တွန်းသံများ ကြားရပေလိမ့်မည်။

ရှစ်တန်းတွင် အေ ဘီ အခန်းခွဲသောကြောင့် ထိုကျောင်းရှိ ခုနစ်တန်းသည် အလွန်အရေးပါသည်။ ရှစ်တန်း အေ အခန်းတွင် တက်ခွင့်ရသူသည် ဘီ အခန်းတွင် တက်ခွင့်ရသူထက် ပိုမိုဂုဏ်မြင့်သည်။ ထို့ကြောင့် ခုနစ်တန်းစာမေးပွဲမေးခွန်းများကို ကျောင်းအုပ်ကြီးကိုယ်တိုင် သေချာကြပ်မတ်လေသည်။ ခုနစ်တန်းကျောင်းသူကျောင်းသားများသည်လဲ ရှစ်တန်းတွင် အေ အခန်းရနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစားကြရသည်။

ရှစ်တန်း အေ နှင့် ဘီ တွင် ဘာသာရပ်သင် ဆရာ၊ ဆရာမများက မဲနှိုက်ကာ မဲကျသည့်အခန်းကို အတန်းပိုင်များအဖြစ် တာဝန်ယူရသည်။ အေ အခန်းအတန်းပိုင်ဖြစ်လျှင် လူတော်များထိန်းကျောင်းရသော အတန်းပိုင်ဖြစ်သဖြင့် ပိုမိုတော်လာအောင် လေ့ကျင့်ပေးရသည်။ ဘီ အခန်းအတန်းပိုင်ဖြစ်သွားလျှင်မူ နှစ်ကျကျောင်းသူကျောင်းသားများနှင့် စာညံ့သော အတန်းတက် စာသင်သားသစ်တို့ သူတော်လွေ့လွေ့ဖြစ်မသွားစေရေး ၊ စာမေးပွဲအောင်မြင်ရေး၊ အောင်ချက်ရာခိုင်နှုန်းမြင့်မားလာရေး၊ ဟိုဟိုဒီဒီ အာရုံမများစေရေး စသည်တို့ကို ထိန်းကျောင်းပြုပြင်ပေးရလေသည်။ ထို့ကြောင့် ဘီ အခန်းအတန်းပိုင်မှာ အေ အခန်းအတန်းပိုင်ထက် ပိုမိုပင်ပန်းသယောင် ရှိသည်။ လူဆိုးထိန်းဖြစ်ပြီလားဟု ဘီ အခန်းအတန်းပိုင်ကို ဆရာ ဆရာမ အချင်းချင်း နောက်ပြောင်ပြောလေ့ရှိသည်။

အေ အခန်းအတန်းပိုင်၏ အရည်အချင်းသည် ရှစ်တန်း အတန်းတင်စာမေးပွဲတွင် သူ၏ အတန်းသားများထဲမှ ဘာသာစုံဂုဏ်ထူးထွက်သူ မည်မျှများသည် နည်းသည်ပေါ်တွင် စကားပြောသည်။ ဘီ အခန်း အတန်းပိုင်၏ အရည်အချင်းသည် အတန်းတင်စာမေးပွဲတွင် သူ၏ အခန်းမှ ရာခိုင်နှုန်း အဘယ်မျှ အောင်မြင်သည်ဟူသော အပေါ်တွင်လဲကောင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း ကျောင်းပြေးခြင်း ဆေးလိပ်ခိုးသောက်ခြင်း စသော ပြဿနာများ အဘယ်မျှနည်းသွားသနည်းဟူသော အပေါ်တွင်လဲကောင်း အခြေတည်သည်။

စာတော်သူ အေ အခန်းမှာတက်၊ စာညံ့သူ ဘီ အခန်းသွားဟူသော စနစ်ဟောင်းကို တစ်နှစ်တွင် အောက်ပါအတိုင်း ပြောင်းလဲပစ်လေသည်။ ဘီ အခန်းတွင် စာတော်သူများ၊ အရည်အချင်းအသင့်အတင့်ရှိသူများကို စာညံ့သူများ၊ အတန်းစာကို စိတ်မ၀င်စားသူများနှင့် ရောနှောထားလိုက်ခြင်းဖြစ်သည်။

ကျောင်းစဖွင့်၍ စာသင်နှစ်စတင်သော နေ့မှာပင် ဘီ အခန်းအတန်းပိုင်အဖြစ် တာဝန်ကျသော ဆရာမက ဘီ အခန်းရောက် ထူးချွန်ပုဂ္ဂိုလ်လေးများကို အချိန်ယူကာ ရှင်းပြရလေသည်။ ယခင်ကဲ့သို့ လူတော် တစ်ခန်း၊ လူညံ့ တစ်ခန်း ခွဲမထားတော့ဘဲ ပေါင်းထားကြည့်သော စနစ်ဖြစ်ကြောင်း၊ သို့မှသာ စာမကြိုးစားချင်သောသူများသည် စာကြိုးစားသောသူများကို အနီးကပ်လေ့လာ အတုယူခွင့်ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ခုနစ်တန်းတွင် စာတော်ခဲ့သူများသည် ယခုရှစ်တန်း ဘီသို့ ရောက်လာသော်လဲ ညံ့သောကြောင့် ရောက်လာခြင်းမဟုတ်ဘဲ စာညံ့သူများကို လက်တွဲခေါ်ရန်၊ ကူညီပေးရန် ရောက်လာကြခြင်းဖြစ်သည်ဟု သဘောထားစေလိုကြောင်း အတန်ကြာ ပြောရဟောရလေသည်။

ထိုနှစ်မှစ၍ ဘယ်အခန်းကလဲဟူသော မေးခွန်းအား ယခင်ကကဲ့သို့ အေ အခန်းမှာ၊ ဘီ အခန်းမှာဟု တိုတိုတုတ်တုတ် ဖြေဆိုရခြင်းအမှု တစ်ခန်းရပ်ကာ ကျောင်းတွင် အေ အခန်းမှ အကောင်း၊ ဘီ အခန်းသည် အဆိုးဟု သတ်မှတ်ထားခြင်း မရှိတော့ဘဲ စနစ်ပြောင်းလိုက်ပြီဖြစ်ကြောင်း၊ တော်သူ ဖြစ်လျှင်လဲ ဘီ အခန်းသို့ ရောက်ချင်ရောက်သွားနိုင်ကြောင်း၊ ထိုသို့ ရောက်သွားခြင်းမှာ ထိုအခန်းရှိ စာညံ့သူများကို တစ်နည်းတစ်ဖုံကူညီရန်ဖြစ်သဖြင့် အေ အခန်းရောက်သွားသောသူများထက် ပိုမိုဂုဏ်မြင့်ကြောင်း ရှင်းပြခြင်းများ တိုးပွားလာလေသည်။

အလယ်တန်းတွင် အမြင့်ဆုံးဖြစ်သော အဋ္ဌမတန်းအောင်ပြီးနောက် အထက်တန်းကျောင်းသို့ န၀မတန်း (ကိုးတန်း) အနေဖြင့် တက်ရောက်ကြရသည်။ အထက်တန်းကျောင်းဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်းပေါင်းစုံမှ ကိုးတန်းလာတက်သူများ၊ ကျောင်းတွင် မူလရှိရင်းစွဲ ရှစ်တန်းမှ တက်လာသူများ ရှိသဖြင့် ကိုးတန်းတွင် စာသင်ခန်းများကို ခြောက်ခန်း ခုနစ်ခန်းမျှ ထားရသည်။ ထိုကျောင်းတွင် အေ အခန်း၊ ဘီ အခန်း ဟူသော အခန်းခွဲခြင်းကို ပြန်လည်ကြုံတွေ့ရပြန်သည်။

စာတော်သူများကို အေ မှစ၍ အခန်းအစဉ်အလိုက် နေရာချရာတွင် မျှတမှုရှိစေရန် ကျောင်းတက်စ ပထမလအတွင်းမှာပင် စာမေးပွဲတစ်ခု ကျင်းပသည်။ ထိုစာမေးပွဲတွင် ရရှိသော အမှတ်အနည်းအများအလိုက် အေ အခန်း၊ ဘီ အခန်း၊ စီ အခန်းဟူ၍ အခန်းတက် အခန်းဆင်းခြင်း လုပ်ဆောင်ကြရသည်။ ထိုအခါတွင် ပထမလအတွင်း စစ်မေးသော စာမေးပွဲသည် အေ အခန်းတွင် တက်ချင်သူများအတွက် အလွန်အရေးကြီးလေသည်။ စာမေးပွဲဖြေအပြီး အမှတ်အနည်းအများအလိုက်ပေါ်မူတည်ကာ မည်သူတို့ မည်သည့်အခန်းတွင် တက်ရောက်ရမည်ဟု ကြေငြာထားသော အခန်းစာရင်းထွက်သောနေ့သည် ကိုးတန်းတွင် အလုပ်အများဆုံးနေ့ဖြစ်သည်။

အကြောင်းမှာ ကျောင်းတက်စ အေ အခန်းတွင် စာသင်ရသူများသည် အမှတ်အနည်းအများအလိုက်ပြန်စီရာတွင် အမှတ်နည်းပါက အေ အခန်းမှ ကျရာ တခြားအခန်းစီသို့ အခန်းဆင်းရခြင်း၊ အေ အခန်းသို့ ၀င်ခွင့်ရသူများ အားကြိုးမာန်တက် ပြောင်းလာခြင်း၊ အေ အခန်း ဘီ အခန်းများသို့ ပြောင်းတက်ခွင့်ရသော်လဲ သူငယ်ချင်းများနှင့် မခွဲနိုင်မခွာရက်ဖြစ်ကာ စာအတူတူသင်ချင်သောကြောင့် လက်ရှိ အခန်း အတန်းပိုင်ကို အပူကပ်ခြင်း၊ ရှစ်တန်းအထိ တလျှောက်လုံး စာဖက်တွင် ထူးချွန်သူဟု သတ်မှတ်ခံရသော်လဲ အကြောင်းကြောင်းကြောင့် ပထမလပတ်စာမေးပွဲတွင် အမှတ်နည်းသွားသူများအား မိဘအုပ်ထိန်းသူများမှ မြည်တွန်တောက်တီးခြင်း စသည်တို့ ကြုံရသောနေ့၊ ကြားရသောနေ့ဖြစ်လေသည်။

တချို့သော အတန်းပိုင် ဆရာ၊ဆရာမများမှာလဲ သူတို့အခန်းတွင် စာတော်သောကျောင်းသူကျောင်းသားကို အလိုရှိသောကြောင့် လက်ရှိအခန်းတွင် ပြန်ရရန် လိုလားကြလေသည်။ နောက်ပိုင်းဖြေဆိုရသော လစဉ်စစ်စာမေးပွဲများတွင် အတော်ဆုံးသူများ စုစည်းထားသော အခန်းများရှိ ကျောင်းသူကျောင်းသားများရမှတ်ထက် အောက်အခန်းမှာရှိသော ကျောင်းသူကျောင်းသားတစ်ယောက်ယောက်၏ ရမှတ်က များသွားသည်ဆိုလျှင် ထိုအချက်သည် အေ အခန်းအဖို့ တုန်လှုပ်စေသော အချက်ဖြစ်သည်။ နောက်ပိုင်းတွင် ပထမလပတ်စာမေးပွဲမှ ရလဒ်ကို ယူ၍ အခန်းတက် အခန်းဆင်းပြုလုပ်ရသော စနစ်ကို ဖျက်သိမ်းပစ်ပြီး အောက်အတန်းမှ ရရှိလာသော အမှတ်ပေါင်းပေါ်မူတည်၍အခန်းခွဲသောစနစ်ကို ပြန်လည်ကျင့်သုံးကြလေသည်။

ခြွင်းချက်အနေဖြင့် အတန်းတစ်တန်းစီသာ ရှိသောကြောင့် အတန်းများတွင် အခန်းခွဲရန်မလိုသောကျောင်းများ၊ ဆရာ ဆရာမ မလုံလောက်သောကြောင့် ဆရာ ဆရာမတစ်ယောက်တည်းကပင် ဆိုင်းဝိုင်းရှိ ပတ်လုံးများကို ပတ်ချာလည်တီးသကဲ့သို့ အတန်းစုံ သင်ရသော ကျောင်းများ ရှိနေပေသေးသည်။

ထိုသို့ အတန်းစဉ်များတွင် အေ အခန်း ဘီ အခန်းဟူ၍ စာတော်သူများ၊ စာညံ့သူများကို ခွဲခြားစာသင်စေသောစနစ်သည် ရွှေပြည်ကြီးတွင်သာမက နိုင်ငံတကာတွင် ကျင့်သုံးနေဆဲစနစ်ဖြစ်လေသည်။ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ကြသနည်းဟု စုံစမ်းရာတွင် ဆရာ ဆရာမများအနေဖြင့် စာသင်ကြားရေးတွင် ဉာဏ်ရည်တူသူများကို တစ်စုစီထား၍ သင်ကြားခြင်းက ပိုမိုထိရောက်ကြောင်း၊ စာသင်သားတို့အနေဖြင့်လဲ စာကို သူများထက်သာအောင် ကြိုးစားလိုစိတ်တိုးပွားစေနိုင်ကြောင်း ဟူသော အကြောင်းနှစ်ချက်ကို ရလေသည်။

ဤသို့ဖြင့် ဘယ်အခန်းမှာလဲ ဟူသော မေးခွန်းသည် ယခုခေတ်တွင် ယခင်ကထက် ပို၍ပို၍ တွင်ကျယ်လာနေသယောင် ရှိလေပေတော့သတည်း။