ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းဗညား - ခဏလေး


မင်းဗညား - ခဏလေး

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၆

၁။

အိမ်ရှေ့မှာ အဖြူရောင်ကားလေးတစီး ထိုးရပ်လာသည်။ ကားလေးတစီး အိမ်ရှေ့မှာ ထိုးရပ် လိုက်သည်မှာ မထူးခြားသော်လည်း ကားလေးကိုမောင်းနှင်လာတဲ့လူကြီးဆီမှာ ကံကြမ္မာက ဆောင် ပါးလိုက်တဲ့ အမိန့်စာတွေ တပွေ့တပိုက် ပါလာတယ်ဆိုတာ ဘယ်ရှေ့ပြေးဆရာမှ မသိခဲ့ဘူး။

အကယ်၍များ ရှေ့နိမိတ်ဟော ဆရာတွေများသိခဲ့ရင် ထိုကားလေးကို အိမ်ရှေ့အရောက် မပို့ မိအောင် မိသားစုတွေဆုတောင်းနေမိမှာအမှန်ပါ။ အကယ်၍များသိခဲ့ရင် ဒီအိမ်လေးမှာရှိတဲ့ မိသားစု တွေလည်း အဝေး တစ်နေရာကို ခဏလောက်ပြေးထွက်သွားမှာ အမှန်ပါ။ အကယ်၍များ . . .။

၂။

အသက် ၁၄ နှစ်လောက်သာရှိသေးတဲ့ ကလေးငယ်တဦးက အိမ်ရှေ့ကို ကားလေးထိုးရပ် လာတာမြင်တော့ အံ့သြကြီးစွာ ကြည့်နေမိသည်။ သူရှိနေတဲ့နေရာလေးနဲ့ သူ့အိမ်ရှိရာဆီက အလှမ်း ကွာဝေးနေသေးပေမယ့် ဒီကားလေးက သူတို့ အိမ်ကိုလာသည်ဟုသာ စိတ်ထဲ၌ခံစားမိလိုက်သည်။

ကလေးငယ်က ရေမြောင်းအတွင်းမှာရှိတဲ့ တီကောင်လေးတွေကို လက်ထဲအသင့်ပါတာတဲ့ ဇကာလေးနဲ့ စစ်ရင်းအိမ်ရှေ့မှာ ကားလေးတစ်စီးထိုးရပ်လိုက်တာကို တွေ့လိုက်ရခြင်းဖြစ်သည်။ မရှေး မနှောင်းပါဘဲ ခန္ဓာကိုယ်လေးတွေ တွန့်လွန်းနေအောင် မြူးထူးပျော်ပါးနေတဲ့ ရေမြောင်းအတွင်းက တီ ကောင်လေးတွေကို ဇကာနဲ့ အားပြင်းပြင်းတချက် ထိုးစစ်လိုက်ပြီး ကားလေးရပ်ထားတဲ့ အိမ်ဆီသို့ ပြန်လာခဲ့သည်။ သူ့လက်ထဲမှာလည်း အိမ်ကငါးလေးတွေကို ကျွေးဖို့အစာက လုံလောက်နေတာ ကြောင့်လည်း ဖြစ်သည်။

၃။

အိမ်ရှင်မတဦးအနေနဲ့ တနေ့တာအလုပ်တွေ ရှုပ်ထွေးနေရင်းကြားမှ အိမ်ရှေ့မှာ ကားလေး တစီးထိုးရပ်လာသည်ကိုသတိထားမိလိုက်သည်။ အိမ်ကိုဧည့်သည်လာသည်ဆိုသည်မှာ သေချာ သလောက်ရှိ သည်ဟုလည်း စိတ်ထဲမှာ တွေးထင်လိုက်သည်။

ယခင်ကဆိုလျှင် သူတို့အိမ်ကလေးကို မော်တော်ကားနှင့်မှမဟုတ် စက်ဘီး၊ ဆိုက်ကား၊ ဆိုင် ကယ်အပြင် ခြေလျင်ဖြင့်ပါ တဦးမဟုတ်တဦး လာလည်ကြလျက်ရှိနေသည်ကြောင့် အိမ်ကိုဧည့်သည် လာရောက်သည်မှာတော့ ထူးထူးခြားခြားမဟုတ်တော့ပါ။ ဒါကြောင့်လည်း ဧည့်သည်လာရင် ဧည့်ခံနေ ကျဖြစ်သည့် ကော်ဖီပန်းကန်လေးကို အသင့်ပြင်ဆင်ထား လိုက်သေးသည်။ သို့ပေမယ့် ယခုဧည့် သည်သည် သူတို့မိသားစုလေးအတွက် အထူးခွင့်ရေးအနေဖြင့် ကံကြမ္မာကစေလွှတ်လိုက်သည့် နတ် ဆိုးတပါးဆိုသည်ကိုတော့ သူတို့တွေ သိနိုင်မှာမဟုတ်ပါဘူး။

၎။

သူက ဒီအိမ်လေးရဲ့ အိမ်ဦးသခင်ဖြစ်သည်။ သူက သတင်းသမားအလုပ်နှင့် အသက်မွေး ဝမ်းကြောင်းပြုကာ ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်းစုံတွင်လည်း စာပေအမျိုးအစားပေါင်းစုံကို ရေးသားလေ့ ရှိသူဖြစ်သည်။ သူသည်ခရီး သွားလာချိန်သာများသည်။ ဒီလိုနေ့မျိုး သူအိမ်မှာရှိနေသည့်ရက်က တလ တွင်တပတ်လောက်ပင် ရှိမည်ထင်သည်။ သူသည် ဆိုင်ကယ်လေးတစီးနှင့် ရန်ကုန်ကနေ မြန်မာပြည် အနှံ ခရီးကြမ်းနှင်နေကြလည်းဖြစ်သည်။ ထိုကဲ့သို့သွားလာခြင်းသည်ကိုက သူ့အတွက်ကုန်ကြမ်းလေး တွေ ရနေတတ်ခြင်းလည်း ဖြစ်သည်။

သူက စာရေးစားပွဲမှာစာရေးနေတုန်း အိမ်ရှေ့မှာ ကားတစီးထိုးရပ်လာသည်ကို တွေ့လိုက်ရ သည်။ ထိုကားလေးက အိမ်ရှေ့မှာ စနစ်တကျရပ်လိုက်အပြီး ကားမောင်းလာသူမှ ဆင်းလာသည်။ ကားပေါ်တွင်လည်း ကားဆရာတဦးတည်းသာဖြစ်သည်။

“ဆရာခင်ရှိလားခင်ဗျ” လို့လည်း အိမ်လေးထဲကိုကြည့်ရင်း နှုတ်မှသာယာစွာခေါ်နေခြင်းကြောင့် သူက ရေးလက် စဖြစ်တဲ့စာကိုခဏရပ်ထားပြီး “အေးရှိတယ်လေ၊ ဘယ်သူလဲ၊ လာအိမ်ထဲဝင်လေ” ဟု ဖိတ် မံသက ပြုလိုက် သည်။

၅။

ကားမောင်းသူက အိမ်ပေါ်ရောက်သည်ဆိုသည်နှင့် ဟိုဒီကြည့်ရှုရင်း သူ့ကိုယ်သူ “ကျွန်တော် က စစ်ထောက်လှမ်းရေးက ဗိုလ်မှူး...ပါ” ဟုအစချီ၍ မိတ်ဆက်စကားဆိုနေသည်။ ထိုအချိန် ငါးစာ အတွက်တီ ကောင်လေးတွေ ဖမ်းနေသည့်ကလေးငယ်ကလည်း အိမ်ပေါ်သို့ရောက်လာပြီး သူ့ ငါး ကလေးတွေထားတဲ့နေရာလေးမှာ ဟိုသည်လုပ်ရင်း ကလေးသဘာဝ ဧည့်သည်နားမှာ ရစ်သီသီ လုပ် နေသည်။ မီးဖိုချောင်ထဲမှာအလုပ်ရှုပ်နေသည့်အိမ်ရှင်မက အိမ်ရှေ့သို့ထွက်လာပြီး ဧည့်သည်အတွက် “အပူလား အအေးလား”ဟု မေး လိုက်သည်။

သူကတော့ ဆေးလိပ်ပြာခွက်ထဲက သောက်လက်စ ဂျက်ကမ္ဘာဆေးပေါလိပ် အတိုလေးကို မီးညှိလိုက်ရင်း ဧည့်သည်ဖြစ်သူနှင့်စကားပြောနေသည်။ သို့သော် သိပ်မကြာလိုက်ပါ။ ထိုဧည့်သည် ဖြစ်သူမှ အကြောင်းအရာအပြည့်အစုံကို အိမ်ထဲ၌ပြောချင်ပုံမပေါက်ဘဲ တနေနေရာဆီသို့သာ သူနှင့် အတူလိုက်ခဲ့ရန် ခေါ်နေသည်။ သူကလည်း လိုက်ခဲ့မယ်ဆိုပြီး ချက်ချင်းဆိုသလို ကတိပေးလိုက် သည်။ အိမ်ရှင်မနှင့် ကလေးငယ်ဖြစ်သူတို့ကလည်း ခါတိုင်းလိုပင်ဧည့်သည်နှင့် အပြင်ခဏလိုက်သွား ပြီးပါက ပြန်လာမယ်ဟုသာ ထင်ထားမိခဲ့သည်။

သူလွယ်နေကျ အပြာရောင်လွယ်အိတ်လေးကိုလွယ်ရင်း ဦးထုပ်ကိုဆောင်းကာ အပူဒဏ်ကို ကာကွယ်ဖို့ သူတပ်နေကျ နေကာမျက်မှန်ကိုဝတ်ဆင်လိုက်သည်။ ပြီးနောက် မိသားစုဘက်ကို လှည့် ကာ “ဘာမှစိတ်မပူနဲ့ပြန်လာခဲ့မယ်” ဟု ဆိုသည့်စကားတခွန်းကိုသာ တည်ငြိမ်စွာဖြင့် ပြောလိုက် သည်။ ဧည့်သည်ဖြစ်သူကလည်း “အစ်မရေ ဆရာခင့်ကို မေးစရာလေးရှိလို့ ခဏလေး ခေါ်သွားမှာပါ ခင်ဗျ။ ကျွန်တော်တို့ သိချင်တာလေးတွေ မေးမြန်းပြီးရင် ပြန်လာပို့ပေးပါ့မယ်” ဟု အိမ်ရှင်မဖြစ်သူကို ချွေးသိပ်စကားဆိုလိုက်သည်။

သို့သော်အိမ်ရှင်မဖြစ်သူက သူ၏ရင်ဘတ်နှလုံးသားနေရာဆီက ဘာကြောင့်မှန်းမသိ ရုတ် တရက် “ထိတ်ခနဲ” ခုန်လိုက်တာကို သတိထားမိလိုက်သည်။ ကလေးငယ်ကတော့ ကားပေါ် လိုက်ပါ သွားသည့် ဖခင်ဖြစ်သူကိုငေးကြည့်နေရင်း လက်ပြနှုတ်ဆက်ကာ အပြန်မုန့်ဝယ်လာရန် မှာနေသည်။ ကားမှန်ကအပြည့်ပိတ်ထားသည့်အတွက် သူကတော့ ကလေးငယ်လေးရဲ့ စကားသံတို့ကို မကြားနိုင် တော့ပေ။

သူကတော့ အမှန်တရားတခုအတွက် ရင်ဆိုင်ဖို့အသင့်ရှိနေသည့် အမူအရာများစွာဖြင့် ရှိလို့ နေလေသည်။ ခဏလေးဟု ခွဲခွာခဲ့ရသည့် သူတို့အိမ်ဦးသခင်သည် ထိုအချိန်မှစတင်ရေတွက်သော် နောင်နှစ်ပေါင်း ၇ နှစ်ခန့်ကြာမှပင် မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့် ရရှိလေတော့သည်။

သူတို့မိသားစုလေးလို အမှန်တရားတစ်ခုအတွက် ရင်ဆိုင်လိုက်ရတဲ့ဘဝတွေ မရေမတွက် နိုင် အောင် များပြားခဲ့မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုခေတ်ထိုကာလက ထိုကဲ့သို့ ခဏလေးပါဟု ပြောဆိုခေါ် ယူခံရတဲ့ မိသား စုပေါင်းများစွာ ရှိခဲ့ပါသည်။ ခဏလေးမှသည် နှစ်ပေါင်း ၇နှစ် ၁၀နှစ် ၁၅ . . . ၂၅ . . . ၃၅ . စတဲ့ နှစ်ပေါင်းများစွာကို ပြစ်ဒဏ်ချမှတ်စီရင်နိုင်ခဲ့တဲ့ အာဏာတွေကို လူတစုက ဖန်တီးခဲ့လေ ခြင်းလည်း ဖြစ်ပါသည်။

လေးစားစွာဖြင့်


မင်းဗညား

၃.၁၀.၂၀၁၆
ပြည်တွင်း၌ စစ်ထောက်လှမ်းရေးကြီးစိုးသည့်ခေတ်ကာလက များစွာသောမိသားစုများထံမှ ခဏလေး ပါဟုပြောဆို၍ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များသို့ ဦး ညွတ်လျက် အမှတ် တရရေးဖွဲ့ပါသည်။