မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၇)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၇)
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

● ဘွဲ့နှင်းသဘင်အား ဒုတိယံမ္ပိသိမ်းပိုက်ခြင်း
"ဟေ့လူ ဟေ့လူ" ဟူ၍ မိမိနောက်က ခပ်ဆတ်ဆတ် ခပ်အုပ်အုပ်ခေါ်သံကြားလိုက်ရသည်။ မိမိက ပြည်လမ်းနှင့် အင်းစိန် လမ်းဆုံရာ ကမာရွတ်ရဲစခန်းရှေ့က လမ်းဓါတ်မီးတိုင်အလင်းရောင်အောက်တွင်ရပ်ပြီး အင်းစိန်လမ်းဘက်မျှော်ကြည့်နေသည်ဖြစ်ရာ နောက်ကခေါ်သူက လမ်းဓါတ်မီး တိုင်အရိပ်အောက်က ခေါ်နေသည်ဖြစ်၍ မည်သူမည်ဝါမှန်း မသဲကွဲပေ။ သို့နှင့် နောက်လှည့်၍ အရိပ်အောက်တိုးဝင်လိုက်မှ မိမိအားခေါ်သူမှာ ကိုကြီးမြင့်ဖြစ်မှန်းသိတော့သည်။

"အခြေအနေဘယ်လိုလဲဗျ" ဟူသောသူ့အမေးကို မိမိကြုံခဲ့သလောက် သူ့အားပြန်ရှင်းပြလိုက်ရသည်။ ထို့နောက် ခေါင်းတ ဆတ်ဆတ်ငြိမ့်၍ အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသည်။ တက္ကသိုလ်ဆရာတယောက်ဖြစ်နေသော သူ့အဖို့ ပေါ်ပေါ် တင်တင်လှုပ်ရှားရန်မှာ ခဲယဉ်းနေမည်ဖြစ်သည်။

ထိုဓါတ်မီးတိုင်အောက်တွင် မိမိအတန်ကြာစောင့်လိုက်ရသည်။ ည ၉ နာရီကျော်ကျော်လောက်မှထင်သည်။ အင်းစိန်လမ်းမ ဘက်မှ ကြွေးကြော် သံသဲ့သဲ့စတင်ကြားရသည်။ သူတို့လာချေပြီ။ တဖြေးဖြေး ကြွေးကြော်သံများပို၍ ပို၍ကျယ်လာသည်။ လူအုပ်များ အလံများကိုလည်း တွေ့ရသည်။ ညနေက စက်မှုတက္ကသိုလ် ကြို့ကုန်းဘက်ချီတက်သွားကြသည့် သပိတ် မှောက်ကျောင်းသားများ ပင်မတက္ကသိုလ်ဆီသို့ ချီတက်လာကြပေပြီ။ သူတို့ လှည်းတန်းထိပ်ရောက်သည်နှင့် မိမိလည်း သူ တို့နှင့် ပြန်လည်ပူးပေါင်းလိုက်ပြီး ထိုလူတန်းနှင့် စီးမျှောခဲ့တော့သည်။

သပိတ်မှောက်ကျောင်းသားများသည် တက္ကသိုလ်ရိပ်သာလမ်းဘက်ကိုချိုးဝင်လိုက်ပြီး အဓိပတိလမ်းမဝင်ပေါက်အတိုင်း မိန်းထဲသို့ချိုးဝင်လိုက်ကြသည်။ ထို့နောက် ပင်းယ ပဲခူး စစ်ကိုင်းဆောင်များဘက်သို့ချိုးဝင်ပြီး တဆောင်ပြီး တဆောင်ကျောင်း သားများကို ဝင်ခေါ်ကြပြီးသကာလ ဘွဲ့နှင်းသဘင်ခန်းမဆီသို့ ချီတက်ကြသည်။ ကျောင်းသားများ အုပ်လိုက် ဘွဲ့နှင်းသဘင် ခန်းမဆီသို့ တက်လာသည်တွေ့တော့ အတွင်းမှ အစောင့်လုပ်သူလည်း ပျာကယာထ၍ သော့ခတ်ထားသော ဘာဂျာတံခါး ကို ဖွင့်ပေးလိုက်သဖြင့် မိမိတို့လည်း ဘွဲ့နှင်းသဘင်ခန်းမတွင်းသို့ ဝင်ရောက်နိုင်ခဲ့လေတော့သည်။ သို့နှင့် ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံအပြီး ၆ လအကြာ ၁၉၇၄ အလုပ်သမားများ သွေးမြေကျခဲ့သည့် နှစ်ပတ်လည်တွင် မိမိတို့သည် ဘွဲ့နှင်း သဘင်ခန်းမအား ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်၍ သပိတ်စခန်းဖွင့်နိုင်ခဲ့သည်ဟု ဆိုရပါမည်။

ထိုညကက ဘွဲ့နှင်းသဘင်ခန်းမ အပေါ်ထပ်တွင် ဖြစ်သလိုအိပ်လိုက်သည်။ မနက် ၆ နာရီလောက်အိပ်ယာနိုးတော့ ဥပဒေ ကျောင်းသား ကိုမြင့်အေး (ယခု ပြည် ရှေ့နေ) နှင့် နှစ်ယောက်သား အီကိုကင်တင်းဘက် လဘက်ရည်သောက်ထွက်ခဲ့သည်။ ဘွဲ့နှင်းသဘင်ခန်းမထဲ လူရှင်းနေသည်။ အချို့ကလည်း အဆောင်ပြန်အိပ်ကြပုံရသည်။ အချို့လည်း အိမ်ပြန်အိပ်ကြပုံရ သည်။ ဘွဲ့နှင်းသဘင်ခန်းမတွင်းရှိသူများမှာလည်း အချို့က အောက်စက်ခန်းထဲရောက်သူရောက် ထောင့်တထောင့်တွင်ဝင် ကွေးသူကွေးနှင့် တိတ်ဆိတ်နေသည်။

မိမိတို့ လဘက်ရည်ဆိုင်ထိုင်၍ သိပ်မကြာမှီ RIT မှ ကိုဝင်းစိန် (ပြည်) ပြာရိပြာယာနှင့်ရောက်လာသည်။ သူလည်းအိပ်ယာ ထလာပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့ကို ထွက်အလာအတွင် ဒေါက်တာမောင်မောင်ခနှင့် ဆရာများနှင့်တွေ့သည်။ ဆရာခတို့ က ကျောင်းသားများ သပိတ်လှန်ဘို့ လာဆွေးနွေးရာ ကိုဝင်းစိန်က သပိတ်ကော်မတီနှင့် မနက် ၉ နာရီမှ ဆွေးနွေးရန် ဆရာခ တို့အားပြောလိုက်၍ ဆရာခတို့ပြန်လှည့်ထွက်သွားသည်ဟုဆိုသည်။ ဆရာခထွက်သွားသည်နှင့် ကိုဝင်းစိန်လည်း မိမိတို့အပါ ကျန်ကျောင်းသားများကို လိုက်ရှာခြင်းဖြစ်သည်။ ကျောင်းသားများမရှိသည့် ဘွဲ့နှင်းသဘင်ခန်းမဝတွင် ခပ်တည် တည်ဖြင့် သပိတ်မလှန်နိုင်ကြောင်းပြောခဲ့ပြီးနောက် ကျောင်းသားများပြန်လည်စုစည်းရန် လူလိုက်စုခြင်းဖြစ်သည်။ သို့နှင့် မိမိတို့လည်း ဆရာခတို့နှင့် ဆွေးနွေးချိန်အား ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ရေးကပ်လိုက်ပြီး ကျောက်းသားများလိုက်စုစည်းကြရတော့သည်။

သို့နှင့်ကျောင်းသားများလည်း အလျှိုလျှို ပြန်ထွက်လာကြပြီးနောက်မနက် ၉ နာရီခန့်တွင် ဘွဲ့နှင်းသဘင်ခန်းမတွင် လူ အပြည့်ပြန်ဖြစ်သွားသည်။ဤတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင်း သပိတ်ကော်မတီကို စတင်ဖွဲ့စည်းကြသည်။ တကယ် တော့ သပိတ်ကော်မတီကို ညကတည်းဖွဲ့ပြီးခဲ့ပြီဖြစ်သော်လည်း ကျောင်းသားထုအစည်းအဝေးတွင် ထပ်မံအားဖြည့်ဖွဲ့စည်းကြခြင်းဖြစ်သည်။

မှတ်မိသလောက် သပိတ်ကော်မတီတွင်ပါဝင်ကြသူများမှာ ဆလိုင်းတင်မောင်ဦး ကိုကျော်အောင် (အီကို) ကိုမြင့်ဆွေ (စက် မှု တက္ကသိုလ်) တို့ပါဝင်ကြသည်။ နောက်ထိုနေ့မနက် ထပ်မံဖိတ်ခေါ်ချက်အရ ဘေဘီကြည်ဝင်း (ဗိုလ်မှူးကြီးဟောင်းကြည်ဝင်း၏သမီး) နေရီဗဆွေ နေခြည်ဗဆွေ (ဖဆပလ ဦးဗဆွေ၏ သမီးများ) ပါဝင်ကြသည်။ နောက်ပိုင်းတွင် RASU မှ ကိုဟန် ရှင်ဝင်းနှင့် အီကိုမှ နန်းခင်ထွေးမြင့် နန်းရွက်နု နန်းလှသိန်းတို့လည်း ပါလာကြသည်။ အားလုံးစုံအောင်တော့ မမှတ်မိတော့။ ပြီးခဲ့သော ၁၉၇၄ ဇွန်အလုပ်သမားသပိတ်နှင့် ဦးသန့်အရေးတော်ပုံက အင်အားသစ်များ ထပ်မံမွေးဖွါးပေးလိုက်သကဲ့သို့ တဖွဲ့နှင့်တဖွဲ့လည်းပို၍ ဆက်စပ်မိလာသည်။

ကော်မတီများဖွဲ့ခြင်းနှင့်အတူ တရားပွဲများလည်း ဆက်၍နေသည်။ ကျောင်းသားများ ကျောင်းသူများ တစ်ယောက်ပြီး တယောက် တရားတက်ဟောကြသည်။ ရင်ထဲကခံစားချက်ကို ဖွင့်ဟကြသည်။ လက်ခုတ်သြဘာသံများ ကြွေးကြော်သံများ ညံ၍နေသည်။ သပိတ်ကော်မတီ၏တောင်းဆိုချက် ၆ ချက် ထွက်ပေါ်လာသည်။

၁။ အဖမ်းခံကျောင်းသား ပြန်လွှတ်ရေး၊
၂။ အဖမ်းခံအလုပ်သမားများပြန်လွှတ်ရေး၊
၃။ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်ရရေး၊
၎။ အလုပ်လက်မဲ့ပြသနာဖြေရှင်းရေး၊
၅။ ကုန်ဈေးနှုန်းကျဆင်းရေး၊
၆။ ဆန္ဒပြကျောင်းသားများကို အရေးယူခြင်း ကျောင်းထုတ်ခြင်းမပြုရေး စသည့်အချက် ၆ ချက် အဓိကပါဝင်သည်ဟု မှတ် ဉာဏ်တွင် ထင်ကျန်ရစ်ပါသည်။

● သပိတ်ကော်မတီ၏ကြေညာချက်များ
သပိတ်ကော်မတီ၏ကြေညာချက်များကို ထုတ်ဝေသည့်နေရာကတော့ ဘွဲ့နှင်းသဘင်ခန်းမ မြေအောက်ထပ်ရှိ စာကူးစက် များထားသည့် အခန်းတွင်ဖြစ်သည်။ ထိုအခန်းထဲတွင် ကြေညာချက်ပေါင်းစုံကို အဓိကတာဝန်ယူထုတ်နေကြသူများကတော့ စက်မှုတက္ကသိုလ်မှ ကိုမြင့်ဆွေ ကိုဦးလှစော ခေါ် မောင်ခိုင်အောင် (စစ်တွေ) ကိုစောနိုင် တိမွေးကုတက္ကသိုလ်မှ ကိုကျော် ဇော RASU ဥပဒေအဓိကမှ ကိုအောင်တင်သိန်း ကိုဦးသာမောင် နောက်RASU မှပင် ကိုစိုးဝင်းနှင့် အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူကိုဖိုးခွေးတို့ကတော့ အမြဲပင်တိုင်လို ရှိကြသည်။ ကိုမြင့်ဆွေကတော့ အပေါ်က သပိတ်ကော်မတီနှင့် အမြဲဆက်စပ်နေသည်။ အများစုက ရခိုင်ကျောင်းသားများဖြစ်ကြသည်။

ထိုထုတ်ပြန်ချက်များ ကြေညာချက်များကို ရိုက်နှိပ်နေသော ကျောင်းသားအများစုကတော့ လက်ဝဲအနွယ်အများစုဖြစ်ကြ သည်။ လက်ဝဲနွယ်အများစုဆိုတော့လည်း နောက်ပိုင်းတွင် CPB ဗဟိုကော်မတီ၏ သပိတ်တိုက်ပွဲထောက်ခံသည့်ကြေညာချက်အား ပြည်သူ့အသံမှ တိုက်ရိုက်ထုတ်လွှင့်ချက်အား ဘွဲ့နှင်းသဘင်ထဲလွှင့်ပေးလိုက်သေးသည်။ ပုံမှန်ကတော့ သပိတ် ကော်မတီ၏ကြေညာချက်များကို ရိုက်၍ ဝေငှသည်။ လွတ်လပ်စွာပြောခွင့် ဆိုခွင့်မရခဲ့သည့် ခေတ်ကာလအတွင်း လွတ်လပ် စွာပြောခွင့်ကြုံခဲ့သည့် အချိန်ကာလလေးကို ကောင်းစွာအသုံးချခဲ့ကြသည်။

ဇွန်လ ၇ ရက်နေ့ညနေလား ၈ ရက်နေ့ညနေလား ကောင်းစွာတော့မမှတ်မိတော့ပါ။ ထိုတညနေ၌ မိမိတို့ ဘွဲ့နှင်းသဘင် ဘေးခန်းမ၌ရှိနေချိန်တွင် ချွေးတလုံးလုံးနှင့် ကိုဦးလှစောတစ်ယောက် စွပ်ကျယ်အင်္ကျီလေးနှင့် မြေတိုက်ခန်းကတက်လာရာ မိမိတို့နှင့်ဆုံသည်။ သူနှင့်မိမိတို့ မရင်းနှီးကြသေးသော်လည်း မျက်မှန်းကတော့ တမ်းမိနေပြီဖြစ်သည်။ သူတို့ထုတ်ပြန်နေသောကြေညာချက်များအရ မိမိတို့နှင့် လိုင်းတူနေသည်ဆိုသည်ကို သိထားပြီးဖြစ်သကဲ့သို့ သူ၏ညီ ကိုအေးမောင်ဇံ ( ဒေါက် တာအေးမောင်ဇံ - မြောက်ဦး) မှာ အတန်းဖေါ်ဖြစ်၍ တယောက်နှင့်တယောက်တော့ သိနေကြပြီဖြစ်သည်။

မိမိတို့နှင့်တွေ့တော့ "လုပ်စမ်းပါဦးဗျာ ၊ စာကူးစက်တွေ ကူရှာပေးကြပါအုံး၊ စာကူးစက် ဒလိမ့်တုံးတွေ ပါးသွားပြီး စာလှိမ့်လို့ မရတော့ဘူးဗျ" ဟုဆိုသည်။ စာရွက်ရေ မည်မျှ အားရပါးရလှိမ့်ထုတ်လိုက်တော့မသိ။ သို့နှင့် မိမိနှင့် မိမိတို့ကျောင်းမှ သူ ငယ်ချင်း လေး/ငါးယောက်လည်း စာကူးစက်ရှာရန် နီးနီးနားနား ဘွဲ့နှင်းသဘင် ခန်းမညာဘက်ဘေးရှိ စီးပွားရေးတက္ကသိုလ်ဘက်သို့ထွက်ခဲ့ကြသည်။ စီးပွားရေးတက္ကသိုလ်အဆောက်အအုံမှ ပိတ်ထားသောသော့များအား ရိုက်ချိုးပြီး တခန်းဝင် တခန်းထွက်နှင့် ရုံးခန်းကိုလိုက်ရှာကြရာ စာကူးစက် သုံးလုံးခန့်ရသည်။

စာကူးစက်များရှာရင်းဖွေရင်း မိမိတို့လည်း ထိုစဉ် အီကိုပါမောက္ခချုပ် ဒေါက်တာအေးလှိုင် ရုံးခန်းတွင်းသို့ရောက်သွားသည်။ ပါချုပ်၏ရုံးခန်းအတွင်းတွင် စိတ်ဝင်စားစရာ ကောင်းသည်ကတော့ စာအုပ်အပြည့်စီထည့်ထားသော စာအုပ်ဘီဒိုများဖြစ်သည်။ မတ်ရဲ့ အရင်းကျမ်း အစွန်းထွက်တန်ဖိုးသဘောတရား နှင့် လီနင်၏ ကျမ်းပေါင်းချုပ် အတွဲပေါင်းများစွာ (အင်္ဂလိပ်ဘာသာဖြင့် ) ကို တွေ့ရသည်။ ဘီဒို၏အပေါ်ထပ်တွင် လက်သီးဆုပ်ခန့် အဝိုင်းအရွယ်ခန့်ရှိသည့် လီနင်၏ကြေးရုပ်ထွင်းထားသည်ကို တွေ့ရသည်။ "ဒါလေးတော့ ယူခဲ့ရအောင်ဗျာ" ဟုဆိုကာ မိမိနှင့်ပါလာသည့် မြင့်သန်း (ပဲခူး) က အိတ်ထဲကောက်ထည့်လာ သေးသည်။

သို့နှင့် မိမိတို့စာကူးစက်များကို တွန်းလှည်းကလေးတခုတွန်း၍ ပြန်လာရာ ဘွဲ့နှင်းသဘင်ခန်းမရှေ့အရောက်တွင် မိမိထက်အသက်လည်းကြီးဗလလည်းတောင့်သည့်တစ်ယောက်က "ဘာလို့ ဒို့အီကိုက ပစ္စည်းတွေယူရတာလဲ" ဟုဆိုကာ ဟန့်တား သူတစ်ယောက်နှင့် ကြုံရပြန်သေးသည်။ မိမိတို့လည်း "ဒါတက္ကသိုလ်ပေါင်းစုံ သပိတ်မှောက်နေတာဗျ တက္ကသိုလ်တခုထဲ မှောက်နေတာမဟုတ်ဘူး၊ ဒီစက်တွေက သပိတ်ကော်မတီသုံးဘို့ဗျ" ဟု မိမိနှုတ်လှန်ထိုးမှ ထိုသူလည်း နောက်ဆုတ်သွားပါ တော့သည်။

ခက်သည်က တက္ကသိုလ်ပေါင်းစုံကဖြစ်ပြီး တယောက်နှင့်တယောက်သိရှိကြခြင်းကလည်းမရှိတော့ တစ်ဦးနှင့်တစ်ဦး သံသ ယဖြင့် ကြည့်နေရသည်မှာလည်း တဒုက္ခပင်ဖြစ်သည်။ ထိုသို့ စစတွေ့ချင်း တွေ့ပုံမလှခဲ့သော်လည်း နောင်တွင်တော့ ခင် မင်ရင်းနှီးသူများဖြစ်လာခဲ့ကြပါသည်။ သူကတော့ အီကိုက ကိုတင်ဝင်း ခေါ် ဘိုဇင်ကော့ ဖြစ်သည်။ သူကား ၁၉၈၂ ခုနှစ် မြစ်ဝကျွန်းပေါ် မြေအောက်အမှုတွဲတွင် မိမိဖခင်နှင့်အတူ အဖမ်းခံခဲ့ရသူဖြစ်သည်။ ၁၉၈၈ အရေးအခင်းပြီးတော့ CPB သို့ ရောက်လာသူလည်းဖြစ်သည်။ CPB သို့ရောက်တော့ ကိုချစ်အောင်ဟု နာမည်ပြောင်းခဲ့သည်။ ၂ဝ၁၅ မတ်လ အတွင်းက ဖြို ခွဲခံရသည့် လက်ပတန်းကျောင်းသားသပိတ်ကာလက လုံထိန်းများက "မင်းလားကွ မာနော်" မေး၍ အရိုက်ခံရသည့် ကျောင်းသားလေးမာနော်၏ဖခင်လည်းဖြစ်သည်။ အဖေရောသားပါ သပိတ်မှောက်ကျောင်းသားများဖြစ်ကြသည်ဟု ဆိုရပါမည်။

ထိုညနေတွင် ကြည့်မြင်တိုင်ဘက်သို့ ချီတက်ကြသည်ဟုထင်သည်။ နှစ်ပေါင်းလေးဆယ်ကျော်ပြီဆိုတော့ အချို့ဖြစ်ရပ်များ ထင်ရှားဆဲဖြစ်ပေမဲ့အချို့ ဖြစ်ရပ်များက မှုန်ဝါးစပြုလေပြီ။ ထုံစံအတိုင်း ကျောင်းဝင်းထဲက ထွက်ခါစ လူရာဂဏန်းခန့်သာ ရှိပေမဲ့ လမ်း၌ တဖြေးဖြေးလူများလာသည်။ အလံများကားတလွင့်လွင့် ကြွေးကြော်သံများကား ဟိန်းဟိန်းညံသည်။ လူအင် အားများလာလေ စိတ်ဓါတ်က ပို၍ ပို၍ တက်ကြွလေဖြစ်သည်။ ရပ်ကွက်တွင်းမှလူများကလည်း ဘေးမှထွက်၍ အားပေး ကြသည်။ အချို့က သပိတ်မှောက်ကျောင်းသားများနှင့် အတူလိုက်ပါကြသည်။ သို့နှင့်လူက ပို၍ များများလာသည်။

လူတန်းထဲမျောပါနေစဉ် မိမိဘေးတွင်ရှိသည့် မြင့်သန်းက "လီနင် ငါတို့နဲ့အတူရှိတယ်ကွ" ဟုအော်နေသည်။ ဒေါက်တာ အေးလှိုင်ရုံးခန်းထဲကယူခဲ့သော လီနင်ကြေးတံဆိပ်ကလေးက သူအိတ်ထဲတွင်ပါလာသည် မဟုတ်ပါလော။ သူအသံက လူ အုပ်၏ကြွေးကြော်သံများတွင် ရောထွေးနေသည်။ အခြားလူများကြာစလည်း နားလည်နိုင်မည်မထင်ပါ။ မိမိတို့အုပ်စုသာ သူအော်သည်ကို သဘောကျ ရီမောနေကြသည်။

အမှန်ပင် ထိုညက လီနင်သည် မိမိတို့နှင့်အတူရှိခဲ့သည်။ မြင့်သန်းနှင့်လည်း အတူရှိခဲ့သည်။ ယခုအခါ မျက်စေ့အထူးကု ဆရာဝန်ကြီးဖြစ်နေသော ဒေါက်တာမြင့်သန်းနှင့် လီနင်အတူရှိနေကောင်းမှ ရှိပါလိမ့်မည်။ သို့သော် တချိန်တခါက ၁၉၇၅ ဇွန်လ၏ ညတညတွင် လီနင်သည် သူနှင့်အတူရှိခဲ့သည်။ မိမိတို့နှင့်အတူ အတူရှိခဲ့ဘူးပါသည်။

တံတားအောက်တွင် ရေများစီးဆင်းသွားခဲ့ပေပြီ။ အချိန်ကာလသည် ကုန်လွန်ကျော်လွှားသည်။ ခေတ်ကာလများသည် ပြောင်းလဲရွေ့လျားနေသည်။ လူတို့သည်လည်း ပြောင်းလဲကြသည်။ သို့သော် ထိုတညသည်အမှတ်တရ ညတည ဖြစ်ခဲ့ပါ သည်။ ထိုညက မိမိတို့သည် ဆေး ၂ က ကျောင်းသားများအဖြစ် အတူတကွရှိခဲ့ကြပါသည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)