ကိုသန်းလွင် ● မြန်မာ့စီးပွားရေး မတိုးတက်ရခြင်းအကြောင်း


ကိုသန်းလွင် ● မြန်မာ့စီးပွားရေး မတိုးတက်ရခြင်းအကြောင်း
(မိုးမခ) အောက်တိုဘာ ၂၊ ၂ဝ၁၆

(၁)
ဗြိတိသျှဘုရင်မကြီးက “ရှင်တို့ စီးပွားရေးပညာရှင်ကြီးတွေ စီးပွားရေးအကြပ်အတည်း ဖြစ်မယ်ဆိုတာ ကြိုပြီးမပြောနိုင်ဘူး လား” ဟု အလွန်ကျော်ကြားသောမေးခွန်းတခုကို မေးခဲ့ဖူးပါသည်။ Economic Crisis ခေါ် စီးပွားရေးကပ်ဆိုက်ခြင်းဆို သည်မှာ ကြိုတင်၍မြင်နိုင်သောအရာမဟုတပါ။ အကြောင်းပေါင်းများစွာစုပေါင်း၍ စီးပွားရေး အခက်အခဲများကို ကြုံခဲ့ကြ ရာထိုအဖြစ်အပျက်များ ပြီးသွားမှသာဖြစ်ရခြင်းအကြောင်းကို ဝေဖန်စစ်ဆေးကြရပါသည်။

နိုင်ငံစီးပွားရေးဆိုသည်မှာလည်းတနိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်အပေါင်းတို့၏ လုပ်ငန်းပေါင်းစုံ ပါဝင် ပတ်သက်နေပြန်ရာ ပန်းချီကားကြီးတချပ်လို အနီးကြည့် အဝေးကြည့် ကြည့်ကြရသည်များလည်း ရှိပါသည်။ လူပေါင်းစုံ ပညာရှင် ပေါင်းစုံတို့တွင် မိမိရှုဒေါင့်ကိုလိုက်၍ အမြင်အယူအဆ အမျိုးမျိုးရှိနိုင်ကြပါသည်။

သို့ပါသော်လည်း ဗဟိုဦးစီးစနစ် Command Economy ဆိုသည်မှာ ယနေ့ခေတ်နှင့် မကိုက်မဆီလျော်တော့ပါ၊  ဈေးကွက်စီး ပွားရေးစနစ်သည်သာ ပြည်သူအပေါင်းကို ဆင်းရဲတွင်းနစ်နေခြင်းမှ ကယ်တင်လွတ်မြောက်စေနိုင်မည်။ ဈေးကွက်စီးပွားရေး စနစ်အောင်မြင်စေရန် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ရှင်သန်တိုးတက်နေစေရမည်။ ၎င်းတို့၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအတွက် ခိုင်မာစေသော ဥပဒေများရှိရမည်၊  ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် ကမ္ဘာ့နိုင်ငံစုံနှင့် ကူးလူးဆက်ဆံပြီး တံခါးဖွင့်ဝါဒကို ကျင့် သုံးရမည်ဆိုသော အချက်များမှာ မှားရန်အကြောင်းမရှိ၊ သေချာလှပါသည်။ တိုးတက်လာသော နိုင်ငံပေါင်းများစွာ၏ ဖွံ့ဖြိုး တိုးတက်လာပုံကို လေ့လာလျင် ထိုအချက်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြပါသည်။

ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် စင်ကာပူနိုင်ငံမှအစပြုပြီး အိန္ဒိယ၊ တရုတ်ပြည်၊ ဗီယက်နမ် စသည်ဖြင့် နိုင်ငံအသီးသီးတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကြောင့် ချမ်းသာကြွယ်ဝသော လူနေမှုအဆင့်အတန်း မြင့်မားသောနိုင်ငံများ ဖြစ် လာကြပုံကို တွေ့မြင်နိုင်ကြပါသည်။

စင်ကာပူနိုင်ငံသည် လွတ်လပ်ရေးရချိန်က စီးပွားရေး လုပ်ငန်းဟူ၍ မယ်မယ်ရရမရှိ၊ တချိန်က တံငါသည်များ စုပေါင်းနေ ထိုင်ကြရာ ရွာကြီးသာသာဖြစ်ခဲ့သည်။ ယခုအခါ တတိယကမ္ဘာနိုင်ငံမဟုတ်တော့ဘဲ ဒေသတဝိုက်တွင် အချမ်းသာဆုံး ပထမကမ္ဘာမှ နိုင်ငံတခုဖြစ်နေပါပြီ။

တရုတ်နိုင်ငံသည် ကွန်မြူနစ်တော်လှန်ရေးကာလ ပြည်တွင်းစစ်ကြောင့်လည်းကောင်း၊ ယဉ်ကျေးမှုတော်လှန်ရေး၏ ပေါ်လ စီ အမှားများကြောင့်လည်းကောင်း၊  ပြည်သူများ ဆင်းရဲတွင်းနစ်ခဲ့ကြရာတွင် ၁၉၇၈ ခုနှစ်ဝန်းကျင်မှစ၍ ဝန်ကြီးချုပ်ဟောင်း တိန်ရှောင်ဖိန်၏ ဗဟိုမှဦးစီးသည့် စီးပွားရေး စနစ်အစား၊ ဈေးကွက်စီးပွားရေးစနစ်အဖြစ် ပြောင်းလဲရမည်ဟူသော မူဝါဒဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ နှစ်ပေါင်း ၃ဝ အတွင်း တရုတ်ပြည်သည် စီးပွားရေး၊ စစ် ရေး ကုန်ထုတ်လုပ်ရေး အဖက်ဖက်မှ အင်အားကြီးနိုင်ငံတခု ဖြစ်လာခဲ့ပါသည်။ ပြည်သူလူထု သန်းပေါင်းများစွာကို ဆင်းရဲ တွင်းမှလွတ်စေနိုင်ခဲ့ပြီး လူစီးလေယာဉ်ပျံတွေကို ပြည်တွင်းမှာပင် ထုတ်လုပ်နိုင်သည့်အဆင့်အထိ ရောက်ရှိလာပါသည်။ စီး ပွားရေးတွင် အမေရိကန်ကို ယှဉ်ပြိုင်နိုင်သည့် အင်အားကြီးနိုင်ငံတခုဖြစ်လာပါသည်။

အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရအပြီး ဝန်ကြီးချုပ် နေရူးခေတ်မှစ၍ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို နိုင်ငံတော်အစိုးရက ဦး ဆောင်ပြီး တည်ဆောက်ရမည်ဆိုသော မူဝါဒမှာ ဘာကိုမှဆောင်ကျဉ်းမပေးနိုင်ခဲ့ပေ။  ၁၉၉၁ ခု နာရာဆင်မာရောင်း၏ လက်ထက်မှ စတင်ပြီး နောင် ဝန်ကြီးချုပ်ဖြစ်လာမည့် မာမိုဟန်ဆင်းက ဘဏ္ဍာရေးဝန်ကြီးအဖြစ်နှင့် ပြုပြင်ရေးလုပ်ငန်းများ စတင်ခဲ့ပါသည်။ သွင်းကုန်ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ အကောက်ခွန်နှုန်းကို လျှော့ပေးပြီး နိုင်ငံခြားရင်း နှီးမြှုတ်နှံမှုများကို ခွင့်ပြုခဲ့သည်။ ဝန်ကြီးချုပ် မိုဒီတက်လာပြီးချိန်တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးအဖြစ်သို့ ရောက်နိုင်ရန် မျှော်လင့်လာနိုင်ခဲ့ပါသည်။ အိန္ဒိယ၏ ဆော့ (ဖ) ဝဲယား ကုမ္ပဏီကြီးများမှာ အမေရိကန်တို့၏လက်စွဲဖြစ်လာပြီး စက်မှုပစ္စည်း ထုတ်လုပ်ရေးတွင်လည်း ရှေ့တန်းသို့ ရောက်ရှိလာနေပါသည်။
ကွန်မြူနစ် ဗီယက်နမ်နိုင်ငံကို ကြည့်လျင်လည်း စစ်ပွဲအမျိုးမျိုးဖြင့် ချွတ်ခြုံကျနေသည့်နိုင်ငံကို ၁၉၈၆ ခုနှစ်တွင် တိုးတက် သောအမြင်ရှိသည့် ကွန်မြူနစ်ခေါင်းဆောင်ကြီးများကဦးဆောင်ပြီး  နိုင်ငံ၏ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ကာ ဈေးကွက်စီးပွား ရေး စနစ်ကို ထူထောင်ကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ နိုင်ငံ၏စီးပွားရေးအောင်မြင်မှုများမှာ တချိန်တွင် ဂျီဒီပီတိုးတက်မှုမှာ ကမ္ဘာ့တွင် အမြင့်ဆုံးနိုင်ငံ ဖြစ်လာခဲ့ပါသည်။ အာရှ၏ ချမ်းသာသောနိုင်ငံတခုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံကပင် ဗီယက်နမ် ဆန် ကိုရောင်းချပါရန် တောင်းပန်ခဲ့ရပါသည်။ ၁၂ နိုင်ငံပါဝင်သော TPP- Trans-Pacific Partnership ပစိဖိတ်ကုန်သွယ်မှုစာချုပ် တရားဝင်ဖြစ်လာချိန်တွင် ကုန်သွယ်ရေးမှာ တိုးတက်လာပြီး ပိုမိုချမ်းသာကြွယ်ဝလာမည်ဟု ခန့်မှန်းကြပါသည်။

ဤသည်မှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမူ ဝင်ရောက်လာခြင်း၊ အစိုးရ၏ ချုပ်ကိုင်မှုကိုဖြေလျှော့ပေးခြင်းနှင့်အတူ ဂလိုဘယ်လိုက် ဇေးရှင်း ဖော်မြူလာများဖြင့် ကြီးပွားတိုးတက်သွားရခြင်း၏ ဥပမာများဖြစ်ပါသည်။

(၂)
ကျွန်တော်တို့ နိုင်ငံတွင်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို မလုပ်ခဲ့ခြင်း မဟုတ်ပါ။ ဗဟိုဦးစီးစနစ်၊ စီမံကိန်း စီးပွားရေးစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်အောင်မြင်ရန် မျှော်လင့်ချက်မရှိတော့ဘူးဟု သေချာချိန်မှ စ၍အုပ်ချုပ်သော အစိုးရများက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလုပ်ဆောင်ခဲ့ကြပါသည်။

၁၉၈ရ ခုနှစ်တွင် အစိုးရက ဆန်ရောင်းဝယ်မှု ထိမ်းချုပ်ထားခြင်းကို ရုတ်သိမ်းပေးခဲ့သည်။ ပုဂ္ဂလိကများမှ နိုင်ငံခြားသို့ ဆန် တင်ပို့ခွင့်ကိုမူ ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေခဲ့သည်။ ၁၉၈၈ ခုနှစ်မှစ၍ နိုင်ငံခြားနှင့် ကုန်သွယ်မှုကို ဖွင့်ပေးခဲ့သည်။ နယ်ခြား ကုန်သွယ်ရေး Border Trade စခန်းများပေါ်လာခဲ့သည်။

၁၉၉ဝ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသည် လုပ်ငန်းဥပဒေများပေါ်လာသည်။ ၁၉၉၁ ခုနှစ်တွင် အိမ်တွင်းစက်မှု လက်မှု လုပ် ငန်းများကိုခွင့်ပြုသောဥပဒေ၊ ၁၉၉၂ ခုနှစ်တွင် နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရေးဆိုင်ရာဥပဒေနှင့်အတူ ပုဂ္ဂလိက ဘဏ် (၄) ခုကို လိုင်စင်ချပေးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် နိုင်ငံခြားဘဏ်များ၏ရုံးခွဲများ ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

ဤ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် လိုအပ်သောဥပဒေများ ဖြစ်ကြပါသည်။ စီးပွား ရေးကို လေယာဉ်ပျံကြီးနှင့်နှိုင်း၍ ဘယ်အချိန်ပျံတက်မှာလဲဟု စောင့်မျှော်ခဲ့ကြပါသည်။ သို့ပါသော်လည်း ကျွန်တော်တို့၏ စီးပွားရေး အခြေအနေမှာ ပြည်သူတို့၏ ဆင်းရဲမွဲတေမှုကို ကုစားနိုင်ဘို့ဝေးစွ၊ တိုးတက်မှုအရိပ်အရောင်ကိုပင် မမြင်ရဘဲ ဖြစ်နေခဲ့သည်။ အိမ်နီးခြင်းနိုင်ငံများ၏ အခြေအနေနှင့် ယှဉ်ကြည့်ပါလျင် လိုက်မှီရန် အလွန်ခက်ခဲနေပါသည်။

ထို့ကြောင့် မေးစရာဖြစ်လာသည်မှာ ထိုဥပဒေများပြဌာန်းပြီးဖြစ်ပါလျက် အဘယ့်ကြောင့် တိုးတက်မှုကို မတွေ့ရပါသလဲ ဟူ သော မေးခွန်းဖြစ်ပါသည်။ နောင်ပေါ်လစီရေးဆွဲသူများအတွက် ဥပဒေများပြဌာန်းရုံဖြင့် စီးပွားရေးတိုးတက်လာခြင်းမဟုတ် ဆိုသော အချက် ကိုထည့်သွင်းစဉ်းစားရန်ပင်ဖြစ်လာပါသည်။

(၃)
နိုင်ငံတွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိရခြင်းအတွက် အကြောင်းပေါင်းများစွာတို့တွင် တိုင်းပြည်တွင်း၌ စီးပွားရေးလုပ်ငန်း များအောင်မြင် နိုင်ရန်အခြေအနေမရှိခြင်းကို တွေ့မြင်နိုင်ပါသည်။ နည်းဥပဒေများမှာ ရှုတ်ထွေးပြီး ကြိုးနီစနစ်နှင့် လာဘ်ပေး လာဘ်ယူ ကိစ္စများမှာရှိနေဆဲပင်ဖြစ်ပြီး အစိုးရဝန်ထမ်းအများစုမှာ စီပွားရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် ဝိုင်းဝန်း ကူညီရမည်ဆိုသော အမြင်မရှိကြသေးပါ။

အထက်ကဖေါ်ပြခဲ့သော နိုင်ငံ အသီးသီးတွင် တွေ့ကြုံရသော အခက်အခဲနှင့်ပြဿနာများဖြေရှင်းကြပုံကို လွယ်ကူစွာရှာဖွေ တွေ့ရှိနိုင်ကြပါသည်။ သင်ခမ်းစာယူနိုင်ကြပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရက် ၁ဝဝ စီမံချက်မှာ အားရဘွယ် တိုး တက်မှုမရှိရခြင်းအကြောင်းကို ကမ္ဘာတလွှား နေရာအသီးသီးမှ ဝေဖန်သံများကို ကြားကြရပါသည်။ ယခုအချိန်သည် စီးပွား ရေးအတွက် တာဝန်ရှိသူများနှင့် ပညာရှင်များစုပေါင်းအဖြေရှာပြီး ရှေ့ဆက်ရမည့်ခရီးအတွက် ပြုပြင်၊ ပြင်ဆင် ဖြည့်စွက် ရမည့်အကြောင်းအရာများကို ဆွေးနွေး (Brain Storm) နေကြရမည့်အချိန်ဖြစ်ပါသည်။
ကျွန်တော်တို့မှာ ဒီမိုကရေစီ အစိုးရသစ် ၏အောင်မြင်မှုများကို တွေ့မြင်လိုသည်နှင့်အတူ နှစ်ရှည်လများ ဒုက္ခ သုက္ခများကို ခါးစည်းခံနေကြရသော ပြည်သူလူထုအတွက် ကောင်းမွန်သောပတ်ဝန်းကျင်အခြေအနေများကို ဖန်တီးပေးနိုင်သည်ကို လည်း တွေ့မြင်လိုပါသည်။ အစိုးရက စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် လိုအပ်သော အခြေခံအ ဆောက်အဦး Infra structure များကို ဖန်တီးပေးရန်သာလိုပါသည်။ မြေနေရာ၊ အဆောက်အဦး၊ လျှပ်စစ်နှင့် ရေ၊ ရေဆိုး မြောင်း စသည့်လိုအပ်ချက်များကို ဖန်တီးပေးရပါမည်၊ အစိုးရရုံးများမှ ကြိုးနီစနစ်နှင့် စီးပွားရေးလုပ်ငန်းအတွက် အနှောင့် အယှက်များကို ဖယ်ရှားပေးရပါမည်။

ယနေ့ ကြုံတွေ့နေရသည့် ပြဿနာများကို အစိုးရနှင့် ပေါ်လစီရေးဆွဲသူများကသာဖြေရှင်းပေးနိုင်ကြပါသည်။ အဖြေသည် အစိုးရအဖွဲ့မှ လာရပါမည်၊ မြန်မာပြည်သူလူထုအနေဖြင့်မူ ပွင့်လန်းလာမည့်အခွင့်အရေးသစ်များကို စောင့်မျှော်ရုံသာတတ်နိုင်ကြပါသည်။

အကယ်၍ ဗြိတိသျှ ဘုရင်မကြီးက “ရှင်တို့နိုင်ငံ ဘာလို့ ဆင်းရဲနေရတာလဲ” ဟု ယခုမေးလာလျင် ပြည့်ပြည့်စုံစုံ အ ကြောင်းပြချက်များဖြင့် ဖြေဆိုနိုင်ရန်မရှိပါ။ မြန်မာပြည်သည်တနေ့ ကမ္ဘာ့အဆင့်မှီပထမတန်းစားနိုင်ငံ ဖြစ်လာသည့်အချိန် ရောက်မှသာ ကျွန်တော်တို့ ဆင်းရဲခဲ့ရခြင်းအကြောင်းရင်းများကို ပြည့်ပြည့်စုံစုံဖြေဆိုနိုင်ပါလိမ့်မည်။

ကိုသန်းလွင်