ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၁)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၁)
(မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၆

● ကျောင်းသားထဲက ကျောင်းသား
ဘွဲ့နှင်းသဘင်ခန်းမရှေ့က ပေါင်မုန့်ကားလေး ခေါင်မိုးပေါ်တက်၍တရားဟောသွားခဲ့သော အောင်သိန်းထွန်းသည် သာမန် အားဖြင့် နိုင်ငံရေးစိတ်ဝင်စားသူတယောက်တော့ မဟုတ်ပေ။ ပျော်ပျော်ပါးပါးနေတတ်သူ အပေါင်းအသင်းဆန့်သူ လူချစ်လူခင်များသူတဦးမျှသာဖြစ်သည်။ ထိုနေ့ကသူတက်ပြောသွားသည်မှာ ပုံမှန်ကျောင်းသားတဦး၏ စိတ်ခံစားချက်ဟု ဆိုနိုင်ပါ သည်။ သူသည် ကျောင်းသားထဲက ကျောင်းသားတယောက်ဖြစ်ကြောင်းကို ဖေါ်ပြသွားခဲ့ခြင်းသည်။

အသားညိုညို ပိန်ပိန်သေးသေး မျက်နှာတွင် ဝက်ခြံအပြည့်နှင့် အောင်သိန်းထွန်းသည် မျက်နှာအလွန်ချိုသူဖြစ်ပေရာ မြာ လည်း အလွန်စွံသူဟု နာမည်ကြီးသည်။ သူသည်လည်း ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (က) ကို မကျော်လွန်နိုင်ခဲ့ဘဲ ရိုးရိုးဘွဲ့တခုကို ပြောင်းယူခဲ့ရသည်။ သို့သော် မြန်မာ့အာမခံလုပ်ငန်းတွင်း လက်ထောက်အထွေထွေထွေမန်နေဂျာအထိ ရာထူးတက်လှမ်းခဲ့ပြီး နောက်ဆုံး ပြည်နယ်အဆင့်အရာရှိကြီးတဦးအဖြစ် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက်လည်း ပုဂ္ဂလိက အာမခံတခုတွင်ရာထူးကြီးတနေရာ ပြန်လည်လုပ်ကိုင်လျက်ရှိသည်။ ယခုတော့ ငယ်စဉ်ကခန္ဓာကိုယ်၏ ၃ ဆခန့်ဝဖြိုးနေသူတယောက်ဖြစ်နေသော်လည်း မျက်နှာကတော့ ချိုဆဲဖြစ်သည်။ မြာလည်းစွံဆဲဖြစ်မည်ဟု ထင်ရသည်။

သူသည် သူ့ဘဝအား ရိုးရိုးအစိုးရဝန်ထမ်းဘဝကို အေးချမ်းစွာဖြတ်သန်းခဲ့သည်။ နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။ သို့သော်သူသည် ကျောင်းသားဘဝက ကျောင်းသားထဲက ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ သူကဲ့သို့ပင် ကျောင်းသားထဲက ကျောင်းသားများစွာရှိခဲ့သည်။ ကျောင်းသားထဲက ကျောင်းသားများစွာသည် သမိုင်းခေတ်တိုင်း ခေတ် တိုင်း ကျောင်းသားတို့၏တာဝန်ကို ကျေခဲ့ကြပါသည်။

● ဦးသန့်လှုပ်ရှားမှု
ဗိုလ်နေဝင်းအစိုးရက ဦးသန့်အား မည်မျှမုန်းတီး၍ မျက်နှာလွှဲခဲပစ်လုပ်ချင်သော်လည်း ကျောင်းသားထု သံဃာထု လူထုက လက်မခံချေ ။ ဗိုလ်နေဝင်းက ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် လုပ်ပေးလိုစိတ်မရှိသော်လည်း သာမန်မြှုပ်နှံသင်္ဂြိုလ် ရန်စဉ်းစားသော်လည်း ကျောင်းသားထုက အဖြစ်မခံပါ။ ကျောင်းသားထုက ဦးသန့်ဈာပနအား လူထုဈာပနအဖြစ်ပြောင်းလဲလိုက်ပြီး ထိုက်တန်သောနေရာတခုတွင် မြှုပ်နှံရန်နိုင်ရန်အတွက် ကြီးမားသော လူထုလှုပ်ရှားမှု တခုစတင်လိုက်ပါတော့ သည်။ သို့နှင့် ၁၉၇၄ ဒီဇင်ဘာ ၅ ရက်နေ့မှစ၍ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း၌ ဦးသန့်လှုပ်ရှားမှုဝါ ဦးသန့်အရေး တော်ပုံဟုဆိုရမည် အရှိန်အဟုန်ပြင်း၍ သမိုင်းမှတ်တိုင်တခုဖြစ်စေခဲ့သည့် ဦးသန့်လှုပ်ရှားမှု ပေါ်လာပေတော့သည်။

၁၉၇၄ ဒီဇင်ဘာ ၆ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင်များဖွဲ့စည်းထားသည့် ဦးသန့်ဈာပနကော်မတီက မဆလအစိုးရထံ တောင်းဆိုချက်တခု ပေးပို့လိုက်သည်။ ဦးသန့်အား နိုင်ငံတော်ဈာပနအဖြစ် အစိုးရကစီစဉ်ပေးရန် တောင်းဆိုလိုက်ပြီး အစိုးရက ငြင်းပယ်ပါက မိမိအစီအစဉ်နှင့် သင်္ဂြိုလ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဦးသန့်ဂူဆောက်ရန် သမဂ္ဂဝင်းနေရာကို ရွေးချယ်ခဲ့သည်။ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုဖျက်ခဲ့သည့် ဗိုလ်နေဝင်းတို့အတွက် ခြောက်လှန့်နေသော အ တိတ်နေရာဖြစ်သည်။ ခေတ်အဆက်ဆက် ကျောင်းသားတို့အတွက် မမေ့နိုင်သောနေရာဖြစ်သည်။

ဒီဇင်ဘာ ၇ ရက်နေ့တွင် အစိုးရဘက်က ညှိနှုင်းမှု တခုပြုလုပ်သည်။ ဦးသန့်အလောင်းအား ရွှေတိဂုံဘုရားတောင်ဖက်မုခ်တွင် ဂူသွင်းရန် နေရာပေးမည်ဟု ဆိုသည်။ သို့သော် နိုင်ငံတော်ဈာပနအဖြစ်တော့ စီစဉ်မပေးနိုင်ဟု အကြောင်းပြန်သည်။ ထို ကိစ္စနှင့်ပတ်သက်၍ ဦးသန့်မိသားစုဝင်များ ကျောင်းသားများ သံဃာတော်များ အစည်းအဝေးထိုင်ကြသည်။ ဦးသန့်မိသားစု က စစ်ခေါင်းဆောင်များပြုလုပ်သည့် နိုင်ငံတော်ဈာပနထက် လူထုဈာပနလုပ်သည်က ပိုကောင်းသည်ဟုမြင်ပေရာ အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံလိုခဲ့ကြသည်။

ဤနေရာတွင် ဦးသန့်ဈာပနကို ဦးစီးလုပ်ကိုင်နေကြသည့် ကျောင်းသားများခေါင်းဆောင်များကား နှစ်နေရာခွဲ၍ ရုံးထိုင်နေ ကြသည်။ တနေရာကတော့ ဘွဲ့နှင်းသဘင်ခန်းမတွင်ဖြစ်သည်။ ထိုနေရာတွင် ကျောင်းသားများ
သာမက သံဃာတော်များပါ ပါသည်။ ကျောင်းသားများထဲကတော့ ကိုဘိုဘိုကျော်ငြိမ်း၊ ကိုထွန်းကျော်ငြိမ်းတို့ရှိကြသည်။ နောက်တဖွဲ့ကတော့ မန္တလေးဆောင်တွင် အခြေပြုကြသည်။ ထိုအဖွဲ့ကတော့ ဦးသန့်အသုဘကိစ္စကို စောစီးစွာ AE ဆောင် တွင် ဆွေးနွေးကြသည့် အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့တွင် ဦးစီးကြသူများမှာ ဒဂုံဆောင်မှ ကိုတိတ် (ပဲခူး)၊ ကိုတင်စိုး ( သံတွဲ) နှင့် စလှငွေတို့အစုဖြစ်သည်။ အဆိုပါ ဦးသန့်ဈာပနကော်မတီအခြေစိုက်သည့် မန္တလေးဆောင်တွင် စလှမောင်တို့ မိမိတို့ ကျောင်းမှ မောင်မောင်ထွေးတို့လည်း ရှိကြသည်။

မဆလအစိုးရက ဤသို့မြေနေရာပေး၍ ကမ်းလှမ်းလာသောအခါ ဦးသန့်၏ညီအကိုတော် ဦးခန့်နှင့် ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်တို့လည်း ဦးသန့်သပိတ်ကော်မတီဖွဲ့စည်းထားသည့် ကျောင်းသားများနှင့်လာရောက်ညှိနှိုင်းကြသည်။ မန္တလေးဆောင်အခြေစိုက်သပိတ်ကော်မတီနှင့်လည်း လာရောက်ညှိနှိုင်းကြသည်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ဟု ထင်သည့်မနက်ပိုင်းတွင် လူထုအစည်းအဝေးတခုကို မန္တလေးဆောင်အခြေစိုက် သပိတ်ကော်မတီကပြုလုပ်သည်။ မလုပ်၍ မရတော့ ဦးသန့်မိသားစုဝင်များ၏ဆန္ဒကို သပိတ်ကော်မတီကလက်ခံပြီး အစိုးရပေးသောနေရာတွင်ပြုလုပ်မည့် ဆုံးဖြတ် ချက်ကို ကျောင်းသားများ အထူးသဖြင့် ဇွန် ၆ ရက်နေ့ကစပြီး ဦးသန့်ဂူဆောက်နေသောအဖွဲ့များက လက်မခံနိုင်ကြပေ။

လူထုအစည်းအဝေးကို ဦးစီးကျင်းပသည့် ကိုတင်စိုး (သံတွဲ) က မန္တလေးဆောင် ပေါ်တီကို အပေါ်ထပ်မှ စကားပြောသည်။ လူပရိတ်သတ်ကမန္တလေးဆောင်ရှေ့ နှင့်အဓိပတိလမ်းမပေါ်တွင် ပြည့်လျှံနေသည်။ ဦးသန့်အခေါင်းအား ကန်တော်မင်မှာ ဂူသွင်းမလား၊ ရန်ကုန်တက္ကသိုလ် သမဂ္ဂဝင်းအတွင်း ဂူသွင်းမလား၊ လူထုဆန္ဒခံယူမေးမြန်းရာ အများစု သမဂ္ဂဝင်းအတွင်းမြှုပ် နှံရန် သဘောထားပေးကြသဖြင့် သမဂ္ဂဝင်းအတွင်း ဂူသွင်းရန်ဆုံးဖြတ်ခဲ့ကြသည်။ ဦးခန့်တို့ ဒေါ်အေးအေးသန့်တို့လည်း မ တတ်နိုင်ရှာတော့။ ဦးသန့်သည် သူတို့သွေးသားဖြစ်သော်လည်း ဦးသန့်အား လူထုပိုင်သွားခဲ့ချေပြီ။

သို့နှင့် သမဂ္ဂဝင်းအတွင်း ဂူသွင်းရန်ပြင်ဆင်ကြတော့သည်။ အဓိပတိလမ်းမနဘေးတွင် စာကြည့်တိုက်သစ်ဆောက်လုပ် ရန်ပြင်ဆင်နေသည့်လုပ်ငန်းဂွင်နေရာမှ အုတ်သဲ ဘိလပ်မြေတို့က ဦးသန့်ဂူဆောက်ရန် အသင့်ပြင်ထားသကဲ့သို့ ဖြစ်သွားတော့ သည်။ အုတ်ဂူဆောက်လုပ်ရေးကို တာဝန်ယူကြသူများကတော့ RIT ဟုခေါ်သည့် စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည်။ အဓိက ဂူဆောက်နေသည့် ကျောင်းသားများကတော့ ၁၉၇၂ ခုနှစ် ကျောင်းဝင်သည့် RIT ကျောင်းသားများ (72 batch RIT) ဖြစ်ကြသည်။

ပုံစံထုတ်သူကလည်း ထို RIT ၇၂ ကျောင်းဝင်သည့် အသုတ်မှဖြစ်သည်။ နာမည်တော့ မမှတ်မိတော့။ ထိုသူမှာ နောင်တွင် အာဇာနည်းကုန်းအားပြန်လည်တည်ဆောက်ရာတွင်လည်း ပိသုကာအဖြစ် ပုံစံထုတ်သူဖြစ်လာခဲ့သည်။ ယခုတော့ မြန်မာ  နိုင်ငံပိသုကာအသင်းဥက္ကဌဖြစ်နေသည်ဟု သိရသည်။ လက်တွေ့သံလျက်ကိုင်၍ ဂူဆောက်သူများထဲတွင် ခွန်သာမြင့် (ဦး သိန်းဖေမြင့်၏သား)၊ တင်သိန်းလွင် (နိုင်ထိုက်)၊ ခရစ်ရှန်လော (ကရင်ကြီး) စသည့် စက်မှုတက္ကသိုလ်ကျောင်းသားများ ပါဝင်ခဲ့ကြသည်။

ဂူဆောက်သူများက သူတို့၏ဆောက်လုပ်ရေးအား ဇွန် ၆ ရက်နေ့ကထဲက စတင်ခဲ့ကြသည်။ ညဘက်လည်း မပြန်ကြဘဲ ဂူဘေးက သစ်ပင်ရိပ်အောက်တွင်သာ အိပ်ကြပြီး တက်ကြွစွာ ဆောက်လုပ်ခဲ့ကြသည်။ ဇွန်လ ၈ ရက်နေ့ သမဂ္ဂဝင်းအတွင်း မြှုပ်နှံရန်ဆုံးဖြတ်ချက် ချပြီးသောအခါ ညနေဘက်တွင် ကုလသမဂ္ဂအလံအုပ်ထားသော ဦးသန့်အခေါင်းအား ဘွဲ့နှင်း သ ဘင်ခန်းမမှ သယ်လာပြီးနောက် နေဝင်ရိုးရီတွင် ဂူသွင်းခဲ့ကြသည်။

ဦးသန့်အခေါင်း တက္ကသိုလ်ဝင်းအတွင်းသယ်လာသည့် ဒီဇင်ဘာ ၅ ရက်နေ့မှစပြီး တက္ကသိုလ်နယ်မြေအတွင်း၌ လူများ ပြာပန်းခတ်စည်ကားနေခဲ့သည်။ ညဘက်တွင် ပိုစည်လာသည်။ ဦးသန့်အခေါင်းအား လာကြည့်သူများအုတ်ဂူဆောက် သည်ကို လာကြည့်သူများဖြင့် စည်ကားလှသည်။ လူထုက အလှူငွေများကို ရက်ရောစွာထည့်ဝင်ကြသည်။ တက္ကသိုလ်ဝင်း ကား နေ့နေ့ ညည စည်ကားနေပေတော့သည်။ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင်လည်း နေ့နေ့ ညည တရားပွဲများဖြင့် စည် ကား၍နေသည်။ လာရောက်သည့် လူပရိတ်သတ်များလာသည်နှင့်အတူ ဈေးလာရောင်းသည့် ဈေးသည်များလည်း ရောက် လာကြပြီး ပွဲဈေးတန်းကဲ့သို့ စည်ကား၍နေပေတော့သည်။ ကျောင်းသားများကလည်း အဓိပတိလမ်းမပေါက်သာ ဖွင့်ထားပြီး ကျန်တံခါးပေါက်များကိုပိတ်ထားပြီး ပြင်ပမှလာရောက်နှောက်ယှက်မှုများ ရှုပ်ထွေးမှုများမဖြစ်စေရန် တတ်နိုင်သမျှ ကြပ် မတ်ခဲ့ကြသည်။

ဦးသန့်အရေးတော်ပုံတွင် လူထု လူတန်းစားလူ့အလွှာအသီးသီး ပါဝင်ခဲ့ကြသကဲ့သို့ လူထုအားပေးထောက်ခံမှုက မြင့်သည်။ ဆန်ဈေးများတက်ပြီး ကြပ်တည်းနေသောကာလဖြစ်လင့်ကစား တက္ကသိုလ်ဝင်းတွင်းရှိ သပိတ်စခန်းသို့ ရပ်ကွက် မြို့နယ် အသီးသီးမှ ထမင်းထုပ်များ အလျံပယ်ရောက်သည်။ ထိုထမင်းထုပ်များထဲတွင် သပိတ်မှောက်ကျောင်းသား ပြည်သူများကို အားပေးသည့် စာတို စာရှည်လေးများ ပါရှိသည်။ ထမင်းထုပ်ဖွင့်လိုက်သည်နှင့် အားပေးသည့်စာလေးများကို တွေ့ရပြီး အားလုံးကြည်နူးရသည်။ စိတ်ဓါတ်ခွန်အားဖြစ်ရသည်။

၁၉၇၄ ဒီဇင်ဘာ ၈ ရက်နေ့ညမှစ၍ အစိုးရအသံလွှင့်ဌာနများမှ ကျောင်းသားများဘက်က သဘောတူညီမှု ချိုးဖေါက်ကြောင်း ဦးသန့်မိသားစုဝင်များ၏ဆန္ဒကို ဆန့်ကျင်ပြီး သမဂ္ဂဝင်းအတွင်း မြှုပ်နှံကြကြောင်း ရန်ကုန်တက္ကသိုလ်အား တရားဥပဒေမဲ့ သိမ်းပိုက်ထားကြောင်း ဆောက်လုပ်ရေးပစ္စည်းများအားလည်း အာဏာပိုင်များခွင့်ပြုချက်မရဘဲ ယူငင်သုံးစွဲနေကြောင်းတို့ကို နေ့နေ့ ညည အသံလွှင့်နေပေတော့သည်။ ထိုစဉ်က ပြည်သူပိုင်ပစ္စည်းဖျက်ဆီးသူများကို အရေးယူသည့် ပုဒ်မ ၆/၁ သည် နာမည်ကြီးပုဒ်မတခုဖြစ်သည်။ ထို့ပြင် တက္ကသိုလ်အားလုံး ရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်းကို လှုပ်ရှားမှု စတင်ရာ ဒီဇင်ဘာ ၅ ရက်နေ့ညက ကြေညာခဲ့ပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင်တော့ အစိုးရစစ်တပ်နှင့် ရဲအင်အား အလုံးအရင်းဖြင့် ဝင်ရောက်သိမ်းပိုက်တော့ သည်။ သေနတ်သံများ၊ ကြိမ်းမောင်းသံများ၊ ရိုက်နှက်သံများဖြင့် တက္ကသိုလ်နယ်မြေ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ဦးသန့်အုတ်ဂူအား လက်ချင်းယှက်၍ ကာကွယ်ကြသည့်ကျောင်းသားကျောင်းသူများက အနာဆုံးဖြစ်ပေမည်။ မည်သူ မည် မျှ သေဆုံးသွားသည်ကတော့ မည်သူမျှမသိနိုင်ခဲ့ကြပေ။ စစ်အာဏာရှင်လက်အောက်ကအညတရ သူရဲကောင်းများဟုသာဆိုရပေတော့မည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် တက္ကသိုလ်နယ်မြေအတွင်းသို့ စစ်အင်အားအလုံးအရင်းဝင်ရောက်ခြင်းဖြစ်သည်ဟု ဆိုရမည်။ အဖမ်းခံရသူဦးရေမှာလည်း မနည်းလှပေ။ မပြည့်စုံသောစာရင်းများအရ လူ ၅၀၀၀ အထက်ခန့် ကျောင်းပရဝုဏ်အတွင်းမှ ဖမ်းဆီးခံခဲ့ရသည်ဟုဆိုပါသည်။

ထို့နောက် ထိုမနက်စောစောမှပင် ဦးသန့်ဂူအား ရွှေတိဂုံဘုရားတောင်ဘက်မုခ်ခြေရင်းသို့ ပြောင်းရွှေ့လိုက်ကြသည်။ ဤသို့ ရန်ကုန်တက္ကသိုလ်နယ်မြေအား အာဏာပိုင်များက အင်အားအလုံးအရင်းသုံး၍ ဝင်ရောက်စီးနင်းလိုက်သောအခါ တက္က သိုလ်ဝင်းအတွင်းရှိ လူအားလုံးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရသည့်အပြင် သတင်းများကလည်း အမျိုးမျိုး ထွက် ပေါ်နေခဲ့သည်။ ဂူအားဝိုင်းပတ်၍ လက်ချင်းယှက်ကာကွယ်နေသည့် ကျောင်းသူကျောက်းသားများအား လှံစွပ်နှင့်ထိုး၍ ဖယ်ရှားသည်ဟူ၍၎င်း လူအများအပြား သေဆုံးသည်ဟူ၍၎င်း အတည်ပြုမရသည့်သတင်းများက ရန်ကုန်တမြို့လုံး လွှမ်းခြုံ သွားပြီး လူထု၏ဒေါသအမျက်နှင့် ပေါက်ကွဲများသည် ရန်ကုန်မြို့တွင်းသို့ ပျံ့နှံ့သွားတော့သည်။ အစိုးရပိုင်အဆောက်အဦး များကို တိုက်ခိုက်ဖျက်ဆီးကြတော့သည်။ ဗိုလ်ချုပ်လမ်းမပေါ်က ယုဇနနှင့်တော်ဝင်ဟူ၍ နာမည်ပြောင်းထားသော ကာလ တန်နှင့် ရွိုယ်ရယ် ရုပ်ရင်ရုံ ၂ ရုံလည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ မီးပွိုင့်များလည်း ဖျက်ဆီးခံရသည်။ ဖျက်ဆီးခံရသည့် အထဲတွင် ပြည်သူ့မုန့်တိုက်လည်း ပါပုံရသည်။ ကောင်းစွာ မမှတ်မိတော့။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်က မီးရှီု့ခံလိုက်ရသော ရုပ်ရှင်ရုံ ၂ ရုံကတော့ မဆလပြုတ်သည်အထိ ဘာမှပြန်မ ဆောက်နိုင်ခဲ့။ နဝတခေတ်ရောက်တော့မှ ဟိုတယ်ဆောက်သည်ကို တွေ့ရသည်။ ယခုတော့ စင်ထရယ်ဟိုတယ်ဟု ခေါ် ကြသည်။

ဤသို့နှင့် ၁၉၆၂ ဇူလိုင် ၇ ရက်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း လက်နက်အင်အားဖြင့် အကြမ်းဖက်ခံရခြင်းဟု ဆိုရမည်။ ဒုတိယအကြိမ်မြောက် ကျောင်းသားတို့၏ သွေးမြေကျတိုက်ပွဲဟုဆိုရမည်။ ရန်ကုန်မြို့  တော်ကြီးလည်း ပုဒ် ၁၄၄ တို့ ညမထွက်ရတို့နှင့် နှစ်ပါးသွားရတော့သည်။ ရန်ကုန်တက္ကသိုလ်နယ်မြေလည်း တိတ်ဆိတ် ခြောက်ကပ်သွားပေတော့သည်။

တကယ်တော့ ဦးသန့်အရေးတော်ပုံတွင်ပါဝင်ခဲ့သူ အလွန်များပြားပါသည်။ ကျောင်းသားများ ရဟန်းသံဃာများအပြင် အ လွှာပေါင်းစုံမှ လူထုများပါဝင်ခဲ့ကြသည်။ အားလုံးကို စေ့ငအောင် မိမိမဖေါ်ပြနိုင်ပါ။ မိမိနှင့် လက်လှမ်းမှီသလောက်သာ ဖေါ်ပြနိုင်ပါသည်။ မိမိလက်လှမ်းမှီသမျှဖေါ်ပြခဲ့သူများသည် သူရဲကောင်းများ မဟုတ်ကြပါ။ မိမိဖေါ်ပြခဲ့သည်သူများသည်သမိုင်းကိုဖန်တီးထုဆစ်ရာတွင် တတ်အားသမျှပါဝင်ခဲ့ကြသည့် သမိုင်းကိုဖန်တီးရာတွင် ပါဝင်ခဲ့ကြသည့် အညတရများဖြစ်ကြ သည်ဟုသာ ဆိုချင်ပါသည်။ လူသားသမိုင်း၏ခေတ်တိုင်းခေတ်တိုင်းတွင် သူရဲကောင်းတယောက်ပေါ်တိုင်း အညတရ ထောင်သောင်းက စတေးခဲ့ကြရသည်တော့ တကယ့်သမိုင်း ဖြစ်ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)