မိုးဇက် (ဒီဇိုင်း) - မိဘမဲ့ ယုဇနဥယျဉ်မြို့တော်လေးကို ဘယ်သူတွေကယ်မှာလဲ


မိုးဇက် (ဒီဇိုင်း) -  မိဘမဲ့ ယုဇနဥယျဉ်မြို့တော်လေးကို ဘယ်သူတွေကယ်မှာလဲ
(မိုးမခ) အောက်တိုဘာ ၂၊ ၂၀၁၆

“အာဆီယံမြို့တော်” ဆိုပြီး ကင်ပွန်းတပ် မွေးဖွားလိုက်တဲ့ ယုဇနဥယျဉ်မြို့တော်ကြီးမှာ အခုဆို အစိုးရ စီမံကိန်းနဲ့ ငမိုးရိပ်ဆည်ရေကို ရေပေးဝေရေးဌာနက အားတဲ့အခါ၊ စိတ်လိုလက်ရ ရှိသည့်အခါ ရရှိနေသလို အရင်က နွေဆိုဖုန်ထူ၊ မိုးဆို ဒူးမြုတ်တဲ့ လမ်းတွေဟာလည်း ကွန်ကရစ်လမ်းကြီးတွေဖြစ်လို့ပေါ့။ (ချွင်းချက်။ ။ အေဘလောက်နှင့် ဘီ ဘလောက်ကြား ကငါးစိမ်းတန်း ဖြစ်နေတဲ့ မိန်းလမ်းမကြီးမပါ၊ ဘီ ဘလောက် ပတ်လမ်းမှ တနှစ်ပတ်လုံး ရေမြုတ်နေသော လမ်း(ငါးမွေကန်အဖြစ် လေလံပြစ်ရန် အစီအစဉ်ရှိမရှိမသိ) မပါ။ အနောက်ဘက်မုခ် သို့ ဆက်သွယ်ထားသော ခြောက်လမခံ ကတ္တရာ လမ်း(မပျက်မချင်း ကြက်ချေးပါသလို အဖာတရာ ပြင်ပေးရသောလမ်း) မပါ။) စသဖြင့်ပေါ့လေ . . .။ စတည်ကာစကနဲ့ စာရင် တော်တော်ပြောင်းလဲ စည်ကားလာတဲ့မြို့ပါ။

ဘယ်လောက်စည်သလဲဆို လမ်းထဲလမ်းလျှောက်သွားရင် မျက်စိကို လျှင်လျှင်ထားရတယ်။ စိတ်တထင့်ထင့်နဲ့ပေါ့။ ဘယ်အချိန်များ မြေညီထပ် ဆန်းရှိတ်နဲ့ မျက်စိ ထိုးမိမလဲ၊ ဘယ်ဈေးသယ်ရဲ့ ဈေးဘန်းကို တက်နင်းမိမလဲ နဲ့ သတိလေး အမြဲကပ် ရတယ်။ စေတနာကောင်းတဲ့ ရပ်မိရပ်ဖတွေက ဒီလိုစည်ကားဖို့ လမ်းသာယာရေးမှူး နေရာ ခဏခဏ လုကြဆိုပဲ။

ည ဆို သတိလေးကပ် ရေသံလေးနားထောင်၊ ဘေးပတ်ဝန်းကျင် လှုပ်ရှားမှုကို စောင့်ကြည့်လေ့လာ၊ ရေလာရင် အ၀တ်တွေထလျှော်၊ ရေချိုးပေါ့။ အဲဒီလိုမှ သတိမကပ်နိုင်ရင် မနက် ရေသန့် ၀ယ်ပြီး ဖင်ဆေးရမယ်။ (အဆင်ပြေရင် မျက်နှာပါ တပြိုင်နက်သစ်ပေါ့)။ ရေပေးဝေရေး ဌာနက ရေလှည်းတွန်းရောင်းသူများ ၊ ရေချိုး၊ အ၀တ်လျှော်၊ ရေစည်ဒိုင်များနှင့် တခြားရပ်ကွက်မှ ထရပ်ကားများဖြင့် တိုက်ခန်းပေါ်ထိ ရေတွန်းတင်ပေးပြီးရောင်ချ နေသူများကို စာနာသနားညှာတာတဲ့အနေနဲ့ အရေးပေါ် ရေဖြန်ပေးရန်ကားသုံးစီးအား ဌာနတွင် ၀ှက်ထားပေးတယ်။ အဲဒီကားများမှာ ဖုန်အလိမ်းလိမ်းနဲ့ တာယာတွေတောင် ဆွေးမြေ့နေလောက်ပြီ။
အစိုးရစီမံကိန်းနဲ့ ရေငံရေနောက်ကနေ ရေကြည်ရေသန့်ရတော့ ပျော်တာပေါ့။ ရေဖိုးတစ်သိန်းခွဲကို အပြေးအလွှားသွင်း၊ ပိုက်တွေလာတပ်ဆင်တော့ပျော်၊ ရေကန်တွေ ပြန်သန်စင်ပြီး ရေစလွတ်မယ့်ရက်ကိုစောင့်ကြတာပေါ့။ ရေလည်းစလွတ်တော့ လေးလွှာကို ရေကတက်မလာ။ ဌာနမေးတော့ မော်တာတပ်မထားဘူးလားတဲ့ ပြန်မေခွန်းထုတ်တယ်။ ဒါနဲ့ သခိုးကြောက်ပြီး မော်တာကို ရေချိုးခန်းမှာတပ်တယ်။ ဌာနကတွန်းအားက ပထမထပ်တောင်မရောက်တော့ တခါ အောက်ပြန်ရွှေ့တယ်၊ အဆင်ပြေမယ်ကြံကာရှိသေး မနက်ခင်းလေး ရေလွှတ်နေတယ်ဆိုလို့ ၀မ်းသာအားရ မော်တာပြေးဖွင့်တယ် မီးအားက တရာတောင်မပြည့်တော့ မော်တာကဖွင့်မရ။ သြော် . . ယုဇန . .။
ကလေးတွေအတွက် ကစားကွင်းမရှိလည်း ခဏခဏပျော်ရတဲ့မြို့ပါ။ ကျုပ်သမီး ၁ နှစ်နဲ့ ၄ လက စကားမပြောတက်သေးတဲ့အရွယ်က မီး လာရင် လက်ခုပ်တီးပြီး အော်မြူးပြီး ခုန်ပါတယ်။ သမီလည်း ခဏခဏပျော်ရပါတယ်။ မပျော်နိုင်တာက ကျုပ်။
အိမ်မှာ မိန်းဘုတ်လောင်၊ ဆောင်းဘောက် လောင်၊ အော်တိုဗို့ရိတ်တွေပျက်နဲ့ ပိုက်ဆံကုန်တယ်။ တရက်မတောာ့ ၂၀ ၀ပ်ရှိတဲ့ ဖန်ကွေးမီးသီးလေးတောင် ခရမ်းချဉ်သီးလေးလောက် ဖြစ်သွားတယ်။ ဘေးအခန်းတွေလှမ်းကြည့်တော့ အနီးတိုက်တချို့နဲ့ အခန်းအချို့ပဲ ဖြစ်တာ။ အရင်ကဆို အော်တိုဗို့ရိတ်က တနေကုန် တတောက်တောက်နဲ့ အလုပ်လုပ်နေတာ။ အော်တိုဗို့ရိတ်က အလုပ်လက်မဲ့ ဖြစ်သွားတာနည်းနည်းကြာတော့ ကယ်တင်မှဖြစ်တော့မယ်ဆိုပြီး . . . လမ်းသာယာရေးမှူးမရှိတာနဲ့ အုပ်ချုပ်ရေးမှူးဆီသွားမေးကြည့်တယ်။ 

လမ်းအတွင်း ရွှေနန်းဆွဲ လုပ်ငန်းက ၁၀ ခု ၁၅ ခုမက၊ တခြား ၀၇ိန်ဆော်သူ ၊ တခြားလုပ်ငန်းသုံးသူတွေရှိတော့ ကျုပ်တို့အတွက် မီးရေးအတွက် စိတ်မချရဘူး ။ ၀ါယာရှော့တွေဖြစ် နိုင်တယ်ပြောတော့ . . . ဘီရိုထဲက တိုင်စာတွေတထပ်ကြီး ထုတ်ပြပြီး . . .ခင်ဗျားလည်း “တိုင်” ပါတဲ့။ ကျုပ်မှာ ဓားမပေါက်တဲ့ ဗိုက်ဖုံးအင်္ကျီ မရှိဘူး ဆိုတော့ . . . . . မပေါက်ကြားစေရပါဘူးတဲ့ ရှေ့ ၇ အိမ်၊ နောက် ၇ အိမ်ပဲ လက်မှတ်ထိုးခိုင်း . . . ဒါဆို ရပါပြီတဲ့။ ကောင်းရောဗျာ . . .။
ဒီကိစ္စက မှူးကြီးတို့၊ လမ်းသာယာရေးတို့ အရေးမပိုင်ပါဘူး . . . မီးကြိုးဂျွိုင်းပေးတာ . . . မီတာရုံးကပါတဲ့ . . .။
မီတာရုံးက တာဝန်ရှိသူကို မေးကြည့်တော့ . . . သူတို့ အရေးမပိုင်ပါဘူး . . .အိမ်မီး၊ လုပ်ငန်းမီး က စည်ပင်ဌာနက ခွဲခြားတာပါ။ သူတို့ က မီးချိတ်ပေးရုံပါတဲ့ . . .။ ဒါပေမယ့် မစိုးရိန်ပါနဲ့ ထွေအုပ်နဲ့ ကျနော်တို့ ညှိနှိုင်နေပါတယ်တဲ့ . . ။ အခုကိစ္စ အတွက်ကတော့ ကျနော် အခုလုပ်ပေးပါမယ် ခဏစောင့်ပါ . . .ဆိုပြီး မီး တစ်မိနစ်လောက်ပျက်သွားတယ်။ ပြန်လာတော့ လင်းထိန်နေတာပဲ။
ကျုပ်သမီးလည်း လက်ခုပ်တွေတီးပြီး ခုန်အော်တော့တာပဲ။
ဟိုတလော မနက်ခင်းတခုမှာ တော့ . . . . Channal 7 က ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား မေမြန်းခန်းမှာ အုပ်ချုပ်ရေးမှူးက “ယုဇနဥယျဉ်မြို့တော်ဟာ အိုးအိမ်လက်ထဲမှာလား၊ စည်ပင်လက်ထဲမှာလား၊ ဘယ်သူ့လက်အောက်မှာလဲ မသိပါဘူးတဲ့”
ကဲ . . . . .ကောင်းရောဗျာ . . . ။