ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့မေးခွန်းများ - အပိုင်း(၅)

Photo - CNN

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့မေးခွန်းများ - အပိုင်း(၅)
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၆

(ဇ) တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတာလဲ၊

ဒေါ်အောင်ဆန်းစုကြည်က UNFC နဲ့တွေ့ဆုံခဲ့စဉ်က တိုက်ပွဲအကြောင်းနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့လိုကြောင်း ပြောဆိုပါတယ်။

“အခုကျမတို့ ဆွေးနွေးပြောဆိုသွားတဲ့အထဲမှာ ပင်လုံစာချုပ်၊ NCA ၊ ဖက်ဒရယ်နဲ့ တိုက်ပွဲတွေ အကြောင်းပါမယ်။ တိုက်ပွဲနောက်တခုက ခုနက ခေါင်းဆောင်ကြီးတွေပြောသွားတဲ့အထဲမှာ တိုင်းရင်းသားတွေ အချင်းချင်းလည်း တိုက်ပွဲတွေဖြစ်နေကြတယ်ဆိုတာကတော့ အဲတာဟာ ကျမတို့အတွက် လေးလေးနက်နက် စဉ်းစားစရာပဲ။ ဘာဖြစ်လို့တိုက်ပွဲတွေဖြစ်လဲ။ တိုက်ပွဲတွေဖြစ်တယ်ဆိုတာဟာ နိုင်ငံရေးသဘောထား မတူညီမှုကြောင့် ဖြစ်တာလား။ ရှိတဲ့အရင်းအမြစ်တွေအတွက် လုကြတာ ပေါ့နော်။ မျှမျှတတ မခွဲယူနိုင်မှုကြောင့် ဖြစ်တာလား။ တခြားကိစ္စတွေကြောင့် ဖြစ်တာလား။ အပြင်ပယောဂကြောင့်ဖြစ်တာလား … စသည်ဖြင့်။ ဘာဖြစ်လို့ တိုင်းရင်းသားတွေကြားထဲမှာ တိုက်ပွဲတွေဖြစ်သလဲဆိုတာ ကျမတို့ စဉ်းစားရပါလိမ့်မယ်။ အဓိကကတော့ ဗမာ့တပ်မတော်ပေါ့နော်။ နိုင်ငံ့တပ်မတော် ခေါ်မှာလား ရွေးရတာခက်ပါတယ်။ တကယ်တော့ ဗမာအများစု ပါနေတော့ ဗမာ့တပ်မတော်ပဲ ခေါ်ရမှာပေါ့။ ဒါပေမဲ့ ဗမာ့တပ်မတော်ခေါ်ပြန်တော့လည်း ဗမာလူမျိုးနဲ့ တခြားတိုင်းရင်းသားတွေ တိုက်နေတယ် ဆိုတဲ့ပုံစံကြီး ဖြစ်နေတဲ့ခါကျတော့ ၀မ်းသာစရာကိစ္စ မဟုတ်ပါဘူး။ ဒါဘယ်လိုပဲပြောပြော တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ တိုက်ပွဲတွေဖြစ်နေတာမဟုတ်ဘူး။ တိုင်းရင်းသား အချင်းချင်းလည်းဖြစ်နေတယ်ဆိုတော့ ဒီဟာကိုကျမတို့က မေးခွန်းမေးရမယ်။ ဘာဖြစ်လို့ကျမတို့ အချင်းချင်း တိုက်ပွဲတွေဖြစ်နေရသလဲ။ ဘာကြောင့်လဲ။ မတူကွဲပြားမှုကြောင့်လို့ပြောသွားတဲ့အပေါ် မှာ ကျမတို့က ဖက်ဒရယ်သာ အဖြေဆိုတာ လက်ခံထားပြီးသားပါ။ နောက်တခုက ဒီ Ceasefire တွေလုပ်မှ အားလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပြီးမှ ညီလာခံကို စနိုင်မယ်ဆိုရင် ညီလာခံဘယ်တော့ စနိုင်မလဲ။ အဲတော့ အဲလိုဆိုလို့ရှိရင် ညီလာခံ မဖြစ်မြောက်ချင်တဲ့ အဖွဲ့အစည်းတခုတည်းကနေပြီးတော့ အားလုံးကိုပျက်စီးအောင် လုပ်လို့ရတယ်။ အပစ်အခတ်ရပ်စဲရေးဆိုတာ ကျမတို့ဒီကိစ္စလည်း လေ့လာပြီးပါပြီ။ အပစ်ရပ်စဲရေး သဘောတူညီချက်တွေထဲမှာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းက လပိုင်းအတွင်း ချိုးဖောက်တယ်။ ဒါတကမ္ဘာလုံးက အဖြစ်အပျက်ကိုကြည့်လိုက်တာ။ အဲတော့ ကျမအမြဲဘဲပြောတယ်။ အပစ်အခတ်ရပ် စဲရေးပျက်ဖို့ဆိုတာ ၁ စက္ကန့်ပဲ လိုတယ်။ ကျည်ဆံတတောင့်ထွက်ဖို့ဆိုတာ ၁ စက္ကန့်ပဲ။ ၁ စက္ကန့်တောင် မရှိဘူးထင်တယ်။ ကျမတော့ မကျွမ်းကျင်တော့ သိပ်မသိဘူး၊ သေနတ်တွေ ဘာတွေနဲ့။ ကျွမ်းကျင်တဲ့ဗိုလ်ချုပ်တွေတော့ ပိုသိတာပေါ့။ အဲတော့ ဒိုင်းဆိုတာနဲ့ အပစ်ရပ်က ပြိုကွဲသွားနိုင်တယ်။ ကျည်ဆံတတောင့်ဟာ အပစ်ရပ်ပျက်စီးတဲ့ အခြေအနေကိုဖန်တီး နိုင်တယ်။ အဲဒီ့တော့ အဲဒီအပေါ်ကို ကျမတို့ရဲ့ငြိမ်းချမ်း ညီလာခံကအခြေခံမှာလား။ အဲဒီ့တော့ ကျမတို့ရဲ့ဒီငြိမ်းချမ်းရေးညီလာခံက သိပ်ကို အားနည်းသွား ပါတယ်။”

သြဂုတ်လ သတင်းများမှာ အခုလို ဖတ်လိုက်ရပါတယ်။

"ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ၂၀၁၂ ကနေစပြီး ၂၀၁၆ အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရသူများနဲ့ သေဆုံးသူများအတွက် လူ့အခွင့်အရေးရဖို့နဲ့ လက်နက်မဲ့ ပြည်သူတွေကို ကာကွယ် ပေးဖို့၊ မိုင်းဒဏ်ကြောင့် သေဆုံးသွားသူ၊ မိုင်းကြောင့်ထိခိုက်သူ၊ ထိခိုက်နစ်နာမှုတွေ ရှိနေတာကြောင့် ဆားမှော်ကျေးရွာ၊ ပြည်လုံချမ်းသာ စေတီကနေ ဆားမှော် ရွာလမ်းတွေကို လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။ ဆားမှော်ကျေးရွာမှာ နေထိုင်တဲ့ပြည်သူ တွေဟာ ၂၀၁၂ ကနေစပြီး ၂၀၁၆ အတွင်းမိုင်ကြောင့် ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ၂၀ လောက်ရှိပြိလို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးမြင့်ဆွေက ပြောပါတယ်။ မိုင်းဒဏ်ကြောင့်  သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကတော့ အစိုးရအနေနဲ့ လက်နက်မဲ့ပြည်သူတွေ ကိုကာကွယ်ပေးဖို့နဲ့ မိုင်းထောင်တဲ့ အဖွဲ့အစည်းတွေကို မိုင်းရှင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ မိုင်းထိခဲ့တဲ့ ဆားမော်ဒေသခံတဦးက“ အင်း ဆိုတာ ဆားမှော်ရွာသားတွေရဲ့ ထမင်းအိုးပါဘဲ။ ငါးမိုင်လောက်ရှည်တဲ့ အင်းကြီးမှာ ဆားမှော်သားတွေဟာ ငါးရှာစားနေတယ်။ ဒါကြောင့် KIO KIA အနေနဲ့ ဘာကြောင့် အရပ်သားတွေကို တမင်တကာ လုပ်ကြံပြီး မိုင်းထောင်ရသလဲ ဆိုတာပြောချင်ပါတယ်။”

ဆားမှော်ရွာမှာ မိုင်းတွေကို ဆက်လက်မထောင်ဖို့နဲ့ တောတောင်တွေမှာ လုပ်ကိုင်စားသောက် ရတာခက်ခဲမှုတွေရှိလို့ ဆားမှော်ဒေသခံ၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်းက ပြည်သူတချို့က အခုလို ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။


သြဂုတ်လကတည်းက ကချင်ပြည်နယ် ဒေသတွင်းမှာ ၂ ဖက်သော တပ်တွေက အပြန်အလှန် နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့ကြတာတွေ၊  မိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။  တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ဇူလိုင်လ နှောင်းပိုင်းက စတင်ပြီးတော့လည်း တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) က လူသစ်စုဆောင်းတာတွေ၊ နယ်မြေကျော်လာတာတွေရှိလို့ ဒေသတွင်းမှာ တင်းမာမှုတွေ စတင် ဖြစ်ပွားခဲ့တာကိုလည်း တွေ့ရပါတယ်။

 နောက်ပိုင်းမှာတော့ ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ တိုးပွားလာရာမှာ အစိုးရနှင့် တပ်မတော် သတင်းများတွင် တပ်မတော်ဘက်မှ ထိခိုက်သေဆုံးမှု သတင်းများ မဖော်ပြဘဲ ‘ရှထူးဇွပ် နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ်တရားမဝင် တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် တစ်ဖက် နိုင်ငံသားများအားဖမ်းဆီးရမိခဲ့’ စသည်ဖြင့် ဖော်ပြထားပါတယ်။

ဒါကို KIO ဘက်က တုန့်ပြန်ပြောကြားတာကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တနိုင်ငံ လုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးရန် ဖိအားပေးသည်ဟု ယူဆရသော တပ်မတော်၏လုပ်ရပ်၊  ‘ရွှေမှော်မှ KIA ၏ ၀င်ငွေဖြတ်တောက်ပစ်ရန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို KIA ဘက်မှ ဆက်လက် ခုခံ သွားမည် ဖြစ်ကြောင်း’ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူက ဆိုခဲ့ပါတယ်။

အခုလို ကောက်နုတ်ဖော်ပြနေရတာက လက်ရှိအခြေအနေမှာ မြန်မာပြည်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများမှာ တပ်မတော်၏ လှုပ်ရှားမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားမှု ဖြစ်စဉ်တွေ တိုးလာတာကို ထောက်ပြချင်လို့ ဖြစ်ပါတယ်။ ကချင်ဒေသသာမက ရှမ်းပြည် မိုင်းလား၊ ၀ ကိုယ်ပိုင်အုပ်ချုပ်နယ်မြေများအတွင်း ထိတွေ့မှုများ၊ ကရင်ပြည်နယ်ဘက်မှာ ဆိုရင်လည်း ထိတွေ့မှုများ၊ အပြန်အလှန် ဝေဖန်မှုများကို ကြားသိနေရပါတယ်။ သတင်းဖြစ်စဉ်များမှာ ရှုပ်ထွေးမှုတွေ ရှိနေတာကြောင့် တဖက်နှင့်တဖက် ထုတ်ပြန်တဲ့သတင်းတွေက အတည်ပြုနိုင်ရန် ခက်ခဲလာပြီး တဖက်သတ်ဆန်လာတာကြောင့် ပရိသတ်နဲ့ ပြည်သူတွေက ဝေခွဲမရ ဖြစ်လာရပါတယ်။


တရုတ်စကားပြောသောလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ကချင်ပြည်နယ်၊ မြန်မာ - တရုတ်နယ်စပ် မြန်မာပိုင်နက်ထဲရောက်နေတယ်လို့ တချို့တွေက ဖြန့်ချိလာကြသလို၊ အဆိုပါတပ်တွေဟာ ကြေးစားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဆိုတာ မသဲကွဲပေမဲ့ ကိုးကန့်တိုက်ပွဲသင်ခန်းစာ ရထားတဲ့ တပ်မတော်က စစ်ဆင်ရေးစတင်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်လာပါတယ်။ တပ်မတော်လိုလားသူတွေဘက်က မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းနဲ့ လမ်းသင့်နေတဲ့ ကန်ပိုက်တီးနဲ့ ပန်ဝါဒေသကို ကေအိုင်အေနဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့တို့ ပူးပေါင်းပြီး ဝင်ငွေရရှိရေးအတွက် နယ်မြေသစ်ချဲ့ထွင်လာတာလို့ စွပ်စွဲချက်တွေလည်း ရှိလာပြန်ပါတယ်။ အခုအချိန် စက်တင်ဘာလကုန် စစ်သတင်းတွေကို ကြည့်လိုက်ရင် တပ်မတော်က ထိုးစစ်တွေ ဆင်နေတာကို ပကတိမှာ မြင်နေရပါတယ်။

ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး ချမှတ်ထားတဲ့ အချိန်ဇယားအတိုင်း အစိုးရက ဆက်လက် လုပ်ကိုင်နေချိန်၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ကိုင်နေချိန်မှာ အထက်ပါ ဖြစ်စဉ်တွေဟာ မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာ၏ အာရုံစူးစိုက်မှု ၊ စုံစမ်းစစ်ဆေးမှုများ၊ အဖြေရှာမှုများကို ယခင်တုန်းကထက် ပိုမို တိုးပွားစေလာတာကတော့ အမြတ်ထွက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)