ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မျိုးထွန်း - မြန်မာတောင်သူများအကြွေး အရန်စပါးပြသနာနှင့် ဗဟိုကုန်စည်ဖလှယ်ဒိုင်ကြီး (အပိုင်း-၁)




ကျော်မျိုးထွန်း - မြန်မာတောင်သူများအကြွေး အရန်စပါးပြသနာနှင့် ဗဟိုကုန်စည်ဖလှယ်ဒိုင်ကြီး (အပိုင်း-၁)
(Commodities Exchange Center)
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၆

အထက်ပါပြသနာများ အားလုံးသည် ဖြေရှင်းချက် တစ်ခုတည်းပေါ်တွင် ရှိနေပါသည်။ လွန်စွာမှ အံ့သြမိသည်မှာ စိုက်ပျိုးရေး တောင်သူလယ်သမား ၆၀% ကို အခြေခံပြီး စီးပွားရေး တည်ဆောက်နေသော မြန်မာနိုင်ငံလို နိုင်ငံမျိုးတွင် ထိရောက်သော ဖြေရှင်းချက်ကို မည်သူတစ်ဦး တစ်ယောက်ကမှ ယနေ့အထိ ချပြနိုင်သေးခြင်း မရှိသည့်အတွက် ဖြစ်ပါသည်။

* ပို၍ လွန်ကဲစွာ အံ့သြစရာကောင်းသည်မှာ ထိုဖြေရှင်းချက်ကို ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများစွာ တွင် အောင်အောင်မြင်မြင် ကျော်လွှားဖြေရှင်းခဲ့ပြီး ဖြစ်ပြီး ထိုစနစ်၏ ၇၀% လောက်ကို ကူးချပြီး ၃၀%လောက်ကို မိမိတိုင်းပြည်အနေအထားနှင့် အညီ ပြုပြင်ပြီး အသုံးချခြင်းဖြင့် ယနေ့ ရင်ဆိုင်နေရသော တောင်သူလယ်သမား အကြွေးနှင့် ဘုရင့်နောင်ကုန်စည်ဒိုင် ပြသနာတော်တော်များများကို ဖြေရှင်းနိုင်ခြင်း ဖြစ်ပါသည်။

* လူ့ဘဝ အခြေခံကသည်ပင်လျှင် ယခင်က လက်ခံထားသော အတွေးတစ်ခု ယုံကြည်မှုတစ်ခုကို ရုတ်တရက် ပြောင်းရန် ခက်ခဲပါသည်။ ထိုသို့ ပြောင်းလွဲရန် သင်ယူမှုအသစ်များလုပ်ရန် များစွာလိုအပ်နေသော အချိန်ကာလ ဖြစ်နေပါသည်။ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း ပြောခဲ့သော မှတ်သားစရာ စကားလေးကို ဤနေရာတွင် ကိုးကားလိုပါသည်။ "ရူးသွပ်ခြင်း ဆိုသည်မှာ လုပ်နေကျ အလုပ်ကို ဆက်လုပ်နေပြီး တစ်မူးခြားသော ရလဒ်ကို မျှော်လင့်နေခြင်း" ကို ခေါ်ပါသည်။ Insanity is doing the same thing over and over again and expect different results.

* မယုံမရှိပါနှင့်။ (သင်မယုံပါ) မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော စိုက်ပျိုးရေး ပြသနာများကို ဖြေရှင်းနိုင်သော နည်းလမ်းကို တင်ပြပါမည်။ ထိုနည်းလမ်းသည် ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်(၁၀၀) ကတည်းက ရှိခဲ့ပါသည်။ အမေရိကန်နှင့် ဂျပန်လို နိုင်ငံမျိုးမှ အီသီယိုပီးယား နှင့် ကမ္ဘောဒီးယား နိုင်ငံများအထိ ကျင့်သုံးပြီး ကျင့်သုံးနေဆဲ ဖြစ်ပါသည်။

(၁) စိုက်ပျိုးရေးနိုင်ငံ
* မြန်မာနိုင်ငံသည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စိုက်ပျိုးရေးကို အဓိက အခြေခံသော နိုင်ငံတစ်ခု အဆင့်သာ ရှိနေပါသေးသည်။ မှန်ပါသည်။ ရောက်နေသည့် နေရာမှစပြီး ချီတက်ရလျှင် ကျွန်တော်တို့ စိုက်ပျိုးရေးမှစ၍ အခြေခံရပါမည်။ စိုက်ပျိုးရေးကို အခြေခံထားသောအခါ တောင်သူလယ်သမားကို အခြေခံရပါသည်။

* ထိုတောင်သူလယ်သမားများသည် ဆန်စပါး ၊ ပဲ၊ နှမ်း၊ ကြံ ဟူသော ကုန်ကြမ်းပစ္စည်း (Commodities) ကို ထုတ်လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုရပါသည်။ ထိုသို့ စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံရှိ တောင်သူလယ်သမားများ ဘဝမှာ ကြမ်းပါသည်။ ထိုကြမ်းသော ဘဝများကို ထိုသီးနှံများ၏ အကျကြမ်းသော ဈေးနှုန်းများက ဒုက္ခပင်လယ်ဝေစေပါသည်။

(၂) ဈေးကွက်တစ်ခု၏ အခြေခံသဘောတရား
* ထိုဈေးနှုန်းအကြောင်း မဆက်မီ ဈေးကွက်တစ်ခု (Market) ၏ အခြေခံသဘောတရားကို သိထားဖို့ လိုလာပါသည်။ ဈေးကွက်တစ်ခုတွင် ဝယ်ချင်သောသူနှင့် ရောင်းချင်သောသူ (၂)ဖက် ရှိပါသည်။ ဝယ်ချင်သောသူ များသောအခါ ဝယ်လိုအား (Demand) များသည်ဟု ပြောကြပြီး တစ်ဖန် ရောင်းလိုသောသူများသောအခါကို ရောင်းလိုအား (Supply) များသည်ဟု ခေါ်ကြပါသည်။ ရောင်းချင်သူ များသောအခါ ပစ္စည်းတစ်ခု၏ ဈေးနှုန်းမှာ ကျပါသည်။ ဝယ်လိုအားများသောအခါ ပစ္စည်းတစ်ခု၏ ဈေးနှုန်းမှာ တက်လာပါသည်။ ဤကား ရောင်းအားနှင့်ဝယ်အား (Supply and Demand) ကို အခြေခံပြီး ဈေးနှုန်းများ (Price) ပြောင်းလဲတတ်သော အခြေခံသဘာဝ ဖြစ်ပါသည်။

* စိုက်ပျိုးရေးသည် ရာသီဥတုပေါ် အခြေခံလုပ်ဆောင်ရန် လိုပါသည်။ မိုးရာသီ ဝင်ခါစတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် စပါးစိုက်သော တောင်သူတို့ တစ်ပြိုင်နက် စိုက်ပျိုးကြရပါသည်။ ထိုအခါ စပါးထွက်ချိန်ရောက်တော့လည်း တစ်ပြိုင်တည်း စပါးထွက်လာပါသည်။ ထိုစပါး ထွက်လာချိန်တွင် စပါးစိုက်ပျိုးစဉ်က ရင်းနှီးထားသော ငွေအရင်းအနှီးများ ပေါ်၍ အားလုံးပြိုင်တူ စပါးကို ဈေးကွက်တွင် ရောင်းကြပါသည်။ ထိုအခါ ရောင်းလိုအားများသော ဈေးကွက်ကို ဖြစ်ပေါ်လာစေပါသည်။ ထိုသို့ ဖြစ်သောအခါ စပါးဈေးနှုန်းများ ထိုးကျသွားပါသည်။ တောင်သူများ စိုက်ထုတ်ထားသော အရင်းအနှီးရဖို့ မနည်းပြန်လုပ်ရပါသည်။ အများစုမှာ အရှုံးနှင့်သာ ရင်ဆိုင်ရပါသည်။

(၃) အမှတ်တံဆိပ်

* ဤစိန်ခေါ်မှုကို ကျွန်တော်တို့ မြန်မာတောင်သူလယ်သမားများသာ ခါးစည်းခံရမည်မဟုတ်၊ ကမ္ဘာအရပ်ရပ်မှ လယ်သမားများ ကုန်ကြမ်းပစ္စည်း၏ သဘာဝဖြစ်သော ဈေးကွက်၏ ဈေးနှုန်း အတက်အကျကို (Price Volatility) ခံစားရသလို ယနေ့အခါ ကမ္ဘာ့သိ အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုပေါ်တွင် ရပ်တည်နေသော ဂျပန်နှင့် အမေရိကန်နိုင်ငံများရှိ လယ်သမားများသည်လည်း မြန်မာလယ်သမားများ နည်းတူ ခံစားခဲ့ရပြီ ဖြစ်သည်။

* သို့သော် ထို တိုးတက်ပြီး ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ရှိ လယ်သမားတို့ ထုတ်လုပ်သော လယ်ထွက်ပစ္စည်းများ၏ တန်ဖိုးမှာ ထိုနိုင်ငံ၏ စုစုပေါင်းကုန်ထုတ်မှု (သို့) အမြတ်၏ မပြောပလောက်သော အချိုးအစားသာ ရှိပါသည်။ ထိုနိုင်ငံကြီးများ၏ စီးပွားရေးသည် အမှတ်တံဆိပ်ပါသော လူသုံးကုန်ပစ္စည်းများ (Branded Products) ထုတ်လုပ်ရောင်းချမှု အပေါ်တွင် ရပ်တည်ကြပါသည်။

* ကမ္ဘာပေါ်တွင် ဒုတိယ အချမ်းသာဆုံး စာရင်းဝင်သည့် သူဌေးကြီး ဝါရင်းဘူးဖတ် သည် နာမည်ကြီးလုပ်ငန်းများတွင် အရင်းအနှီး ထည့်ဝင်ပြီး (သို့) ထိုလုပ်ငန်းများ၏ အစုရှယ်ယာ (Stock) ကိုသာ ဝယ်ယူသည်ဟု နာမည်ကြီးပါသည်။ ဥပမာ သူသည် ကိုကာကိုလာ ကုမ္ပဏီ၏ အစုရှယ်ယာ အများကြီးကို ပိုင်ဆိုင်ပါသည်။ ထိုသို့သော နာမည်ကြီး အမှတ်တံဆိပ်များ ပိုင်ဆိုင်သည့် ကုမ္ပဏီများ စီးပွားရေးလုပ်ငန်းများကို ဝါရင်းဘူးဖတ်က "Moat" (မုန့်) ရှိသည်ဟု တင်စားခေါ်ဝေါ်ပါသည်။ "မုန့်" ဟူသော အဓိပ္ပါယ်မှာ ရဲတိုက်တစ်ခု ဘေးပတ်လည်တွင် အကျယ်ကြီး တူးထားပြီး ရေနက်နက်ဖြည့်ထားသော မြောင်းကို ခေါ်ပါသည်။

(၄) ရင်းနှီးမြှတ်နှံသူ လယ်သမားများ

* သို့သော် ကျွန်တော်တို့ မြန်မာတောင်သူလယ်သမားများ ထုတ်လုပ်သော လယ်ယာထွက်ကုန်ကြမ်းပစ္စည်းများမှာ "မုန့်" မရှိကြပါ။ ထိုအမှတ်တံဆိပ် ကုန်ချောပစ္စည်းများ၏ သဘောသဘာဝနှင့် စိုက်ပျိုးရေးအတွက် ကုန်ကြမ်းပစ္စည်းများ၏ သဘာဝကို ယှဉ်ကြည့်လိုက်သောအခါ ကျွန်တော်တို့ တောင်သူများသည် ဈေးနှုန်း၏ ပြသနာကို ခေါင်းငုံ့ခံနေရသော သဘောသဘာဝတွင် ရှိနေပါသည်။

* တောင်သူများဘက်မှလည်း ဆန်စပါးထွက်ရန်အတွက် မြေသြဇာ၊ မျိုး နှင့် ပိုးသတ်ဆေး အစရှိသည့် သွင်းအင်အားစုတွင် ငွေကြေးရင်းနှီးမြှတ်နှံရန် လိုပါသည်။ သို့သော် တစ်ဧကကို မည်မျှ ငြွေေးရင်းနှီးမြှပ်နှံရမည် ဆိုသော ဆုံးဖြတ်ချက်သည် တောင်သူများအဖို့ ထွက်လာသည့် ဆန်တစ်တင်း မည်မျှရနိုင်သည်ကို ခန့်မှန်းမရလျှင် အလွန်ဆုံးဖြတ်ရခက်သော စီမံခန့်ခွဲရန် ခက်ခဲသော အကျပ်အတည်း တစ်ခု ဖြစ်ပါသည်။

* ရင်းနှီးမြှတ်နှံသူတိုင်း မည်သည့် လုပ်ငန်းတွင်မဆို တိုင်းတာသော ပေတံမှာ စုစုပေါင်း ရင်းနှီးမြှတ်နှံမှု အပေါ်တွင် ပြန်လည်ရရှိသော အမြတ်ရာခိုင်နှုန်း ဖြစ်ပါသည်။ ရပ်ကွက်စကားနှင့် ပြောလျှင် လုပ်ငန်းတစ်ခုလုပ်လျှင် ဘယ်နှစ်ကျပ်တိုးနှင့် ကိုက်သလဲ ဟူသော ပေတံဖြစ်ပါသည်။ လယ်သမားများသည် တစ်နည်းအားဖြင့် သူဌေးကြီး ဝါရင်းဘူးဖက်လို မိမိလယ်တွင် ရင်းနှီးမြှတ်နှံသူ (Investor) များ ဖြစ်ကြသည်။

* ထို့ကြောင့် ထိုသို့ တောင်သူများ ရင်းနှီးမျြှတ်နှံမှုကို တွက်ခြေကိုက်အောင် ထောက်ပံ့ပေးနိုင်သော အခြေခံ အချက် (၂)ခု ရှိသည်။
(၁) စပါးအထွက်တိုးရမည်။ သို့သော် အထွက်တိုးခြင်းသည် ဖြေရှင်းချက်၏ တစိတ်ပိုင်းသာဖြစ်သည်။ အထွက်တိုးလျှင် ဈေးကွက်ထဲတွင် ဆန်များ ပိုမိုများပြားလာပြီး ရောင်းလိုအားများသဖြင့် ဆန်စပါးဈေးနှုန်း ပိုကျသွားနိုင်သည့် အန္တရယ်ရှိနေပါသည်။
(၂) စပ်းတစ်တင်းချင်း အမြတ်များရမည်။

* ထို့ကြောင့် တောင်သူလယ်သမား တစ်ဦးအဖို့ စပါးအထွက်တိုးလျှင်တိုး၊ မတိုးလျှင် စပါးတစ်တင်းချင်းစီမှ ရရှိသော အမြတ်များမှ အဆင်ပြေမည့် သဘောဖြစ်ပါသည်။ အတိုးနှုန်း တစ်ခုခုနှင့် တွက်ခြေကိုက်မည်ဖြစ်သည်။ ထိုသို့ ရောင်းဈေးနှုန်း မသေချာသော အခြေအနေတွင် တောင်သူသည် ပိုမိုရင်းနှီးမြှပ်နှံခြင်း မလုပ်တော့ပေ။ ထိုသို့ မလုပ်သောအခါ မစွန့်စားသောအခါ အထွက်မတိုးတော့ပေ။

(၅) တိုင်ပြည် အနာဂတ်နှင့်လယ်သမား

* ထိုသို့ စိုက်ပျိုးရေးတွင် အထွက်မတိုးတော့သောအခါ ကျန်နိုင်ငံ၏ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးမှု မှာလည်း တန့်သွားပေသည်။ ထို့ကြောင့် ဈေးနှုန်းမတည်ငြိမ်မှု (Price Volatility) သည် တောင်သူများအတွက် စိတ်မချရသော စွန့်စားမှု အခြေအနေကို ဖြစ်ပေါ်စေရုံသာမက မြန်မာနိုင်ငံ၏ အခြားကဏ္ဍ စီးပွားရေးဖွံ့ဖြိုးမှုများကိုပါ ထိုခိုက်စေပါသည်။ ထို့ကြောင့် ဆန်စပါးဈေးနှုန်း တည်ငြိမ်မှုရှိမှသာ ဆန်စပါးအထွက်တိုးရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

* တဖန် ထိုသို့မလိုအပ်ပဲ စွန့်စားနေသော အလုပ်၏ သဘာဝသည် ဆင်းရဲခြင်း၏ အခြေခံ (၄)ခုမှ တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၂၀၀၀-၂၀၀၁ အစီရင်ခံစာတွင် တင်ပြထားပါသည်။ (အခြား ဆင်းရဲခြင်း အခြေခံ သုံးခုမှာ ၁။ ဝင်ငွေနည်းခြင်း၊ ၂။ ကျန်းမာရေးနှင့်ပညာရေးတွင် မတတ်နိုင်ခြင်း နှင့် ၃။ လွတ်လပ်စွာပြောဆိုခွင့်မရခြင်း တို့ဖြစ်သည်။ ထို့ကြောင့် အထွက်တိုးစေရန် ဆန်စပါးဈေးနှုန်းကို ခန့်မှန်းပေးနိုင်သော စနစ်တစ်ခု လိုအပ်ပါသည်။ အတက်ကြမ်း အကျကြမ်း ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းဒဏ် (Price Shock) ကို ကာကွယ်ပေးနိုင်သော စနစ်တစ်ခု လိုလာပါသည်။

* သို့မှသာ တောင်သူတို့ ထိုက်သင့်သော အမြတ်ရရှိနိုင်မည် ဖြစ်သည်။ ထိုသို့သော ထိုက်သင့်သည့် အမြတ်ရရှိမှသာ တောင်သူတို့သည် ၄င်းတို့အတွက် အခြားလိုအပ်ချက်များတွင် ငွေကို သုံးနိုင်မည်ဖြစ်သည်။ ထိုသို့ တောင်သူအများစုကြီးက ငွေကို သုံးနိုင်မှသာ မြန်မာနိုင်ငံ၏ အခြားစီးပွားရေးများ မြင့်တက်လာမည်။ ထိုသို့ တောင်သူများ ဘဝ မြင့်တက်လာမှသာ မြန်မာနိုင်ငံကြီးတစ်ခုလုံး၏ စီးပွားရေးမြင့်တက်လာမည့် သဘောဖြစ်သည်။

(၆) သမိုင်းသက်သေအမှားများ
* သီးနှံကုန်ကြမ်း တည်ငြိမ်ရေး အရေးကြီးပုံကို ကမ္ဘာပေါ်ရှိ အစိုးရတိုင်းလိုလို နက်နက်နဲနဲ နားလည် လက်ခံထားသော ယူဆချက်တစ်ခု ဖြစ်ပါသည်။ ရည်မှန်းချက်လည်း ဖြစ်ပါသည်။ ၁၉၉၀ ခုနှစ် မတိုင်မီက ဗဟိုအစိုးရမှ ချုပ်ကိုင်သော စီးပွားရေးစနစ် (ကွန်မြူနစ်နှင့်ဆိုရှယ်လစ်) ကို အခြေခံသောစနစ်တွင် သီးနှံဈေးနှုန်း တည်ငြိမ်အောင် အစိုးရက သီးနှံဈေးကွက်တွင် ငွေကြေးများစွာ အကုန်ကျခံပြီး ဈေးနှုန်းတည်ငြိမ်အောင် ကြိုးစားခဲ့ကြပါသည်။ နောက်ပိုင်းတွင် ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်များ ပြိုကွဲသွားပြီး စိုက်ပျိုးရေးဈေးကွက်များ လွတ်လပ်သွားသောအခါ ထိုနိုင်ငံများရှိ စိုက်ပျိုးရေး အခန်းကဏ္ဍကို ကာကွယ်ပေးမည့် အစိုးရမရှိတော့ပေ။ ထိုခေတ်အချိန်က သီးနှံဈေးနှုန်းသာမက လမ်းတံတား၊ လျှပ်စစ် စသည်တို့ကို အစိုးရများက ငွေကြေးစိုက်ထုတ် ဆောင်ရွက်ရမည်ဟု လက်ခံထားသော အချိန်ဖြစ်သည်။

* တဖန် သမိုင်းကို ပြန်ကြည့်လျှင်လည်း အစိုးရက ထောက်ပံ့ပေးသော ဈေးနှုန်းအတက်အကျကို ကာကွယ်ပေးသည့် စနစ်အားလုံးနီးပါးလိုလိုမှာ ကမ္ဘာတဝှမ်းတွင် အောင်မြင်မှု မရရှိခဲ့ပေး။ တဖန် မြန်မာနိုင်ငံသို့ မကြာမီက လာရောက်ခဲ့သော ကမ္ဘာကျော် နိုဗယ်ဆုရ စီးပွားရေးပညာရှင် စတစ်ဂလေစ်ကလည်း သူ၏ ၁၉၈၁ခုနှစ် The theory of commodity price stabilization: a study in the economics of risk - David M.G. Newbery and Joseph E. Stiglitz တွင် အစိုးရများ၏ အရန်ကုန်ထားရှိပြီး သီးနှံဈေးနှုန်း တည်ငြိမ်အောင် ထိမ်းသိမ်းခြင်းများ မအောင်မြင်နိုင်ကြောင်းကို ဖော်ပြခဲ့သည်။

ကုန်ကြမ်းပစ္စည်း ထုတ်လုပ်သော အစိုးရများက အဆိုပါ နည်းစနစ်များ မအောင်မြင်တော့သောအခါ ၁၉၉၀ နောက်ပိုင်းနှစ်များမှ စ၍ အစိုးရပေါ်လစီပိုင်းကိုလည်း အထောက်အကူပြု စိုက်ပျိုးသူတောင်သူနှင့် စားသုံးသူများကိုလည်း ထောက်ပံ့ ပေးနေသည့် စနစ်ကို ဘွားကနဲ တွေ့ကြသည်။ ထိုစနစ်ကို ၁၇ ရာစု ကတည်းက ဂျပန်နိုင်ငံတွင်၎င်း၊ ၁၉ရာစု ကတည်းက အမေရိကန်နိုင်ငံတွင်၎င်း၊ ကျင့်သုံးခဲ့ပါသည်။ ကျင့်သုံးဆဲလဲ ဖြစ်ပါသည်။

(၇) တောင်သူလယ်သမားများအတွက် "မုန့်"
* ထိုသို့ အတက်အကျ ကြမ်းသော ဈေးနှုန်းများကို သက်သာစေသော အနောက်နိုင်ငံများ၏ ဈေးကွက်အခြေခံ ဈေးနှုန်းထိန်းချုပ်စနစ်မှာ (တောင်သူလယ်သမားများအတွက် "မုန့်") ကို ဗဟို ကုန်စည်ဖလှယ်ဒိုက်ကြီး (Commodities Exchange Center) ဟု ခေါ်ပါသည်။ နောက်ဆုံးတွင် ကျွန်တော်တို့ ရင်ဆိုင်နေရသော ဈေးနှုန်းဒဏ် (Price Risk) ကို ဖြေရှင်းပေးနိုင်မည့် စနစ်မှာ ကုန်စည် ဒိုင်ကြီး စနစ် ဖြစ်ကြောင်း ကမ္ဘာပေါ်ရှိ အစိုးရနီးပါး လက်ခံလာကြပါသည်။

* ဤစနစ်ကို ဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ဥရောပနှင့် အမေရိကန်လို နိုင်ငံများတွင် ရှိပါသည်။ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးဆဲ ဖြစ်နေသော မလေးရှား၊ တရုပ်၊ ဘရာဇီး၊ ရုရှား၊ အိန္နိယ နိုင်ငံများတွင်လည်း ရှိပါသည်။ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများဖြစ်သည်။ မာလာဝီ၊ အီသီယိုပီးယား၊ နိပေါ၊ ကမ္ဘောဒီယား နိုင်ငံများတွင်လည်း ရှိနေပြီဖြစ်ပါသည်။ ဗဟိုကုန်စည်ဖလှယ်ဒိုင်ကြီး ဆိုသည်မှာ စိုက်ပျိုးထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းစွန့်စားမှု အန္တရာယ်ကို အသင်းအဖွဲ့ ဖွဲ့ပြီး ရောင်းသူနှင့် ဝယ်သူများက သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း ဥပဒေများဖြင့်အညီ စနစ်တကျ ပြန်လည် တုံ့ပြန်သော စနစ်ကြီးဖြစ်ပါသည်။ ဤစနစ်ကို အီသီယိုပီးယား နိုင်ငံတွင် ပြီးခဲ့သည် ၅နှစ်ခန့်က စတင်ကျင့်သုံးခဲ့ရာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး တောင်သူလယ်သမားများ၏ ဘဝများ တိုးတက်လာခဲ့ပါသည်။

* ဒါဆို မြန်မာနိုင်ငံမှာ ရှိတဲ့ လယ်သမားများတွေ အားလုံး ဈေးနှုန်း ဒဏ်ခံရပြီး အဆင်မပြေ ဖြစ်နေကြတာလား ဟူသော မေးခွန်းပင်ဖြစ်သည်။ မဟုတ်ပါ။ အချို့ချောင်ချောင်လည်လည်နှင့် အောင်အောင်မြင်မြင် ဖြစ်နေသော လယ်သမားများ ကျေးရွာတိုင်းတွင် ရှိပါသည်။ ဒါဆို စိတ်ဝင်စားစရာကောင်းသည်မှာ ထိုအဆင်ပြေနေသော လယ်သမားတွေရဲ့ လှို့ဝှက်ချက်တေါက ဘာတွေဖြစ်မှာလဲ။ သူတို့လို ကျန်တဲ့ လယ်သမားတွေရော အဆင်မပြေနိုင်ဘူးလား ဆိုသော မေးခွန်းပင်ဖြစ်သည်။

* ထိုလယ်သမားများ၏ လှို့ဝှက်ချက်မှာ သီးနှံပေါ်ချိန် ဆန်စပါးပေါ်ချိန်တွင် အခြားလယ်သမား အများစုက အသည်းအသန် ရောင်းချနေသောအချိန်တွင် မရောင်းပဲ၊ သီးနှံပေါ်ပြီး နောက်ပိုင်း သီးနှံဈေး ကောင်းလာသည့် ကာလအထိ စောင့်ရောင်းနိုင်သူများ ဖြစ်သည် .. ဟူသော အချက်ပင်ဖြစ်သည်။ အထက်က ပြောတဲ့ အဆင်ပြေတဲ့ အဆင်ပြေတဲ့ တောင်သူတွေဟာ ထားသိုဖို့ ခက်ခဲတဲ့ ပဲလိုမျိုး လယ်ယာထွက်ကုန်တွေကို ပွဲရုံ (Warehouse) တွေမှာ သွားအပ်ထားတယ်။ ဒီလို အပ်ထားလိုက်တဲ့အတွက် ပဲတွေ မိမိနေရာမှာ ထားသိုရင် ဖြစ်မဲ့ ပျက်စီးတာတွေ ပိုးထိုးတာတွေ ရှောင်လွှဲလို့ ရသွားကြပါသည်။

အဲဒီလို အပ်ထားတဲ့ ကုန်ပစ္စည်းကို ပွဲရုံကတောင်သူကို လက်ခံရရှိကြောင်း ဖြတ်ပိုင်းလေး (Recept) လေး ထုတ်ပေးထားလိုက်တယ်။ တောင်သူက ဒီဖြတ်ပိုင်းလေးကို ကိုင်ထားပြီး သူအပ်ထားတဲ့ ကုန်ပစ္စည်းဈေးကောင်းရတဲ့အချိန်ကြမှ ဈေးကွက်ပေါက်ဈေးနဲ့ သင့်ပြီး ပွဲရုံက တောင်သူကို ငွေရှင်းပေးတယ်။ သို့သော် တောင်သူအများစုမှာ ငွေကို ချက်ချင်းလိုသူများ ဖြစ်ပြီး ဤစနစ်၏ အားနည်းချက်မှာ ငွေချက်ချင်းမပေါ်ပဲ ဈေးကောင်းသည်အထိ ငွေကို မြှပ်ကာ စောင့်ရခြင်း ဖြစ်ပါသည်။

* အခု ဒီ ဗစိုကုန်စည်ဒိုင် (Commodity Exchange Center) ဟာလည်း ဒိလိုစနစ်နဲ့ အခြေခံ သဘောတရား အတူတူ ဖြစ်ပါတယ်။ ကွဲပြားခြားနားတာကတော့ သီးနှံက ဂိုဒေါင်(ပွဲရုံ) ကို အပ်ပြီးချိန်မှာ တောင်သူများအတွက် ငွေချက်ချင်း ပေါ်ခြင်းနှင့် အစိုးရက ဒီလုပ်ထုံးလုပ်နည်းတွေကို တရားဝင် အသိအမှတ်ပြုပြီး ဥပဒေနှင့်ကာကွယ်ပေးထားခြင်း ဖြစ်ပါသည်။

၁။ ဒီစနစ်အရ မြန်မာနိုင်ငံ အနှံအပြားမှာ စံနှုန်းနှင့် ညီညွတ်တဲ့ သီးနှံ သိုလှောင်နိုင်တဲ့ ဂိုဒေါင်ကြီးတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီ ဂိုဒေါင်ကြီးတွေရှိရာကို သီးနှံ ပေါ်ချိန်မှာ တောင်သူတွေက မိမိတို့ရဲ့ သီးနှံတွေကို လာအပ်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို လာအပ်ကြတဲ့အချိန်မှာ တောင်သူများက မိမိတို့ရဲ့ သီးနှံတွေကို ဂိုဒေါင်ကြီးက ဝန်ထမ်းတွေက လက်ခံချိန်တွယ်၊ အမျိုးအစား ခွဲပြီး လက်ခံဖြတ်ပိုင်းလေးတစ်ခု ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီလို လက်ခံဖြတ်ပိုင်းလေးကို တောင်သူကိုသာမက ဒီစနစ်မှာ ပါဝင်လုပ်ကိုင်ကြမဲ့ ဘဏ်တွေဆီကလည်း တစ်ခုစီ ပေးပို့မှာ ဖြစ်ပါတယ်။ ထို့အပြင် ထိုဖြတ်ပိုင်းမိတ္တူကို ရန်ကုန်ကုန်စည်ဒိုင် ရုံးချုပ်ကြီးဆီကိုလည်း ပေးပို့မှာ ဖြစ်ပါသည်။

၂။ ဒီမှာ ငွေလိုနေတဲ့ တောင်သူတွေက ဒီဖြတ်ပိုင်းလေးတွေကို အပေါင်ထားပြီး ဘဏ်တွေဆီက ငွေချေးယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဖြတ်ပိုင်းအပေါင်ကို လက်ခံပြီး ဘဏ်တွေက ချေးငွေ တောင်သူတွေကို ထုတ်ပေးပါမယ်။ သီးနှံဈေး မြင့်တက်လာတဲ့ နောက်ပိုင်းလတွေ ရောက်လာရင် တောင်သူတွေဟာ သီးနှံကို ထုတ်ရောင်းမှာ ဖြစ်ပါသည်။

၃။ အဲဒီလို တောင်သူက ဂိုဒေါင်မှာ အပ်နှံထားတဲ့ သီးနှံကို ထုတ်ရောင်းမယ်ဆိုရင် အပေါင်လက်ခံထားတဲ့ ဘဏ်က ဒီဖြတ်ပိုင်းလေးကို တောင်သူရောင်းချင်တဲ့အချိန်မှာ တောင်သူများကိုယ်စား ထုတ်ရောင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်ရောင်းပေးတဲ့အချိန်မှာ အကောင်းဆုံး ဈေးရအောင် ဘဏ်က ရန်ကုန်မှာ ရှိတဲ့ ဗဟိုကုန်စည်ဒိုင်ကြီးမှ တဆင့် လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီလို ရောင်းပေးတဲ့အတွက် တောင်သူရဲ့ သီးနှံကို မြန်မာနိုင်ငံတဝှမ်းမှာ ရှိတဲ့ သီးနှံကို ဝယ်လိုသူတွေ ဝိုင်းပြီး ဝယ်ကြမှာ ဖြစ်သည်။ ဒါကြောင့် နီးစပ်ရာ ဈေးနှိမ်တတ်တဲ့ သီးနှံပွဲစားကို အောက်ဈေးနဲ့ ရောင်းစရာမလိုတဲ့အတွက် ဈေးကောင်းရမှာ ဖြစ်ပါသည်။

၎။ ရောင်းလို့ ရလာတဲ့ ငွေထဲက ဘဏ်က ထုတ်ချေးထားတဲ့ ငွေကို ဖြတ်ယူပြီး ပိုငွေကို တောင်သူထံကို လွှဲပေးမှာ ဖြစ်ပါသည်။ ဒီစနစ်ကို ဂိုဒေါင် အခြေခံဖြတ်ပိုင်းစနစ် (Warehouse Recept System) လို့ ခေါ်ပါသည်။ ဒီ ဂိုဒေါင်အခြေခံဖြတ်ပိုင်းစနစ် ဟာ ဗဟိုကုန်စည်ဒိုင်စနစ်ကြီး တစ်ခုလုံးရဲ့ ပထမအဆင့်သာ ရှိပါသေးသည်။ ပြီးတော့ ဒီ စနစ်ကြီး တခုလုံးမှာ ပါဝင်နေတဲ့ လူတွေကို ဒုက္ခမရောက်အောင် လိမ်လည်မခံရအောင် အစိုးရက ဥပဒေများ ပြဌာန်းပြီး ဝိုင်းဝန်း ပံ့ပိုးပေးရမှာ ဖြစ်ပါသည်။

အပိုင်း(၂) ဆက်လက် ဖေါ်ပြပါမည်။

ကိုးကားချက်

၁။ ကျော်မျိုးထွန်း ရေးသော ခေတ်ပေါ်ငွေကြေးစီမံခန့်ခွဲမှု၏ အခြေခံသဘောတရားများကို နားလည်ခြင်း (တတိယအကြိမ် ၂၀၁၆) စာအုပ်မှ စာအုပ်ဒုတိယပိုင်း အခန်း(၁) ဖြစ်ပါသည်။

၂။ Land Reform papers from Singapore & South Korea and analysis (in Myanmar) is available at website.
http://www.slideshare.net/myanmarjobstudent/landtransform2016