ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင်


ခင်ဇော်မိုး ● လောင်းရိပ်အောက်က သစ်တပင်
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၁၆

တရိပ်ရိပ်ရွေ့နေသည့်တိမ်မျှင်တိမ်ဆိုင်တွေက ညနေခင်းနေ၀င်ဆည်းဆာနှင့် ပနာရလှပနေသည်။  အနောက်ဆီက ရေလှိုင်းသဏ္ဍန်တွန့်နေသော တောင်တန်းညှို့ညှို့ကြီးမှငှက်တွေ ပျံသန်းလာကြသလို တချို့ငှက်တွေကလည်း ထိုတောင် ညှို့ညှို့သို့ ပျံသန်းသွားကြသည်။ အုပ်စုဖွဲ့၍ ပျံသန်းကြသလို တကောင်စနှစ်ကောင်စ စသဖြင့် ကူးလူးပျံသန်းနေကြသည်။

သို့သော် လှောင်အိမ်ထဲမှငှက်ကလေးများတွင်မူ ငှက်တကောင်ဖြစ်ပါလျက်၊ အတောင်တစုံပါရှိလျက်၊ အားအင်တွေရှိပါလျက် ပျံသန်းခွင့်တွေနှင့် ကွေကွင်းကြရသည်။

ကျွန်မတို့အိမ်တွင် အလှမွှေး ငှက်ကလေးတကောင်ရှိပါသည်။ ထိုငှက်ကလေး၏ပိုင်ရှင်မှာ ကျွန်မ အမေပင်။ ထိုငှက်ကလေး နည်းတူ ပျံသန်းခွင့်တွေနှင့် ကွေကွင်းသောငှက်ကလေးတွေ မည်မျှ ရှိမည်မသိ။ ကျွန်မအမေနည်းတူ လှောင်အိမ်ထဲတွင် အလှကြည့်ကာ မွေးမြူချစ်ကြသောသူများသည်လည်း များစွာရှိပေလိမ့်မည်သာ။

ထိုငှက်ကလေးများသည် သူတို့ကျင်လည်နေထိုင်ရသော အိမ်၊ ပတ်ဝန်းကျင်ကိုသာ ခံစားခွင့် ရှိကြသည်။ လောကကြီး အလှကိုမူ ခံစားတွေ့မြင်ခွင့်မရှိပေ။ အတောင်တစုံပါလင့်မူ အသုံးမ၀င်။ ကျွန်မသည်လည်း ထိုငှက်ကလေးများနည်းတူ အမေ့၏အချစ်တော်ခံ။ ထိုကြောင့် ကျင်လည်ရာပတ်ဝန်းကျင်လောက်ကိုသာ ကျွန်မခံစားတွေ့မြင်ရပါသည်။ လောကအလှ ကို ခံစားရှုမြင်ခွင့်မရသော ငှက်ပမာ။ အနိမ့်အမြင့်နှင့် ခရီးမည်မျှအထိ ပျံသန်းနိုင်စွမ်းကိုမသိသော ငှက်ပမာ။ ကျွန်မသည် လည်း အမေ့၏အလှမွေးသတ္တ၀ါတကောင်သာ။

ကြီးမာသည့်လောင်းရိပ်ပင်အောက်က သစ်ပင်ကလေးများသဖွယ်။  အမေ့မေတ္တာရိပ်အောက်မှ ရုန်းမထွက်နိုင်ပေ။ အခက် အလက်၊ အညွန့်အတက်မထွက်နိုင်သည့်လောင်းရိပ်မိသော သစ်တပင်နှယ်။ လူအများစုသည် အရိပ်အာဝါသကောင်းတွေပေး နိုင်သည့် သစ်ပင်ကြီးများကိုသာ ချီးမွမ်းပြောဆိုကြသည်။ ထိုသစ်ပင်ကြီးများကြောင့် မရှင်သန် မကြီးထွားနိုင်သည့် သစ်ပင် ငယ်များစွာ ရှိသည်ကိုမူ မမြင်ကြ။ ထို့အတူ ကြီးမားသောမိခင်မေတ္တာရိပ်မှ ကျွန်မသည်လည်း အေးမြမှုကလွဲ၍ မည်သည့် အရာမျှ ခံစားခွင့်မရခဲ့ပါ။

ဘုရင်သမီးနှင့် စောင်းအိုလုလင်အဖြစ်ကဲသို့ ခွဲခွာကြရသည့် အချစ်ဇာတ်လမ်းများသည် ယခုထိပင် ရှိသလို ကုဋေရှစ် ဆယ်ကြွယ်သောသူဌေးသားကဲသို့ ဖြစ်ပျက်သွားသော ဇာတ်လမ်းသစ်များမှာလည်း ဒုနှင့်ဒေးရှိဆဲ။ သားသမီးများပေါ်တွင် အချစ်ကိုအထားအသိုမှားသော မေတ္တာရှင်များစွာ ရှိပါသည်။

ထိုအထဲတွင် ကျွန်မအပါအ၀င် အိမ်တွင်မွေးမြူခံရသော ငှက်ကလေးတကောင်သည်လည်း အဆစ်ပါခဲ့ သည်။ ကျွန်မသည် အမေ့လက်တွင်းက နယ်ရုပ်ကလေးတရုပ်ဆိုရင်လည်း မှားမည်မဟုတ်သလို အမေ့မေတ္တာရိပ်က လင်းသင့်သစ်တပင်ဆို ရင်လည်း မှန်လိမ့်မည်သာ။ သို့သော် ကျွန်မသည် အရှုံးမပေးလိုပါ။ နေရောင်ခြည်နွေးနွေးများကို ကျွန်မမြင်လိုသေးသည်။ ထိတွေ့ခံစားလိုသေးသည်။ ထို့ကြောင့် လေအယိမ်းအနွဲ့တိုင်းမှာ နေရောင်တွေကျွန်မကိုယ်ပေါ် ထိတွေ့ကျရောက်စေဖို့ စောင့်စား ကြည့်ရှုနေရပါသည်။ စိတ်ပျက်လက်လျှော့ကာ ညှိုးနွမ်းခွေ၍ အိပ်စက်မနေလို။ ကျွန်မသည် မည်မျှအထိ ကြီး ထွားသန်မာပြီး အညွန့်အတက်အခက်ဖြာဝေသော သစ်တပင်ကဲသို့ဖြစ်မဖြစ် ကျွန်မသိလိုသည်။ ငှက်တကောင်ဆိုရင်လည်း မည်မျှအထိ ပျံသန်းနိုင်သော အင်အားရှိသည့် ငှက်တကောင်ဖြစ်မဖြစ် ကျွန်မသိလိုသည်။

အမေသည် ကျွန်မကိုအထင်သေးသည်ဟုလည်း ခံစားထင်မြင်မိပါသည်။ ကျွန်မသည် အမေ ကြိုးဆွဲရာကရသည့် ရုပ်သေး ရုပ်ကလေးလိုသာ။

မှတ်မိသေးသည်။ ကျွန်မငယ်စဉ် ပဉ္စမတန်းတက်နေစဉ်က ရောင်စုံခဲတံလေးများကိုအသုံးပြုဆွဲသော ဆေးခြယ်ပန်းချီ ကား လေးများကို ပုံဆွဲစာအုပ်သီးသန့်ထားပြီး စတင်ရေးဆွဲခဲ့သည်။ ပုံဆွဲပြီးတိုင်း မိသားစုဝင်တွေ အားလုံးကို ကြွားလေ့ရှိပါသည်။ အားလုံးက ချီးမွမ်းထောပနာပြုသော်လည်း အမေသည်မပြု။ သွားပြလျှင် မကြည့်ချင်ဘူးဟု အကြိမ်တိုင်းငြင်းပယ်ခံရသည်။ ထိုသို့ အမေ့ဆီမှ စကားကြားရတိုင်း သိမ်ငယ်၍ မျက်နှာပျက်သွားလျှင် အဖေကနှစ်သိမ့်မြဲ။ အားပေးမြဲသာ။ နောက်နောင် ဆွဲဖြစ်သမျှသော ဆေးခြယ်ပုံအမျိုးမျိုးကို အမေ့ထံသွားမပြမိတော့ပါ။ ထို့နောက် အလယ်တန်းကျောင်းသူဘ၀သို့ရောက်သောအခါ၌လည်း ကျောင်းဆရာမ နားနေဆောင်ရှိ ဆရာမများထံမှတဆင့် ရုပ်ပြစာအုပ်များကိုစတင်ဖတ်မိခဲ့သည်။ အိမ်တွင် အဖေဖတ်သော ရတနာမွန် မဂ္ဂဇင်းနှင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်စာအုပ်များကို လိုက်၍ဖတ်ခဲ့မိသည်။ ထိုမှတဆင့် စာဖတ်ခြင်းကို ခံတွင်းတွေခဲ့မိတော့သည်။

သို့သော် စာဖတ်ခြင်းအား အမေသည်မနှစ်ခြိုက်။ ဆေးခြယ်ပန်းချီပုံဆြွဲခင်းများ အမေမနောမခွေ့ခဲ့ပါ။ အမေသည် ထိုအရာ များအား မခံစားတတ်ခဲ့။ အမေ့ကိုနားမလည်နိုင်စွာ တွေတွေငေးငေး ကြည့်နေခဲ့ရဖူးပါ သည်။ ထိုမှတဆင့် ကဗျာတွေရေး မိခဲ့သည်။ အိပ်ရာဘေးရှိ ကဗျာရေးထားသော စာအုပ်မှန်သမျှသည် အမေ့၏ငြူဆူခြင်းအောက်တွင် အငွေ့ပျံသလို ပျောက် ကွယ်သွားတတ်သည်။ အလိုမကျတိုင်း စာအုပ်တွေ ဝှက်လေ့ရှိသည်။ မျက်ရည်တွေဖြင့် တိတ်ဆိတ်နေခဲ့ရ ဖူးပါသည်။ ကြာ လာသောအခါ ကျွန်မစိတ်တွင် ဒဏ်ရာများရခဲ့သည်။

မလိုလားအပ်သော နှောင်ဖွဲ့ခြင်းမျိုးကို ကျွန်မလက်မခံနိုင်ပါ။ ကျွန်မတို့လူငယ်တွေ၏အကျင့်၊ စာရိတ္တ မှားယွင်းပျက်ပြားနေပါမူ လူကြီးများတည့်မတ်ပေးပါ။ ထိန်းကျောင်းပေးပါ။ ပုံစံခွက်မှာ ပုံသွင်းခံရသည် အပူပေးကော်ရည်များတော့ မဖြစ်စေလိုပါ။ ငယ်စဉ်မှယနေ့ထိ အမေ့၏မေတ္တာရိပ် အောက်တွင်နေထိုင် ရခြင်းကြောင့် အခြားသောအကြောင်းအရာများစွာအား ကျွန်မမသိနိုင်။ မမြင်နိုင်ပါ။ နာမ်ဟူသမျှသည် ပြိုပျက်ရစမြဲပင်မဟုတ်ပါလား။ လေဒဏ် မိုးဒဏ်နှင့် သဘာဝ အိုမင်းရင့်ရော် မှုများအား မရှောင်လွှဲနိုင်။ တနေ့တွင် ထိုမေတ္တာရိပ်ကြီး ပြိုလဲကျခဲ့ပါမူ ရာသီလွန်လေမည်လား မပြောအပ်နိုင်ပါ။ အင်အား ကုန်၍မောပန်း နွေကြမ်းကြမ်းရောက်မှ ထိုအရိပ်ကြီး မဲ့ခဲ့ပါမူ လေဒဏ် နေဒဏ်နှင့် တောသတ္တ၀ါတို့၏ ခွာစာပင်။ အညွန့်အ တက် တလက်မှ ထွက်မလာနိုင်တော့မှ အရိပ်မဲ့ပါမူ အကြောင်းရယ်ထူးလိမ့်မည် မဟုတ်တော့ပေ။ ထို့ကြောင့် သစ်ပင်ငယ်နှင် တူသည့်လူငယ်များကို အရိပ်စစ်ပေးတတ်ဖို့လိုပါသည်။ လောင်းရိပ်မဖြစ်ရန်မှာ မိဘတိုင်း နားလည်သင့်ပါသည်။ ချစ်တတ်ဖို လို့သည်။ ချစ်ခြင်းသည် အဆိပ်လည်း ဖြစ်တတ်လေ့ရှိသည်။

ကျွန်မသည် ပျံသန်းခွင့်ရသောငှက်ကလေးဖြစ်လိုသလို လောင်းရိပ်ကင်းသော သစ်တပင်လည်း ဖြစ်လိုပါ သည်။ ထို့ကြောင့် ရာသီစက်ဝန်းလှည့်လည်နေသ၍ ကြိုးစားအားထုတ်လိုပါသေးသည်။ လှောင်အိမ်ထဲက ငှက်တကောင်လို လူငယ်များကို မပိတ်လှောင်စေလိုပါ။ ခေတ်သည်မည်မျှပြောင်းလဲစေပါမူ ငွေသည်အရေးပါဆဲ။ ဂုဏ်ကြီးရှင် သဌေးသမီးသီချင်းသည် လူရာဝင်ဆဲ။

ကုဋေရှစ်ဆယ်သူဌေးသားဇာတ်ကြောင်းသည် နေရာရဆဲ။ ဘုရားရှင်လက်ထက်တွင် ဒေ၀ဒတ်သည် ရှိမြဲသာ။ ထို့ကြောင့် ရာစုနှစ်များစွာကြာခဲ့ပါမူ လူကြီးနှင့်လူငယ်သည် ပဋိပက္ခ ဖြစ်ဆဲ။

အမေနှင့်ကျွန်မသည် အမြင်မတူသလို အယူအဆများလည်း ကွဲပြားသည်။ ငယ်ငယ်ကဖတ်ခဲ့ရသည့် ကိုလိုနီခေတ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ လူကြီးနှင့်လူငယ် စကားပြေကို သတိရမိသည်။ လူကြီးနှင့်လူငယ်ကြားက နားလည်မှု လွဲခြင်းများသည် ကိုလိုနီခေတ်မှ ယနေ့တိုင်ရှိနေပါလားဟုတွေးရင်း သက်ပြင်းရှည်ကြီးသာ ချလိုက်မိပါသည်။ ထိုအခါ တိမ် မျှင်တိမ်ဆိုင်များ ရွေ့လျားနေခြင်းမရှိတော့ပါ။ အတွေးဖြင့်မျောနေမိ၍ ယနေ့ နေ၀င်ဆည်းဆာအလှကိုတော့ ကျွန်မခံစားခွင့် မရှိလိုက်ပြီသာ။ နေလုံးကြီး သည်လည်း ဆုံးဆုံးမြုပ်၍ အမှောင်စများထူထည်းစွာ ယှက်သမ်းနေခဲ့လေပြီ။

ခင်ဇော်မိုး
• လင်းသင့်သစ်တပင်-ဒေသိယအသုံး= လောင်းရိပ်မိသော သစ်ပင်