မောင်​သစ်​ဆင်းရဲ့ "​ကြောက်​စိတ်​" နဲ့ "က​လေးတို့မနက်​ဖြန်​" နှစ်အုပ်ပေါင်း ပြန် ထွက်မည်




မောင်​သစ်​ဆင်းရဲ့ "​ကြောက်​စိတ်​" နဲ့ "က​လေးတို့မနက်​ဖြန်​" နှစ်အုပ်ပေါင်း ပြန် ထွက်မည်
(မိုးမခ စာအုပ်စင်) အောက်တိုဘာ ၂၇၊ ၂၀၁၆


၁၉၉၀ ခုနှစ်များရဲ့ သိက္ခာရှိ မဂ္ဂဇင်း တစောင်ဖြစ်တဲ့ သင့်ဘဝ မျက်နှာဖုံး ဆောင်းပါး များထဲက ဆရာ မောင်သစ်ဆင်း ရေးတဲ့ ဆောင်းပါးတွေ စုစည်းထားတဲ့ "​ကြောက်​စိတ်​" နဲ့ "က​လေးတို့မနက်​ဖြန်​" စာအုပ် နှစ်အုပ်ကို ပေါင်းပြီး ဒုတိယ အကြိမ် အဖြစ် မုံရွာ ချင်းတွင်းအိမ် စာပေ က ထုတ်ဝေမည်ဟု သိရပါတယ်။

လူငယ်ရေးရာ၊ စိတ်ဓာတ်၊ အကျင့်၊ သီလ၊ ပညာရေးနဲ့ တိုင်းပြည်ရေးရာများကို စစ်အာဏာရှင်ခေတ်စနစ်မှာ အစောဆုံး တပ်လှန့်ခဲ့တဲ့ ဆောင်းပါးကောင်းများကို ပြန်လည် ထုတ်ဝေခြင်း ဖြစ်တဲ့ အတွက် စာကြည့်တိုက်များကို ဝယ်လှူနိုင်ဖို့နဲ့ လူငယ်များကို ပေးဖတ်နိုင်ဖို့ရာ မိုးမခ ပရိသတ် ကို လမ်းညွှန် လိုက်ပါတယ်။

စာအုပ်ရေးသူ ဆရာ မောင်သစ်ဆင်းရဲ့ အမှာစာ ကိုလည်း ကူးယူဖော်ပြလိုက်ပါတယ်။


ချင်းတွင်းအိမ် စာပေ Facebook Link :
https://www.facebook.com/chindwin.eain?fref=ts

■■■■■■■■ ■■■■■■■■
စာရေးဆရာ ရဲ့ အမှာစာ■■■■■■■■ ■■■■■■■■

ကြောက်စိတ် (သို့မဟုတ် တုတ်တချောင်း၏ အတ္တုပ္ပတ္တိ အပါအ၀င် သင့်ဘ၀ မျက်နှာဖုံးဆောင်းပါးတွေကို ၁၉၉၄ ခုနှစ်က စတင်ရေးသားခဲ့တာဖြစ်လို့ အခုအခါ နှစ် နှစ်ဆယ်ကျော် ရှိခဲ့ပါပြီ။

အဲဒီတုံးက သင့်ဘ၀ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးတွေကို ဆရာတင်မောင်သန်း နဲ့ တလ တယောက်၊ အကြောင်းအရာ တမျိုးစီ တာဝန်ခွဲပြီး ရေးခဲ့ကြတာပါ။

အဲဒီအချိန် သင့်ဘ၀ ရဲ့ တူရူချက်က “ နိုင်ငံကြီးသား စိတ်ဓာတ် ထွန်းကားရေး” ဖြစ်ပါတယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုတဲ့ ဝေါဟာရတွေ မသုံးစွဲနိုင်တဲ့ ကာလ ဖြစ်လို့ နိုင်ငံကြီးသား စိတ်ဓာတ် လို့ သုံးရတာပါ။

ဒီခေါင်းစဉ်အောက်မှာ မြန်မာ့အချိန်ဓလေ့၊ မြန်မာ နဲ့ မုသား၊ မြန်မာ နဲ့ လူသားအစ စတဲ့ အကြောင်းအရာတွေ ရေးသားဖြစ်ပါတယ်။ မုသား က မြန်မာဟာ မတူတာနှစ်ခု နဲ့ အလိုက်သင့် ညှိ (Ambivalence ) ပြီးနေတတ် တဲ့လူမျိုးလား ( ဥပမာ - ဗုဒ္ဓအဆုံးအမ နဲ့ နတ်ကိုးကွယ်မှု နှစ်ခုလုံး တပြိုင်တည်း လက်ခံထားတာမျိုး )၊ လူသားအစ ကတော့ ပညာလွတ်လပ်မှု (Academic Freedom ) ရှိဖို့ အရေးကြီးကြောင်း စသဖြင့် စိစစ်ရေး လွတ်အောင် အရှောင် အတိမ်း တွေနဲ့ ရေးခဲ့ရပါတယ်။

တချို့ဆောင်းပါးတွေက စာဖတ်သူနဲ့ အမြင်ကွဲပြားနိုင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း တချို့ ဆောင်းပါး တွေကို အခုပြန်ဖတ်ကြည့်တဲ့အခါ ပြန်ပြင်ရေးချင်စိတ်တွေ ပေါ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးတွေကနေ စာဖတ်သူအတွက် တစ်စုံတရာ စဉ်းစားတွေးတောစရာရတယ် ဆိုရင်၊ အဟောဝတ ကောင်းပေစွ ရယ်လို့ ၀မ်းမြောက်ရမှာဖြစ်ပါတယ်။

ပြန်လည်ထုတ်ဝေတဲ့ မုံရွာသားကဗျာဆရာ ကိုမင်းတွေနှစ် ရဲ့ ချင်းတွင်းအိမ်စာပေ ကိုလည်း အထူး ကျေးဇူး တင်ရပါတယ်။

လေးစားစွာ --
မောင်သစ်ဆင်း