နိုင်ငံတကာသာဂိ - အမေရိကန်က ရီပတ်ဘလစ်ကန်ပါတီနဲ့ သမ္မတလောင်း ထရန့် တို့၏ အတက်အကျများ



နိုင်ငံတကာသာဂိ - အမေရိကန်က ရီပတ်ဘလစ်ကန်ပါတီနဲ့ သမ္မတလောင်း ထရန့် တို့၏ အတက်အကျများ
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၆


လွန်ခဲ့တဲ့ လက ဒေါ်နယ်ထရန့်၏ အတက်အကျများဆိုပြီး ရေးပြီးမှတ်တယ်၊ အခုလည်း ထပ်ရေးရပြန်ဦးတော့မယ်။ အမေရိကန်က နိုဝင်ဘာ သမ္မတရွေးကောက်ပွဲ မတိုင်မီ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ရဲ့ သမ္မတလောင်းများ စကားစစ်ထိုးပွဲ ကျင်းပခဲ့တာ ၂ ခါရှိ ပါပြီ။ ၀က်ဝက်ကွဲ အားပေးကြတဲ့ကြားမှာ ရီပတ်ဘလစ်ကန်ကော ထရန့်ကောဟာ ၀က်ဝက်ကို ကွဲကြတာပဲ။ ၀က်ဝက်ကွဲတယ်ဆိုတာ ပါတီခင်မျာလည်း လူပေါ်လူဇော် သေဌေးကြီးကို တင်မိတာ စင်ပေါ်တက်ပြီးချိုမိုင်မိုင် တက်ကပြနေတော့ ခေါင်းမဖော်နိုင်အောင်ဖြစ်၊ ထရန့်မှာလည်း စင်ပေါ်တက်ပြီး အပေါက်ဆိုးဆိုးနဲ့ ကမူးရှုးထိုးတွေ ပြောချင်ရာပြောတော့ မျက်နှာတွေ ပျက်ရနဲ့ မို့ပါ။

ဒေါ်နယ်ထရန့်ကို မြန်မာပြည်က ကြံ့ဖွတ်ပါတီအမတ်တွေ ၀န်ကြီးတွေနဲ့ နှိုင်းရင် လွန်မယ်မထင်ပါ။ နားလည်လွယ်တဲ့ ဥပမာပေါ့။ ထမင်းတနပ်တည်း စား၊ နွားနို့သောက်၊ တနေ့ ၃ ထောင် လောက်အောင်သုံး၊ နယ်လှည့် ပါးရိုက်လာတာ၊ မီးတွေ သူများကို လှည့်ရောင်းထားလို့ ကုန်ပြီ၊ ဗိုက်လှန်ပြလိုက်ရမလား၊ ကျုပ်တို့က တရုတ်ကြောက်ရတယ် စတဲ့ ကပျက်ကရက် စကားတွေပြောတဲ့ ကြံ့ဖွတ်ပါတီက ဟိုလူတွေ အားလုံးစုလိုက် အဲဒါ ထရန့်ပဲ လို့ ပြောရမယ်။ ပြီးတော့ ဒီလူက အခွန်ရှောင်တာ ပညာတဲ့။ သူ တော်လို့ တတ်လို့ အခွန် မဆောင်ဘဲ နေနိုင်တာ၊ သူရှာသမျှ သူ့ဖို့ချည်းပဲ တဲ့ ဒါမျိုးလည်း ပြောတော့ မြန်မာပြည်က ကြံ့ဖွတ်တွေကလည်း သူတို့ ရှာသမျှ သူတို့ဖို့၊ တတိုင်းပြည်လုံး လက်ညိုးထိုး ရောင်းစား၊ အခွန်လည်း တပြားမှ ဆောင်ခဲ့ပုံ မရတော့ အင်း ... သူတို့လည်း ထရန့်လိုပါပဲလား ပေါ့လေ။ အတွေးပေါက်မိပါရဲ့။

အဲဒါကို ခေါင်းဆောင်တင်မိတဲ့ အမေရိကန်က ကြံ့ဖွတ်ပါတီ အဲလေ ယောင်လို့ ရီပတ်ဘလစ်ကန်ပါတီလည်း ဘာထူးတော့လို့လဲ။ သူတို့ပါတီထဲက လက်ယာအစွန်းရောက်သော၊ သဘောထားတင်းမာသော ပါတီခေါင်းဆောင်တွေ၊ အမတ်တွေဟာ ဒီမိုကရက်သမ္မတ အိုဘားမား ၈ နှစ် သက်တမ်း တလျောက်လုံးမှာ အတိုက်အခံ တောက်လျောက်လုပ်ပြီး ကဖျက်ကယက်လုပ်တာတွေနဲ့ဆိုတော့ ၀ါရှင်တန် (အမေရိကန်က နေပြည်တော်) မှာ အလုပ်မဖြစ်တဲ့ လွှတ်တော်အဖြစ် နာမည် ပျက်ရရှာပါတယ်။

ဒီပါတီနဲ့ ဒီခေါင်းဆောင် လိုက်လည်း လိုက်ဖက်ပေလို့ အခုလို ဒီစခန်း ဒီလမ်းအထိ ရောက်လာကြတာပဲလို့ ဆိုရမှာပါ။ သူတို့တွေက အသားအရောင် ခွဲခြားတာ၊ အဆင့်အတန်း ခွဲတာ၊ ဘာသာရေး လွတ်လပ်ခွင့်ကို ကန့်သတ်ချင်တာ၊ နေရာတကာ လက်နက်နဲ့ ဖြေရှင်းပစ်လိုက်ချင်တာ၊ အားကြီးတာနဲ့ အားနည်းသူကို အနိုင်ကျင့်တာ စတဲ့ ရန်လိုမှုတွေ အမုန်းတရားတွေ ၀ါဒတွင်တွင်ဖြန့်ပြီးတော့ အသိအားနည်းသူ မဲဆန္ဒရှင်တွေကို မဲဆွဲ စည်းရုံး လှုံဆော်ပါတယ်။ အဲသည်လို မဲဆန္ဒရှင်တွေ အားကောင်းတဲ့ မြို့နယ်တွေကို အားယူပြီးတော့ အမတ်တွေအဖြစ် အရွေးခံပြီး ၀ါရှင်တန်ကို သွားပြီး လူတွင်ကျယ် သွားလုပ်ကြပါတယ်။ ဆင်းရဲ မွဲတေ အလုပ်လက်မဲ့တွေကိုလည်း ဒါဟာ အစိုးရကြောင့်လို့ တွင်တွင် တရားဟောပါတယ်။ အရင်းရှင် ကုဋေကြွယ် သေဌေးကြီးတွေ၊ ကုမ္မဏီကြီးတွေ ချယ်လှယ်နေတာကို ပြစ်တင် ဝေဖန် ထောက်ပြခြင်း မလုပ်ပါ။ ဒီလို အစွန်းရောက် လက်ယာအင်အားစုတွေ လူဖြူအမျိုးသားစိတ်ကြီးတဲ့ အင်အားစုတွေကို တီးပါတီအဖွဲ့တွေလို့ သမုတ်ပါတယ်။ အဲဒါတွေကို ရီပတ်ဘလစ်ကန်က စည်းရုံးပြီးတော့ အာဏာကစားနည်းကို ကစားနေကြတာ ၈ နှစ် ရှိပြီပေါ့။

နောက်ဆုံး ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မီးကုန် ယမ်းကုန် ကြဲလိုက်ကြသည်မှာ ရီပတ်ဘလစ်ကန်ပါတီမှာ သူ့ဇာတ် သူမနိုင်တော့ဘဲ လက်ယာစွန်းတွေချည်း ဗိုလ်ကျ ကုန်လို့ အစက အချဉ်ကောင်လေးလို့ သူတို့ပါတီခေါင်းဆောင်တွေ အထင်သေးထားမိတဲ့ သေဌေးကြီး တီဗီသရုပ်ဆောင် ဒေါ်နယ်ထရန့်က အပြတ်အသတ်နဲ့ ပါတီသမ္မတလောင်း ဖြစ်သွားတယ်။ ပါတီရဲ့ မဲဆန္ဒရှင်အင်အားစုတွေထဲမှာလည်း ထရန့်မှ ထရန့်လို့ ဂူတလုံး ဘုရားတဆူ ကိုးကွယ်သူတွေ မျက်ကန်း မျိုးချစ်တွေက အသာရလာတယ်။ လူမည်းတွေကို ငွေဝယ်ကျွန်အဖြစ်က လွတ်မြောက်စေခဲ့တဲ့ သမိုင်းဝင် လင်ကွန်းပါတီလို့ သမိုင်းတွင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်ဟာ အခုတော့ ငိုမဲ့မဲ့ ဖြစ်နေရပါပြီ။

ထရန့်ဟာ သူမနိုင်တာနဲ့ မည်းမည်းမြင် (အဲလေ မည်းမည်း ဖြူဖြူ ဘာမြင်မြင်ပါ) မဲတော့တာပါ။ သူ့ပါတီတွင်းက ဆင်ခြင်တုံတရားရှိတဲ့ အလယ်အလတ်ကျတဲ့ ခေါင်းဆောင်တွေ၊ အမတ်တွေကို ပြစ်တင် စိန်ခေါ်နေပါတယ်။ ရွေးကောက်ပွဲ ရှုးံရင် သူများတွေ ကလိမ်ကကျစ် ကျလို့ ဖြစ်တာဆိုပြီး အုံကြွ ဆူပူဖို့အထိပါ လမ်းကြောင်းတွေ လှုံဆော်ပြန်ပါတယ်။ အခုဆိုရင် တသက်လုံး နိုင်ငံရေးလုပ်လာတဲ့ ရီပတ်ဘလစ်ကန် ပါတီ ခေါင်းဆောင်တချို့၊ ပါတီအမတ်တချို့ဟာ သူတို့လူကို သူတို့ ပြန်ပြီး ကန့်ကွက်ကြောင်း မထောက်ခံကြောင်း ထုတ်ပြန်ပြီး ပါတီတွင်း တန်ပြန်မှုတွေ လုပ်နေရပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ အပြစ်တင်ချင်စရာက ဆိုရှယ်မီဒီယာပါ။ ကိုယ့်ကိုယ်ကို ဆင်ခြင်တုံ့တရား မရှိကြတဲ့ ဆိုရှယ်မီဒီယာပေါ်က အကောင့်သမားတွေဟာ ခုနင်က အစွန်းရောက် ၀ါဒဖြန့်တာ၊ ကိုယ့်ကိုယ့်ကို အလွန်အကျွံ ချီးမွန်းခန်းဖွင့်တာ၊ သူများကို မတရား ပုတ်ခတ်တာတွေ ရှေ့တန်းတင်ပြီး ဖြန့်ကြ၊ လှုပ်ကြပါတယ်။ အဲဒါတွေဟာ အမှန်တရားတွေလိုလိုမျိုး မာလတီမီဒီယာကြီးတွေကလည်း ဟစ်ကောင်းအောင်၊ စောင်ရေတက်အောာင်၊ ကြော်ငြာအရောင်းတက်အောင် ထပ်ဆင့်ပွား မီးထိုးကြပါတယ်။

"ထရန့်တယောက် မက္ကဆီကန်တွေကို ပင်လယ်ထဲ ကန်ချပစ်မယ်ဆိုတာ အဟုတ်ပဲလား ဟင် ..." ဆိုပြီး ဆွေးနွေးခန်းတွေ လုပ်တာမျိုး၊ "ဟီလာရီဟာ အလှုခံထားတဲ့ ငွေတွေ ဘုန်းပြီး ဈေးဝယ်ထွက်နေတယ် ကြားလို့ ဆို ဘယ်လိုသဘောရပါသလဲ" ဆိုတာမျိုးတွေ မလိမ့်တပတ် သတင်းလိုလို အတည်လိုလို လွှင့်ကြ ထုတ်ကြပါတယ်။ ဒါနဲ့တင် အမေရိကန်နိုင်ငံရေး အခင်းအကျင်းလည်း ငါးပါးမှောက်တော့တာပါပဲ။ ဥပမာ - ရုရှားက စပွန်ဆာလုပ်ပြီး အမေရိကန်နိုင်ငံရေးပါတီ အစိုးရ အချက်အလက်တွေ ခိုးယူ ဖောက်ထွင်း ထုတ်ပြန်တာတွေကို (ပြည်ပနိုင်ငံတွေရဲ့ ပယောဂ သပ်ရှိုမှုတွေလို့ ) သုံးသပ်ထောက်ပြရမယ့်အစား အဲသည်အချက်တွေကြောင့်ပဲ နိုင်ငံရေးသမားတွေ ပါတီတွေ အစိုးရတွေအားလုံး အကုန် ဖြုတ်ထုတ်သတ် လုပ်ရတော့ မလိုလို ဇာတ်ခင်းကြပါတယ်။

သို့သော် ... အင်း ဒီသို့သော်က အရေးကြီးပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် တလကျော် အလိုမှာ မီဒီယာကြီးတွေ ခေါင်းဆောင်တွေက အချိန်မီ ဘရိတ်အုတ်ကြပေလို့ပေါ့။ ဒေါ်နယ်ထရန့် ခင်းတဲ့ ဟင်္သာ ကိုးသောင်းဇာတ်နောက် ဆက်မလိုက်ကြတော့ပဲ မိမိတို့ကိုယ် မိမိတို့ တာဝန်ယူသော အတည်အခန့် အလေးအနက်သော စကားများကို လူပြိန်းများနောက် မလိုက်တော့ဘဲ ထုတ်ဖော် ပြောဆိုလာကြလို့ ဖြစ်ပါတယ်။ နယူးယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်၊ ယူအက်စ်အေ တူဒေး စတဲ့ သတင်းစာကြီးတွေက ဒေါ်နယ်ထရန့်ကိုတော့ဖြင့် မထောက်ခံနိုင်ပါ၊ ထောက်ခံချင်း ထောက်ခံ ဒီမိုကရက်ပါတီက ဟီလာရီကိုပဲ ထောက်ခံပါတယ်လို့ ရပ်တည်ချက်တွေ ထုတ်ပြန် ကြေငြာကြတာပါ။ သတင်းစာတွေက ပြောလာကြသလို မီဒီယာသမားကြီးတွေ ဝေဖန်ရေးသမားတွေကလည်း အဲသလို ထုတ်ဖော်လာကြပါတယ်။ မဟုတ်တန်းတရားတွေကို အမှန်လိုလို ပုံဖျက်တာတွေကို ရပ်တန့်ကြဖို့ ဝေဖန်လာကြပါတယ်။ အဲသည်လို "ဟန့်" ဖို့ အိမ်ဦးခန်းမှာ လူကြီးသူမတွေ လိုတာ မဟုတ်ဘူးလား ခင်ဗျ။ အိမ်ရှေ့က ကွင်းပြင်မှာ ခွေး ၂ ကောင် ကိုက်ကိုက်၊ မိတ်လိုက်လိုက် လူကြီးတွေက ကလေးတွေနဲ့ အတူလိုက်ပြီး ဟီလာတိုက်နေတာထက် လိုအပ်တဲ့ အခါမှာ ဟန့်သင့်တာ ဟန့် ပြောသင့်တာ ပြော မကောင်းပေဘူးလား ခင်ဗျာ။ မီဒီယာကြီးတွေကလည်း ဘက်မလိုက်ဘူးဆိုသော်လည်း အမှားတွေ အမှန်လုပ် လံကြုပ်လုပ်တာကိုလည်း မဟုတ်တာ မဟုတ် ဟုတ်တာ ဟုတ်တဲ့အကြောင်းတော့ ထောက်ပြရမယ် မဟုတ်ပါလား။

ပြောချင်တာကတော့ နိုင်ငံရေးကစားကြတယ်ဆိုရမယ် အာဏာရရေး ရွေးကောက်ပွဲ အနိုင်ရရေး သက်သက် ငွေနဲ့ ပေါက်၊ အာဏာနဲ့ ပေါက်၊ လက်နက်တွေနဲ့ ပေါက်တာအပြင် အတင်းအဖျင်းတွေ အမှားအယွင်း လုပ်ကြံဇာတ်ခင်းတာတွေနဲ့ ပေါက်ပြီး လူထုကို အပင်းသွင်း နိုင်ငံရေးကစားကြတယ်ဆိုတာဟာ မဖြစ်သင့် မဖြစ်ထိုက်၊ တားမြစ်သင့် တားမြစ်ထိုက်တယ် ဆိုတာပါ။ ဂျာမဏီ နာဇီပါတီနဲ့ ဟစ်တလာတို့ဟာ သည်လိုနည်းတွေနဲ့ အပင်းသွင်းပြီး ပေါ်လာခဲ့တာပါ၊ အမျိုးသားရေး အစွန်းရောက် ရှေ့တန်းတင်မှု၊ ကိုယ်ကျိုးစီးပွား အဓိက တကိုယ်ကောင်းဆန်မှုတွေနဲ့ နောက်ဆုံးမှာ နယ်ချဲ့ကြီး၊ လူမျိုးတုံး သတ်ဖြတ်သူကြီးအဖြစ် တားမနိုင် ဆီးမရတော့မှ ကျန်တဲ့ နိုင်ငံတွေက အရပ်ကူပါ လူဝိုင်းပါနဲ့ အပ်နဲ့ မထွင်းခဲ့တာကြောင့် ပုဆိန်နဲ့ ပေါက် ဖြေရှင်းရတော့ ဒုတိယကမ္ဘာစစ်ကြီးဆိုတာ ကမ္ဘာကြီးအတွက် သေရာပါ အမာရွတ် အကြီးကြီးပါ။ အာရပ် အစ္စရေးတို့ရဲ့ ကျောင်းတော်က ရန်စရဲ့ အစတွေပါ။ တမြန်နေ့က ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကော်မရှင်နာကိုယ်တိုင်ကလည်း ပြောလိုက်ပါပြီ။ အမေရိကန်က ဒေါ်နယ်ထရန့်ဟာ အစွန်းရောက်မှုကို အားပေးနေတာကြောင့် ကန့်ကွက်ပါကြောင်း ထုတ်ဖော် ဝေဖန်လိုက်ကြောင်းပါ ခင်ဗျ။

အမေရိကန်က ရီပတ်ဘလစ်ကန်ပါတီကြီးနဲ့ ခေါင်းဆောင်တွေဟာလည်း သင်ခန်းစာ ယူတတ်ကြမယ်ဆိုရင်ဖြင့် အချိန်မီသေးတယ်လို့ ဆိုလိုက်ချင်ပါတယ်။ မြန်မာပြည် ကြံ့ဖွတ်ပါတီကြီးနဲ့ ခေါင်းဆောင်တွေကကော ဘယ်လိုများ နေပါလိမ့်လို့ သိချင်နေမိကြောင်းပါ ခင်ဗျား။ ။


Photo Credit - http://www.politico.com/magazine/