ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်အောင်အေး ● ဆံပင်တရမ်းရမ်းနဲ့ လှသန်း


ခင်အောင်အေး ● ဆံပင်တရမ်းရမ်းနဲ့ လှသန်း
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂ဝ၁၆

 
(လှသန်းရဲ့နောက်ဆုံးကာလ အချိန်တခုမှာ သူနဲ့အတူနေဖြစ်ခဲ့တဲ့ ရက်တွေအတွင်း ကိုယ်တိုင်ရိုက်ဖြစ်ခဲ့တဲ့ပုံ)
ဓာတ်ပုံ - ခင်အောင်အေး


ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (၁၉၆၃-၂ဝ၁၁)
(အောက်တိုဘာ ၂၂ ကွယ်လွန်ခြင်း ၅နှစ်ပြည့် အမှတ်တရ စာစု)

■ ဆံပင်တရမ်းရမ်းနဲ့ လှသန်း (၁)
(June 27, 2016)

ဆံပင်တရမ်းရမ်းနဲ့ လှသန်းပေါ့လေ။  “အရမ်းလှသန်း” လို့လည်း အမည်တွင်ပေရဲ့။  “အရမ်းလှသန်း” ကို သူ့ ဘာသာ သူ ဘာသာပြန်ဆိုတော့ “လက်မရွံ့လှသန်း” ဆိုပဲ။  ကိုယ်ရေးပေးခဲ့ဖူးတဲ့ (သူ့ကိုရည်ညွှန်းတဲ့) ကဗျာ "လှသန်းအတွက် သာမာန် ရိုးရိုးကဗျာတပုဒ်" ကို ခပ်တည်တည်နဲ့ (ဂုဏ်ပြုကဗျာ) ဆိုပြီး သူ့ “လက်မရွံ့ကဗျာ” စာအုပ်မှာ ထည့်တယ်လေ။  တကယ်က သူ့ကို အဆဲလေးနဲ့ ထိတို့ထားတဲ့ ကဗျာပါ။

လှသန်းကို လူကိုယ်တိုင်ထက် အရင်ကဗျာကို တွေ့ပါတယ်။  ရွှေလမင်းမှာ ကိုအောင်ချိမ့်ထိုင်တဲ့ ကာလတခုတုန်းက ကိုယ့် ကို သူ့ရဲ့ကဗျာ "ဖေဖော်ဝါရီ" ကဗျာလေး ပေးတော့ Book Mark လို လက်နှစ်လုံး သာသာ စာရွက်ရှည်မျောမျောပေါ်မှာ တော်တော်လှပသေသပ်တဲ့ လက်ရေးနဲ့ ရေးထားတာလေးရပါတယ်။

“ဘယ်သူ့လက်ရေးလဲ…”  မေးတော့ “လှသန်း…” တဲ့။

လှသန်းဆိုတာ ဘယ်သူလဲ ဘာလဲ မမေးဖြစ်ဘဲ သိပ်မကြာခင်မှာ အကြောင်းတိုက်ဆိုင်မှုတခုနဲ့ လှသန်းရဲ့ ပုံနှိပ်ထား တဲ့ ကဗျာ "အသည်းကွဲပြီးနောက် သတင်းစကား" ကို ဖတ်ရပါတယ်။  မဆိုင်းမတွပဲ ရွှေလမင်း ညနေခင်းကို ပြေးပါတယ်။ ကို အောင်ချိမ့်ကို “ဒီလှသန်း မဟုတ်လား” လို့ အတည်ပြုချက်ရယူပါတယ်။  ကိုယ် အမှတ်မမှားဘူးဆိုရင် အဲ့ဒီအချိန်က လှ သန်း ထောင်ကျနေချိန်ပါ။

ဒီလိုနဲ့ တော်တော်နဲ့ လှသန်းနဲ့ မဆုံဖြစ်ပါဘူး။  ကိုအောင်ချိမ့် ဝိုင်းတော်သားများနဲ့လည်း သိပ်မလုံးထွေးဖြစ်ပါဘူး။  ၉ဝ ဝန်း ကျင်တဝိုက် ထင်ပါတယ်။ ကိုယ်က ကိုအောင်ချိမ့်နဲ့တွေ့ချင်ရင် သူတို့ ဝိုင်းသိမ်းချိန် ငါးခွဲ ခြောက်လောက်ကို ရွှေလမင်းဆိုင် ရှေ့သွား ကိုအောင်ချိမ့်ကို မျက်ရိပ်ပြပြီး ပြည်သူ့မုန့်တိုက် (ယခု ရှန်ဂရီလာ) နားက စောင့်ပါတယ်။

သူက သူ့လူတွေနဲ့ လမ်းခွဲခဲ့ပြီး ကိုယ်နဲ့လမ်းလျှောက်ကြပါတယ်။  သမ္မတခုံးကျော် အောင်ဆန်းကွင်းကိုပတ်ပြီး ပန်းကန်လုံး ကျွန်း၊ အဲ့ဒီကနေ လုပ်သားဆေးရုံရှေ့ဖြတ်၊ တခါတလေ အဲ့နားက ခပ်ချာချာ လက်ဖက်ရည်ဆိုင်လေးမှာ တထောက်နား ပါတယ်။  ပြီးရင် တာမွေဈေးအထိ ဆက်လျှောက်ကြပြီး တာမွေဈေးရှေ့ကနေ တီအီး အလဲဗင်း ကားကြီးနဲ့ သူ့အိမ်ဂေဟာရှိရာ မြောက်ဒဂုံ ကိုပြန်လေ့ရှိပါတယ်။

လှသန်းအကြောင်း ပြောဖို့ ရေခံမြေက အဲဒီနေရာ အဲဒီကာလက စတာမို့ နည်းနည်းခင်းကျင်းရတာပါ။ ၁၉၉ဝ တဝိုက်အထိ မုတ်သုံ၊ မြင့်စန်းတို့နဲ့ မျက်မှန်းတန်းမိပေမယ့် ခင်ခင်မင်မင် မဖြစ်ကြသေး ဘူး။  သိဒ္ဓတ္ထလှိုင်နဲ့ စကားဟဟ မပြောဖြစ်သေးဘူး။  ကိုအောင်ချိမ့် ဗဟိုပြုနေတဲ့ကာလတွေပေါ့။  ကိုချောနဲ့ကတော့ ၁၉၈ဝ များကနေ ၁၉၉ဝ အစပိုင်းအထိ တတွဲတွဲပါ။  နောင် သူ့မှာ လူငယ်အသိုင်းအဝိုင်းက အကြီးကြီးဖြစ်လာတော့ သိပ်မဆုံဖြစ်တော့ဘူး။

ဒီလိုနဲ့ ၁၉၉၄-၉၅ လောက်မှာ ပင်လယ် မဂ္ဂဇင်းအတွက် ကဗျာကိုင် ပေးရဖို့ဖြစ်လာ။  အဲဒီမှာ လှသန်းကို တကိုယ်တော်လုပ်ဖို့ စီစဉ် ဖြစ်တယ်။  လှသန်းက မဂ္ဂဇင်းတွေမှာ သိပ်မပါသေးဘူး။  ကိုယ်ကတော့ တကိုယ်တော် ကစ်ပစ်လိုက်ချင်ပြီ။  “အသည်း ကွဲပြီးနောက် သတင်းစကား” နဲ့တင် ကြိုက်နေပြီ။  ဆုံးဖြတ်ဖို့ လုံလောက်နေပြီ။

ဒါနဲ့ မောင်စစ်တင် ကို သံတမန် လွှတ်ရတယ်။  ကိုယ်က တွေ့ချင်တယ်ပေါ့။  လှသန်းနဲ့ ချိန်းဖို့။  ဒါနဲ့ ကိုစစ်တင်ကတဆင့် ဒိတ်လာပြီး ပုဇွန်တောင်က ကိုယ်တို့ ထိုင်နေကျ အရက်ဆိုင်ကို ချိန်းလိုက်ပါတယ်။  မနက်ခင်း ၁ဝ နာရီ လောက်က စ သောက်တာ အသောက်ကော စကားကော ဘယ်လိုမှ တယောက်ကိုတယောက် ဟဲ့ မရ ဟန့်မရနဲ့။  ၁ နာရီ ထိုးတော့ တော် တော့ကို မှန်နေကြပြီ။  အောင်ချိမ့်ဆီသွားမယ် ဖြစ်ရော။   နှစ်ယောက်စလုံး တလေသံတည်း ထွက်တာ။  ဒါနဲ့ ကိုယ့်စူပါကပ် ဇီးရောင်လေးနဲ့ မြောက်ဒဂုံ ကို ချီတက်ကြပါလေရော… ။

■ ဆံပင်တရမ်းရမ်းနဲ့ လှသန်း (၂)
(June 27, 2016)

ကိုအောင်ချိမ့်အိမ်ကို ဒုတ်ဒုတ်ထိ ရောက်သွားတော့ သူလည်း အံ့အားသင့် ဒါပေမယ့် ပျော်ရွှင်လို့၊ ကိုယ်နဲ့ လှသန်းက သူ့ ကဗျာတွေ အပြိုင်အဆိုင် လက်တမ်း ရွတ်ပြကြ (လုတောင်ရွတ်တာ) ဘာတွေ ပြောမိမှန်းတော့ နှစ်တွေကြာခဲ့ပြီမို့ မမှတ်မိ တော့ပါဘူး။  အရမ်းကို ပျော်နေတာတော့ သေချာတယ်။  ကိုအောင်ချိမ့်အိမ်က အပြန် လမ်းခွဲဖို့ နှုတ်ဆက်လိုက် တဆိုင် ဝင်လိုက်၊ နောက်တကြိမ် ထပ်နှုတ်ဆက်လိုက် တဆိုင်ဝင်လိုက်နဲ့ ညနေ ငါးနာရီသာသာမှာ သာကေတ ရှုခင်းသာက သူ့အိမ် ကို ရောက်နေကြပြီ။  ခဏထိုင်ပြီး လမ်းထိပ် ပြန်လိုက်ပို့မယ်ဆို ပြီး သူ့အိမ်နားက အမြည်းဆိုင်ကနေ ဘီအီးတပိုင်း ဆွဲလာ ပြီး မြစ်ကမ်းနားဘေး ဆက်ထိုင်ကြသေးတယ်။  မိုးစုံးစုံးချုပ်မှ ဘယ်က ဘယ်လို လမ်းခွဲဖြစ်ကြတယ်မသိ။  နောက်နေ့မနက်ကျ ခေါင်းတွေကိုက် အရက်နာတွေကျပြီး နောက်ဆုံးအပိုင်းကို ဘယ်လိုမှ ပြန်စဉ်းစားလို့မရတော့ဘူး။

ဒီအကြောင်း ကဗျာရှည်တပုဒ် ရေးဖူးသေးတယ်။ ဘဝမှာ လူတယောက်ယောက်ကို ရည်ညွှန်းပေး ရေးတဲ့ ကဗျာမျိုး အ တော်နည်းခဲ့ပါတယ်။  အလွန် ချစ်ခင်လေးစားတဲ့ ကိုအောင်ချိမ့်ကိုသော်မှ ရည်ညွှန်းပြီး ကဗျာမရေးဖူးခဲ့ဘူး။ လှသန်းကို ကဗျာ ၄ ပုဒ် (သူ့ကို တိုက်ရိုက် ရည်ညွှန်းပြီး) ရေးခဲ့ဖူးတယ်။  ဒါဟာ သူနဲ့ကိုယ်နဲ့ နှစ်ယောက်ကြား က နက်ရှိုင်းမှုပဲ။

ဒီလိုနဲ့ နောက်နေ့ ၃၄ လမ်း လက်ဖက်ရည်ဆိုင်မှာ ပြန်ဆုံကြ။  သူ့ကဗျာတွေ ကိုယ့်ကို ပေးဖတ်။  ကိုယ်က စိမ်ပြေနပြေ ဖတ် ပြီးတော့ တကိုယ်တော် ကဗျာကဏ္ဍမှာ သုံးဖို့ ကဗျာတချို့ရွေးတယ်။  သူနဲ့ကိုယ်နဲ့လည်း ရက်ပိုင်း လပိုင်းအတွင်းမှာ စိတ် ချင်း အရမ်းနီးစပ်သွားခဲ့ကြတယ်။  နှစ်ပေါင်းများစွာကတည်းက သိနှင့် ခင်မင်ကျွမ်းဝင်နှင့်ခဲ့ကြသလို တသားတည်း ဖြစ်ခဲ့ တယ်။

သိပ်မကြာခင်မှာပဲ သူလည်း ဘဝစေရာ တာဝန်တခုအဖြစ် မလေးရှားမှာ အလုပ်လုပ်ဖို့ ထွက်သွားလေရဲ့။  သူ့တကိုယ်တော် ကဗျာများ ဖော်ပြမယ့် ပင်လယ်မဂ္ဂဇင်း အမှတ် (၄) လည်း အားလုံးပြင်ဆင်ပြီးကာမှ မထွက်နိုင်ပဲ နှစ်ပေါက်အောင်ကြာ သွား တယ်။  နောက်ဆုံး လုံးဝရပ်သွားတယ်ဆိုပါတော့။

မလေးရှားကနေ သူ့ကဗျာတွေ ရုပ်ရှင်တေးကဗျာ ဘာညာမှာ ပါလာပြီး ကဗျာဆုတွေ ဘာတွေရ။  လှသန်း အကြီးကြီးဖြစ်လာ။

နောက်ထပ် နှစ်အချို့လွန်ခဲ့ပြီးတော့ လှသန်းတယောက် ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ ကျန်းမာရေးလည်း နည်းနည်း ချို့ယွင်းစ ပြုပြီ။ မုတ်သုံက မြောက်ဒဂုံက ကျော်ဘ (လူဆန်ုး) ရဲ့ နှစ်ထပ်လုံးချင်းအိမ်ကို ငှားနေတော့ ပန်းချီဆရာ ကဗျာ ဆရာတွေရဲ့ ပျော်ပွဲစားကျင်းပရာ၊ ခေတ္တကွန်းခိုရာ၊ တနေ့တာ တထောက်နားရာ သာလာယံ ဇရပ်ကြီးဖြစ်လာခဲ့ပေါ့။ ဖြစ် ချင်တော့ လှသန်းတို့ကလည်း အဲဒီနဲ့မလှမ်းမကမ်း ၅ မိနစ်လောက်ထွက်လိုက်တာနဲ့ ရောက်တဲ့အရပ်မှာဆိုတော့ ပြီးပါလေ ရောပဲ။  တခါခါ လူအရမ်းများရင် လှသန်းနဲ့ ကိုယ်နဲ့ နှစ်ယောက် အသာလေးလစ်ပြီး လှသန်းအခန်းမှာ သွားပြီး လေပစ်ကြ တယ်။ သူ့ ခေါင်းရင်းမှာ ကိုခင်ဝမ်း ပန်းချီကားကြီးက ထီးထီးကြီးမင်းမူလို့။

ဒီလိုနဲ့ ကိုယ်လည်း မိသားစုဘဝအတွက် ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်ရင်း အားလုံးနဲ့အဆက်ပြတ်နေချိန် လှသန်းတ ယောက် သင်္ဃန်းကျွန်းစံပြ ဆေးရုံပေါ် ရောက်နေကြောင်း သတင်းကြားရတော့တယ်။ ကိုယ်လည်း သွားမယ် သွားမယ်နဲ့ အလုပ်က ပိနေတော့ မရောက်ဘူး ဖြစ်နေရာက တရက်တော့ မနက် ၅ နာရီ လေဆိပ်မှာ ပစ္စည်းတက်ပို့ပြီး အပြန် အိမ်ပြန်ရင် လည်း မထူးတာမို့ ချောင်းဝ ကျောင်းနားက ကုမ္ပဏီရုံးခန်းကိုပဲ တန်းသွားလိုက်တယ်။  ၆ နာရီခွဲ သာသာပဲ ရှိသေးတာမို့ ရုံးမှာ ရုံးစောင့်နဲ့ ကိုယ်နဲ့ နှစ်ယောက်တည်းပေါ့။

အဲဒီမှာ လှသန်းကို ရုတ်တရက် သတိရပြီး ဒိန်းခနဲဖြစ်သွားတယ်။  သူ့သတင်းကို အောင်ဘညိုဆီက နောက်ဆုံးရတာ ၂ ရက် လောက်ရှိသွားပြီ။

“အခြေအနေမကောင်းဘူးအကို၊ သိပ်မျော်လင့်ချက်မရှိဘူး၊ သွားဖြစ်အောင်သွားလိုက်ပါ..” လို့ သူပြောခဲ့တယ်။

ခုလောက်ရှိ ကိစ္စများ ပြီးသွားပြီလားလို့ စိတ်ထင့်မိပြီး စာရွက်လွတ်တရွက်ပေါ်မှာ ကဗျာတပုဒ်အဖြစ် သွန်ချမိတယ်။  အဲဒီ စာသား တွေက "လှသန်းအတွက် သာမာန်ရိုးရိုးကဗျာတပုဒ်" ဆိုတဲ့ ကဗျာရှည်တပုဒ် အဖြစ်ထွက်ပေါ်လာတော့တာပဲ။

လှသန်းအတွက် သာမန် ကဗျာ ရိုးရိုးတပုဒ်

သူလာတယ်
မိုက်ကြွေးတင်အထပ်ထပ်တင်ဖို့
မှန်ဘီလူးလိုလောကကိုဇောက်ထိုးကြည့်ပြီး
ပုံရိပ်အတည့်ပြန်ဖော်ဖို့
နေ့ကိုညလုပ်ပြီး ညကိုနေ့လုပ်ဖို့
ပင်လယ်လောက်ဒုက္ခကြီးတွေကိုထမ်းပိုးဖို့

သူလာတယ်
ခါချဉ်ကောင်လိုမသန်တဲ့ခါးနဲ့
ပီဆာမျှော်စင်ကြီးစောင်းနေတာပြန်တည့်ဖို့
တံထွေးတပျစ်ပျစ်ထွေးလိုက်
နတ်စကားပြောလိုက်လုပ်ဖို့
ကိုယ့်ရုပ်မှကိုယ်အားမနာ
ရေသူမတွေနဲ့ရည်းစားထားဖို့

သူလာတယ်
စုန်းလိုတောက်တဲ့မျက်လုံးနဲ့
အချိုးမတည့်တာတွေစုပ်ယူပြီး
သူ့ကိုယ်ပိုင်မာကျောစတိုင်လ်နဲ့ရောမွှေကာ
လူတာရဲ့မျက်မုန်းကျိုးမှုကိုခံယူဖို့

သူလာတယ်
မြစ်ရဲ့အောက်ခြေမှာ
တီကောင်မပါတဲ့ငါးမျှားချိတ်နဲ့
ရွှေဒင်္ဂါးပြားတွေကိုမျှားဖို့
အသက်မပါခြောက်ကပ်ကပ်ရယ်သံနဲ့
ကလင်တန်ကိုဟားဖို့

သူလာတယ်
“ကဗျာတွေရှင်ချင်ရင်
ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…” လို့
ကဗျာဆရာဆိုတဲ့လူတွေကိုတပ်လှန့်ဖို့
နိုဘယ်ဆုရတယ်လို့
အိပ်မက်လိုလို တကယ်လိုလို
ပါးစပ်အရသာခံဖို့

မအေပေး
ကဗျာတော့ တော်တော်အရေးကောင်းတဲ့ကောင်။ ။

ခင်အောင်အေး
၂၆-၁၁-၉၉

အဲဒါလေး ရေးဖြစ်ပြီးတော့ ကတုန်ကရင်နဲ့ ကိုပြည့်ဆီ ဖုန်းဆက် ပြီးမေးရတယ်။  သတင်းဆိုးများ တန်းကြားရမလားလို့ ထူ ထူပူပူ ဖြစ်နေရာက “သက်သာနေပြီ ဟေ့ကောင်၊ ဆေးရုံမှာပဲ မင်းသွားလိုက်” ဆိုတာနဲ့ နောက်နေ့မှာ ရုံးကိစ္စ Outdoor နဲ့ ရောပြီး ဆေးရုံကို လိုက်သွားခဲ့တယ်။  သူကို အဲဒီကဗျာလေး လက်ထိ လက်ရောက် ပေးခဲ့တယ်။  လူနာကုတင်ပေါ်မှာ သူ့ ခေါနေတဲ့ သွားကြီးတွေပေါ်အောင် ပြုံးပြီး ဖတ်နေတာ ဒီနေ့ထိ မြင်ယောင်ဆဲပဲ။

(နောင် လက်မရွံ့ကဗျာ ဖယောင်းစာအုပ်ထုတ်တော့ အဲဒီကဗျာကို ဂုဏ်ပြုကဗျာဆိုပြီး ဒင်းက ထည့်ခဲ့တာ..)

■ ဆံပင်တရမ်းရမ်းနဲ့ လှသန်း (၃)
(June 27, 2016)

ဒီလိုနဲ့ လှသန်းလည်း ကျန်းမာရေး အတန်အသင့်ကောင်းမွန်ပြီး ပြန်ဆင်းလာ၊ ကိုယ်နဲ့သူနဲ့ ကဗျာဆရာအများစု ထိုင်တဲ့ ဆိုင်တွေကို ပတ်ရှောင်ပြီး ဘားလမ်းထိပ်တို့ ၃၅ လမ်း ဗွီဒီယိုသမားတွေ ထိုင်တဲ့ဆိုင်တို့ဖက်မှာ တပတ် တခါလောက် ချိန်းပြီး ထိုင်ကြတယ်။  ကိုယ်ကတော့ ကဗျာရေး အရမ်းကျဲနေပြီမို့ ပြစရာကဗျာမရှိဘူး။  များသောအားဖြင့်လည်း သူနဲ့ကိုယ်နဲ့က ကဗျာအကြောင်းရယ်လို့ ဆွေးနွေးခဲတယ်။  သူ့အကြိုက် ကိုယ့်အကြိုက် ကဗျာတွေကို ပြန်ညွှန်းတာ၊ ကိုယ်နဲ့သူနဲ့ ကပ်လွဲ သွားခဲ့တဲ့ အဖြစ်အပျက်တွေ ပြန်ပြောကြတာ၊ အချိုးမတည့်တဲ့ ကဗျာဆရာတွေ အကြောင်း စောက်တင်းချပြီး ဟား ကြတာများပါတယ်။ တခါတလေ သူလည်း ငေး ကိုယ်လည်းငိုင်နဲ့ ဘာစကားမှ ဟုတ္တိပတ္တိမပြောဖြစ်ဘဲ ဆိုင်ကထ ခဲ့ကြတာ လည်း ရှိတာပေါ့။

အထူးမှတ်မိနေတဲ့အချိန်တွေကတော့ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ် ကိုယ့်သမီး အမေရိကားကို Job Trainning နဲ့ ရောက်သွား ချိန် အင်တာနက်တို့ ကွန်ပြူတာတို့ဆိုတာ အင်မတန် ရှားပါးသေးတဲ့ အချိန်။  သမီး အီးမေးလ် အကောင့်လေးတခု ဖွင့်ပေး ပြီးတော့ ဖုန်းထဲကနေ နှုတ်နဲ့ပြောတာကို လိုက်မှတ်ထားတဲ့ စာရွက်ကလေး ကိုင်ပြီး ဘားလမ်း (ဗိုလ်ချုပ်လမ်းဘက်ထိပ်နား၊ ဘုရင့်ရုံနဲ့မျက်နှာချင်းဆိုင်လောက်) က ဆိုင်မှာ အီးမေးလ် လာစစ်တော့ သူလည်းပါတယ်။  အီလက်ထရွန်းနစ် စနစ်သုံးပြီး ကမ္ဘာကြီးနဲ့ဆက်သွယ်ချက် တခုကို အတူတူ ရင်တခုန်ခုန်နဲ့ ဖြတ်သန်းကြပုံများပေါ့။  အင်တာနက်က မရတာလား၊ အဲ့ဆိုင် က ကွန်ပြူတာက တခုခု ဖြစ်နေတာလား၊ စက်သုံးတဲ့ ကောင်လေးက မကျွမ်းကျင်တာလား၊ မမှတ်မိတော့ပါ ဘူး။  သမီးရဲ့ ပထမဆုံးပို့လိုက်တဲ့ အီးမေးလ်လေးကို သူ ပို့လိုက်ပြီးလို့ ၄ ရက်မြောက်တဲ့နေ့ကျမှ ရတယ်။ စာလုံးဖောင့်ကလည်း ခုလို မစုံလင်သေး၊  ဗမာဖောင့်ဆိုတာ ဝေလာဝေး။  (ခုခေတ် မေးလ် ၁ စောင် ရိုက်၊ Send ကို Click လိုက်တာနဲ့ ရွှပ်ခနဲ အီးလ် မေးက ထွက်သွား၊ စက္ကန့် ပိုင်း သို့မဟုတ် အလွန်ဆုံး ၁ မိနစ်အတွင်း ကိုယ့်စက်ပေါ်မှာ စာက ကျွိကနဲ ဝင်လာတာနဲ့ နှိုင်း ယှဉ်ကြည့်ပါ)

လှသန်းလည်း အဲဒီတုန်းက သူ့ကိစ္စနီးပါးလောက် ကိုယ်နဲ့ တူတူတက်ကြွပြီး နောက်နေ့ စာပြန်တော့ အင်္ဂလိပ်စာကို မနည်း ချွေးပြန်အောင်ရေးလာတာကို တူတူဖတ်၊ သူ့ပါးစပ်ကြီးတလုံးနဲ့ ဟုတ်တာရော မဟုတ်တာရော ခပ်တည်တည်နဲ့ အပိုင်ပြော၊ ငြင်းခုန်။  စာရွက်ပေါ်မှာ ပရု (ဖ်) ပြင်ကြပြီး ခုနက ဆိုင်က ကလေးကိုပဲ စာရိုက်ခိုင်းပြီး စာပြန်ရတာတွေ တကယ့်ကို အမှတ် တရပါပဲ။

သူနဲ့ကိုယ် ၂ ယောက် တတွဲတွဲနေခဲ့ချိန်ကို ဘယ်သူမှ သိပ်မသိလိုက်ပါဘူး။  သူနဲ့တင်မက ကိုယ်ဟာ ကဗျာလောက၊ စာ လောကက ကိုယ်အရသာရှိတဲ့ လူကြီး လူငယ်တွေနဲ့ အဲ့လိုပဲ တယောက်ချင်းရွေးပေါင်း ရွေးပြီး ဆိုင်ထိုင်တဲ့ အကျင့် ရှိခဲ့ပါရဲ့။  ဟိုးတုန်းက တရုန်းရုန်းနဲ့ တွေ့သမျှလူ အကုန် အရက်ဆိုင် ခေါ် တူတူထိုင် ပြသနာတွေဖြစ်ကြ။ ရန်ဖြစ် ထိုးကြိတ် ကာလများ ကို ငြီးငွေ့သွားလို့ပါပဲ။  ၁၉၈ဝ နဲ့ ၁၉၉ဝ အတွင်း ကာလတွေတုန်းက အနေအထိုင်မျိုးကို မကြိုက်တော့တာ အဓိကပေါ့လေ။

ခုနက ပြောခဲ့တဲ့ လူဆန်းပိုင် မုတ်သုံ ငှားနေတဲ့ သာလာယံ ဇရပ်ကြီးမှာ တအုန်းအုန်းနဲ့ စည်ကားနေတဲ့ ကာလရဲ့ တချို့ရက် တွေမှာတော့ လှသန်းကို မတွေ့ရပြန်ဘူး။  လှသန်း ပျောက်နေတယ်။  မောင်နိုး တခါခါလာတတ်တယ်။  ကိုယ်နဲ့အတူ အ များဆုံး ဆုံဖြစ်ကြ ဝိုင်းဖြစ်ကြသူတွေကတော့ အိမ်ခံ မုတ်သုံ၊ ပန်းချီမောင်ညိုဝင်း၊ မောင်ပြည့်မင်း၊ နေနွယ်၊ ပန်းချီမြင့်စိုး၊ ကိုသီတာ၊ ဗဌေးကြည်၊ ဧကစာချို၊ မင်းဟန်၊ လှသန်း၊ မောင်နိုးနဲ့ နောက်ရုတ်တရက် အမည်ဖော်မရတော့တဲ့ သူတချို့ တွေပေါ့။  အဲဒီအခန်းမှာပဲ နေ့ခင်းဖက် သွားခိုရင်းနဲ့ မိုးဆမ်းပန်း ဂျာနယ်ထဲက သုခမိန်လှိုင်ရဲ့ “ရတနာသိုက်” ကို အထပ် လိုက်ဖတ်ခဲ့ရတယ်။  အဲဒီ ဂျာနယ်ထဲပဲ ထင်တယ်၊ ဇေယျာလင်း ရဲ့ အလှပဆုံး စကားလုံး ကို ဖတ်ပြီး ကဗျာအတွေး၊ အမြင်၊ အသိ စ ပြီးပြောင်းလဲခဲ့ရတယ်။  အဲဒီအခန်းဟာ အိမ်ရှင် မုတ်သုံ လူပျိုကြီး ဘဝ က ကျွတ်လွတ်ခဲ့ရသလို (ည ၈နာရီတိတိဆို အားလုံး ဘရိတ် ဆွဲထားရတယ်၊ မုတ်သုံက သူ့ကောင်မလေးနဲ့ ဖုံး ပြောချိန်မို့လို့) လှသန်းတယောက်လည်း ဒီဖက်မှာ ခြေ လှမ်းတွေပျက်ပြီး ကြည့်မြင်တိုင်က မိချောရဲ့အိမ်ကို စက်ကျနေချိန်များပဲပေါ့။ အကြောင်းပြချက်ကတော့ အင်္ဂလိပ်စာ လေ့ လာနေတယ်ဆိုလား၊ ကိုဌေး (သြဂတ်စ်လင်း) နဲ့ စကားတွေ သွားပွားတာဆိုလား၊ မသေချာမရေရာလှပါဘူး။

အဲ မကြာပါဘူး၊ လှသန်းတယောက် မိချောနဲ့ ညားပြီလို့ သတင်း  ကြားရတော့တာပါပဲ။

■ ဆံပင်တရမ်းရမ်းနဲ့ လှသန်း (၄)
(June 28, 2016)

ဒီလိုနဲ့ လှသန်းလည်း ကြည့်မြင်တိုင်ဘက်ကို ရွေ့သွား၊ ကိုယ်လည်း ဗြောင်းသတ်နေအောင် အလုပ်များနေရာက နိုင်ငံခြားကို ထွက်ဖို့ အကြောင်းဖန်လာခဲ့တယ်။  ဒီ့မတိုင်ခင်တော့ သူ ဆံထုံးနောက်ကို ယောင်ပါသွားရာ ကြည့်မြင်တိုင် ပွဲစားလမ်းက အိမ်ကို နှစ်ခေါက်သုံးခေါက်လောက် ရောက်ခဲ့သေးသပေါ့။  စာသင်ခုံတွေကြားက ဖြတ်ပြီး နောက်ဖေးခန်းလေးထဲ စာအုပ်ပုံ ကြား မြုပ်နေတဲ့ လှသန်းနဲ့ ကမန်းကတန်း နှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင် ထွက်ခဲ့ကြမြဲပါပဲ။

ဒီနေရာမှာ တခု လှပတဲ့အကွက်ကလေးတခုရှိတာ ထည့်ပြောချင်တယ်။  လှသန်းလည်း ဂုဏ်တယူယူပေါ့လေ။  ကိုအောင် ချိမ့်ရဲ့ကဗျာ (မဟုတ်မှလွဲရော ဖေဖော်ဝါရီ ကဗျာမှာပဲ ထင်ရဲ့) ထဲမှာ စာသားတခု ပါတယ်။

အိမ်နံပါတ် သုံးဆယ့်ကိုး
ပွဲစားများ တွတ်ထိုးသံ
.....

ဆိုတာလေးပေါ့။

တိုက်တိုက်ဆိုင်ဆိုင် လှသန်းနဲ့မယ်ချော် (မိချောသူ့ဘာသာ ကျေကျေနပ်နပ်ပေးထားတဲ့နာမည်) အိမ်ထောင်ဦးကာလ နေကြတဲ့ ဂေဟာက ကြည့်မြင်တိုင် ပွဲစားလမ်း အိမ်နံပါတ် ၃၉ တဲ့လေ။ တိုက်ဆိုင်ပုံက လှပလွန်း ရင်ခုံဖွယ်ကောင်းလွန်းရဲ့။

လှသန်း အကြောင်းပြောရင်း သူ့ရဲ့ ထီမထင် အမူအကျင့်တွေ မျက်စိထဲ တဝဲလည်လည် တန်းစီပြီး ပေါ်လာတယ်။ ကံ ကောင်းချင်တော့ သူ အရက်သောက်တဲ့အချိန်တုန်းက ကိုယ်နဲ့  မတွဲမိသေးဘူး။  သူအရက်ပြန် သောက်တဲ့အချိန်ကျတော့လည်း ကိုယ်နဲ့သိပ်မတွဲဖြစ်တော့ဘူး။  ပြီးတော့  သူတို့ အုပ်လိုက်ကြီး သမ္မတကမ်းခြေ ထိုင်ကြတဲ့အချိန်ကျတော့ ကိုယ်က ပြည်ပ ကိုရောက်နေခဲ့ပြီ။  သတင်းတွေတော့  ကြားပါတယ်။  သမ္မတကမ်းခြေ ပြည်တွင်းစစ်မှာ ဟိန်းမြတ်ဇော် ခြေထောက်ကြီး ဟက်ပက်ကွဲသွားတာတို့၊ လူအိမ် ဘာဖြစ်သွားတယ်တို့။  ဘယ်သူက ဘယ်သူ့ကို ဓားနဲ့ လိုက်ရမ်းလို့တို့၊ ဟုတ်တာလည်း ပါမယ်၊ ချဲ့ကားတာလည်း ပါမယ်ပေါ့လေ။

သူ မရှိတော့မှ ကိုယ်တခေါက် သမ္မတကမ်းခြေမှာ သွားထိုင်သေးတယ်။ ဘယ်သူတွေလည်းတော့ မမှတ်မိတော့ပါဘူး။  မောင်နိုးပါတယ်။  အောင်ဘညို ခဏဝင်လာတယ်။

“ဟေ့ကောင် ကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘဲနဲ့” လို့ က ရုဏာ ဒေါသောနဲ့ ပြောရသေးတယ်။  “ဟုတ်ကဲ့.. တခွက်တည်းပါ အစ်ကို” လို့ ပြောရှာတယ်။

ခုတော့ အောင်ဘညိုလည်း  လှသန်းနောက်ကို လိုက်သွားခဲ့ပြီ။

နောင် ပြန်ပြောလို့ သိရတဲ့ သူ့ရဲ့ ကြည့်မြင်တိုင် နယ်မြေသိမ်း ဇာတ်လမ်းတွေကလည်း ပြောမဆုံးပေါင် တောသုံးထောင် ပေါ့လေ။  မှတ်မှတ်ရရ ကာရာအိုကေ ဆိုင်တွေပေါ်ကာစ၊ ကိုယ်ကတော့ အလုပ်သဘောအရကို မကင်းတာတကြောင်း ကိုယ်တိုင် ဝါသနာပါတာ တကြောင်းမို့ မကြာမကြာ ရောက်တတ်ပါရဲ့။

ဒါနဲ့တနေ့ အစ်ကိုကြီးနဲ့ လှသန်းကို ရောက်ဖူးတယ်ရှိအောင်လို့ ဗိုလ်တထောင်ဘုရားလမ်းက ဆိုင်တဆိုင်ကို ခေါ်သွား တယ်။  ဘီယာမှာသောက်ကြတယ်။  ကောင်မလေးခေါ်တဲ့ ဓလေ့တော့ သိပ်မထွန်းကားသေးဘူး။  အတူလာထိုင်ပြီး သီ ချင်းတွဲဆိုပေးတာမျိုးတော့ ရှိတယ်။ ခုခေတ်လို စိတ်သွားတိုင်းကိုယ်ပါလို့မရသေးဘူး။ အဲဒီတုန်းက လှသန်းကြည့်ရတာ အေးတိအေးစက်နဲ့၊ ပျော်ပုံမရဘူး။  အပြန်ကျတော့ ကားပေါ်မှာ "နောက်ကို ဒီလို ဆိုင်တွေသွားရင်မခေါ်စမ်းပါနဲ့ဗျာ၊ အာရုံ နောက်လို့" ဆိုပဲ၊ ငတက ကိုယ့်ကို ပြောပုံ ။

နောင် ကာရာအိုကေ ဆို သူချည်းပဲ လို့ (နောက်ပေါက်ကလေးတွေ ပြန်ပြောတာ) တဆင့်စကား ပြန်ကြားရတော့ ကိုယ့်မှာ ပြုံးမိသေးတယ်။ သူနဲ့တော့ တခါမှ ထပ်မသွားဖြစ်တော့ပါဘူး။

ဒီလိုနဲ့ကိုယ်က စင်္ကာပူကိုထွက်သွားပြီး ရေရှည်အခြေချဖို့ကျတော့ မလွယ်ကူတာမို့ ထိုင်းကို ပြန်ဆင်းလာ ဘန်ကောက်မြို့ တော်ကြီးမှာ သောင်တင်နေတုန်း တရက်ပေါ့လေ။  လပြည့်နေ့ အခါကြီးရက်ကြီး တရက်ပဲ ထင်ပါ့။ ကိုပြည့်ကို အရမ်း သတိရတာနဲ့ လှမ်းပြီး Overseas ခေါ်မိတယ်။  လားလား လှသန်းတို့အိမ်မှာတဲ့။  လူစုံ တက်စုံတဲ့။

မုတ်သုံ၊ ကျော်ဘ (လူဆန်း)၊ မင်းဟန်၊ နေနွယ် (ပါတယ်ထင်) နောက်ဗြုန်းခနဲ ပြန်တွေးလို့ မပေါ်တဲ့ အရင်းအချာတွေ၊ ကို ပြည့် အခေါ် ဂျပိုးတွေ အကုန်လုံးနီးပါးပေါ့။  တယောက်ပြီးတယောက် ဖုံးကို အလှည့်ကျ ပြောလိုက်တာ ကိုယ့်မှာ ဖုန်းဖိုး ကို အတော်ထိသွားတယ်။  ဒါပေမယ့် တကယ်ပျော်ပြီး တကယ်ကြည်နူးရပါတယ်။ နှစ်နဲ့ချီပြီး မတွေ့ရတဲ့လူရင်းတွေနဲ့ အားပါး တရ နောက်ပြောင်ကြည်စယ် ပြောဆိုလိုက်ရတာနဲ့ကို တန်နေပါပြီ။  ဒါပေမယ့် အဲဒီ အပျော်တွေက ကိုယ့်အတွက် ၁ ရက်ပဲ ခံပါတယ်။

နောက်နေ့မှာ အွန်လိုင်းပေါ်ကတဆင့် ကိုပြည့် ပြန်ပြောပြလို့ အဲ့ဒီနေ့က အမူးလွန်ပြီး ပြဿနာတွေ ဖြစ်ကြ၊ ကျော်ဘကား မှန်ကြီးကို လှသန်းက ရိုက်ခွဲလိုက်လို့ ဆိုတဲ့ သတင်းဆိုးကြီးကို ကြားရတော့တာပဲ။
××××× ××××× ××××× ××××× 

(ဂျွန်လရဲ့ နှောင်းပိုင်းတရက်မှာ ဘယ်လိုကဘယ်လို စိတ်ထဲ ကြိတ်ကြိတ်ခဲခဲဖြစ်လာတယ်မသိ။  ဖေ့စ်ဘုတ်ပေါ်မှာ လှသန်း အကြောင်းတို့ထိ ရေးမိတယ်။  ပထမ တော့ စတေးတပ်စ် တခု နှစ်ခု လောက်တင် အာရုံမှာ မိတာလေး ရေးဖို့ ပါပဲ။  ကိုယ် တိုင်လည်း စိတ်ပါသွား ကွန်မင့်မှာလည်း ဆက်ရေးဖို့ တိုက်တွန်းကြတာကြောင့် အပိုင်း ၄ ပိုင်း  ရေးဖြစ်သွားတယ်။ ပြီးတော့ လည်း တုံ့ခနဲ တန်းလန်းကြီး ရပ်သွားတယ်။  ဆက်မရေးဖြစ်တော့ဘူး။ တကယ်တော့ ပြီးပြည့်စုံအောင်  ရေးသင့်တာပေါ့လေ။ ဒါပေမယ့် စကတည်းက စာတစောင် ပေတဖွဲ့အဖြစ်ရေးဖို့ရာ  ရည်ရွယ်ခဲ့တာမဟုတ်တော့ စာရေးဟန်ကအစ ကြုံသလို ကျသလို ရေးထားတာဖြစ်သလို ဘယ်မှာရပ်မယ်ဆိုတဲ့ အချိန်အဆလည်း မလုပ်ခဲ့တာမို့ ခုလို တုံးတိကြီး ရပ်သွားခဲ့ရတာပါ။

အခု မိုးမခက ဒီစာမူကို သုံးမယ်ဆိုတော့ ပြန်ဖတ်ကြည့်တယ်။ လွှင့်ပစ်လောက်အောင် မဆိုးတာကြောင့် တကြောင်း၊ ပြန် ရေး ဖို့ရာကျတော့လည်း စိတ်ခွန်အား မပြည့်စုံတာကြောင့် အကျအပေါက်လေး နည်းနည်းပါးပါးပြင်ပြီး ဒီအတိုင်းသုံးဖို့ခွင့်ပြုခဲ့ပါတယ်

လှသန်းဆုံးတော့ ကိုယ် လန်ဒန်ရောက်နေတဲ့အချိန်ပါ။ ဘာပဲဖြစ်ဖြစ် လှသန်းဟာ ဗမာပြည်ရဲ့ အရေးကြီးတဲ့ကဗျာဆရာတ ယောက်ဖြစ်ခဲ့တယ်။  ကဗျာကို ရိုးမြေကျပေါင်းသင်းခဲ့တယ်။ ဒီသေချာမှု နှစ်ခု ကြောင့် သူ့အကြောင်း ခုလို တို့ထိ ရေးသား ဖြစ်တာလေးဟာ စာဖတ်သူအများကို ချပြသင့်တယ်လို့ ယူဆတာကြောင့် မိုးမခမှာ သုံးခွင့်ပြုလိုက်တာဖြစ်ပါတယ်။  အဖက် ဖက်က အဆင်ပြေရင်တော့ သူနဲ့ကိုယ်နဲ့နောက်ဆုံး ဆုံတွေ့ခဲ့တဲ့ သူမကွယ်လွန်မီ ၄-၅ -၆ လ လောက်က အကြောင်း လေးတွေကို ရေးဖွဲ့ချင်မိပါသေးတယ်။)

ခင်အောင်အေး
၂၁ အောက်တိုဘာ ၂ဝ၁၆ ဖရာ့ပရာဒင်န်၊ ဘန်ကောက် ၁၃း၂၆ နာရီ