ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၀)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၀)
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၆

● ဦးသန့်
ပန်တနော်သား ဦးသန့်ကား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခွင့်ရသော တဦးတည်း သော မြန်မာနိုင်ငံသားဖြစ်သည်။ ဦးသန့်သည် ၁၉၄၈ မှ ၁၉၆၁ ထိ ဖဆပလအစိုးရအဖွဲ့အတွင်း တာဝန်များစွာယူခဲ့ပြီး ဝန် ကြီးချုပ်ဦးနု၏ ရင်းနှီးသောမိတ်ဆွေလည်း ဖြစ်သည်။ ၁၉၆၁ ခုနှစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဒက်ဟမ်း မားရှိုး လေယာဉ် ပျက်ကျ၍ကွယ်လွန်ပြီးနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတာဝန်ကို စတင်ထမ်းဆောင်သည်။ သူတာဝန်ယူပြီး မကြာမီဖြစ်ပွားသော ကျူးဘားဒုံးပျံအရေးအခင်းအား ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သူဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် အထွေထွေအတွင်းရေးမှူးသက်တမ်း ဒုတိယအကြိမ် ဆက်လက်ရွေးချယ်ခံခဲ့ရသည်။ သက်တမ်း ၂ ကြိမ် ထမ်းဆောင်ပြီး နောက် ၁၉၇၁ တွင် တတိယသက်တမ်း ကမ်းလှမ်းမှုအားငြင်းပယ်ပြီး အနားယူခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင် ဘာလ ၂၅ ရက်နေ့ အသက် ၆၅ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်သည်။

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နှင့်ဆိုဗီယက်ယူနီယံတို့အားပြိုင်နေဆဲ စစ်အေးကာလအတွင်း အကောင်းဆုံးစေ့စပ်ညှိနှိုင်း ပေးနိုင်သူအဖြစ် ဦးသန့်အား ကမ္ဘာ့နိုင်ငံကြီးများက အသိမှတ်ပြုခဲ့ကြသည်။ မြန်မာ့နိုင်ငံသားတယောက် ဤသို့ ကမ္ဘာ့နိုင်ငံ ရေးဇာတ်ခုံတွင် အောင်မြင်ထွန်းတောက်ခြင်းကို မြန်မာနိုင်ငံသားအများစုကလည်း ကျေးနပ်အားရခဲ့ကြသည်။ ဂုဏ်ယူခဲ့ကြ သည်။

သို့သော် မြန်မာနိုင်ငံသားအများစုနှင်သဘောထားမတူသူတဦးတော့ ရှိခဲ့သည်။ ထိုသူမှာ ဦးနေဝင်းဖြစ်သည်။ ဖဆပလ ဦးနု နှင့် ရင်းနှီးကျွမ်းဝင်သူ စစ်ခေါင်းဆောင်များအား ဖက်လဲတကင်းမပြုသူ ဦးသန့်အား အမြင်ကြည်လင်ပုံမရပေ။ သာမန်လူ တဦးတယောက် အမြင်မကြည်လင်ပါက ပြဿနာမပြီးလှသော်လည်း နိုင်ငံတော်အာဏာကိုချုပ်ကိုင်ထားသူတဦးက အမြင် မကြည်သောအခါ ပြဿနာက အကြီးကြီးဖြစ်သွားပေတော့သည်။

ထို့ကြောင့် ဦသန့်ရုပ်အလောင်းအား မြန်မာပြည်တွင် မြေမြှုပ်သင်္ဂြိုလ်ရန်ယူလာသောအခါ အတိအလင်းသဘောထား ကွဲကြတော့သည်။

ဦးသန့်အား ဗိုလ်နေဝင်းက သာမန်လူများသင်္ဂြိုလ်ရာ ကြံတောတွင် မြှုပ်နှံလိုသည်။ ကျောင်းသားများနှင့်လူထုက ထိုက်ထိုက် တန်တန်တနေရာတွင် ဂူသွင်း၍ အလေးအမြတ်ထားလိုသည်။ ဤပြဿနာသည် ဦးသန့်အလောင်းမြန်မာပြည်သို့ ပြန်လည် သယ်ယူပြီး ဂူသွင်းမည်ဟု သတင်းထွက်ပေါ်ကထဲက ပြဿနာသည်အစပြုတော့သည်ဟု ဆိုရပါမည်။

အကြိုလှုပ်ရှားမှုများဦးသန့်ကွယ်လွန်ပြီး ရုပ်အလောင်းအား မြန်မာပြည်သို့ သယ်လာမည်။ အစိုးရက ကြံတောသင်္ချိုင်းတွင်သာ မြှုပ်နှံခွင့်ပြုမည်ဆိုသောသတင်းထွက်လာပြီးနောက် မိမိတို့အပါအဝင် ကျောင်းသားများ ရဟန်းသံဃာများအားလုံး ကိုယ့် အစုအဖွဲ့နှင့်ကိုယ် ကြိတ်၍လှုပ်ရှားမှုကလေးများ ပြုလုပ်ကြတော့သည်။ ဦးသန့်အတွက်ထိုက်တန်သော ဂုဏ်ပြုမှုရရှိရေး အပြင် မဆလအစိုးရ ဆန့်ကျင်ရေးတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြသည်။

ဦးသန့်၏ရုပ်အလောင်းသည် မြန်မာပြည်သို့ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင်ရောက်ရှိလာပြီး ကျိုက္ကဆံကွင်းအတွင်း လူထုကြည့်ရှုဂါရဝပြုရန်ထားရှိပြီး ဒီဇင်ဘာ ၅ ရက်နေ့တွင် ကြံတောတွင် ဂူသွင်းမည်ဟုကြေညာလိုက်သောအခါ လက်တွေ့ လှုပ်ရှားမှုများ စိတ်၍လာတော့သည်။

ဦးသန့်အရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မိမိတို့အမျိုးသားဆောင်သို့ စလှငွေတယောက် ရောက်လာသေးသည်။ သို့ သော် မိမိတို့၏မယုံသင်္ကာမှုကြောင့် လက်တွဲမဖြစ်ခဲ့။ နောင် KNU တွင် တွဲဖက်အတွင်းရေးမှူးအထိတာဝန်ယူခဲ့သော စလှ ငွေအား မယုံသင်္ကာဖြစ်နေခဲ့သည့်ထောက်လှမ်းရေးတစ္ဆေခြောက်ခံနေရသည့် မိမိတို့သည် သံသယများနေ၍ ကျောင်း သားအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွင် အားနည်းခဲ့ပါသည်။

သို့သော် စလှငွေ လာရောက်ဆွေးနွေးဖိတ်ခေါ်သည့် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများ အစည်းအဝေးကျင်းပရာ ရန်ကုန် ပင်မတက္ကသိုလ်တွင်းရှိ ဒဂုံဆောင်သို့ မိမိတို့ကျောင်းမှ မောင်မောင်ထွေးအား စေလွှတ်ခဲ့ပါသည်။ ဆွေးနွေးသည့်နေကား ဒီဇင်ဘာ ၃ ရက်သို့မဟုတ် ၄ ရက်နေ့ခန့်က ဖြစ်မည်ထင်သည်။ ဆွေးနွေးသည့်နေရာ စီးပွားရေးတက္ကသိုလ်မှ AE ဆောင် တခုတွင်ဖြစ်သည်။ ဒဂုံဆောင် စိတ်ပညာမှ ကိုတိတ် စလှငွေတို့အပါ ပင်မတက္ကသိုလ်မှ မေဂျာပေါင်းစုံ ဆေး ၁ ဆေး ၂ နှင့် စက်မှုတက္ကသိုလ်တို့မှ ကျောင်းသား ၃၀ ခန့်ပါဝင်ခဲ့ကြသည်။

အစည်းအဝေးအပြီး မောင်မောင်ထွေးပြန်ရောက်လာတော့ ထိုအစည်းအဝေးဆုံးဖြတ်ချက်အရ မိမိတို့ကျောင်းအတွက် ဒေါ့ ဂျစ်ကား ၄ စီးစေလွှတ်ပေးမည်ဟု သိရသည်။ သို့သော် မိမိတို့ကျောင်းမှ ကျောင်းသားဦးရေနှင့်မလောက်သဖြင့် မင်္ဂလာဒုံ ဈေးဘက်သွားပြီး ဗိုက်ပူ ချက်ပလက် ၂ စီးထပ်ငှားကြသည်။ ဘာပဲဖြစ်ဖြစ် ဦးသန့်အသုဘကို နိုင်ငံတော်ဈာပနအဖြစ် မဆလအစိုးရက စီစဉ်မပေးလျှင် လူထုဈာပနအဖြစ်ဆောင်ရွက်ရန် ကြံရွယ်ထားကြပြီဖြစ်သည်။

ဒီဇင် ၄ ရက်နေ့ညက မိမိနှင့်ကျောင်းသားအချို့က ဟောကျူတာအဖြစ်တာဝန်ယူနေသူ ဒေါက်တာအောင်ကြွယ် (ယခု အမေရိကရောက်နေဟုသိရ) အားသွားတွေ့ပြီး မိမိတို့ ကျောင်းသားအားလုံး ဦးသန့်ဈာပနသို့ လိုက်လံပိုဆောင်မည့်အ ကြောင်း အသိပေးတင်ပြကြသည်။ ဆရာက "အေးကွာ ခေတ်အခြေအနေအရ ဘယ်လိုတွေမှန်းမသိတော့ ဆရာလည်း ဘယ်လိုလုပ်မှန်း မသိဘူးဖြစ်နေတာကွာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဈာပနတုန်းကဆိုရင် ဆရာတို့ အဆောင်မှူးက ရှေ့ဆုံးကအလံကိုင်ပြီး လိုက်ပို့ကြတာလေ။ ဆရာတို့အဆောင်ကကျောင်းသားအားလုံး အဆောင်မှူးနောက်က တန်းစီချီ တက်ပြီး လိုက်ပို့ကြတာ" ဟုဆိုပါသည်။

ထို့နောက် ဆရာက သူလည်းလိုက်ပို့မည်ဟုဆိုပါသည်။ ကားငှားဖို့ငွေလိုအပ်ပါက အဆောင်ရံပုံငွေထဲက ထုတ်သုံးဖို့ ခွင့်ပြု ပေးမည်ဟုပင် ဆိုခဲ့ပါသည်။ မိမိတို့ကျောင်းသားများ စုဆောင်းငွေနှင့်လုံလောက်၍ အဆောင်ထုတ်မသုံးခဲ့တော့ပါ။ မည်သို့ ဖြစ် စေ ဦးသန့်ဈာပနတွင် ကျောင်းသားများအတူ ရပ်တည်ပေးခဲ့သော ဆရာဒေါက်တာအောင်ကြွယ်ကား မိမိတို့အတွက် အမှတ်တရ ဆရာတယောက်ဟု ဆိုရပါမည်။

● ဒီဇင်ဘာ ၅ ရက်နေ့
ဤနေ့ကား ဦးသန့်ရုပ်အလောင်းကို ကျိုက္ကဆံကွင်းမှ ကြံတောသို့ပို့ဆောင် ဂူသွင်းမည့်နေ့ ဖြစ်သည်။ မနက်မိုးလင်းသည်နှင့် မိမိစိတ်လှုပ်ရှားနေသည်။ များမကြာမီအချိန်အတွင်း မဆလအစိုးရ စီစဉ်ထားသည်နှင့် ဆန့်ကျင်ဘက်လှုပ်ရှားမှုတခုကို မိမိတို့ပြုလုပ်ကြတော့မည်မဟုတ်ပါလား။

မနက် ၉ နာရီခန့်တွင် ပါမောက္ခချုပ်ရုံးရှေ့တွင် စီစဉ်ထားသည့် ကားများတန်းစီ၍ ရောက်ရှိလာ သည်။ အမျိုးသားဆောင်ရှိ ကျောင်းသားများလည်း ညာသံပေး၍ တယောက်နှင့် အော်ဟစ် အသိပေးပြီး ကားများရှိရာ ကျောင်းရှေ့သို့ထွက်လာကြသည်။ ဆရာဦးအောင်ကြွယ်လည်း ပါလာသည်။

မိမိတို့ကျောင်းသားများ ကားဆီသို့ရောက်လာပြီးနောက် သီတာဆောင်မှကျောင်းသူများလည်း အလျှိုလျှိုထွက်လာကြသည်။ အရေးကြီးချိန်တွင် ဆေး ၂ ကျောင်းတော်သူ ကျောင်းတော်သား များ သွေးစည်းခဲ့ကြပါသည်။

ကားတန်းများ မိမိတို့ကျောင်းမှထွက်၍ မကြာခင် ထိုစဉ်ကပြည်လမ်းမပေါ်ရှိခဲ့ဖူးသော လေတပ် တပ်ထိန်းဂိတ်က မိမိတို့ကား တန်းအား တားဆီးလိုက်သည်။ ဘယ်သွားမည်နည်းဟုမေးသောအခါ အသုဘသွားပို့မလို့ဟု ဦးသန့်နံမည်မတပ်ဘဲ မိမိတို့ ဖြေခဲ့ကြသည်။ ထို့နောက် အထက်အစီရင်ခံရအုံးမည်ဆိုကာ ၁၅ မီးနစ်ခန့်စောင့်လိုက်ရပြီးနောက် သွားခွင့်ပြုခဲ့သည်။

မိမိတို့ကားတန်း ကျိုက္ကဆံကွင်းရောက်တော့ လူများ သံဃာများကားများ ပြည့်ကြပ်လျက် ရှိနေပေပြီ။ ဦးသန့်အခေါင်းနားသို့ ကပ်၍ ပင်မရတော့ပေ။ ကျောင်းသားများသာမက သံဃာများ ရန်ကုန်လူထု ပရိတ်သတ်များကား ကျိုက္ကဆံကွင်းတွင်းသို့အပြည့်ရောက်ရှိနေပေပြီ။ ဤမျှများသောလူများကို အစိုးရထိမ်းသိမ်းရန်မလွယ်ကူတော့ပြီကို မိမိတို့သဘောပေါက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အစိုးရဆန်ကျင်သည့်တိုက်ပွဲတရပ်တော့ ပေါ်လာပေတော့မည်။

ဦးသန့်ရုပ်အလောင်းဘေးရှိ စင်မြင့်တွင် တယောက်ပြီးတယောက် တက်စကားပြောနေကြသည်။ အသံချဲ့စက်ဖြင့် ဟောပြော နေကြသော်လည်း အနည်းငယ်လည်းဝေးပြီး လူသံများကလည်း ဆူညံနေသဖြင့် ဘာပြောနေသည်ကို ကောင်းစွာမကြားရပေ။ သို့နှင့် မွန်းလွဲလာသည့်အချိန်တွင်တော့ ကျောင်းသားခေါင်းဆောင်များက ရုပ်အလောင်းရှိရာစင်မြင့်ကို သိမ်းပိုက်လိုက်ပြီး ဦးသန့်အား ကြံတော၌မမြှုပ်နှံနိုင်ကြောင်း ထိုက်တန်သည့်နေရာတွင် မြှုပ်နှံမည်ဟု ကြေညာပြီး ရုပ်အလောင်း ထည့်သွင်း ထားသည့်အခေါင်းကြီးအား ပင်မတက္ကသိုလ်သို့ သယ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ကြေညာလိုက်ရာလာရောက်ကြ သည့် ထောင်သောင်းချီသည့် ပရိတ်သတ်ကြီးက တခဲနက်ထောက်ခံလိုက်ကြသည်။

ထိုအခါမိမိတို့လည်း ကျောင်သူများနှင့် ဆရာဒေါက်တာအောင်ကြွယ်အား စီးလာသောကားများနှင့် အဆောင်သို့ပြန်ရန်စေလွှတ်လိုက်ပြီးနောက် မိမိတို့ကျောင်းသားများကတော့ ပင်မတက္ကသိုလ် ထဲသို့ အခေါင်းသယ်ဆောင်ရာတွင်လိုက်ပါရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် ကျိုက္ကဆံကွင်းမှ ရန်ကုန်ပင်မတက္ကသိုလ်သို့ချီတက်ကြရာ လူလှိုင်းလုံးကြီးလိမ့်ဆင်းသကဲ့သို့ ပင် ဖြစ်တော့သည်။ ရှေ့သို့ ကြည့်လျှင်လည်း လူတန်းဆုံးအောက်မမြင်ရ၊ နောက်သို့လှည့်ကြည့်လည်း လူတန်းဆုံးအောင် မမြင်ကြရပေ။ အဆိုပါ လူပင်လယ်ကြီးအတွင်း မိမိတို့စီးမြောခဲ့ကြသည်။ မဆလအစိုးရဆန့်ကျင်ရေးကြွေးကြော်သံများ အသံပြာအောင်ကြွေးကြော်ခဲ့ကြသည်။

သို့နှင့် မှောင်ရီပျိုးစအချိန်တွင် တက္ကသိုလ်နယ်မြေတွင်းသို့ရောက်ရှိသွားခဲ့တော့သည်။ ပုံမှန်အားဖြင့် ညအချိန်တွင် တိတ်ဆိတ်နေလေ့ရှိသောပင်မတက္ကသိုလ်ကြီးလည်း စည်ကားသက်ဝင်နေတော့သည်။ ဦးသန့်ရုပ်အလောင်းထည့်ထားသော အ ခေါင်းကြီးကား ဘွဲ့နှင်းသဘင် ခန်းမရှိစင်မြင့်ပေါ်သို့ ရောက်ရှိ၍နေပေသည်။ ရန်ကုန်ပင်မတက္ကသိုလ်သမိုင်းတွင် ဘွဲ့နှင်းသ ဘင် ခန်းမထက်ရှိစင်မြင့်အား အခေါင်းတင်၍ အသုဘအခမ်းအနားပြင်ဆင်ခဲ့သည့် ပထမဆုံးအကြိမ်ဟုဆိုရမည်။ နောက် နောင်တွင်လည်းမရှိခဲ့သဖြင့် တကြိမ်တည်းသော အသုဘအခန်းအနားပြင်ဆင်မှုဟု ဆိုရမည်။

မိမိတို့ရောက်သွားတော့ ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်တွင် အခေါင်းတင်ထားခဲ့သကဲ့သို့ သံဃာတော်များလည်း အခေါင်း နောက်တွင် သံဃာတော်များတန်းစီ၍ ထိုင်နေကြသည်။ ဘွဲ့နှင်းသဘင် ခန်းမတခုလုံးလူအပြည့် ထိုင်နေကြပြီ။ ဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ်တွင်တော့ သံဃာတော်များဖြင့် ပြည့်နေသည်။

ညအမှောင်ထုတိုးဝင်လာသည်နှင့်အညီ တက္ကသိုလ်နယ်မြေတွင်း၌ အမှောင်ထုကကြီးစိုးလာသည်။ သို့သော်လူအုပ်က ပြို ကွဲမသွားခဲ့ပေ။ ဘွဲ့နှင်းသဘင်ခန်းမရှေ့နှင့် အဓိပတိလမ်းမတလျှောက် လူတို့ဖြင့် ပြည့်နှက်နေသည်။

ကျောင်းသား လူထု သံဃာတို့ ရောယှက်နေသည်။ တနေကုန် မစားရ မသောက်ရသော်လည်း မည်သူကမှ ထိုဆာလောင်မှု ကို မမှုခဲ့ကြ။ သူတို့အားလုံးသည် တိုက်ပွဲခေါ်သံကို မျှော်လင့် စောင့်စားနေကြသည်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဗောက်စဝက်ဂွန် ပေါင်မုန့်ကားလေးတစီးရပ်ထားသည်။ ထိုကားပေါ်၌ တယောက်ပြီးတယောက် တက်ပြီးတရားဟောနေကြသည်။ စိတ်ဓာတ်တက်ကြွနေသော မိမိလည်း ထိုပေါင်မုန့်ကားလေးပေါ်သို့ တက်၍ တရားဟောခဲ့ သည်။ မဆလ စစ်အာဏာရှင် စနစ်ဆန်ကျင်ကြဖို့ တက်ဟောပြောခဲ့သည်။ မိမိပြောသည်တို့က အမြီးအမောက် တည့်လေသ လား မတည့်လေသလောတော့ မပြောတတ်။ မိမိရင်ထဲက စကားများကို စိတ်ထဲရှိသမျှ ပြောလိုက်ရ၍ ရင်ထဲမှာပေါ့ပါး၍ လွတ်လပ်သွားခဲ့သည်။

ပေါင်မုန့်ကားလေး ခေါင်မိုးပေါ်တက်ဟောပြောပြီးတော့ ကားခေါင်မိုးတွင် ချထားသော ငှက်ပျောဖီးကို သတိထားမိသည်။ တနေကုန်မစားရ မသောက်ရဆိုတော့ ငှက်ပျောဖီးတွေ့မှ ဗိုက်ကပိုဆာသလို ဖြစ်နေတော့၍ ငှက်ပျောသီး ၂ လုံးအားဆွဲ ဖြုတ်ပြီး အောက်သို့ဆင်းရန် ပြင်နေခိုက် အောက်မှတယောက်က "ဟေ့ ဟေ့ ငါလဲပြောမယ်ကွ ငါလဲပြောမယ်ကွ" အော်နေ သူတယောက်ကို ကားခေါင်းမိုးပေါ်ဆွဲတင်လိုက်ရသည်။ တင်ပြီးမှ ကြည့်လိုက်တော့ …လားလား အောင်သိန်းထွန်းဖြစ်နေ သည်ကို တွေ့ရသည်။ အောင်သိန်းထွန်းကား မိမိ၏စီနီယာ ကိုစိုးအောင်တို့ မောင်မောင်ထွေးတို့အတန်းမှ ဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)
Photo credit : un.org