တူမောင်ညို - သွေးနဲ့မီးခိုး တသွင်သွင် တငွေ့ငွေ့ ဆက်လက် စီးဆင်း ထွက်ပေါ်နေမယ့် ရခိုင်ပြည်နယ်



တူမောင်ညို  - သွေးနဲ့မီးခိုး တသွင်သွင် တငွေ့ငွေ့ ဆက်လက် စီးဆင်း ထွက်ပေါ်နေမယ့် ရခိုင်ပြည်နယ်
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၆


အောက်တိုဘာ ၉ ရက်နေ့က မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်များရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်အမျိုးမျိုး၊ အကျိုးစီးပွား မျှော်မှန်းချက်အမျိုးမျိုးနဲ့ သွေးထိုးလှုံ့ဆော်သူ၊ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိနေတာတော့ အမှန်ပါ ဘဲ။

ပြဿနာက ဘယ်သူ့လက်ချက်လဲ ၊ ကြိုးကိုင်လှုပ်ရှားနေသူ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ၊ ဆိုတာကိုတော့ အခုချိန်အထိ အစိုးရတာဝန်ရှိသူတွေ တိတိကျကျ ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိသေးတဲ့ အချက်ပါပဲ။ အရှင်ဖမ်းမိထားတယ်ဆိုတဲ့ နှစ်ယောက်တော့ မသေ မပျောက်တန်ရာ။

လုံခြုံရေးအင်အားဘက်ကပြောရင် အရေးကြီးနေရာသတ်မှတ်ပြီး၊ အများဆုံး အင်အားဖြည့်ပေးထားတဲ့ ပြည်နယ်ဖြစ်တယ်လို့ ရဲချုပ်က ဆိုပါတယ်။ ဒီလိုပြည်နယ်အခုလို ပိုးစိုးပက်စက် ဖြစ်ရတာဟာ သွေးရိုးသားရိုးမှ ဟုတ်ပါရဲ့လား။ သွေးအသက်တွေ ပက်ပက် စက်စက် စတေးပြီး ဇာတ်ရှိန်မြှင့်လိုက်လေသလား။

အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ လူမျိုးရေး၊ ဘာသာရေးသွေးထိုးလှုံ့ ဆော်မှု စတဲ့ စတဲ့ ဒုစရိုက်မှုပေါင်းစုံဟာ အဖက်ဖက်က ဆင်းရဲနိမ့်ကျလှတဲ့ ဗမာပြည်မှာ ဗိုလ်သန်းရွှေ စိုက်ခိုင်းတဲ့ ကြက်ဆူပင်တွေနဲ့ အတူ နင်လားငါလား နိုင်ငံတနံတလျားမှာ ပေါက်ရောက်ရှင်သန်ကြီးထွားနေပါတယ်။ ဒါတွေကြီးထွားနေမှလည်း ကာကွယ်ရေး၊ ပြည်ထဲ ရေး၊ နယ်စပ်ရေးကို ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုအတွက် အလုပ်ရှိနေမယ်မဟုတ်ပါလား။ စစ်အုပ်စုအဖို့ “ငါ မရှိလို့ မဖြစ်ဘူး/ ငါ မပါလို့ မဖြစ်ဘူး ” ဆိုတဲ့ လော့ဂျစ်ကို လက်မထောင်ပြီးပြောနိုင်/ ပြနိုင်ဖို့ အကြောင်းအချက်တွေ လိုတယ် မဟုတ်လား။ အကုန်လုံးချေမှုန်းပစ်ဖို့ ဘယ်ဖြစ်မလဲ။ အစွမ်းပြစရာ ဂွင်ပျောက်သွားမှာပေါ့။

ဒါကြောင့် ရခိုင်ပြည်နယ်လို ဆင်းရဲမွဲတေလှတဲ့ ပြည်နယ်မှာတော့ “မျိုးချစ်စိတ်ဓာတ်” ရုံတင်မလား။ ထူးမခြားနား “ ဒို့တာဝန် အရေးသုံးပါး” ဇာတ်ကားပြမလား မျက်စိမှတ်ပြီးလက်ခုပ်တီးမယ့် ပရိတ်သတ်အခိုင်အမာရှိနေတဲ့ အရပ်ဖြစ်နေပုံပါပဲ။ ကိုးကန့်လောက်ကိုင် အရေးတုန်း ကတော့လည်း မရဲတရဲနဲ့ တရုတ်ကို တံတွေးဆွတ်သလိုလို မထိတထိပြောတယ်။ လောက်ကိုင်အရေးမှာ ကျောက်တိုင်တွေ ဖွေးဖွေးလှုပ်သွားတယ်။ အောက်ခြေ စစ်ဗိုလ် စစ်သားတွေ သေလိုက်ကျေလိုက်တာ သောက်သောက်လဲပဲ။ ထိပ်ပိုင်း စစ်ဗိုလ်တွေကတော့ ရာထူး ကုလားထိုင်မြဲနေဆဲ၊ ရာထူးတွေ တက်နေဆဲ။ သားတွေ သမီးတွေရဲ့ စီးပွားကုန်သွယ် လုပ်ငန်းတွေကလည်း ရွှေတွဲလွဲငွေတွဲလွဲ။ အောက် ခြေတပ်ဗိုလ်တပ်သားတွေရဲ့ကျန်ရစ်သူမိသားစုနဲ့ မသေပဲကျန်သူတွေ ကတော့ မျက်ရည်လည်ရွဲ၊ ဂျိုင်းထောက်တွဲလွဲ။

အခုလည်း စစ်ဆင်မှုစစ်ထိုးမှု ရပ်ဆိုင်းရေး အဆိုသာ လွှတ်တော်က မချမှတ်နိုင်သေးတာ၊ နိုင်ငံတော်ကာကွယ်ရေးမှာ ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ “တပ်မတော်သားတွေ” ကို ဆေးရုံသွားပြီး လူနာမေး/ အားပေး သွားကြရမယ်ဆိုတာမျိုးပေါ်လာရင်တော့ ဗိုလ်ရွှေမန်း၊ ဗိုလ်ခင်အောင်မြင့်တို့လို လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးဝင်းမြင့်နဲ့ မန်းဝင်းခိုင်သန်းတို့ စစ်ဆေးရုံတွေပေါ်သွားပြီး လူနာသတင်းမေး သွားကြအုံးမှာလား မသိပါဘူး။ အရာရာဟာ “သင့်မြတ်ရေး” ပဲလေ။

အစိုးရနဲ့ လွှတ်တော်ဟာ ကချင်ပြည်နယ်မှာ “တပ်မတော်” လုပ်သမျှကို လက်မှိုင်ချပြီး ကြည့်နေရတဲ့ သဘောလား။

အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်များကနေ အောက်ပါ အချက် ၆ ချက်ကို ထင်မြင်စဉ်းစားမိစေပါတယ်။

ပထမဆုံး အချက်က မောင်တောနဲ့ ရသေ့တောင်ဟာ စစ်အုပ်ချုပ်ရေးအောက် ကျရောက်သွားရတာပါပဲ။ ပုဒ်မ ၁၄၄ ထုတ် ပြန်လိုက်ပြီ။ မောင်တောနဲ့ ဘူးသီးတောင်မှာ စာသင်ကျောင်း ၃၉၀ ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ရပြီ။ ဘူးသီးတောင်၊ မောင်တော ကနေ ရခိုင်ပြည်နယ် တစ်ခုလုံး စစ်အုပ်ချုပ်ရေး အောက် ကျရောက် မသွားနိုင်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ။ ဒီလို အလစ်အငိုက်ယူပြီး စီးနင်း တိုက်ခိုက်မှုတွေ ရခိုင်ပြည်နယ်ရဲ့ အခြားဒေသတွေမှာရော ဖြစ်မလာနိုင်ဘူးလား။ ဒါဟာ “အခြေခံဥပဒေအရ” စစ်တပ်က အာဏာ သိမ်းနည်းပဲ။ ဒေသတစ်ခုချင်းကနေ တနိုင်ငံလုံးထိ ဥပဒေနဲ့အညီ အာဏာသိမ်းနိုင်အောင် “၂၀၀၈ အခြေခံဥပဒေ” က ပြဋ္ဌာန်းထားပေး တယ်။

ဒုတိယအချက်က လူမျိုးရေး၊ ဘာသာရေး၊ မုန်းတီးမှုတွေအတွက် သွေးထိုးလှုံ့ဆော်စရာ၊ ဆင်ခြေဆင်လက် ရရှိသွားတာပါပဲ။

တတိယအချက်က “ရခိုင်ပြည်နယ် လုံခြုံရေးဟာ ရဲတပ်ဖွဲ့လက်ထဲ ထည့်ထားလို့ ဘယ်လိုမှမဖြစ်နိုင်၊ စစ်တပ် လက်ထဲအပ်ထား မှသာ လုံခြုံစိတ်ချစေနိုင်မှာ ဖြစ်တယ် ” ဆိုတဲ့ အာဘော်ကို နှပ်ကြောင်းပေး ဖန်တီးစေနိုင်တယ်။

စတုတ္တအချက် စစ်တပ်က ကချင်ပြည်နယ်မှာ မီးကုန်ယမ်းကုန် တိုက်ခိုက်နေမှုတွေနဲ့ ထိုးစစ်တိုက်ခိုက်မှု ရပ်စဲရေးတောင်းဆိုမှု တွေကို အာရုံပြောင်း၊ ပုဒ်မချပေးနိုင်စေတယ်။

ပဉ္စမ အချက် “ ကိုဖီအာနန်ကော်မရှင်” ရဲ့ လုပ်ငန်းတွေကို ပိုမိုနှောင့်နှေးကြံ့ကြာသွားစေနိုင်တယ်။

ဒီကနေရှေ့ဆက်လိုက်တော့ ဆဋ္ဌမအချက်က ရခိုင်ပြည်နယ်မှာ သွေးနဲ့မီးခိုးဟာ တသွင်သွင်၊ တငွေ့ငွေ့ ဆက်လက် စီးဆင်း၊ ထွက်ပေါ်နေအုံးမယ် ဆိုတာကို ဒီဖြစ်စဉ်တွေက အခိုင်အမာအချက်ပြနေပါတယ်။

နိဂုံးချုပ်လိုက်တော့ အတိုင်ပင်ခံဦးစီးတဲ့ သမ္မတဦးထင်ကျော်အစိုးရအဖို့ ဦးနင်းပဲ့ထောင်၊ အိုးတော်လုပ်ဖုတ်ရင်းက မကျက်ဆို တာလို အခက်အခဲတွေရင်ဆိုင်ပြီးရင်း ရင်ဆိုင်တွေ့နေရဦးမယ့် သဘောပါပဲ။

ဒီဖြစ်ရပ်တွေအားလုံးရဲ့ ဦးတည်ချက်နဲ့ နောက်ဆုံးလားရာက ဘယ်ကို ဦးတည်နေသလဲဆိုတော့

“ တပ်မတော်မရှိလို့ မဖြစ် ဘူး”။

“တပ်မတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ”ကို လောလောဆယ်ဖယ်ပေးဖို့ဆိုတာ၊ “၂၀၀၈အခြေခံဥပဒေပြင်ဆင် ဖို့ ဆိုတာတွေဟာ တွေးတောကြံစည်ဖို့တောင် သင့်တော်တဲ့အချိန်အခါ မကျရောက်သေးပါဘူး”

ဆိုတဲ့ ဆင်ခြေလိမ်တွေကို ဘတ်စ်ကား ဒရိုင်ဘာ ကွမ်းတံတွေးထွေးချလိုက်သလို ချမှတ်ပေးဖို့ ဦးတည်နေပါတယ်။