ထွန်းဝင်းငြိမ်း - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၄ နှစ်ပြည့် စာအုပ်ထုတ်ဝေ


ထွန်းဝင်းငြိမ်း - ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၄ နှစ်ပြည့် စာအုပ်ထုတ်ဝေ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆
 
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်တရနှင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပါင်းချုပ် “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" စာအုပ်ထုတ်ဝေခြင်းအခမ်းအနားကို ၉၊ ၁၀၊ ၁၆ ရက်နေ့လည် ၁း၀၀ နာရီက တောင်ဥက္ကလာပ စိတ်တိုင်းကျစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ပေးပို့သော ဗိုလ်မှူးချုပ်ကျော်ဇောမိသားစု၏ သ၀ဏ်လွှာကို ကိုယဉ်ထွန်း(ယဉ်မျိုးစာပေကလည်းကောင်း)၊
 
ဆရာဦးအံ့မောင်ပေးပို့သောသ၀ဏ်လွှာကို ဦးလှရွှေကလည်းကောင်း ဖတ်ကြားခဲ့ကြပါသည်။ ထို့နောက် ဦးတင်ဦး(နာယက-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးလေးမြင့်(စာရေးဆရာလှကွန့်)၊ ဦးတင်အောင်(ကျွန်းပြန်)၊ ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးမောင်မောင်အေး(၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု)၊
 
ကိုကျော်ကိုကို(ဥက္ကဋ္ဌ-ဗကသများအဖွဲ့ချုပ်)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။

DPNS ပါတီအတွင်းရေးမှူး ဦးငွေလင်းက အမှတ်တရစကား ပြောကြားရာတွင် ဗိုလ်မှူးချုပ်ကျော်ဇော၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များနှင့် ဗိုလ်မှူးချုပ်ကျော်ဇောကဲ့သို့ ပြည်သူကို မျက်နှာမူသော၊ ပြည်သူ့အကျိုးစီးပွါးဘက်မှ ရပ်ခံဆောင်ရွက်သော စစ်ဗိုလ်ချုပ်များ ပေါ်ပေါက်လာမှသာ လက်ရှိဖြစ်ပွါးနေသော စစ်ပွဲများ ရပ်ဆိုင်းနိုင်ပြီး ငြိမ်းချမ်းသော၊ ဒီမိုကရေစီ ထွန်းကားသော၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဗိုလ်မှူးချုပ်ကျော်ဇောအတွက် ဆရာဝင်းတင့်ထွန်း ဂုဏ်ပြုရေးဖွဲ့ထားသောကဗျာကို ဆရာမနှင်းပန်းအိမ်ကရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။