ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အလွမ်းသစ် (တောင်ကုတ်) ● အလင်းဖျောက်ခံထားရသော ကြယ်


အလွမ်းသစ် (တောင်ကုတ်) ● အလင်းဖျောက်ခံထားရသော ကြယ်
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၆

(၁)
သည်နှစ်မိုးရာသီက မနှစ်တုန်းကလိုမဟုတ်ဘဲ မိုးနှောင်းရောက်မှ မိုးက အလွန်ကောင်းနေခဲ့သည်။ အမေနှင့်အဖေက နေ့တိုင်းလိုလိုပင် မနက်ဆို အစောကြီးထ၍ ယာထဲဆင်းသွားသည်။ အိမ်တွင် မြပုဝါနှင့် သူမ၏မောင်လေးဖိုးသဲသာလျှင် ကျန်နေခဲ့သည်။ အိမ်လို့သာပြောရပေမယ့် မြပုဝါတို့အိမ်လေးသည်  သူများအိမ်တွေလို တောင့်တောင့်တင်းတင်း လုံလုံခြုံခြုံ မရှိဘဲ  တဲသာသာမျှသာ။ ဓနိအုန်းလေးမိုးထားသော်လည်း မိုးသည်းသည်းမည်းမည်းရွာသောအခါတွင် အိမ်ထဲတွင် နေစရာ ပင်မရှိတော့။ မြပုဝါတို့မိသားစုအိပ်သောနေရာလေးတခုသာလျှင် မိုးမစိုဘဲ ကျန်ခဲ့ခြင်းဖြစ်သည်။ ဝါးထရံလေး ကာထားပေ မယ့် မောင်လေး ဖိုးသဲဆော့လွန်းသဖြင့် ဝါးထရံလေးမှာလည်း အပေါက်များ ဖြစ်နေလေပြီ။

မြပုဝါသည် နေ့စဉ်လုပ်နေကျ  ထမင်းဟင်းချက်ပြုတ်ပြီးသောအခါ  ကျောင်းသွားရန် ပြင်ဆင်ရတော့သည်။ ပြင်ဆင်စရာ များက များများစားစားတော့ မရှိလှ။ ညက စာကျက်ရန်ထုတ်ထားသော မြန်မာစာအုပ်ကို လွယ်အိတ်ထဲပြန်ထည့်ပြီး ဖိုးသဲ ကိုခေါ်ကာ ကျောင်းသို့သွားရမည် ဖြစ်သည်။ ဖိုးသဲကို ညကဝတ်အိပ်ထားသော အဝတ်အစားနှင့်ပင် ကျောင်းသို့ခေါ် သွားရဦးမည်။ ဖိုးသဲတွင် အဝတ်အစား များများမရှိပါ။  ရှိသောနှစ်စုံတွင် တစုံက မိုးရေစိုသောကြောင့် လှမ်းထားရသည်။ မြပုဝါက လေးတန်းကျောင်းသူဖြစ်ကာ မောင်လေးဖိုးသဲက ယခုနှစ်မှ ကျောင်းစတင်တက်ရသော သူငယ်တန်း ကျောင်း သားဖြစ်သည်။ သူမပြင်ဆင်ပြီးသောအခါ ဖိုးသဲကို လှမ်းခေါ်လိုက်သည်။

''ဖိုးသဲရေ ကျောင်းသွားမယ် အိမ်ပေါ်တက်လာခဲ့တော့''

''နေပါဦး မမကလည်း ဒီမှာ အိမ်ဆောက်နေတာ မပြီးသေးလို့''

''မပြီးသေးလဲထားခဲ့ဟာ ကျောင်းနောက်ကျတော့မယ်''

ခဏကြာမှ ဖိုးသဲလည်း ဆောက်လက်စ အိမ်လေးကိုထားခဲ့ကာ အိမ်ပေါ်သို့ ပြေး၍တက်လာသည်။ မြပုဝါလည်း  ဖိုးသဲကို ခြေလက်ဆေးပေးကာ ဖိုးသဲ၏လွယ်အိတ်နှင့် သူ့လွယ်အိတ်နှစ်ခု စလုံးကို ပခုံးတွင်လွယ်ပြီး လှေဆိပ်သို့ အပြေးကလေး လာခဲ့သည်။

မြပုဝါတို့အိမ်မှကျောင်းသွားသည့်အခါ လှေနှင့်သွားမှသာ အဆင်ပြေသည်။ လှေဆိပ်တွင် လှေအငှားလိုက်သောဦးလေးညိုက မြပုဝါတို့မောင်နှမကို ပိုက်ဆံမယူဘဲ ကျောင်းသို့ပို့ပေးလို့သာ  တော်တော့သည်။ မဟုတ်လျှင် မြပုဝါတို့ကျောင်းတက်ရန် မဖြစ်နိုင်ပေ။ အဖေနှင့်အမေက ယာလုပ်ပေမယ့် အိမ်စားဝတ်နေရေးက အနိုင်နိုင်။ ထို့ကြောင့် သူ့ကိုပင် ကျောင်းထွက်ကာ လယ်ထဲယာထဲတွင် ပေါင်းခုတ် အငှားလိုက်စေချင်သည်။ သူက အမေ့ကို  လေးတန်းကိုပြီးအောင် တက်စေချင်ပါသေး သည်ဟု ငိုပြီးပြောထားသောကြောင့်သာ အမေကဆက်ပြီး ကျောင်းတက်ခိုင်းခြင်းဖြစ်သည်။ လှေဆိပ်ရောက်သောအခါ ဦး လေးညိုက သူတို့မောင်နှမကို လှမ်း၍ခေါ်သည်။

''မြပုဝါလာဟေ့  မင်းတို့မောင်နှမ ဒီနေ့နောက်ကျလှချည်လားဟ၊ ငါက မင်းတို့ကျောင်း မတက်တော့ဘူးထင်လို့  လှေတောင် ထွက်တော့မလို့တော်သေးတယ်၊ လာလာ  တက်''

''ဟုတ်ကဲ့ ဦးလေးညို မောင်လေးကို စောင့်နေရလို့ပါ''

မြပုဝါနှင့်ဖိုးသဲတို့နှစ်ယောက် လှေဦးဘက်သို့သွားကာ လှေပေါ်သို့လှမ်းတက်လိုက်သည်။ လှေပေါ်သို့တက်ကာ ထိုင်ပြီး သည်နှင့် ဦးလေညိုက  လှေကိုစ၍လှော်ခတ်ပြီး လှေဆိပ်မှထွက်လာခဲ့သည်။ လှေပေါ်တွင် မြပုဝါတို့လို ရွာထဲမှကျောင်းသူ ကျောင်းသား ကလေးငယ်များပါ ပါ၏။

မြပုဝါတို့စာသင်ကျောင်းကလေးသည်  ချောင်း၏တစ်ဖက်ကမ်းတွင် တည်ရှိသည်။ တောင်ငယ်ရွာက တရွာတည်းဖြစ်သော် လည်း အလယ်တွင်ချောင်းကခြားနေကာ မြပုဝါတို့ဘက် အိမ်ခြေက ဆယ်အိမ်ကျော်ကျော်မျှသာ ရှိသည်။ ထို့ကြောင့် စာ သင်ကျောင်းလေးကို အိမ်ခြေများသော တဖက်ကမ်းတွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ စာသင်ကျောင်းကလေးကို လှေဖြင့်သွားမှသာရ၍ လှေ မထွက်သောနေ့တွင်မူ မြပုဝါတို့ကျောင်းသူ ကျောင်းသားတွေ ကျောင်းပျက်ရပြန်သည်။ လှေဦး တွင်ထိုင်နေသော  ဖိုးသဲကို မြပုဝါသည် နောက်မှတင်းကြပ်စွာ သိုင်းဖက်ထားခဲ့၏။ ဖိုးသဲလည်း ရေများကို လက်ဖြင့်ဆော့ ကစား၍ သူမ ဘက်သို့ခေါင်းလေးလှည့်ကာ ....

''မမ  သားတို့ကျောင်းက ဘာလို့ သားတို့အိမ်နားမှာ မရှိတာလဲဟင်''

''မမလည်း ဘယ်သိမလဲဖိုးသဲရ၊ ဦးလေးညိုပြောတာတော့ မမတို့ဘက်ကမ်းက အိမ်နည်းလို့ ပြောတာပဲ၊ မမတို့ဘက်မှာလည်း အိမ်က အလွန်ဆုံးရှိလှ ဆယ်အိမ်ကျော်ကျော်လောက်ပေါ့''

မြပုဝါပြောလိုက်သောစကားကို ဖိုးသဲနားလည်လား မလည်လား တော့မသိ။ ခေါင်းလေးညိတ်ကာ လှေဦးဘက်သို့ပြန်လှည့်သွားလေသည်။ သူမ  မောင်လေးဖိုးသဲကို အလွန်ချစ်သည်။ မောင်လေးကို စိတ်မချလွန်း၍  ဖိုးသဲရှိရာ သူငယ်တန်းဘက်သို့ ခဏခဏလှည့်ကြည့်မိသည်။ မြပုဝါတို့ လေးတန်းနှင့် သူငယ်တန်းကြားတွင် ပထမတန်းကိုထားသည်။ လေးတန်းမှလှမ်းကြည့် လိုက်လျှင် သူငယ်တန်းကို မြင်ရ၍သာ မြပုဝါအဖို့ ဖြေသာနေခဲ့သည်။ သူသည် အဖေနှင့် အမေတို့ထက် မောင်လေးဖိုးသဲကို ပို၍ ခင်တွယ်မိခဲ့သည်။

(၂)
တဖက်ကမ်းသို့ရောက်သောအခါ  ဖိုးသဲလက်ကိုဆွဲ၍လွယ်အိတ်နှစ်လုံးကိုလွယ်ကာ   စာသင်ကျောင်းသို့လျှောက်လာခဲ့ သည်။ ကျောင်းခြံဝရောက်သည်နှင့် ကျောင်းတက်ခေါင်းလောင်းထိုးကာ နိုင်ငံတော်သီချင်းစတင်ဆိုနေသောကြောင့် သူတို့ မောင်နှမ လည်း ကျောင်းခြံဝမှာပင် မတ်တပ်ရပ်လျက် နိုင်ငံတော်သီချင်းကို လိုက်ဆိုနေခဲ့သည်။ သူတို့အတန်းပိုင်ဆရာလေးက နိုင်ငံတော်သီချင်း ဆိုသံကြားလျှင် ရောက်သောနေရာတွင်ရပ်နေ၍ လိုက်ဆိုရမည်ဖြစ်ကြောင်း  ကျောင်းသားကျောင်းသူ များကို သင်ကြားပေးထားခဲ့သည်။

ကျောင်းခန်းထဲကိုဝင်လိုက်သည်နှင့်  ဆရာလေးကဆီး၍ မေးလာသည်။

''မြပုဝါကျောင်းနောက်ကျပါလား အိမ်အလုပ်တွေ မပြီးပြန်ဘူးလား''

''ဟုတ်ကဲ့ဆရာ အိမ်အလုပ်မပြီးတာနဲ့ နည်းနည်းနောက်ကျသွားတာပါ''

မောင်လေးကိုစောင့်နေရ၍ နေက်ကျခဲ့သည်ကို မပြောတော့ပါ။ သူမတွင် အိမ်အလုပ်များကို အားလုံးလုပ်ပြီးမှသာ ကျောင်း သို့လာရသည်ကို ဆရာက သိနေပြီဖြစ်သောကြောင့် ယခုလိုပင် ချော်လဲ ရောထိုင် ဖြေခဲ့သည်။  ဖိုးသဲကို သူငယ်တန်းသို့ သွားပို့ပြီးမှသာ သူမလည်း ကိုယ့်အတန်းတွင် ဝင်၍ထိုင်လိုက်သည်။ ထို့နောက် ဆရာက မြန်မာစာအုပ်ထုတ်ခိုင်းပြီးလျှင် ထမနဲပွဲအကြောင်းကို စီကာပတ်ကုံးပြောပြကာ သူမတို့တတန်းလုံးနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။  

မြပုဝါသည် စာသင်နေရင်းနှင့်ပင် ဖိုးသဲတို့အတန်းဘက်ကို ခဏခဏ လှည့်ကြည့်ကာနေ၏။ ဖိုးသဲအောက်သို့ငုံ့ကာ စာရေး နေသောအခါမှ သူမလည်း စိတ်ဖြောင့်ဖြောင့်ဖြင့် စာကိုဆက်၍သင်နိုင်ခဲ့သည်။

ကျောင်းဆင်းချိန်ရောက်တော့မှ မိုးက ညို့လာတော့သည်။ ထို့နောက် ကောင်းကင်တခုလုံး မည်းမှောင်လာကာ  မိုးက ရွာ တော့သည်။

မြပုဝါသည် လွယ်အိတ်ကို မိုးစိုမှာစိုး၍ လွယ်အိတ်ကြိုးကိုတိုသွားအောင် အထုံးလေးများ ထုံးလိုက်ပြီး ပခုံးမှာ လွယ်လိုက် သည်။ ထို့နောက် ဖိုးသဲကိုကျောပိုးကာ လက်တဖက်ဖြင့် တလက်တည်း သောထီးကိုဆောင်း၍ လှေဆိပ်သို့ပြေးလာခဲ့သည်။ ထီးကလည်း လက်ကိုင်စရာအရိုးကောက်လေး မရှိတော့သောကြောင့် ထီးရိုးကိုသာ လက်ဖြင့်ဆုပ်ကိုင်ထားရသည်။ ကျောင်းဆင်းချိန်တွင် ရွာလိုက် သောမိုးကို  မြပုဝါစိတ်ထဲ မုန်းနေမိသည်။ လှေဆိပ်ရောက်သောအခါ  ဦးလေးညိုက…

''မိုးတွေတအားသည်းနေလို့ ခဏကြာမှ လှေထွက်မယ်၊ မင်းတို့မောင်နှမနှစ်ယောက် ဟိုအပင်အောက်မှာသွားပြီး မိုခိုနေကြ၊ ငါလှေထွက်ရင် လှမ်းခေါ်လိုက်မယ်''

''ဟုတ်ကဲ့ ဦးလေညို''

ဦးလေးညိုပြောသောအပင်အောက်သို့ ဖိုးသဲကိုချီကာသွားပြီးလျှင် မိုးစဲချိန်ကို စောင့်နေခဲ့သည်။ မိုးက မစဲနိုင်ဘဲ အငြိုးကြီး စွာဖြင့် ရွာနေလေသည်။

(၃)
''ဂျိမ်း. . .ဂျိမ်း''

ဖိုးသဲသည်မိုးခြိမ်းသံကိုကြားရသောအခါ ကြောက်လွန်းသဖြင့် မြပုဝါ၏ရင်ခွင်ထဲသို့ အတင်းတိုးဝင်ကာ လက်နှစ်ဖက်နှင့် တင်းကြပ်စွာဖက်ထားသည်။ ဖိုးသဲသည် မျက်လုံးများကိုစွတ်မှိတ်ထားရင်း …

''မမ  သားသား ကြောက်တယ်။ အိမ်ကို ပြန်ချင်နေပြီ၊  သားကြောက်တယ်   ဟီး . .ဟီး''

ဖိုးသဲသည် ကြောက်လွန်းသောကြောင့် မျက်ရည်များကျကာ ငိုနေသည်။ သူမလည်း ဖိုးသဲကို ချော့မော့ရင်း…

''မငိုပါနဲ့ဖိုးသဲရယ် အိမ်ကိုသွားတော့မှာပါ၊ ခဏလေးပဲ မိုးစဲရင် သွားတော့မယ်နော်၊ မငိုနဲ့မမ ရှိတယ်၊ ဘာမှမကြောက်နဲ့''

နာရီဝက်ခန့်ကြာသောအခါ မိုးနည်းနည်းစဲသွားသောကြောင့် ဦးလေးညိုက  သူတို့ကိုလှမ်းခေါ်လိုက်သည်။ သူတို့ရွာမှ  ကျောင်းသားကျောင်းသူလေးများလည်း လှေပေါ်သို့တက်နေကြပြီ။ မြပုဝါတို့မောင်နှမနှစ်ယောက် လှေဦးဘက်တွင်ထိုင် လိုက်ပြီး ဖိုးသဲကို မြပုဝါက နောက်ကနေ သိုင်းဖက်ထားသည်။ ဦးလေးညိုက လှေပေါ်တွင်လူစုံသွားတော့ စထွက်သည်။

ချောင်းလယ်ရောက်တော့ မိုးကပြန်သည်းလာကာ လေပါတိုက်လာလေသည်။ လေအရှိန်  ကြောင့် မြပဝါတို့အရိုးကျိုးထီး လေးမှာ ထီးရွက်များလန်သွားတော့၏။ ဦးလေးညိုက…

''မကြောက်နဲ့နော်၊ ဘာမှမဖြစ်ဘူးကလေးတို့၊ ထီးကိုမြဲမြဲကိုင်ထား၊ လေနဲ့ပါသွားမယ်''

ဦးလေညိုစကားပင်မဆုံးလိုက်ပါ။ လေပြင်းတချက်ဝှေ့ကာတိုက်လိုက်ရာ မြပုဝါ၏ထီးကလေး သည်လက်မှလွတ်ကျ သွားပြီး ရေထဲသို့ကျသွားသည်။ မြပုဝါနှင့်ဖိုးသဲတို့လည်း တကိုယ်လုံးစိုရွဲရုံမက လွယ်အိတ်များပါ ရွဲရွဲစိုနေလေပြီ။ လှေပေါ်က က လေး များ၏အော်ဟစ်ငိုယိုသောအသံများက ချောင်းထဲတွင် ဆူညံနေလေသည်။ ကလေးများ၏ငိုသံတွေကြောင့် ဖိုးသဲ လည်း လိုက်၍ ငိုတော့သည်။  မြပုဝါသည် ဖိုးသဲကိုချော့မော့ကာ ဦးလေးညိုကို လှမ်း၍ကြည့်လိုက်သည်။ ဦးလေးညိုသည် မိုးနှင့်လေကို အန်တုကာ ရွာလှေဆိပ်ရောက်ရေးအတွက် လှေကို ဇွဲဖြင့် အားသွင်းလှော်ခတ်နေသည်။ မြပုဝါသည် ဖိုးသဲကို ဖက်ထားကာ ပါးစပ်မှ ရသမျှဘုရားစာများ ရွတ်ဆိုနေခဲ့သည်။

လှေကလေးသည် လူးကာလွန့်ကာဖြင့်  ရွာလှေဆိပ်ရောက်တော့မှ မြပုဝါရင်ထဲက အလုံးကြီး ကျ၍သွားတော့၏။  ရွာလှေ ဆိပ်တွင် စိတ်ပူနေသောမိဘများသည် သူတို့သားသမီးများကို စောင့်ကြိုနေလျက်ရှိကြသည်။ သို့သော် မြပုဝါတို့၏မိဘနှစ်ပါး မှာမူ ယာမှပြန်မရောက်သေးသောကြောင့် လာကြိုနိုင်မည်မဟုတ်သည်ကို မြပုဝါသိနေခဲ့ပါသည်။ အကြောက်ကြီးကြောက် နေရှာသော ဖိုးသဲကိုချီကာ လွယ်အိတ်နှစ်လုံးကိုလွယ်လျက် အိမ်သို့ပြန်လာခဲ့သည်။ သည်နေ့အဖို့ ကြောက်စရာအကောင်း ဆုံးအဖြစ်ပျက်တွေနှင့်  ထီးကလေးလည်း ဆုံးရှုံးခဲ့ရသည်။ နောက်နေ့ ဖိုးသဲကျောင်းတက်ပါ့မလားဟု စိုးရိမ်စိတ်ကလေး ဖြင့် မြပုဝါတယောက် ညနေစာထမင်းချက်ရန် မီးကိုစတင်၍ မွှေးလိုက်တော့သည်။

(၄)
''မြပဝါ''

အမေ့ခေါ်သံကြောင့်  မြပုဝါအမေ့ဘက်သို့လှည့်ကြည့်ကာ ပြန်ထူးလိုက်သည်။

''ရှင်. . အမေ''

''ညည်းကိုငါပြောမယ်  ညည်းတို့ကျောင်းတက်နေတာကို ငါစိတ်မချတော့ဘူး၊ အဲ့ဒီတော့ ညည်း တို့ ကျောင်းထွက်လိုက်တော့''

''ဟာ. . အမေကလည်း  သမီးကျောင်းမထွက်ချင်သေးဘူးအမေ၊ ဖြစ်နိုင်ရင် သမီးကျောင်းပြီးတဲ့အထိ တက်ချင်တယ်၊ ကျောင်းပြီးသွားရင်  ဆရာမလုပ်ချင်တယ် အမေ၊ ပြီးတော့ မောင်လေးဖိုးသဲလည်း ကျောင်းတက်ရတာ အရမ်းပျော်နေတာ အမေရဲ့'

''ဖိုးသဲ ပျော်တာ မပျော်တာ အသာထား၊  ညည်းကို ဟိုအရင်ငါပြောထားသလို ရွာထဲက အေးမိတို့နဲ့ယာထဲ ပေါင်းခုတ်လိုက်၊ တစ်ရက် နှစ်ထောင် သုံးထောင်ရတယ်၊ ညည်းအခုလို ကျောင်းတက်နေလို့ ပိုက်ဆံရလို့လား။ ငါတို့အခုလိုနေတာက ပိုက် ဆံဟဲ့ ပညာမဟုတ်ဘူး၊ ညည်း ရေးတတ်ဖတ်တတ်ရင် တော်ပေါ့ ''

အမေဖြစ်သူက သူကျောင်းသွားတာကို စိတ်မချလို့မှမဟုတ်တာ။ သူ့ကို ကျောင်းထွက်စေချင်လို့ စိတ်မချသလို စိုးရိမ်သလို ဟန်ဆောင်ပြောနေတာမှန်း သူမသိပါသည်။ သူကျောင်းထွက်လျှင် မောင်လေးကိုရော အမေက ကျောင်းကထုတ်ဦးမှာလားလို့ မေးမယ်ကြံကာရှိသေးသည်။  အမေ့ပြောစကားကြောင့်  သူအလိုလို ပါးစပ်ပိတ်သွားမိလေသည်။ အမေက…

''ဒီမှာ မြပုဝါ၊ ညည်းမောင်လေး ကျောင်းမှာပျော်နေလည်း ညည်းလိုပဲ ရေးတတ် ဖတ်တတ်ရင် အမေတို့က မထားတော့ဘူး၊ ညည်းက မိန်းကလေးဖြစ်နေလို့၊ ဖိုးသဲသာ ညည်းတို့အရွယ်ရောက်ရင် ကျွဲနွားကျောင်းလို့ရပြီ။ ပြီးတော့ သစ်ဆွဲလိုက်ရင် တစ်နေ့ သုံးလေးထောင် အသာလေးရမှာ၊ ငါတို့က ဖြစ်နိုင်ရင် အခုတောင် ဖိုးသဲကို ညည်းအရွယ်ရောက်စေချင်နေပြီ''

အမေ့စကားကြောင့် မြပုဝါသည် အမေ့မျက်နှာကိုစေ့စေ့ကြည့်လိုက်မိကာ စိတ်ထဲက အမေရယ် ရက်စက်လိုက်တာဟု ပြော နေခဲ့သည်။ အမေက ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် ရင်ဘတ်ထဲက စကားများကို ပွင့်ပွင့်လင်းလင်းပြောနေသည်ဟု သူထင်မိ သည်။ အမေဟာ သားသမီးများကို မွေးကတည်းက တွက်ကိန်းများဖြင့် တွက်ချက်ထားသလိုမျိုးအဖြေကို ထုတ်ပြီးသား ဖြစ်ခဲ့သည်။

(၅)
ဖိုးသဲတယောက် ကျောင်းတက်ရန် အမဖြစ်သူ မပါသောကြောင့် ပထမတွင် ကျောင်းသို့မသွားလိုပေ။ အမေသိလျှင် မသွား ခိုင်းမှာစိုးသောကြောင့် မြပုဝါသည် ဖိုးသဲကို လှေဆိပ်အထိလိုက်ပို့ပေးခဲ့ကာ  လှေထွက်တော့မှ သူမလည်း ယာထဲသို့ ပေါင်း ခုတ်ရန်သွားခဲ့သည်။ နောက်ပိုင်းတွင် ဖိုးသဲသည် အပေါင်းအဖော် ကျောင်းသားကျောင်းသူများနှင့် ရင်းနှီးကာ အိမ်မှ လှေ ဆိပ်သို့ သွားလာတတ်သွားသည်။

ယခုအခါ မြပုဝါကျောင်းမတက်သည်မှာ  ဆယ်ရက်ခန့်ပင် ရှိခဲ့ပြီဖြစ်သည်။ ဆရာလေးက မြပုဝါ ကျောင်းမတက်၍ သူ့သူငယ် ချင်းဝါဝါကိုမေးကြောင်း ဝါဝါက သူ့ကို ပြန်ပြောခဲ့သည်။ ဝါဝါက မြပုဝါ ကျောင်းထွက်လိုက်ကြောင်း ဆရာလေးကိုပြော လိုက်တော့ ဆရာလေးသည် ထိုနေ့ညနေတွင် မြပုဝါ အိမ်သို့ရောက်လာခဲ့သည်။ မြပုဝါ၏မိဘများနှင့် ဆွေးနွေးသော်လည်း အခြေအနေက ထူးမလာသောကြောင့် ဆရာလေးလည်း ပြန်သွားခဲ့သည်။ မြပုဝါသည် ဆရာလေးကိုတွေ့လျှင် မျက်နှာပူ၍ လမ်းတွင် မတွေ့ဖြစ်အောင် ရှောင်နေခဲ့၏။

တနေ့တွင် မြပုဝါသည် ပေါင်းခုတ်ရန် တဖက်ကမ်းတွင်ရှိသော ယာထဲသို့အသွား ဆရာလေးနှင့် လမ်းတွင်ဆုံသည်။ ဆရာ လေးမမြင်အောင်  သူခေါင်းငုံ့ထားသော်လည်း….

''မြပုဝါ  ဘယ်သွားမလို့လဲ''

ဆရာလေးကမေးတော့ ခေါင်းကို ပြန်မော့ကာ…

''သမီး ပေါင်းခုတ်သွားတာပါဆရာ ''

''အေးကွာ မင်းက ကျောင်းစာကိုစိတ်ဝင်စားပေမယ့်  မိဘတွေက စားဝတ်နေရေးအကြောင်းပြတော့လည်း ကျောင်းမတက်တဲ့ ကိစ္စကို ဆရာကပဲ အရှုံးပေးလိုက်ရပါတယ်''

''ဟုတ်ဆရာ၊ သမီးက ကျောင်းတက်ချင်ပါတယ်၊  အမေ့ကို တောင်းပန်ပြီး ပြောပါသေးတယ်၊ အမေက မရဘူးဆရာ  အဓိက လိုအပ်နေတာ ပိုက်ဆံပဲတဲ့''

ဆရာနှင့်စကားပြောနေရင်းပင်  ဝမ်းနည်းလာသလိုခံစားရ၍ ဆရာ့ရှေ့တွင် ဟန်မဆောင်နိုင်တော့ဘဲ မြပုဝါငိုချလိုက်သည်။  ဆရာက မငိုပါနဲ့ဟု ချော့ပြောကာမှ ပို၍ ငိုချင်လာသည်။ ထို့ကြောင့် ဆရာ့ကိုနှုတ်ဆက်ပြီး ယာထဲသို့ အပြေးကလေးလျှောက် လာ ခဲ့သည်။

ညနေ အလုပ်ပြီး၍အိမ်ပြန်လာတော့ လမ်းတွင် ဖိုးသဲနှင့်ဆုံသည်။ ဖိုးသဲနှင့်အတူ လှေဆိပ်သို့ဆင်းကာ  လှေအတူတူစီး၍  အိမ်သို့ပြန်လာခဲ့သည်။ လှေပေါ်တွင် ဖိုးသဲက သူနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း သူမကို စကားများပြောနေသည်။ ဖိုးသဲ က…

''မမ၊  သားလေကြီးလာရင် အိမ်ဆောက်တဲ့အလုပ်ကို  တတ်အောင်လုပ်မယ်  အခု သားတို့ အိမ်ကမကောင်းဘူးလေ၊ မိုးရွာ ရင်  ခေါင်ကလည်း မိုးယိုသေးတယ်၊ ဒီနေ့သားတို့အတန်းမှာ ဆရာမက အတုံးလေးတွေကိုစီခိုင်းလို့ သားက အိမ်ပုံစံလေး ဆောက်ခဲ့တယ် မမ၊ ဆရာမက သားကြီးလာရင် အင်ဂျင်နီယာကြီး ဖြစ်မယ်လို့ပြောတယ်''

ဖိုးသဲပြောသောစကားများကို မြပုဝါသည် ကြားတချက်မကြားတချက်ဖြင့်  ဝဲနေသောမျက်ရည်များကြားမှ ဖိုးသဲကို ငေးကြည့် နေမိသည်။ ပြီးတော့ ဖိုးသဲက…

''သားလေ  မမလိုမျိုး ကျောင်းမတက်ဘဲ မနေချင်ဘူးဗျ''

ဖိုးသဲက  ကျောင်းတက်ချင်ပေမယ့်  အမေက ခွင့်ပြုမည်မဟုတ်မှန်း မြပုဝါ သိနေပါသည်။ အမေသည် ဖိုးသဲကို အခုကတည်း က မျှော်မှန်းကာ အားကိုးနေသည်မဟုတ်ပါလား။ ဖိုးသဲ တစ်ရက် ဘယ်လောက်ရမည်ဆိုတာ အမေ့ဦးနှောက်ထဲတွင် အစီ အစဉ်တကျ  တွက်ချက်ပြီးသား။

မြပုဝါသည်  ဖိုးသဲကို  ရင်ခွင်ထဲဆွဲ၍ ဖက်ထားလိုက်ပြီး မျက်ရည်များ တလိမ့်လိမ့်ကျလာခဲ့သည်။ မျက်ရည်ကျရုံကလွဲ၍ဘာများတတ်နိုင်ဦးမည်နည်း။

ဖိုးသဲ သူ့အရွယ်လောက်ရောက်ခဲ့လျှင်  အမေစိတ်ပြောင်းသွားပါစေဟုသာ စိတ်ထဲက ထပ် တလဲလဲ ဆုတောင်းနေမိပါလေ တော့သည်။

အလွမ်းသစ် (တောင်ကုတ်)