ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ငြိမ်းချမ်းအေး ● အပြောင်းအလဲဟာ စာသင်ခန်းက စရပါမယ် (၂)


ငြိမ်းချမ်းအေး ● အပြောင်းအလဲဟာ စာသင်ခန်းက စရပါမယ် (၂)
(Education Digest / The Ladies News / မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၆

“အပြောင်းအလဲဟာ စာသင်ခန်းက စရပါမယ်” ပထမ အပုဒ်မှာ ပညာရေးစနစ်၊ ပြဋ္ဌာန်းစာနဲ့ ကျောင်းစာသင်ခန်းတွေဟာ နီုင်ငံရေး၊ လူမျိုးစု တိုင်းရင်းသားရေးရာ၊ စစ်ဝါဒ၊ ကျား-မ လူမှု ရေးရာများကို ကြီးကြီးမားမား သက်ရောက်မှု ရှိနေပြီး တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပညာရေး ပြောင်းလဲမှု အရေးကြီးကြောင်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။  စာဖတ်သူများရဲ့ အပြုသဘောတုံ့ပြန်မှုနဲ့ ပြန်လည် ဆွေးနွေးမှုများလည်း ရခဲ့ပါတယ်။   Education Digest က အောက်တိုဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “၂၁ ရာစု ပင်လုံ အလွန် မြန်မာ့ပညာရေးကို ဆွေးနွေးခြင်း” စကားဝိုင်းမှာလည်း ဦးဆောင်ဆွေးနွေးသူ ပညာရှင်တွေက  ဆောင်းပါးပါ အကြောင်းအရာထဲက တချို့ကို ဆွေးနွေးခဲ့ကြလို့ ဝမ်းသာကျေးဇူးတင်ရပါတယ်။  အမှန်တကယ် အပြောင်းအလဲ တွေ ဖြစ်ပေါ်လာစေဖို့ မူဝါဒ  ချမှတ်နိုင်သူ ဆုံးဖြတ်နိုင်စွမ်း ရှိသူများ ပါတဲ့ နိုင်ငံတော်အဆင့် ပညာရေး ဆွေးနွေးမှုတွေ ရှေ့မှာ မြင်ရဖို့ မျှော်လင့်မိပါတယ်။

အခု ဆောင်းပါးမှာတော့ ကျောင်းပညာရေးကနေ စာဖတ်ခြင်း ဓလေ့ မွေးမြူပေးဖို့နဲ့ စာသင်ခန်းယဉ်ကျေးမှု ပြောင်းလဲဖို့ ဆွေးနွေးချင်ပါတယ်။

■ ပညာရေးနဲ့ စာဖတ်ခြင်း
ကျနော် သိပ်မကြာခင်တုန်းက စာရေးဆရာ၊ မြန်မာစာ ဆရာ တချို့နဲ့ စာပေ  စကားဝိုင်း တခု ပြုလုပ်ခဲ့ပါတယ်။  အဲ့ဒီမှာ ယနေ့ခေတ် လူတွေ စာမဖတ်ကြတော့ဘူးလား၊ ဒါမှမဟုတ် ပုံနှိပ်စာအုပ် ပုံသဏ္ဌာန် မဟုတ်ဘဲ ခေတ်နည်းပညာ အခြား နည်းလမ်းများနဲ့ စာပေကို သွယ်ဝိုက်သောနည်းနဲ့ လေ့လာနေကြသလားဆိုတဲ့ မေးခွန်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။  တကယ်တော့ Digital Platform အွန်လိုင်းအသုံးချ ပစ္စည်းများနဲ့ ခေတ်သစ်မှာ ပြောင်းလဲတဲ့ ပုံစံနဲ့ စာဖတ်လာကြတယ် ဆိုတာ အပြည့်အဝ မှန်တယ် မဆိုနိုင်ပါဘူး။  ရသစာပေမွေ့လျော်သူတွေ အပါအဝင် သူသူ ကိုယ်ကိုယ် ဟာ အွန်လိုင်းမှာ စိတ္တ အာဟာရ ရသ ဆိုတာတွေထက် အချက်အလက်နဲ့ သတင်းကို အခြေခံ စားသုံးကြတာ များပါတယ်။  စာဖတ်နည်းလာခြင်း၊ အထူးသဖြင့် ရသစာပေ ခံစားမှု လျော့လာခြင်းမှာ ဖန်တီးသူများရဲ့ အရည်အသွေး၊ စားသုံးသူများရဲ့ လူမှု-စီးပွား နောက်ခံ၊ အချိန် ရှားပါး လျှင်လျှင်မြန်မြန် လှုပ်ရှား သွားလာ ရုန်းကန် နေရတဲ့ ခေတ်သစ် လူမှု ဘဝများ၊ မျက်မှောက် ဈေးကွက် အခြေအနေ၊ ဖြန့်ချိရေး ပြဿနာ အစုံစုံ ရှိပါတယ်။

စာပေဆွေးနွေးပွဲမှာလည်း ဆိုခဲ့တဲ့ အကြောင်းအရာတွေ အခြေခံ ဆွေးနွေးခဲ့ကြသလို ဦးဆောင် ဆွေးနွေးသူ တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ မြန်မာစာ ဆရာမလည်း ဖြစ်၊ ရသစာရေးဆရာမလည်း ဖြစ်သူ ဆရာမ မေငြိမ်းက အမေရိကားမှာ ကလေးတွေ ရသ၊ သုတစာအုပ်တွေဖတ်ခိုင်းပြီး စာအုပ်ဝေဖန်သုံးသပ်ချက် စာတမ်းပြန်ရေးခိုင်းပုံနဲ့ စာကြည့်တိုက်ကို အသုံးချတတ်အောင် စနစ်တကျ စီမံထားတဲ့ စနစ် အကြောင်းကို ထည့်သွင်း ပြောပြပြီး ဒါမျိုးတွေ အတုယူသင့်တယ်လို့ ထောက်ပြပါတယ်။

ကျနော်တို့ဆီက ပုဂ္ဂလိကကျောင်းတွေမှာလည်း မြန်မာစာ စာပေကို အခြေခံပြီး လေ့လာတာမျိုး မဟုတ်ပေမယ့် စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ပေးတာတွေ ရှိပါတယ်။  အစိုးရကျောင်းတွေမှာလည်း အများစုမှာ စာအုပ် စာတမ်းနဲ့ အခြား အွန်လိုင်း အင်တာနက်လို ပညာရေးအထောက်အကူ ပစ္စည်းတွေ ပြည့်စုံမှု မရှိပေမယ့် ကျောင်းတိုင်းလိုလိုမှာ စာကြည့်တိုက်တွေ  (အဖြစ်သဘောဆိုစေဦး) ရှိကြပါတယ်။  အထိုက်အလျောက်လည်း စာသင်ကလေးငယ်တွေ စာကြည့်တိုက်ကို စိတ်ဝင်းစားမှု ရှိကြပါတယ်။

ကျနော်က “ပညာရေးနဲ့စာဖတ်ခြင်း”  ခေါင်းစဉ်မှာ နောက်ခံ လူမှု-စီးပွား ချို့တဲ့မှုနဲ့ နိုင်ငံရေးရာ ပြဿနာတွေကို အဓိက အသားပေး ထောက်မပြလိုပါဘူး။  ပြဋ္ဌာန်းစာအုပ်၊ စာသင်ကြားပုံစနစ်နဲ့ စာသင်ခန်း ယဉ်ကျေးမှု ပြောင်းလဲဖို့ကိုပဲ တင်ပြချင်ပါတယ်။  ရုပ်ဝတ္ထုပစ္စည်း ပံ့ပိုးမှုက လုပ်ရတာလွယ်ပါတယ်။  အခု လုပ် အခု ဖြစ်ပါတယ်။  ခက်တာက စာဖတ်လိုစိတ် ဖြစ်အောင် နှိုးဆွပေးဖို့နဲ့ ကလေးတွေကို ပြန်လည် ဆွေးနွေး မေးခွန်းထုတ်ခွင့် လမ်းဖွင့်ပေးရမယ့် စာသင်ကြားမှု စနစ်နဲ့ ယဉ်ကျေးမှု ဆောက်တည်ဖို့ပါပဲ။

ပြဋ္ဌာန်းစာအုပ်က ဖတ်စာတွေဟာ ယနေ့ခေတ် ကလေးတွေ၊ လူငယ်တွေကို စာဖတ်ချင်စိတ် ဖြစ်စေအောင် အမြဲတမ်း အသစ်-အသစ်တွေ ထည့်သွင်းနေရပါမယ်။  ကိုယ့်ခေတ်နဲ့ အလှမ်းဝေးတဲ့ စာပေ အရေးအသားနဲ့ အကြောင်းအရာ တွေကို ဘယ် ကလေးမှ အစမှာ စိတ်ဝင်စားမှာ မဟုတ်ပါ။  ပထမအဆင့် ပြဋ္ဌာန်းစာ မှာ ရင်းနှီးပြီး ခေတ်ပြိုင် အကြောင်းအရာများနဲ့ စာပေပုံစံများကို အလွယ်သဘော မိတ်ဆက်ပြီး ကလေးတွေကို စာဖတ်လိုစိတ်၊ စာကြည့်တိုက်တွေကို ကိုယ့်ဘာသာကိုယ် သွားရောက် ရှာဖွေ ဖတ်ရှု စူးစမ်းလိုတဲ့ အကျင့်တွေကို ပျိုးထောင်ပေးရပါမယ်။

ပိုပြီး အရေးကြီးပြီး အဓိက ကျတဲ့ အပြင် ပြုပြင်ဖို့လည်း ခက်ခဲနိုင်တဲ့ အချက်ကတော့ ကလေးတွေကို မေးခွန်းထုတ်ဖို့၊ ပြန်လည်ဆွေးနွေး ငြင်းခုံ ခွင့်ပေးဖို့ လွတ်လပ်မှု အခြေခံ ကျောင်းသား ဗဟိုပြု စာသင်ခန်း ယဉ်ကျေးမှု တည်ဆောင်နိုင်ဖို့ပါပဲ။  စာသင်ခန်းက ဆရာ-တပည့် ဆက်ဆံရေးဟာ အမြဲတမ်း အပြန်အလှန် ဖြစ်ရပါမယ်။  ဆရာ ပြောတာ နားထောင်၊ လိုက်ကူး၊ လိုက်ရေး ချည်း သက်သက် မဖြစ်စေရပါဘူး။

ဒါပေမယ့် လက်ရှိ စာသင်ခန်းတွေမှာကော၊ အတိတ်က ကျနော်ကိုယ်တိုင် ကျောင်းသား တဦး အနေနဲ့ ဖြတ်သန်းခဲ့တဲ့ ကျောင်းခန်းတွေမှာပါ ပြန်လည်ဆွေးနွေးခွင့်၊ သမားရိုးကျနဲ့ခွဲထွက်ပြီး မတူညီ ကွဲပြားတဲ့ အမြင်တွေကို တင်ပြခွင့် အင်မတန် အားနည်းနေ၊ အားနည်းခဲ့ပါတယ်။  မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ဘောဂဗေဒ စတဲ့ ဘာသာဗေဒနဲ့ စာပေ၊ ယဉ်ကျေးမှု လူ ပုဂ္ဂိုလ် နိုင်ငံ စီးပွားရေးရာ အကြောင်းတွေ လေ့လာရာမှာ ဆရာ/မ ထုတ်ပေးတဲ့ မှတ်စုတွေကို ကူး၊ ကျက်၊ ပြန်ရွတ်၊ စာမေးပွဲမှာလည်း ၏-သည် မလွဲ ချရေးမှ အတန်းအောင်၊ အမှတ်ကောင်း၊ ဂုဏ်ထူးထွက်တဲ့ ပညာရေး စနစ်ဆိုးကို ပြင်ရမှာ ဖြစ်သလို ကျောင်းသား လူငယ် ကလေးကို စကားပြောခွင့်၊ ထင်မြင်ယူဆချက် ဖော်ထုတ်ခွင့်ပေးတဲ့ ကြောက်ရွံ့မှု ကင်းဝေးတဲ့ စာသင်ခန်း ယဉ်ကျေးမှု ကိုလည်း တည်ဆောက်ပေးနိုင်ဖို့ လိုနေပါတယ်။

■ ပညာရေးနဲ့ စာသင်ခန်း ယဉ်ကျေးမှု
ဒါကြောင့် ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ ပညာရေးဥပဒေ၊ သင်ရိုးညွှန်းတမ်း၊ အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အမှီအခိုကင်း ရပ်တည် နိုင်မှု၊ ပညာရေးအသုံးစရိတ်တွေအပြင်မှာ ယဉ်ကျေးမှုခေါင်းစဉ်အောက်က စံတန်ဖိုးတွေ၊ အစွဲ ဓလေ့တွေကို ရိုက်ချိုးတဲ့ အတွင်း အနှစ် သာရ ပြောင်းလဲတော်လှန်ခြင်းကိုလည်း မျက်မှောက် ပြုရပါမယ်။

ကိုယ့် အမြင် အတွေး ကို ဖွင့်ဟ ခွင့်သာ ရကြမယ် ဆိုရင် ကလေးတိုင်းဟာ ပြဋ္ဌာန်းစာတွေကို ပိုမို စူးစူးနစ်နစ် လေ့လာကြမှာပါ။  ဒါ့အပြင် ကလေးငယ်ဟာ စာသင်ခန်းမှာ၊ ဒါမှမဟုတ် စာမေးပွဲမှာ အကြောင်းအရာတခုနဲ့ ပတ်သက်ပြီး ကိုယ့် အယူအဆ ခိုင်မာကြောင်း သက်သေပြနိုင်ဖို့ရာ ကျောင်းပြဋ္ဌာန်းစာ ပြင်ပကို ထွက်ပြီး စာကြည့်တိုက်မှာ အကိုးအကား ရှာဖွေမှုတွေ သူ့အလိုလို လုပ်လာကြမှာလည်း ဖြစ်ပါတယ်။

Curiosity enhances learning -- စူးစမ်းလိုစိတ်ဟာ လေ့လာသင်ကြားမှုကို ကျယ်ပြန့်စေပါတယ်။  ပြဋ္ဌာန်းစာအုပ်၊ အကြောင်းအရာ၊ သင်ကြားသူနဲ့  စာသင်ခန်း ယဉ်ကျေးမှုကသာ ကျောင်းသူ၊ ကျောင်းသား ကို စူးစမ်းလိုစိတ် နှိုးဆွပေးလိုက်ပါ၊ သင်ယူသူ ကလေးဟာ အလိုလို ရှာဖွေ လေ့လာလာမှာ ဖြစ်သလို၊ မေးခွန်းတွေလည်း အမြောက်အမြား မေးလာမှာ ဖြစ်ပါတယ်။

စာသင်သား လူငယ်ကလေးများရဲ့ အခြေခံလွတ်လပ်ခွင့်ကို စာသင်ခန်းထဲမှာ၊ ကျောင်းဝန်းထဲမှာ အာမ မခံနိုင်ရင် ပညာရေး အကျိုးကျေးဇူးကို တိုင်းပြည်နဲ့မျိုးဆက်သစ်ဟာ အပြည့်အဝ အပေါင်းလက္ခဏာ အပြည့် စံစားနိုင်မှာ မဟုတ်သေးပါ။  ခေတ်မီ အဆင်မြင့် အတတ်ပညာသင်ခွင့်ရသူချင်း အတူတူမှာ အခြေခံ လွတ်လပ်ခွင့် အပြည့်အဝရသူတွေကသာ ကိုယ်ပိုင် တွေးခေါ် လွတ်လွတ်လပ်လပ် ကြံဆ လမ်းသစ်ဖောက်နိုင်ကာ တကိုယ်ရေကနေ လူ့အဖွဲ့အစည်းတခုလုံး၊ ကမ္ဘာကြီးတခုလုံး ပြောင်းလဲအောင်၊ ကြီးပွားအောင် စွမ်းဆောင်နိုင်စွမ်းကြောင်းကို ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံကြီးတွေက ပညာရှင် Genius တွေ အများစုသာ ခေတ်သစ် သိပ္ပံ၊ ဝိဇ္ဇာ၊ အာကာသ နည်းပညာနဲ့ ကွန်ပျူတာအိုင်တီ ကဏ္ဍ တွေ မှာ ဦးဆောင်နေခြင်းက သက်သေပါ။  ဉာဏ်ကြီးရှင် Genius ဖြစ်ဖို့က ပင်ကိုယ်ဗီဇနဲ့ မွေးရာပါ ပါရမီ မဖြစ်မနေ လိုကောင်းလိုနိုင်ပေမယ့်  အဲဒီလို ထူးချွန်သူ အဆင့် ရောက်ဖို့ရာ လွတ်လပ်မှု စံချိန်မီတဲ့ ပတ်ဝန်းကျင် စနစ်ကောင်း တခု ဖန်တီးပေးထားဖို့က အဓိကပိုကျပါတယ်။

ပိတ်ဆို့ထားတဲ့ ရေခံမြေခံမှာ ပညာရပ်ဝန်း မရှင်သန်၊ မစိမ်းလန်းနိုင်ကြောင်း ကျနော် အပါအဝင် ပြီးခဲ့တဲ့ မျိုးဆက်များ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဆိုးက သက်သေပြခဲ့ပြီးပါပြီ။  ဆန်းသစ်တဲ့စိတ်ကူး Innovative နည်းပညာနဲ့ Entrepreneurship ဖြစ် စွန့်ဦးတီထွင်ကြံဆလိုစိတ်ဟာ ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းမှာ မရှင်သန် မထွန်းကား အမြင့်ဆုံး မရောက်ပါဘူး။  ပန်းပင်တွေ ရှင်သန်စေချင်ရင် ပေါင်းသင်၊ ရေလောင်း ရေခံမြေခံကောင်းကောင်းနဲ့ မြေတောင်မြှောက်ပေးဖို့ လိုသလို လွတ်လပ်မှု နေရောင်ခြည် အလင်းဓာတ်ကိုလည်း ပေးရပါတယ်။  ဒါမှ စိမ်းလန်းစိုပြေတဲ့ ပန်းမန်စုံ ဥယျာဉ် ရပါမယ်။

ဒါကြောင့် လူကြီး၊ မိဘ၊ ဆရာ အပါအဝင် ဘယ်သူနဲ့မဆို ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုဝံ့၊ ကိုယ့် အတွေးအမြင်ကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ဝံ့တဲ့ မျိုးဆက်သစ်ကို ကျနော်တို့ စာသင်ခန်းတွေကနေ မွေးထုတ်နိုင်ဖို့ လိုနေပါတယ်။  ကြောက်စိတ်၊ အငုံ့စိတ်ကိုပျောက်ဖို့ရာမှာ ကျောင်းသားဗဟိုပြု စာသင်ကြားစနစ်ဆိုပြီး စကားအရာ ပြောင်းလဲမှု သက်သက်နဲ့ မရပါ။  လက်ရှိ အမြစ်တွယ်နေပြီး ဖြစ်တဲ့ ကျောင်း သား-ဆရာ ဆက်ဆံရေးက အပေါ်ယံ အပိုဆာဒါး ယဉ်ကျေးမှုစံနှုန်း တချို့ကို လျှော့ချပစ်ဖို့ လိုပါတယ်။  ဥပမာ- အလွန်အကျွံ အရိုအသေပြုရတာ၊ အမြဲတမ်း ဟုတ်ကဲ့ မှန်ပါ့ သဘော လုပ်နေရတာ၊ ဆရာမို့ မှားသည့်တိုင်အောင် ပြန်ပြောခွင့် မသာ ဖြစ်နေရတဲ့ အနေအထား စတာတွေပါ။

တင်းကျပ်နေတဲ့ စံတချို့ကို ချိုးဖျက်လာနိုင်ရင် စာသင်ပေးသူနဲ့ သင်ကြားသူ ကြားမှာ ပိုမိုပျော့ပျောင်း စီးဆင်းမှုမြန်တဲ့ ဆက်ဆံရေးပုံစံ ရလာပါမယ်။  မွန်းကျပ်နေတဲ့ စာသင်ခန်းတွေဟာ လွတ်လပ်လာပါမယ်။  တင်းမာအေးစက်နေတဲ့ ဆက်ဆံရေးတွေ နွေးထွေး ပျောင်းနွဲ့ လာမယ်။  စာသင်ခန်းမှာ ဒီလို ယဉ်ကျေးမှု အသစ်တည်ဆောက်နိုင်ရင် ဆရာနဲ့ကျောင်းသားကြား၊ မိဘနဲ့ သားသမီးကြား၊ လူကြီးနဲ့ လူငယ်ကြားက အရံအတားအဆီး တံတိုင်းတွေတောင် ကွာချလာနိုင်ပါမယ်။  အကျိုးဆက် အနေနဲ့ လူမှုရေးရာ ပြဿနာတချို့နဲ့ ၊ စိတ်ကျန်းမာရေးရာပြဿနာတချို့ကို လည်း လျှော့ချလာပါနိုင်မယ်။

ဖိအားပေး၊ အမိန့်ပေးပုံစံ၊ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာပဲလိုချင်ဆိုတတ်တဲ့ တိုင်းပြည်ရဲ့ အရပ်ဘက်မှာပါ အရိုးစွဲနေတဲ့ နှစ်ငါးဆယ်ကျော် ကျင့်သုံးလာခဲ့တဲ့ စစ်တပ်ထုံးတွေကိုကို ပညာရေးစနစ် အထူးသဖြင့် စာသင်ခန်းထဲ မှာ မဖြစ်မနေ ပျောက်စေရပါတော့မယ်။  ငါခိုင်းသလို လုပ်၊ ငါပြောတာနားထောင်၊ ပြန်မပြောနဲ့၊ ငါလုပ်သလို လိုက်မလုပ်နဲ့တွေ ကို အတိတ်ခေတ်ဟောင်း၊ စနစ်ဟောင်းမှာ ထားခဲ့သင့်ပါပြီ။  စာသင်ခန်းဟာ ကြောက်စရာ လန့်စရာ၊ စိတ်တွေ တင်းကျပ် ချုပ်လှောင်ထားရာ “အပိတ်” နေရာ တခု ဘယ်လိုမှာ မဖြစ်သင့်ပါဘူး။  ရင်ဘတ်တွေ ဖွင့် ဦးနှောက်တွေ ပွင့်နေတဲ့ “အပွင့်”  နေရာ ဖြစ်ကို ဖြစ်ရပါမယ်။

ခေါင်းစဉ်နှစ်ခုကို ပြန်ချုပ်ရရင် စာဖတ်ခြင်း ဓလေ့ လေ့ကျင့်ပေးဖို့ ကျောင်းစာသင်ခန်း၊ ပြဋ္ဌာန်းစာက အရေးပါပါတယ်။  စာတွေ အများကြီး ဖတ် လေ့လာ စူးစမ်း စပ်စု မေးခွန်းတွေ အများကြီးမေးစေဖို့ရာကလည်း လွတ်လပ်တဲ့ စာသင်ခန်း ယဉ်ကျေးမှု လိုပါတယ်။  ဆရာ-တပည့်၊ ပေးသူ-ယူသူ၊ သင်ကြားသူ သင်ယူသူ၊ မှာကြားသူ-နာခံသူ တဖက်သတ် ဆက်ဆံရေး မဟုတ်ဘဲ ပညာရပ် တခု ခုကို၊ အကြောင်းအရာတခု ခုကို အပြန်အလှန် ဆွေးနွေးသူ၊ ပူးပေါင်း လေ့လာသူ အဖြစ် ပုံဖော်စေတဲ့ စာသင်ခန်း ယဉ်ကျေးမှု ကျနော်တို့ဆီမှာ အရေးတကြီး လိုအပ်နေပါတယ်။

■ နိဂုံး
ပညာရပ်ဆိုင်ရာ ဆန်းသစ်တွေးခေါ်မှု အသီးအပွင့်တွေ၊ ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန တွေ၊ အနုသုခုမနဲ့ အားကစား ကဏ္ဍပေါင်းစုံ ဝေဆာနေတဲ့ စိတ္တ၊ ကာယ၊ နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက်တိုးတက်ဖြစ်ထွန်းပြီး ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစေဖို့ ကျင့်ကြံအားပေးတဲ့ လွတ်လပ်တဲ့ စာသင်ကျောင်း ပညာ အဝန်းအဝိုင်းမျိုး အသိုင်းအဝန်းမျိုး၊ ပညာရပ်ဝန်းမျိုးပဲ မျိုးဆက်သစ်ကို ရစေချင်ပါတယ်။  ကျနော့် မျိုးဆက် မရခဲ့သမျှ “လွတ်လပ်ခြင်း၊ တရားမျှတခြင်း” လောကပါလတရားတွေ အပြည့်နဲ့ ကျောင်းစာသင်ခန်းတွေကို လက်ရှိနဲ့ အနာဂတ် လူငယ်တွေကို ရရှိ ခံစားစေချင်ပါတယ်။  စာအုပ်တွေများများဖတ်၊ စာကြည့်တိုက်နဲ့ အွန်လိုင်းမှာ အကိုးအကားတွေ များများ ရှာ၊ ဆရာတွေနဲ့ အပြန်အလှန် ဆွေးနွေးငြင်းခုံ တတ်တဲ့ တော်လှန် ပုန်ကန် ဖောက်ထွက် မတူကွဲပြားတဲ့ လူငယ်များရဲ့ အသံသစ်၊ အတွေးသစ်၊ အလုပ်သစ်များနဲ့သာ တိုင်းပြည်အနာဂတ်ကို တည်ဆောက်လိုကြောင်း တာဝန်ရှိသူအပေါင်း စဉ်းစားချင့်ချိန်နိုင်စေဖို့ရာ တင်ပြလိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၁၅၊ ၂၀၁၆
(ဆက်သွယ်ရန်နှင့် ဝေဖန်ရန် - nyeinchanaye81@gmail.com)


မှတ်ချက် -

Education Digest (ပညာပဒေသာ) အပတ်စဉ်ထုတ် ဂျာနယ် အတွဲ-၅၊ အမှတ်-၄၁ တွင် မူလ ပုံနှိပ်ခဲ့ပါသည်။
https://www.facebook.com/TheNewEducationDigestJournal/posts/1114145762003347:0

The Ladies News Journal တွင်လည်း ထပ်မံ ဖော်ပြခဲ့ပါသည်။
http://theladiesnewsjournal.com/articles/tue-2016-10-18-1143/3884

ငြိမ်းချမ်းအေး ● အပြောင်းအလဲဟာ စာသင်ခန်းက စရပါမယ် (၁) ပြန်ဖတ်လိုပါက --
http://moemaka.com/archives/54035
http://blog.moemaka.com/2016/10/blog-post_74.html
https://www.facebook.com/TheNewEducationDigestJournal/posts/1099509546800302:0
http://theladiesnewsjournal.com/articles/mon-2016-10-03-1334/3674