ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လင်းငယ် ● အိမ်အိုကြီးရှင်


လင်းငယ် ● အိမ်အိုကြီးရှင်
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

ကျွန်တော်က အိမ်အိုကြီးရဲ့ပိုင်ရှင်ပေါ့။ အိမ်အိုကြီးဆိုလို့ ရုပ်ရှင်ကားတွေထဲကလို ခြံအကျယ်ကြီးထဲက ဟိန်းနေတဲ့ မည်း မှောင် မှောင်အိမ်ကြီးတလုံးတော့လည်းမဟုတ်ပါဘူး။ တိုက်ခန်းတွဲ အဟောင်ကြီးရဲ့ အခန်းတခန်းမျှသာ ဖြစ်ပါတယ်။ သို့ သော်လည်း လူနေတဲ့နေရာဖြစ်တဲ့အတွက်၊ ကျွန်တော်တို့မိသားစုနေတဲ့ နေရာဖြစ်တဲ့အတွက် အိမ်လို့ပဲခေါ်ပါရစေ။ ပိုင်ရှင် လို့ပြောရတာကလည်း ယာယီနေထိုင်ဖို့ ကာလတိုအငှားနဲ့ အိမ်ငှားအဖြစ်နေထိုင်ရန် ရောက်ရှိနေတာကြောင့် ဖြစ်ပါတယ်။ ပိုင်ရှင်အစစ်ဆီက ခေတ္တပိုင်ဆိုင်ခွင့်ရယူထားတဲ့ ယာယီပိုင်ရှင်ဆိုပါတော့။

ဒီအိမ်ကို စရောက်ရောက်ချင်း နေလို့ထိုင်လို့ဖြစ်အောင် မနည်းပြုပြင်ယူရပါတယ်။ အိမ်ကြီးဆောက်ခဲ့တာက ပြည်တော်သာ စီမံကိန်းခေတ်ကဆိုတော့ တော်တော်ကို ကြာခဲ့ပါပြီ။ အစဉ်အဆက်နေခဲ့ကြတဲ့ ရှေ့ကလူ တွေလည်း နေဖို့သာအားသန်ခဲ့ကြပြီး မပြုမပြင်ဘဲ ဖြစ်သလိုဖြတ်သန်းခဲ့တယ်ဆိုတာ အိမ်ရဲ့ပကတိအခြေအနေကို တချက်ကြည့်လိုက်ရုံနဲ့ သိသာတဲ့အသွင်မျိုးပါ။ ကြမ်းခင်းတွေကလည်း ပေါက်ပြဲ၊ နံရံတွေမှာလည်း ကျည်ဆံရာတွေလို သံမှိုရိုက်ခံထားတဲ့ဒဏ်ရာတွေဗလပွ၊ အထက်က မျက်နှာကျက်ဆိုတာကတော့ အရောင် မရှိအဆင်းမရှိ ကျပ်ခိုးစွဲကာ မည်းမှောင်ညစ်ပေနေပါတယ်။ ပြတင်းပေါက်တွေက လည်း ဖွင့်ရတာရော မရတာရော အစုံ။ အိပ်ခန်းထောင့်မှာ ထုနဲ့ထည်နဲ့ရှိနေတဲ့ ခြအုံကြီးကလည်း စားလို့ဝါးလို့ ကောင်းခဲ့ပုံပဲ။ အရင်ဆုံး ခြအုံကြီးကို အပြောင်ရှင်းရပါတယ်။ ဒါပေမဲ့လည်း ပြတင်းကြား၊ အကြိုအကြားမှာတော့ ခြတွေက ခေါင်းပြူ ကြည့် နေကြဆဲပါ။ ကြမ်းခင်တွေကို ဈေးပေါပေါပန်းရံဆရာခေါ်ပြီး ဖာထေးရပါတယ်။ တခါတည်း ပန်းရံဆရာကိုပဲ နံရံက သံမှို အဟောင်းတွေနုတ်ပစ်ကာ အင်္ဂတေဖို့ မိတ်ကပ်လိမ်းစေရပါတယ်။ မျက်နှာကျက်အတွက်တော့ ဆေးလည်းသုတ်တတ်၊ သန့်ရှင်းရေးလည်းလုပ်နိုင်တဲ့လူတယောက်ငှားပြီး သန့်စေစေကာ ဈေးပေါပေါ ဆေးခပ်ပါးပါး သုတ်စေရပြန်ပါတယ်။ အရာရာတိုင်းထွာရတဲ့အခိုက်အတန့်မှာ ဆင်ဖိုးထက် ချွန်းဖိုးကြီးမှာလည်း စိုးထိတ်ရပါသေးတယ်။ ဒါတွေကို အိမ်ရှင်ကိုသွားပြော တော့ ငှားတုန်းက မျက်မြင်ငှားခဲ့တာ မကြိုက်ရင် မနေနဲ့တဲ့။ ကိုယ်ကလည်း တခြားရွေးစရာနေရာမရှိတော့ သည်းခံလော့ ဆုံးမရပြန်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့အိမ်လေးဟာ နည်းနည်းတော့ နေချင်စဖွယ်ဖြစ်လာပါတယ်။ မကြာခင်ကာလမှာ အိမ်ရဲ့ဆည်းလည်းသံလေးတွေလည်း ရောက်လာကြာတော့ တကယ့်ကို သုခရိပ်မြုံလေးလို့ စိတ်ကထင်လာမိပါတယ်။ အိမ်ရှေ့တံခါးပေါ်မှာလည်း “အေးရိပ်ငြိမ်” ဆိုတဲ့ ဆိုင်းပုဒ်လေးကို လက်ရေးလေးနဲ့ ကိုယ်တိုင်ဖန်တီးချိတ်ဆွဲထားလိုက် တော့ ပြီးပြည့်စုံသွားတယ်လို့တောင် မြင်မိသွားပါတယ်။

ဒါပေမဲ့လည်း ဇရာဟာ ဖုံးထားလို့မရပါဘူး။ ဟောင်းနွမ်းခြင်းကို လိမ်လည်လို့မရပါဘူး။ အဟောင်းဟာ ဆေးသုတ်လိုက်ရုံ အသစ်ဖြစ်မသွားပါဘူး။

အချိန်ကာလ နည်းနည်းကြာတဲ့အခါ ရှင်းလင်းသွားခဲ့ပြီထင်ရတဲ့ခြတွေက ပြန်သောင်းကျန်းလာတာ စာအုပ်စင်ထဲအထိ ရောက်နေပါပြီ။ ကိုယ့်ဘာသာ ထင်တလုံးနဲ့ ဟုတ်နေပြီထင်ခဲ့တာ ခြစားထားတဲ့စာအုပ်တွေ မနည်းမနော ထပ်မံဆုံးရှုံးလိုက် ရပြန်ပါတယ်။ အိမ်ထဲက ခြတွေကိုနိုင်အောင် မနှိမ်နိုင်သေးခင် နဂိုကမှ ယိုင်နဲ့နဲ့ခြံစည်းရိုးကလည်း တဖြည်းဖြည်းပြိုပျက် လာကာ ခွေးတိုး ကြောင်ဝင် ဖြစ်လာပါတယ်။ ခေတ်ကာလအခြေအနေအရ စိတ်တွေ မလုံခြုံနေရသည့်အထဲ ရုပ်ပိုင်းဆိုင် ရာကလည်း ကြံခိုင်မှုမကောင်းနေလို့ မဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ခြံစည်းရိုးလေးရှိသေးတဲ့အတွက် ဒုစရိုက်သမားတွေတော့ နည်းနည်း ဟန့်သေးတာပေါ့။ ဒါနဲ့ ရှိစုမဲ့စုလေးနဲ့ ခြံစည်းရိုးလေးကို ဝါးလေးတွေနဲ့ယက်စေကာ ကာဖို့ပြင်ရပြန်ပါတယ်။ ခြံ စည်းရိုး ကောင်းသွားမယ်လုပ်ပြန်တော့ ပင်မတံခါးပေါက်ကြီးက အချပ်လိုက် ပြုတ်ထွက်သွားပါတယ်။ အဲသည်တော့မှ တော်တော်ကို လန့်ဖျပ်မိသွားရပါတယ်။ ခေတ်အဆက်ဆက် အားကိုးတကြီး သော့ခလောက်ကြီး တရမ်းရမ်းခတ်ခဲ့ရတဲ့ တံ ခါးမကြီးကိုယ်တိုင်က မခိုင်ပါလား။ မလုံပါလား။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် လုံခြုံသည်အထင်နှင့် နေခဲ့မိသည့်ကာလတွေကို ပြန်လည် ဘုရားတ အံသြရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် လုံခြုံတယ်ထင်ပြီး နေရတာလည်း (သူ့ဘာသာ လုံခြုံမှု ရှိရှိ မရှိရှိ) စိတ်တော့အေးနေတာပဲ။ ကံကောင်းလို့ ဘာမှမဖြစ်ခဲ့လို့သာပေါ့။

ဒီတော့လည်း တံခါးမကြီးကိုလည်း အသစ်ပြင်ရမလား၊ အဟောင်းကိုပဲ ခဏသုံးလို့ရအောင် လုပ်ရမလား စောကြောဝေဖန်၊ ကြံဖန်ရပြန်ပါတယ်။ နောက်ဆုံးတော့ သုံးလို့ရအောင်သာ ပြန် ပြင်ဖြစ်လိုက်ပါတယ်။ အေးလေ ငါနေရမှာက အချိန်ကာလ တခုပဲ။ နည်းနည်းတော့လည်း နောက်လာမယ့်လူအတွက် အားနာမိ တာပေါ့။ ခက်တာက ကိုယ့်မှာလည်း ကိုယ့်ဝမ်းနာနဲ့ကိုယ်။
အိမ်ဟောင်းကြီးဟာ အကောင်းဆိုတာ ဘာမှမရှိတော့ဘူး ထင်ရလောက်အောင် သဲသောင်တွေ ရေမှာ ပြိုကျပျက်စီးသလို တအိအိတိုက်စားနေတယ်။ နောက်တစ်လနှစ်လအကြာ မိုးတွေ ရွာလာပါပြီ။ မိုးဦးရဲ့ ထုံးစံအတိုင်း လေလည်း ပါလာပါတယ်။ ကိုယ်ရောက်နေတဲ့ဒေသကလည်း မိုးများသော၊ လေထန်သော ရာသီ ဥတုနှင့်။

မိုးသည်းတဲ့ညတွေမှာဆို အိမ်ခေါင်းမိုးက ဂီတသံတွေ တဖြောက်ဖြောက်ကျနေတာ နားဆင်ရင်း၊ မိသားစုလိုက် ရေခံပွဲများ ပျော်ပျော်ပါးပါး ကျင်းပရပြန်တယ်။ အညာက အဘိုးရဲ့ဆုံးမစကားကိုသာ ပြေးမြင်ကြား ယောင်မိရင်း နောင်တရသလိုလို၊ အားငယ်စိတ်ပျက်ရသလို ဖြစ်ရပြန်တာပေါ့။ မိုးနည်းလွန်းသည့် အညာ ဒေသမှာက မိုးမဝင်ခင်ကတည်းကတိုင် အိမ်ခေါင်မိုး ပြင်တန်ပြင်ကြရတာ။ ကိုယ်ကတော့ မိုးတွင်းလယ် ကြီးရောက်မှ အိမ်ခေါင်ပြင်ဖို့ လုံးပမ်းရပြန်ပေါ့။ ဆိုးလိုက်သည့်ဘဝ။ ခေါင်းမလုံတဲ့ အိမ်အိုကြီးထဲမှာ ဖြစ်သလို ပေကပ်နေတာထက်စာရင် ဒုက္ခဆင်းရဲခံပြီး အခေါင်အသစ်လဲရတာကမှ တော်ပေ ဦးမယ်။ အခေါင်မလုံတဲ့အိမ် ကြမ်းဆွေးတယ်လို့ ဆိုကြတာကိုး။ ကြမ်းဆွေးရင်တော့ အကုန် ဆွေးတော့တာပဲလေ။

အခေါင်လုံသွားပြန်တော့ မာနလေးက နည်းနည်း ပြန်တက်လာပြန်ပါတယ်။ ကြိုက်တဲ့ လေတွေ မိုးတွေ လာစမ်း။ ငါ့အိမ်လေး က ခံနိုင်ရည်ရှိပြီးသား။ အနည်းဆုံး ဒီတမိုး ဒီတလေတော့ ကြံ့ကြံ့ခံနိုင်နေပြီ။ ဘေးနားကအိမ်တွေနဲ့ပင် စိတ်ထဲက မသိမသာ ပြိုင်မိနေသေး။ မင်းတို့အိမ်ရှင်တွေက သူဌေးတွေ ဖြစ်နေလို့ပါကွာ။ ငါတို့က ဆင်းရဲပေမယ့် အခေါင်းအသစ်ရပြီဆိုတော့ နောက်နောင် ကောင်းဖို့ပဲရှိတော့တာ။ ဒီလိုနဲ့ ကြာရှည်လှသော၊ ကြမ်းတမ်းသောမိုးရာသီကို အံတုဖြတ်သန်းလာခဲ့တာ ရာ သီပင်ကြည်လို့ မိုးကုန်ခါနီးပါပြီ။ နေလင်းလာသောနေ့များမှာတော့ အိမ်ကလေးကိုမွမ်းမံဖို့ သတိရပြန်တယ်။ မကြာမီ ပွင့် လင်းရာသီ ပွဲဆက်တွေလာဦးမည်ကိုး။ ကိုယ့်အိမ်ရှေ့ကွင်းပြင်မှာ ဒီဇင်ဘာညတွေကိုလည်း လရောင်နဲ့ နှင်းနဲ့ မိတ်ဆွေ များနဲ့ ဖြတ်သန်းချင်သေးသည်ကိုး။

ဒီတော့မှ တစခန်းထတာက စတိုခန်းပုံစံတခြမ်းပါသည့် အိမ်ရှေ့ကအဖီက ယိုင်နဲ့နဲ့ဖြစ်နေတာနှင့် ဟိုခေါက် သည်ခေါက် လုပ်ကြည့်လိုက်တော့ အို ဘုရား ဘုရား များလိုက်တဲ့ခြတွေ။ ဘယ်အချိန်ကရောက်ပြီး ပယ်ပယ်နယ်နယ် ပွဲတော်တည်နေကြ သည်မသိ။ မိုးတတွင်းလုံး ရာသီဥတုက သူတို့သဘောကျလေးဆိုတော့ စားကောင်းကောင်း စားနေခဲ့ကြပုံပဲ။ အိမ်ထဲကနေ ထွက်သွားပြီထင်တဲ့ခြတွေက အိမ်ရဲ့အဖျားအနားမှာ သွားစုကာ ဒုက္ခပေးနေခဲ့သည်ပဲ။ တိုင်တွေပင် အောက်ခြေပင် လွတ်သ လိုလိုဖြစ်နေပြီ။ ဘယ်လိုလုပ်ရပါ့။ ဒီအဖီလေးရှိနေလို့သာ အဝတ်လှမ်း၊ နေ့ခင်ဘက်ထိုင်စရာလေးရနေတာ။ ဖြိုချလိုက် ရင်လည်း ပြန်ဆောက် နိုင်ဖို့ကမလွယ်။ ဘယ်လိုလုပ်ရပါ့။ ဒီအိမ်အိုကြီးပဲ ဖြိုချပစ်ချင်စိတ်ပေါက်လာမိပြန်တယ်။ ဒီတခု ပြုလိုက် ပြင်လိုက်ပြန်ရင် နောက်ထပ် ဘယ်နားက ချို့ယွင်းလာဦးမှာပါလိမ့်။ စိုးရိမ်စိတ်က တော်တော်ကို ကြီးလာပြန်ရော။
ငါတို့အိပ်နေတဲ့အချိန်ကြီး ငလျင်တွေဘာတွေများ လှုပ်လိုက်ရင်တော့ ဘုရား ဘုရား မတွေးရဲစရာဘဲ။ ထုတ်တွေ ယောက် တွေကလည်း အမြင်သာ တောင့်တင်းနေသယောင်။ ဒီပုံစံအတိုင်းဆိုရင် အထဲမှာ ဘယ်လောက်များ ခြစားနေပါလိမ့်။ အို မလွယ်ပါလား။ အိမ်အိုကြီးရဲ့ အရှင်ဖြစ်ရတာ။ ကိုယ်ပြုပြင်ချင်သလို ပြု ပြင်စီမံဖို့လည်းမလွယ်။ ဒီနားပြင်တော့ ဟိုနားပျက်။ ဟိုးနာလိုက်ပြင်တော့ တနေရာက ပြို။ ကိုယ်ပိုင်ဆိုင်တာကလည်း တခဏ။ ဒီလိုနဲ့ နေညိုရတော့မှာလား။ အိမ်ကြီးရှင်ရဲ့ဒုက္ခက မသေးပါလား။

ဘယ်သူမှ ဖွင့်မပြောပေမယ့် အိမ်သားတွေရဲ့ ပူညံညံအသံတွေကလည်းအိမ်ကြီးရှင်ကို စိတ်ဖိစီးစေပြန် တယ်။ ဒီလောက်ပြင် နေတာ မကောင်းသေးဘူးလား။ မြန်မြန်ပြင်လိုက်ပါတော့လား။ ဒါလေး ပြင်ရတာ ဘာကြာတာမှတ်လို့။ သူ့တို့လိုချင်သော၊ သူတို့မျှော်လင့်သော သာယာလှပသည့်အိမ်အဖြစ် ဘယ်တော့ရောက်နိုင်မယ်ဆိုတာ သူတို့စိတ်မရှည်ချင်ကြတော့။ ယုံ ကြည်အားကိုးသော အရောင်များဖြင့်တော့ သူတို့မျက်လုံးများက စကားပြောဆဲ။ ဒီအကြည့်တွေနဲ့ပဲ အားကြိုးမာန်တက် ကြိုးစားနေခဲ့ရ။ အိမ်အိုကြီးကို ပြင်နိုင်ဖို့က လမ်းမမြင်သေး။

သူမရဲ့အိမ်။ သူမအမွေဆက်ခံခဲ့ရသည့် လူပေါင်း သန်းငါးဆယ်ကျော်နေထိုင်ရာ အိမ်အိုကြီးကရော။ ဘယ်ပုံဘယ်နည်း ရှိပါလိမ့်။ ကိုယ့်အိမ်လေး လူလေးငါးယောက်စာ အိမ်ကလေးပင်လျှင် ပြင်ရပြုရခက်လွန်းဘိ။ သူ့မ ခဏတာ အိမ်ထောင်ဦး စီးလုပ်ကိုင်ရသည့် နှစ်ခြောက်ဆယ်သက်တမ်းကျော် အိမ်အိုကြီး၊ ခြတွေ ဘယ်လောက်ထိ စားနေပြီလဲ။ ပြတင်းတံခါးတွေ ကလည်း မဖွင့်တာကြာတော့ ဖွင့်ဖို့လွယ်ပါ့မလား။ ရုပ်ပြတင်းတွေရော၊ လူတွေရဲ့စိတ်ပြတင်းတွေရောဟာ အံသေနေခဲ့တာ ကြာနေပြီကိုး။ အရွယ်အိုအဘွားတယောက်ရဲ့ မာန်နှင့် ပြုလို့ပြင်လို့ ရပါ့မလား။ မိတဆိုး ဖတဆိုးနေခဲ့ရတော့ အမေရင်းရဲ့ စကားကိုပင် နားထောင်ကြပါ့မလား။ အားအင်ကြီးမားတဲ့ သားဆိုးများကလည်း တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ယိုင်နဲ့နဲ့အိမ်လေး ပြိုသွားမလား အောက်မေ့ရလောက်အောင် သောင်းကြမ်းနေပြန်သေး။ အနောက်ဘက် ခြံစည်းရိုးကလည်း အပေါက်အပြဲ တွေနှင့် ခွေးလေခွေးလွင့်တွေလည်း ဝင်ရောက်သောင်းကြမ်းကြပြန်ပါတယ်။ ပြောသာပြောရသည် အရှေ့ဘက် ခြံစည်းရိုး ကလည်း ဘယ်တုန်းကမှ မလုံခဲ့လေတော့ အချောင်သမားတွေ အိမ်တွင်းပစ္စည်းတွေ ခိုးထုတ်ရာ ဖြစ်ခဲ့သေးတာ။  သန်းငါး ဆယ်ကျော်သားသမီးများရဲ့ မျက်ဝန်းအိမ်ကလည်း မျှော်လင့်ရလွန်းလို့ အရောင်တွေပင် ပြန့်ပျယ်လုဖြစ်နေပြီ။ သူတို့မျှော် လင့်သည့် ပူဆာသည့်အရာတွေမရတော့ရင် ချက်ချင်းပဲ အမယ်အိုကြီးကို နင်ပဲငဆပြောကာ ဆန့်ကျင်ချင်နေကြသလိုလို။ ကိုယ့်အိမ်အိုလေးတလုံးနဲ့ နပမ်းလုံးနေရတာ၊ အမယ်အိုကြီးနဲ့ယှဉ်ရင် နှိုင်းစရာပင်မမြင်။ ကိုယ့်ဘာသာအိမ်ကြီးရှင်လုပ်နေ ရတာ ရှက်နေမိသေး။ အိမ်ကြီးရှင် အမယ်အိုကို မကူခဲ့မိလေခြင်း။

လင်းငယ်
စာပြီး - ၁၇အောက်တိုဘာ ၂၀၁၆၊ ကျောက်ဖြူ။