မောင်စွမ်းရည် - အရှင်ဇဝန(နိုင်ငံရေးအကျဉ်းသားဟောင်း) ရေးချယ်တဲ့ သံတိုင်ကြားက ရဟန်းတပါး၏ ပန်းချီကားများ


မောင်စွမ်းရည် - အရှင်ဇဝန(နိုင်ငံရေးအကျဉ်းသားဟောင်း) ရေးချယ်တဲ့ သံတိုင်ကြားက ရဟန်းတပါး၏ ပန်းချီကားများ
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၆

ဗြိတိသျှရဲ့လက်အောက် ကျွန်ဘဝ ဗမာနိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ ဘုန်းတော်ကြီးနှစ်ပါးပဲ သမိုင်း ဝင် နာမည်ကျော်ခဲ့ပါတယ်။ ဥိးဝိစာရနဲ့ ဥိးဥတ္တမ တဲ့။ ဗမာပြည်ရဲ့ မြို့တော်ရန်ကုန်မှာ ဦးဝိစာရလမ်းလို့ ဒီနေ့အထိရှိခဲ့ပြီး ဥိးဝိစာရကျောက်တိုင်လဲ ဒီနေ့အထိရှိဆဲပါ။


လွတ်လပ်တဲ့ဗမာပြည်ဘဝဟာ (၁၀)နှစ်လောက်ပဲ သက်တမ်းကြာခဲ့ပြီး စစ်တပ်က အာဏာသိမ်းထားခံရ တယ်။ စစ်ကျွန်ဘဝဟာ တပါးကျွန်ထက် ပြည်သူတွေ နစ်နာခဲ့ကြရတယ်။ ပြည်သူထဲမှာ အပါအဝင်ဖြစ်ပြီး ပြည်သူတွေရဲ့ စားဦးစားဖျား ကပ်လှူခြင်းခံရတဲ့ ရဟန်းသံဃာတော်များဟာ မိဘပြည်သူတွေရဲ့ ဒုက္ခခံစား နေကြရပုံတွေကို သပိတ်ပိုက်ပြီး အိပ်ငိုက်ကြည့်မနေနိုင်ကြရှာဘူး။

ဒါ့ကြောင့် ပြည်သူတွေရဲ့ဘက်က ပါဝင် လှုပ်ရှားလာကြတယ်။ စစ်အစိုးရကို ဘုရားပေးတဲ့ လက်နက်အဖြစ် မေတ္တာသုတ်ကိုရွတ်ဖတ်ပြီးတော်လှန်ခဲ့ကြတယ်။ ပြည်သူတွေနဲ့အတူ ရှစ်လေးလုံးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး နောက် ရဟန်းသံဃာတော် များချည်း ဦးဆောင်ပြီးတော့လည်း သီးခြားလှုပ်ရှားခဲ့ ကြတယ်။ ဗုဒ္ဓဘာသာ စစ်အစိုးရဟာ သူတို့က မိစ္ဆာ္လဒိဌိတွေလို့ တလျှောက်လုံးစွပ်စွဲခဲ့တဲ့ ကွန်မြူနစ်တွေ မလုပ်ရဲ၊ မလုပ်ခဲ့တဲ့ အလုပ်ကို လုပ်ခဲ့တယ်။ မေတ္တသုတ်ရွတ်လာတဲ့ သံဃာတန်းကြီးကို သေနတ်နဲ့ ပစ်ခတ်၊ ဖြိုခွင်းခဲ့တယ်။ သံဃာတော်တွေ သွေးချောင်းစီးခဲ့ရပါတယ်။


စစ်သားတွေဟာ ဘုန်းကြိးကျောင်းလို့ခေါ်တဲ့ မေတ္တာနယ်မြေအတွင်းကို စစ်ဖိနပ်တွေ စီးနင်းပြီး ဘုန်းတော် ကြီးများ ကျိန်းစက်တဲ့ အခန်းတွေထဲထိ ဝင်ရောက် မွှေနှောက်ခဲ့တယ်။ သံဃာတော်တွေကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်။ သင်္ကန်းဆွဲချွတ်ပြီးထောင်ချခဲ့တယ်။ တပါးကျွန်ဘဝမှာ ရဟန်းတော်နှစ်ပါးသာ အဖမ်းခံရ ပေမဲ့ ဗုဒ္ဓဘာသာစစ်အစိုးရလက်ထက်မှာ ရဟန်းတော်အပါး ရာချီ၊ ထောင်ချီ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်။ ကျောင်းသားတွေကို ကျောင်းသားအတုလို့ စွပ်စွဲသလို၊ ရဟန်းသံဃာတွေကိုလည်း အတုတွေလို့ စွပ်စွဲဖမ်းဆီး သတ်ဖြတ်ခဲ့တယ်။ ဖမ်းဆိးသူများကသာ စစ်တပ်တုဖြစ်ခဲ့ပါတယ်။

" ကျောင်းသားအတု၊ ရဟန်းအတုတဲ့ ...
စစ်တပ်အတုက ပစ်ခတ်ရာ ...
ကျည်ဆန်အတု မဟုတ်ပါ" တဲ့။

ကဗျာဆရာတစ်ယောက်က ကဗျာတစ်ပုဒ်ရေးထုတ်ကြေညာခဲ့ဖူးပါတယ်။

အဖမ်းခံရတဲ့ သံဃာတော်များဟာ အနှစ် ၂၀-၃၀ စသည် အကျဉ်းချခံရပြီးနောက် ထောင်က လွတ်တဲ့အခါမှာလဲ ငြိမ်းချမ်းစွာ နေထိုင် သတင်းသုံးလို့မရအောင် အမြဲနှောင့်ယှက်လေ့ရှိပါတယ်။ နောက်ထပ်လှုပ်ရှားအောင်၊ နောက်ထပ်အဖမ်းဆီးခံရအောင် လှုံ့ဆော်နေသလိုပါပဲ၊ ဒီလိုနဲ့ ထောင်ထွက် ဘုန်းကြီးတချို့ဟာ နိုင်ငံခြားတိုင်းပြည်တွေကို စွန့်စားထွက်ပြေး တိမ်းရှောင်နေခဲ့ကြရပါတယ်။

တချို့ဘုန်းတော်ကြီးများဟာအမေရိကန် ပြည်ထောင်စုကို ရောက်လာကြပါတယ်။ အရှင်တို့ရဲ့ အတွေ့အကြုံတွေဟာ ... ဗုဒ္ဓဘာသာဝင် တွေရဲ့လောကမှာသာမက၊ အခြားဘာသာသာသနာ လောကမှာပါ ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံတွေဖြစ်နေပါတယ်။ သတင်းသမားတွေသာမက သာမန်အရပ်သား တွေကလည်း စိတ်ဝင်တစားဖြစ်နေကြပါတယ်။ ဒါ့ကြောင့် ထောင်ထွက် အကျဉ်းသားဟောင်း ရဟန်းသံဃာများကို အရှင်တို့ရဲ့အတွေ့အကြုံတွေ ပြောပြ၊ ဟောပြဖို့ မေးမြန်းကြရင်း စာနဲ့ပေနဲ့ပါ ရေးသားပြောပြပါလို့ တောင်းဆို ပန်ကြားကြပါတယ်။ ဒီလိုနဲ့ စာရေးလေ့မရှိတဲ့ ကိုယ်တော်များပါ ကိုယ်တွေ့အကျဉ်းသားဘဝမှတ်တမ်းတွေကို ဆောင်းပါး အတိုအထွာ အဖြစ် ရေးသားလာကြတာကို စာနယ်ဇင်းတွေမှာ ဖတ်ရှုလာကြပါတယ်။

စာအုပ်အဖြစ်ထုတ်တော့ အင်္ဂလိပ်လိုတောင် ဘာသာပြန်လိုက်ပါသေးတယ်။ ၂၀၁၁-၁၂ လောက်က ထုတ်ခဲ့ပါတယ်။ အရှင်ပညာနန္ဒစီစဉ် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဖမ်းဆီးထောင်ချခံရတဲ့ သံဃာတော်စာရင်းတစ်ခု ပါရှိပါတယ်။ သံဃာအပါး (၂၀ဝ) လောက်ကို နေရပ်ဇာတိ၊ အဘအမည်။ အကျဉ်းသားအမှတ်စဉ် နံပါတ်၊ အကျဉ်းချခံ ရတဲ့ နှစ်ပေါင်း-စသဖြင့် ပါရှိပါတယ်။ ရသလောက်စာရင်းမှာ သံဃာတော်အပါး (၂၀ဝ) ကိုတော့ ကိုလိုနီ ခေတ်က သမိုင်းဝင်  (၂) ပါးနဲ့ နှိုင်းယှဉ်လျှင် အဆ (၁၀ဝ) များပါတယ်။ အာဂ စစ်အစိုးရပါတကား၊ (ပျံလွန်တော်စာရင်းနှင့် ပျောက်ကွယ်စာရင်းမပါ)။

အကျဉ်းချခံရပြီး ဗမာပြည်မှာနေလို့မရလို့ အမေရိကားကိုရောက်ရှိလာတဲ့ ရဟန်းတစ်ပါးကတော့ အရှင်ဇဝန ဖြစ်ပါတယ်။ ယခင်က စိုးမိုးသူ (ဒိုက်ဦး) ကလောင်အမည်နဲ့ ကဗျာရေးဖွဲ့ခဲ့သူဖြစ်ပါတယ်။ ရှစ် လေးလုံးအရေးတော်ပုံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ (မတရားမှုဆန့်ကျင်ရေး) မှာ ဘုရားသားတော်တွေ လည်း တာဝန်ရှိတယ်လို့ ခံယူကြတဲ့အတိုင်း အခြားရဟန်းသံဃာများ နည်းတူ ပြည်သူတွေဘက်က ရပ်တည် ပါဝင်ခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံရဲ့နောက်ဆက်တွဲ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ ပါဝင်ခဲ့လို့  ဖမ်းဆီးထောင်ချခံရပါတယ်။ ၁၉၉၃ နိုဝင်ဘာမှာ ထောင် ၂၉ နှစ်ကျခံစေဖို့ စစ်အာဏာရှင်က အမိန့် ချမှတ် ခဲ့ပါတယ်။

အင်းစိန်၊ သာယာဝတီ၊ တောင်ငူထောင်များမှာ ရွှေ့ပြောင်းထားခဲ့ပြီး (၁၆)နှစ် အကြာ ၂၀ဝ၉ စက်တင်ဘာမှာ ထောင်ကလွတ်ခဲ့ပေမဲ့ နေလို့မရအောင် နှောင့်ယှက်မှုကိုခံရတဲ့အတွက် ပြည်ပကို ထွက်ခဲ့ရာက နောက်ဆုံးအမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့ပါတယ်။

အကျဉ်းထောင်အတွေ့အကြုံ တွေဟာ ကဗျာနဲ့ ရေးဖွဲ့ရုံနဲ့ မလုံလောက်တော့တဲ့အတွက် စကားပြေနဲ့ ပြောင်းလဲရေးသားရပါတယ်။ အမှာစာရေးသူ အကျဉ်းသားဟောင်း စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က အရှင်ဇဝနရဲ့ သံတိုင်နောက်က မှတ်တမ်းကို 'ရွှေပုရပိုက်' လို့ ဂုဏ်ပြု ခေါ်ဝေါ်လိုက်ပါတယ်။ သိကြားမင်းကြီးက မသူတော်တွေကို ခွေးပုရပိုက်နဲ့ မှတ်တမ်းတင်ပြီး အရေးယူလေ့ရှိတယ်လို့ ဆိုရိုးရှိတယ်မဟုတ်လား။ အရှင်ဇဝနကတော့ သံမဏိသူရဲကောင်း၊ သူတော်ကောင်းတွေကို မှတ်တမ်းတင်တဲ့အတွက် 'ရွှေပုရပိုက်' နဲ့ မှတ်တမ်းတင်ပြီး စာစီချယ်ထားတာဖြစ်ပါတယ်။

"ဆရာတော်မှတ်တမ်းတင် ရေးဖွဲ့အပ်သော ဤစာအုပ်ပါ နိုင်ငံရေးအကျဉ်းသားများ၏ ပုံရိပ်မှာ လေးစား အပ်သော ဂုဏ်သရေရှိပုဂ္ဂိုလ်များချည်းဖြစ်ကြောင်း ခံစားနားလည်ခွင့်ရစေသည်ဖြစ်ရာ ..."အာဂနိုင်ငံရေး အကျဉ်းသားများ" ဟု ကျွန်မ ဆိုခဲ့လျှင် စိုးစဉ်းမျှ မလွန်ကဲနိုင်ပါ။ ယုံကြည်ချက်မြဲမြံသူများ၊ စရိုက်လှပသူများ၊ ချစ်ခင်လေးစားအားထားထိုက်သူများ၊ သူတို့တတွေ ရှင်သန်ခဲ့ဖူးပါသည်။ ဂုဏ်သိက္ဂ္ခာ ကြီးစွာရှင်သန်ခဲ့ဖူးပါသည် ..." တဲ့။ စမ်းစမ်းနွဲ့ (သာယာဝတီ)ရဲ့ မှတ်ချက်ပါ။

အမှာစာရေးသူ နောက်တယောက်ကလည်း "သူ့မှတ်တမ်းကို ဖတ်ကြည့်လျှင် အင်းစိန်ထောင်၊ သာယာဝတီထောင်၊ တောင်ငူထောင်တို့မှ ဖိနှိပ်မှုစာရင်းရှည်ကြီးကို ဖတ်ရှုရလိမ့်မည်။ တစ်ပြည်လုံးက ထောင်တွေပါ ထည့်ပေါင်း စာရင်းပြုစုရမယ်ဆိုလျှင်တော့ ဒီစာရင်းက ပေပေါင်းများစွာထပ်မံ ရှည်လျား သွားဦးမည်။ တကယ့်ကို ကမ္ဘာအရပ်ရပ်ကြားလို့မှ မတော် စာရေးသူ၏ ယခုမှတ်တမ်းကို သေသေချာချာ ဖတ်ကြည့်ပါ။ အနစ်နာခံ စွန့်လွှတ်သွားသူများအကြောင်း အနမတဂ္ဂ" ... အောင်မော်ရဲ့အမှာစာပါ။ အောင်မော်က မောင်ခိုင်မာရဲ့ မမုန်းကောင်းသော သုံးကြောင်း ကဗျာလေးတစ်ပုဒ်ကိုလည်း လက်ဆောင် ပါးလိုက်သေးတယ်။

ရှော်ထဲက ထွက်တော့မယ်၊
အဖော်လဲမကွဲစေနဲ့
ချော်လဲ မလဲစေနဲ့။
(မောင်ခိုင်မာ)

အရှင်ဇဝန(နိုင်ငံရေးအကျဉ်းသားဟောင်း)က အရှင် ထောင်သုံးထောင်ကို လှည့်ပတ်နေထိုင်လည်း နိုင်ငံရေးသမားတွေ၊ စာပေသမားတွေနဲ့ အများကြီး တွေ့ဆုံရင်းနှီးခဲ့ရပြီး ဘဝအတွေ့အကြုံသင်ခန်းစာတွေ အများကြီးရခဲ့တဲ့အပြင် သက်ရှိသမိုင်းစာအုပ် သက်ရှိစွယ်စုံကျမ်းကြီးတွေနဲ့ တွေ့ကြုံရင်းနှီးခဲ့ရလို့ စစ်အစိုးရ ရည်ရွယ်သလို တုံးအ၊ နုံချာမသွားခဲ့ဘဲ "သမိုင်းပါရဂူ" ဘွဲ့ "နိုင်ငံရေးပါရဂူ" ဘွဲ့တွေရသလို ဘဝတက္ကသိုလ်က ရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ဒီလိုပြောတာမျိုးကို အာဏာပိုင်တွေက မခံမရပ်နိုင်ဖြစ်ပြီး လူစုခွဲ၊ တိုက်ပိတ်စသဖြင့် ညစ်ပတ်ခဲ့ပါတယ်။ အစားအသောက်အနေအထိုင်ကို လူတန်းစေ့မထား၊ ထောင်ဥပဒေနဲ့ အညီ မကျွေးမွေးမစောင့်ရှောက်ဘဲ ကျန်းမာရေးချို့တဲ့ပြီး အသက်တိုအောင်၊ စိတ်ဓါတ်ကျ အောင် အမျိုးမျိုးနှိပ်စက်ရုံမက ရိုက်နှက်ညဉ်းပန်းတာကိုလည်း ကိုယ်ထိလက်ရောက် လုပ်ခဲ့ကြပါတယ်။

ကဗျာဆရာတစ်ယောက်ကိုဆိုလျှင် ဝမ်းဗိုက်၊ ရင်ဘတ်၊ ဦးခေါင်းတို့ကို ရိုက်နှက်ရုံမက ငယ်ပါကိုရိုက်သေး တယ်လို့ဆိုပါတယ်။ ထောင်က လွတ်ရက်စေ့ပြီးလို့ပြောပြီး အကြိမ်ကြိမ် လိမ်ညာ နောက်ပုဒ်မတစ်ခုနဲ့ ထပ်ဖမ်း စသဖြင့် ကလိမ်ကကျစ် ရုပ်ရော နာမ်ပါ ညှဉ်းဆဲနည်းစုံအောင် ညှဉ်းဆဲခဲ့ကြပါတယ်။

ဦးဝင်းတင်ကစ ကြည်တင်ဦးအဆုံး အားလုံး ...  အရှင်ဇဝနဆုံခဲ့ရသူတွေက နိုင်ငံကျော် ကျောင်းသားခေါင်းဆောင်တွေ၊ စာရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ မြို့မ ဦးတင်အေးဆိုတာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂဟောင်း ဥက္ကဌဟောင်း ဖြစ်ပါတယ်။ မြို့မဦးတင်အေးလို့ ခေါ်ရတာက အခြားအမည်တူ ဦးတင်အေးတွေလဲ ရှိလို့ပါတဲ့။ ဒီဦးတင်အေးက ရန်ကုန်မြို့မကျောင်းထွက် ၊ ဦးတင်အေးက အကျော်အမော်ဖြစ်ပါတယ်။ ကဗျာဆရာ အကျဉ်းသား ဟောင်း "တင်မိုး" နဲ့လဲ ဇနီးချင်း ညီအစ်မအရင်းတွေဖြစ်ပါတယ်။ နိုင်ငံရေးခေတ်မှာ အညတရ နိုင်ငံရေးသမားပါ။ ကျွန်တော်တို့ မန္တလေးတက္ကသိုလ်က မောင်သာရ၊ မောင်သာလှ အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တစ်ဖွဲ့တည်းပေါ့။ စစ်အစိုးရခေတ်မှာ ဘာနိုင်ငံရေးမှ လုပ်မရလို့ မလုပ်တော့မှဘဲ အဖမ်းခံရပါတယ်။

 ကျောင်းသားသမဂ္ဂသမိုင်း ပြုစုသူကျောင်းသားက ဦးတင်အေး ဆောင်ရွက်ခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ (တကသ) ဥက္ကဌအကြောင်းကို မေးတာဖြေလို့တဲ့။ အဖမ်းခံရတာပါ။ အဖမ်းခံရတော့ အရိုးကျီးပေါင်းတက်တဲ့ ဝေဒနာအကြီးအကျယ် ခံစားနေရရှာပါပြီ။ ဒီလိုခံစားနေရတဲ့ ကြားထဲ အင်းစိန် ထောင်မှ တောင်ငူထောင်သို့ပို့ပြီး အသက်ငင်နေတော့မှ လွှတ်လိုက်တဲ့သဘောပါပဲ။ ထောင်ထဲမှာ ကွယ်လွန်တယ်လို့ အပြောလွတ်အောင်ပေါ့။

မြို့မဦးတင်အေးရဲ့ညီတော်မောင် - အကျဉ်းသားဟောင်း ကဗျာဆရာကြီး တင်မိုးကလည်း သူ့နောင်တော် ကြီး ကို တဖွဲ့တနွဲ့ကဗျာဖွဲ့ပြီး မော်ကွန်းတင်ခဲ့ပါတယ်။

ဦးတင်အေးနှစ်ယောက်လုံးက ကျောင်းသားခေါင်းဆောင်ဟောင်းတွေချည်း ပါ။ ကျောင်းသား ခေါင်းဆောင်အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကလည်း 'ဘယ်ကျော်' လက်ဝဲသမား တွေချည်းပါပဲ။ အရှင်ဇဝနနဲ့ အကျဉ်းထောင်ထဲမှာ ဆုံခဲ့ရသူ ဦးအောင်မေသုဆိုတာလည်း ကျွန်းပြန် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ စမ်းစမ်းနွဲ့(သာယာဝတီ)တို့ ငယ်စဉ် ကျောင်းသူ ဘဝကတည်းက ဦးအောင်မေသုဟာ သာယာဝတီက ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တဲ့။ အရှင်ဇဝနနဲ့ ဘာသာရေး ယုံကြည်ချက်ချင်း မတူညီပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ယုံကြည်ချက်ချင်း တူညီလို့   မရှိရင်း၊ ရင်းနှီးနှီးကျွမ်းဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျွန်းတိုက်ပွဲ ငွေရတုအထိမ်းအမှတ်နေ့ကို ထောင်ထဲမှာ ကျင်းပတော့ ဦးအောင်မေသုက သုံးရက် တိုင်တိုင် ဇာတ်ကြောင်းပြန်ခဲ့တယ်လို့ ဦးဇင်းက မှတ်တမ်းတင်ပါတယ်။ ရက်(၅၀)ကျော် အစာငတ်ခံတိုက်ပွဲမှာ အကျဉ်းသားတွေ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးခဲ့ရရှာတယ်။ ဒါပေမဲ့ အားလုံးသေသည်တိုင်အောင် တိုက်ပွဲဝင်ကြဖို့ သစ္စာပြုထားကြ ပါတယ်။ စာရေးဆရာ ဗန်းမော်တင်အောင်တို့၊ မြသန်းတင့်တို့၊ ဖေကြီးဦးအုန်းမောင်တို့လည်းပါကြတယ်။ မန်းတက္ကသိုလ်ကျောင်းသားထဲက ကျွန်တော်တို့နဲ့ကဗျာရေးဖက်က မြို့လုပ်သား၊ ကဗျာဆရာ လေးမောင် (မြင်းခြံ)ဆိုတာ အဲဒီကျွန်းတိုက်ပွဲမှာ အသက်သေခဲ့ရပါတယ်။ လူထုဖိုးသံချောင်းတို့ကတော့ မသေလို့ ကျန်သူပေါ့။

ကိုကိုးကျွန်းရဲ့ ကျွန်းဖျက်သိမ်းရတဲ့ စခန်းသိမ်းတိုက်ပွဲဟာ ညီညွတ်မှု စွန့်လွှတ် စွန့်စားမှုတို့ကြောင့် အောင်ပွဲခံခဲ့ရပုံ သမိုင်းသင်ခန်းစာကြီးတစ်ရပ်ကို နိုင်အောင်မေသုက ပို့ချခဲ့တာပါပဲ။ ကိုကိုးကျွန်းကို ဝန်ကြီးတစ်ပါးကိုယ်တိုင် ရောက်လာပြီး ကျဆုံးသူများကို လေးလေးစားစားနဲ့ အလေးပြုသွားခဲ့ပါတယ်လို့  "သင်ခန်းစာ" ကို နိဂုံးချုပ်ခဲ့ပါတယ်။

ကျွန်းကပြန်၊ ထောင်ကထွက်တော့လည်း နိုင်ငံရေးကို တသက် လုပ်သွားခဲ့တယ်။ ထောင်ထဲကိုပဲ ပြန်ရောက်သွားခဲ့ရှာပါတယ်။ ကိုကိုးကျွန်းမှာ အကျဉ်းသားတွေဟာ ကွန်မြုနစ်တွေချည်း လိုလိုပါပဲ။ ဦးအောင်မေသုကတော့ ဘာပါတီဝင်မှ မဟုတ်ဘဲ အားလုံးနဲ့လက်တွဲပြီး ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ပေါက်လာမှ ပါတီဝင်ဖြစ်ခဲ့ပါတယ်။

"ကျုပ်တစ်သက်လုံးနိုင်ငံရေးလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဒီလို ထောက်ခံလို့ထောင်ချထားမယ်ဆိုရင် တစ်သက်လုံး ထောင်ထဲမှာပဲနေမယ်" လို့ မေးလာသူတိုင်းကိုဖြေခဲ့တယ်။ ထောင်ထဲမှာ ရောဂါဝေဒနာခံစားရဆဲ လွတ်ရက်စေ့တယ်။ ရောဂါက အပြင်မှာကုရင်ပျောက်နိုင်တဲ့ ရောဂါမျိုးပါပဲ။ ဒါပေမဲ့ လွတ်ရက်စေ့ပြီး နောက်တစ်မှုနဲ့ ပြန်ထောင်ချပြီး ထောင်ထဲမှာပဲ ဆုံးရှာတော့ စစ်အစိုးရက 'ကင်ဆာရောဂါနဲ့ ကွယ်လွန်တယ်" လို့ကြေညာသတဲ့။ ကဗျာဆရာတစ်ဦးက 'ဦးသု ကင်ဆာနဲ့ သေရှာပြီ။ ကင်ဆာကျဆုံးပါစေ' လို့ ကဗျာဖွဲ့သတဲ့။ ဦးသု (ဦးအောင်မေသု) သတ်တာ "ကင်ဆာ" ပဲ၊  အဲဒီကင်ဆာဆိုတဲ့ 'လူသတ်သမား' ကျဆုံးပါစေ။ ဒါက အကျဉ်းသားအားလုံးရဲ့ ဆန္ဒ၊ ကြွေးကြော်သံဖြစ်ခဲ့ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာအကျဉ်းသားတစ်ဦးကတော့ ပြည်သူတိုးတက်ရေးပါတီ (ပီသုံးလုံး) အဖွဲ့ထဲက ကဗျာဆရာ ဦးကြည်တင်ဦး ဖြစ်ပါတယ်။ လူချစ်လူခင်လဲများပါတယ်။ လူပုံက ဝ၀လုံးလုံး 'ဘဲဥ' လို့ သူငယ်ချင်းတွေက နာမည်ပေးထားပေမဲ့ ဘဲဥလိုတော့ မဖြူပါ။ သူ့ဇနီးကဗျာဆရာမ မရီဝေလဲ ညိုညိုတုတ်တုတ်ပါပဲ။ သူနှိပ်စက်ခံရပုံဟာ မကြားဝံ့မနာသာပါပဲ။ ကဗျာဆရာ အနှိပ်စက်ခံရပုံတွေက ကဗျာမဆန်ပါ။ ရိုက်နှက်တာတွေအပြင် ဟိုပြောင်း ဒီပြောင်းလဲ လုပ်ပါသေးတယ်။ ကဗျာဆရာကို ပုဆိုးချွတ်ပြီး ငယ်ပါကိုရိုက်၊ ဆေးလိပ်မီးနဲ့တို့သတဲ့။ ခုတော့သူကွယ်လွန်ရှာပြီ။ သူ့သားသူ့မြေးတွေက နိုင်ငံရေးဆက်လုပ်နေကြကြောင်းနဲ့ သူ့ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။

ကျွန်တော့်အဖို့တော့ သူဆိုနေကျဆိုတဲ့  'ပင်လုံထိပ်ထားဦး' သီချင်းသံကိုပဲ ပဲ့တင်ထပ် ကြားယောင်နေမိပါတယ်။ သူချစ်ခင် လေးစားတဲ့ ရုပ်ရှင်မင်းသားကိုမြတ်လေးရဲ့ သီချင်းပါ။
အရှင်ဇဝနတွေ့ကြုံခဲ့ရတဲ့ အကျဉ်းသားကြိးတွေထဲမှာ ဦးအောင်ပွင့်၊ ဦးစောဝင်း၊ ဦးကြည်ဝင်းတို့လို ဦးတင်အေးတို့လို လူကြီးတွေပါတော့ သူတို့ အတွေ့အကြုံတွေက တဆင့် ဘယ်တက္ကသိုလ်မှာမှ ဆည်းပူးလို့ မရနိုင်တဲ့ ပညာဗဟုသုတတွေရရှိပါတယ်။ သူတို့ဟာ ထောင်ထဲမှာ အစားအသောက်အနေအထိုင်၊ ကျန်းမာရေးနှင့် ညီညွတ်အောင် မထားတဲ့အပြင် ရုပ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး ရောဂါရအောင်၊ ဒီရောဂါနဲ့ မသေသေအောင် နှိပ်စက်တာတွေဟာ မယုံနိုင်စရာတွေပါပဲ၊

ဦးအောင်မင်းဆိုရင် လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ ပါဝင်ခဲ့သူ ကွန်မြူနစ်စစ်သားကြီးဖြစ်ပါတယ်။ ပါတီဗဟိုကင်းတပ်မှူးဘဝထိ အတွေ့အကြုံ စုံခဲ့သူပါ။ ဗိုလ်ခင်ညွန့်တို့က စစ်ထောက်လှမ်းရေးကို အောက်တန်းကျဉာဉ်နဲ့ ဦးအောင်မင်းကို ကွန်မြူနစ်သစ္စာဖောက်အသွင် ထင်ယောင်ထင်မှားဖြစ်အောင် သရုပ်ဆောင် စေခဲ့သူပါ။ ပါတီက အထင်မှားပြီး သေဒဏ်ပေးခဲ့သတဲ့။ ဒါပေမဲ့ ရဲဘော်ကြီးအောင်မင်းဟာ ရှစ်လေးလုံးကြုံတော့ ကိုယ်ဘာသာ လက်နက်ကိုင်အဖွဲ့ဖွဲ့ပြီး ပါဝင်ဆင်နွှဲဖို့ ပြင်ဆင်ခဲ့သတဲ့။ အစိုးရက သူ့ကို ဖမ်းပြီးထောင်ချလိုက်တယ်။ စစ်အစိုးရရဲ့ ထောင်စနစ်က 'ရည်ရွယ်ချက် မအောင်မြင်' လို့ အရှင်ဇဝနက မှတ်ချက်ချတယ်။

"တကယ်တော့ ထောင်ထဲရောက်လာသူတို့ ထောင်မကျခင်ဘဝထက် နိုင်ငံရေးအသိ အမြင် ပိုလာကြသည်ချည်းဖြစ်သည်" တဲ့။ ဦးအောင်မင်း၊ ဦးတင်အေး၊ ဦးအေးဝင်း၊ ဥိးကြည်ဝင်း၊ ဦးအောင်မေသုတို့က သူတို့ဘဝသင်ခန်းစာတွေ သင်ကြား ပို့ချပေးလိုက်ကြတာကို။ ဒါပေမဲ့ အဲ့လူကြီးတွေမှာ ထောင်တွင်းရောဂါကျွမ်းမှ ထောင်ကလွှတ်ပေးလို့။ မသေသင့်ဘဲ သေခဲ့ကြရတာများပါ တယ်။

 ကျောင်းသားလူငယ်တွေလဲ ထောင်ထဲမှာ ဒီလိုပဲ ညှင်းပန်းနှိပ်စက်မှုပုံစံမျိုးစုံခံကြရပါတယ်။ အသဲရောဂါကို ဗိုက်နာရောဂါဆိုပြီး ဂျဲလမက်၊ ဆိုဒါပေးလို့ သေရတာလဲရှိတယ်။ ဆရာဝန်ရဲ့ ပေါ့ဆမှုလဲ ပါသပေါ့။ ထောင်ဆရာဝန်တို့ စစ်ထောင်မှူး ထောင်ပိုင်တို့ဆိုတဲ့ ထောင်ဝန်ထမ်းတွေထဲမှာ တချို့က စစ်အာဏာရှင် အလိုကျ မျက်နှာလိုအားရ ကျင့်ကြံသူတွေရှိသလို ရိုးသားကြင်နာတတ်သူတွေလဲ အများကြီးပါရှိကြောင်း ဦးဇင်းက မှတ်တမ်းတင်ပါတယ်။

 နိုင်ငံရေးသမားတွေကို ခိုးဆိုးလုနှိုက်တွေကြား ပို့ပြီး ရောဂါကူးအောင် လုပ်တာလဲရှိသတဲ့။ ရောဂါဆိုးတွေကူးလို့ အသေဆိုးသေကြရရှာသူ နိုင်ငံရေးသမားတွေရှိပါတယ်။ ဦးစောဝင်း ခမျာမှာတော့ ထမ်းစင်ပေါ်မှာ ပိုက်တန်းလန်းနဲ့ ထောင်ပြင်ဆေးရုံ၊ ထောင်တွင်းဆေးရုံ အပြန်ပြန် အလှန်လှန်ကူးတာနဲ့ သေရတာပါပဲ။ လုံခြုံရေးကြောင့် တဲ့။ ဝန်ကြီးလာလို့ တဲ့။ ဒီလူမမာ အပ်တန်းလန်းက ဘယ်သူကို ဘယ်လို ဘာနဲ့ လုပ်ကြံမှာလဲမသိ။ ဦးစောဝင်းသေတော့လဲ စောင်ပတ်ပြီး လှေခါးကနေ ဒရွတ်ဆွဲချသလို ဆွဲချသယ်ယူကြသတဲ့။

သူ့အတွက် ကဗျာကတော့ ...
သူသေရှာပြီ။
သူသေသော်ငြား၊ သူ့သွေးသားတို့
လှုပ်ရှားမပျက်၊ တိုက်ပွဲဆက်သော်၊
သူ့သက်သေပြီမဆိုနိုင် ။ တဲ့

သူ့သားမြေးတွေက ဆက်လက်တိုက်ပွဲဝင်နေကြတယ်လို့လဲ ဦးဇင်းက သတင်းကောင်းပါးတယ်။ ကျောင်းသားလူငယ်တွေကတော့ ကိုစည်သူတို့ ကိုဂျင်မီတို့ ကိုမြတ်စံတို့ စသည် ကိုအောင်ကျော်မိုးကတော့ ထောင်တွင်းအစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသတဲ့။ အစာငတ်ခံသူရဲ့ ဦးခေါင်းမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာလဲတွေ့ရသတဲ့။ စစ်အစိုးရခေတ်မှာ အစာငတ်ခံသူဟာ ဦးခေါင်းမှာ ဒဏ်ရာလဲတွေ့ ရ သတဲ့။ စစ်အစိုးရခေတ်မှာ အစာငတ်ခံသူဟာ ဦးခေါင်းမှာ ဒဏ်ရာနဲ့ သေရပုံကိုလဲ အရှင်ဇဝန မှတ်တမ်း တင်ပါတယ်။

ကဗျာဆရာကံထွန်းသစ်နဲ့ ကဗျာဆရာမင်းအောင် (ရဲဘော်တိုက်မောင်း) တို့ လက်နက်ကိုင်တိုက်ပွဲနဲ့ ဆက်စပ်ကြပုံကလဲ ရုပ်ရှင် ရိုက်ဖို့ပဲ ကောင်းသေးတော့။ ဒီကြားထဲဒေါက်တာအေးချမ်းကလဲ ထောင်တွင်းမှာ ဇာတ်လိုက်တစ်ယောက် ဖြစ်လို့ ဂျပန်ပြန် သမိုင်းပါရဂူကလဲ တတ်သည့်ပညာမနေသာဆိုသလိုပါပဲ။ ဘုန်းတော်ကြီးများက တရားပြ သလို သမိုင်းဆရာများက သမိုင်းပို့ချကြလေရဲ့။ သံတိုင်ကြားက ပန်းချီကားတွေကလဲ အရောင်ကိုစုံလို့ အနီရောင်ကလဲရဲလို့။ ဗိုလ်မှူးသူပုန်၊ ကွန်မြူနစ်၊ ကဗျာဆရာ၊ ဘုန်းကြီး၊ ရှေ့နေ၊ ပါမောက္ခ၊ ဆရာဝန် ... ။


၂၀၁၆ အောက်တိုဘာ ၁၉