ဂါမဏိ ● နိုင်ငံရေးစစ်သည်နဲ့ စစ်ပင်စင်


ဂါမဏိ ● နိုင်ငံရေးစစ်သည်နဲ့ စစ်ပင်စင်
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၆

ဗမာစစ်တပ်ထဲမှာ နိုင်ငံရေးကိစ္စကြောင့် ထုတ်ခံရတဲ့ အရာရှိ အရာခံ အကြပ်တပ်သားတွေ တောက်လျှောက်ရှိခဲ့တယ်။ ဘာ ပင်စင်မှ မခံစားရတော့ဘဲ ကိုယ့်ယုံကြည်ချက်အတွက် ဘဝကိုစတေးပြီး ယောက်ျားပီပီသသ ရုန်းကန်ခဲ့ကြတယ်။ ဒီထဲမှာ ဗိုလ်မှူးချုပ်ကျော်ဇောလဲ အပါအဝင်ဖြစ်တယ်။

ဒီထဲမှာ ထူးခြားတာက ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လက်နက်ချခဲ့တဲ့ ဗကပ ဗဟိုကော်မတီဝင် ဗိုလ်သက်ထွန်းဟာ ၁၉၄၈ ခုတုံးက ဗမာ့တပ်မတော် သနက (၁) က ဗိုလ်ကြီးဘဝနဲ့ တောခိုခဲ့တာကို မဆလစစ်အာဏာရှင်ကြီးနေဝင်းက နှစ် ၃၀ စာ backpay တွေ ပြန်ပေးခဲ့တယ်လို့ ကြားခဲ့ရတယ်။ ဒါပေမဲ့ တခြား တောခိုလက်နက်ပြန်ချစစ်သည်တွေတော့ အဲလိုအခွင့်အရေး ခံစားခဲ့ရတာ မရှိခဲ့ပါဘူး။

၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာလဲ တပ်ထဲက ဗကပ ယူဂျီတွေ၊ ပီဒီပီ ယူဂျီတွေ၊ အာဏာရှင်စနစ်ဆန့်ကျင်တဲ့စစ်သည်တွေ သတင်းပေါက်ပြီး အဖမ်းခံရတာ၊ တပ်ကထုတ်ခံရတာတွေ အတော်များများရှိခဲ့တယ်။ ကိုကိုးကျွန်း ပို့ခံရတဲ့ထဲတောင် ပါခဲ့တယ်။

ယူဂျီမဟုတ်ပေမဲ့ စစ်အာဏာရှင်ကြီးနဲ့ မကြည်လို့ ဖြုတ်ခံရတဲ့ အကောင်ကြီးကြီးတွေကတော့ အများအားဖြင့် ပင်စင်ခံစားကြ ရတယ်။

ဒီ့နောက် ၁၉၇၆ မှာ ဗိုလ်ကြီးအုံးကျော်မြင့်တို့ စစ်အရာရှိငယ်တွေ အာဏာသိမ်းဖို့ကြံတာပေါ်သွားပြီး အားလုံးဖမ်းခံရ၊ တပ် က ထုတ်ခံရ၊ သေဒဏ်ပေးခံရတယ်။ ဘာပင်စင်မှ မခံစားခဲ့ရ။

၈ လေးလုံးအရေးတော်ပုံမှာတော့ ပင်စင်မရဘဲ ဖြုတ်ထုတ်ခံရတဲ့ မျိုးချစ်စစ်သည်အရေအတွက် စံချိန်တင်သွားတယ်။ နယ် ဘက် အစိုးရဝန်ထမ်းတွေလဲ အများကြီးခံခဲ့ရတယ်။

ဒီဘက်ပိုင်းမှာလဲ နိုင်ငံရေးနဲ့တိုက်ရိုက်မပတ်သက်ပေမဲ့ ရဲဘော်အများစုအကျိုးအတွက် အဓိပ္ပါယ်မရှိတဲ့အမိန့် မနာခံလို့ ဖြုတ်ထုတ် ထောင်ချခံရတဲ့ တပ်မှူးတပ်သားတွေ ၂၀၀၁-၂၀၀၂ ထိုင်းနယ်စပ် တိုက်ပွဲမှာ၊ ၂၀၁၁ နောက်ပိုင်း SSPP, KIA နဲ့ တိုက်ပွဲတွေမှာ ရှိခဲ့တယ်။

နိုင်ငံရေးနဲ့ပတ်သက်တာဆိုရင် ဗိုလ်မှူးဝင်းနိုင်ကျော်၊ ဗိုလ်ကြီးနေလင်းဒွေးတို့ ပူပူနွေးနွေးရှိသေးတယ်။

တကယ်တော့ တပ်မတော်အက်ဥပဒေ နည်းဥပဒေအရ စစ်တပ်ရဲ့ ပင်စင်ခံစားခွင့်ဟာ သီးခြားသတ်မှတ်မထားဘဲ အစိုးရဝန် ထမ်းအားလုံးနဲ့ဆိုင်တဲ့ ပင်စင်ဥပဒေ-လုပ်ထုံးလုပ်နည်းအတိုင်း ကျင့်သုံးနေတာဖြစ်တယ်။

ဒါပေမဲ့ ဗိုလ်သက်ထွန်းဖြစ်စဉ်မှာ စစ်အာဏာရှင်တွေ စိတ်ထင်သလို စ,ဖောက်ခဲ့တဲ့ ဥပဒေချိုးဖောက်မှုအစဉ်အလာကို အခု မင်းအောင်လှိုင်လက်ထက်မှာလည်း နောက်တကျော့ ပြန်ကျင့်သုံးနေတဲ့သတင်း ကြားနေရတယ်။

လုပ်ထုံးလုပ်နည်းအရမဟုတ်ဘဲ၊ ဥပဒေနဲ့အညီမဟုတ်ဘဲ၊ တဖက် အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်း တယောက်နှစ်ယောက်ကို ပင်စင်ငွေတွေ နှစ် ၃၀-၄၀ စာ backpay နဲ့ တိုးတိုးတိတ်တိတ်ပေးတာဟာ နိုင်ငံရေးအကျိုးအတွက် ဝယ်တာဘဲ ဖြစ်တယ်။ ယုံကြည်ချက်ကို သစ္စာဖောက်ခိုင်းတာဖြစ်တယ်။

အမှန်တကယ်ရိုးသားရင်တော့ နိုင်ငံရေးကြောင့် ဖြုတ်ထုတ် ထောင်ချခံရတဲ့ စစ်သားဟောင်းအားလုံးကို backpay နဲ့ ပင်စင် တွေ ပြန်ပေးရမှာဖြစ်တယ်။ ဒါ့အပြင် စစ်သားဟောင်းတင်မက နိုင်ငံရေးကြောင့် ဖြုတ်ထုတ်ခံရတဲ့ သို့မဟုတ် ဖြုတ်ထုတ် ထောင်ချခံရတဲ့ နယ်ဘက်အစိုးရဝန်ထမ်းအားလုံးကိုလဲ backpay နဲ့ ပင်စင်တွေ ပြန်ပေးရမှာဖြစ်တယ်။

အဲလိုမလုပ်ဘဲ တယောက်စ နှစ်ယောက်စကိုဘဲ ဝယ်တာဟာ တခြားစစ်သည်တွေ ဝန်ထမ်းတွေအားလုံးကို စော်ကားတာဘဲ ဖြစ်တယ်။ အဲ့ဒီ တယောက်စ နှစ်ယောက်စကလဲ မိမိကိုယ်ကျိုးအတွက် မင်းအောင်လှိုင်တို့ရဲ့ မက်လုံးပေးမြှူဆွယ်မှုကို လက်ခံတာမျိုးမလုပ်ဘဲ မတရားခံခဲ့ရတဲ့ စစ်သည်ဟောင်းအားလုံး၊ အစိုးရဝန်ထမ်းဟောင်းအားလုံးအတွက် ရပ်တည်တောင်း ဆိုမှ သားရွှေအိုးထမ်းလာတာကို မြင်ရသလို ဖြစ်သွားပါလိမ့်မယ်။

ဂါမဏိ