ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ညိုမှိုင်းဝေ(သနပ်ပင်) - တောင်တက်သမား



ညိုမှိုင်းဝေ(သနပ်ပင်) -  တောင်တက်သမား
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆

(၁)

သူတို့လူစု ပစ္စည်းတွေအဆင်သင့် ဖြစ်နေလေပြီ။ သူတို့လူစုဆိုတာ တောင်တက်ဖို့ သူတို့စုဖွဲ့ထားတဲ့ စိတ်တူကိုယ်တူ လူငါးယောက်ကို ဆိုလိုခြင်းဖြစ်တယ်။ သူတို့တောင်တွေကိုတက်ဖို့ နှစ်ရှည်လများ ကြိုးစားလာခဲ့ကြတယ်။ သူတို့ မွေးဖွားလာ ခြင်းဟာ တောင်တက်ဖို့ကလွဲပြီး အခြားအတွက်မဟုတ်လို့ ခံယူထားကြသူများပင်။ သူတို့ဝါသနာနဲ့ သူတို့ယုံကြည်ချက်များကို ဒီကနေ့ စတင်ကြတော့မယ်။ သူတို့အားလုံး ပျော်ရွှင်နေကြလိမ့်မယ် ထင်တယ်။ ဒါပေမယ့် သူတို့မျက်နှာတွေကတော့ ပျော်ရွှင်မှုကိုဖမ်းကြည့်နိုင်မယ့် ပုံရိပ်တွေရှိမနေဘဲ အားလုံးတည်ငြိမ်နေကြတယ်။ သူတို့ခရီးအတွက် တစုံတခုကို တရောက်တမျိုးစီ တွေးနေကြပုံပင်။

"ပြီးရင် စထွက်ကြရအောင်"

အေးတိအေးစက် စကားသံတခု သူတို့ထဲက ထွက်လာတယ်။ စကားသံရဲ့နောက်မှာတော့ ကျောပိုးအိတ်ဖောင်းဖောင်းကြီးလွယ်ပြီး ခြေလှမ်းစလိုက်ကြတယ်။

"ဒီတောအုပ်ကိုကျော်ရင် ငါတို့တက်မယ့်တောင် ရောက်မယ်။ ဒီနေ့ တနေကုန်တော့ ဒီတောအုပ် ထဲမှာပဲ လျှောက်ကြရလိမ့်မယ်။ ညနေစောင်းရင်တော့ ငါတို့တက်မယ့်တောင်ခြေက ခင်တန်းလေး ကို ရောက်မယ်။ အဲ့ဒီမှာ ဒီညစခန်းချပြီး မနက်စောစော ထတက်ကြမယ်"

မြေပုံနဲ့တကွ အကြိမ်ကြိမ်အစီအစဉ်ချ အကြိမ်ကြိမ်ပြောခဲ့ကြပြီး အလွတ်တောင် ရနေ ပြီဖြစ်တဲ့ စကားများကိုပင် သူတို့ထဲကတယောက်က ထပ်ဖန်တလဲလဲပြောနေပြန်တယ်။ ဒါမှ မပြောရင်လည်း သူတို့ကြားမှာ တခြားပြောစရာစကား ရှိဟန်မတူ။ အတန်ကြာလျှောက်ပြီး ချိန်မှာတော့ ခရီးလည်း အတော်ပေါက်လာသလို တောလည်း တော်တော်နက်လာလေပြီ။ သူတို့ဖြတ်နေတဲ့တောက မြန်မာရုပ်ရှင်တွေထဲက တောနဲ့လည်းမတူ၊ နိုင်ငံခြားရုပ်ရှင်တွေထဲက တောနဲ့လည်း မတူပေ။ ကဗျာတွေ ဝတ္ထုတွေထဲကလိုလည်း လွမ်းမောဖွယ်မကောင်း။ တခါတလေ ထိတ်လန့်စရာအသံတွေ ကြီးစိုးပြီး တခါတလေ ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေ တတ်တယ်။ မြွေပါးကင်းပါးလည်း ကြောက်ရသေးတယ် မဟုတ်လား။

"နေဝင်လုပြီကွ၊ သွက်သွက်လေး လျှောက်ရအောင်။ ရှေ့ကခင်တန်းက ငါတို့စခန်းချမယ့် နေရာပဲ"


(၂)

အလျှံညီးညီးနဲ့ တောက်နေတဲ့ မီးပုံကြီးကို သူတို့အားလုံးဝိုင်းထားရင်း အသားခြောက် မီးကင်ကို ဖဲ့စားနေကြတယ်။ သူတို့ တယောက်နဲ့တယောက် စကားမပြောဘဲ ငြိမ်ငြိမ်လေးပဲ ထိုင်နေကြတယ်။ သူတို့မျက်လုံးတွေ အားလုံးကတော့ မီးဖိုကြီးဆီမှာပင်။ သူတို့ပုံစံဟာ အပူအပင် အကြောင့်အကြကင်းစွာ ရှိနေသလိုပင်။ ဒါမှမဟုတ် ပူပင်ကြောက်လန့်နေခြင်းလည်း ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်က လိုအပ်တာထက်ပိုပြီး တိတ်ဆိတ်နေတယ်။ ပိုးကောင်းလေးများရဲ့အော်သံပင် မကြားရ။ ဒီအချိန်မှာ တယောက်ယောက်က စကားတိုးတိုးလေးမျှ ပြောလိုက်မယ်ဆိုရင်ပဲ အသံက ဟိန်း၍ထွက်လာလောက်တယ်။ ဒါပေမယ့် သူတို့ တယောက်မှ စကားတခွန်းမျှမပြောကြ။ သူတို့ ကြည့်ရတာ တစ်ခရီးတည်း သွားတွေဖြစ်ပေမယ့် ရင်းနှီးမှုမရှိကြ။ နွေးထွေးမှု မရှိကြ။ ယခုအချိန် ထိပင် တယောက်နာမည်တယောက် ခေါ်ခြင်းလည်း မရှိကြ။ တယောက်နာမည် တယောက် မသိခြင်းလည်း ဖြစ်နိုင်တယ်။

"ငါတို့ မီးဖို ငြှိမ်းလိုက်ကြမလား"

ခုနပြောခဲ့သလိုပဲ အသံက တကယ်ပင် ဟိန်း၍ထွက်လာတယ်။ ထိုသူ၏အမေးကို တယောက်မှပြန်မဖြေပဲနေရာမှ "ငြိမ်းလိုက်လေ"ဟု အေးစက်လေးဖင့်တဲ့လေသံနဲ့ တယောက်က ထပြောတယ်။ အဖြေစကားကို ကြားတယ်ဆိုရင်ပဲ ခုနမေးတဲ့သူက မီးဖိုကို ထငြိမ်းလိုက်တယ်။ ကျန်လူများလည်း သူနဲ့မရှေးမနှောင်းထပြီး သူတို့အိပ်ဖို့ ဆင်ထားတဲ့ ပုခတ်တွေမှာ အသီးသီး နေရာယူလိုက်ကြတယ်။ ခဏအတွင်းပင် အသံပလံ အခြေအနေတွေ အားလုံး ငြိမ်သက် တိတ်ဆိတ်သွားပြန်တယ်။

သူတို့ ဆုံခဲ့ကြတာ တစ်နှစ်ကျော်ရှိပြီ။ တိတိကျကျပြောရရင် တနှစ်နဲ့ တရက်ရှိပြီ။ တောင်တက်ဖို့ ရည်ရွယ်ချက်တခုတည်းအတွက် သူတို့ စုစည်းခဲ့ကြတယ်။ ဒီတနှစ်အတွင်း တောင်တက်ဖို့လိုအပ်တာမှန်သမျှ သူတို့ လေ့လာစုဆောင်းကြတယ်။ တောင်တွေရဲ့ သဘာဝ၊ မြေသားအနေအထား၊ ရာသီဥတုအခြေအနေ၊ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ၊ တောရိုင်းတိရစ္ဆာန် အန္တရာယ် ကာကွယ်ရေး၊ နောက်ဆုံး ဝတ်စုံ၊ ဖိနပ်ကအစ သူတို့ တော်တော်စုံအောင် လေ့လာ စုဆောင်းကြတယ်။ မြန်မာစာအုပ်တွေ၊ နိုင်ငံခြားစာအုပ်တွေ အပြင် You Tube ကနေ တောင်တက်တာနဲ့ပတ်သတ်တဲ့ Video click တွေ Download လုပ်ပြီး လေ့လာကြတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတိုင်ပင်ကြ။ မမေးမြန်းကြ။ မဆွေးနွေးကြ။ တယောက်ယောက်က အကူအညီတောင်းတာမျိုးမရှိဖူးသလို တယောက်ယောက်က ကူညီဖူးတာလည်း မရှိကြဘူး။ သူတို့ရဲ့ဒီနေ့ဆက်ဆံရေးဟာ သူတို့စတွေ့ချိန်က ဆက်ဆံရေး အတိုင်းပင်။ တရွေးသားမှ မပိုကြ။

သူတို့ဟာ တယောက်ကို တယောက် မယုံကြည်၍လား။ သူတို့ တယောက်ကို တယောက် စောင့်ကြည့်နေလား။ တယောက်ကို တယောက် လုပ်ကြံနိုင်လား။ သူတို့စိတ်ထဲကို ဝင်ကြည့်လို့ရပါမှသာ သူတို့စိတ်နေသဘောထားအမှန်ကိုသိနိုင်ပေမယ်။ သူတို့ဆက်ဆံရေး အေးစက်မှုက အဲ့ဒီလိုသံသယဝင်စရာပင်။ သူတို့နေထိုင်မှုက အေးစက်တိတ်ငြိမ်ခြင်းကို လွန်ပြီး အထီးကျန်ခြင်းအဖြစ်ကိုပင် ရောက်နေလေပြီ။ ဒါပေမယ့်လည်း သူတို့နေနိုင်ကြပေတယ်။ နေတတ်ကြပေတယ်။ ဒါဟာ အထီးကျန်ခြင်းကို စွဲလန်းနေတဲ့ စိတ္တဇနာတခု မဖြစ်နိုင်ပေဘူးလား။ ဆောရီး (Sorry)။ သူတို့ကို ဒီလိုစွပ်စွဲလို့ ဘယ်သင့်မလဲ။ ခင်ဗျားတို့ဆိုရင်ရော ကြိုက်မလား။

(၃)

တောထဲတောင်ထဲဆိုတာ မိုးချုပ်စောသလို မိုးလင်းလည်း နောက်ကျလေ့ရှိတယ်။ သစ်ရိပ်ဝါးရိပ်ကြီးတွေကို ထိုးဖောက်ပြီးမှ ရောက်လာရတဲ့ နံနက်ခင်းက တခြားလူတွေအတွက် တမူးထူးချင် ထူးနေပေလိမ့်မယ်။ သူတို့လူစုအတွက်ကတော့ အချိန်နာရီ အလွဲအချော်မရှိပဲ နေ့စဉ် လုပ်ငန်းဆောင်တာ တခုလိုပင်။ မနက်စာအတွက်ကိုတော့ ပေါင်မုန့်ခြောက်နဲ့ရေကို ဗိုက်ထဲ နေရာ ပေးလိုက်ကြတယ်။

"ငါတို့ အနှစ်နှစ်အလလက ရည်မှန်းခဲ့တာတွေ အခု အကောင်အထည်ပေါ်ဖို့ အချိန်ရောက်ပြီ"

တယောက်က စကားထပြောတော့ ကျန်လူများက ခေါင်းတဆတ်ဆတ် ညိတ်နေ ကြတယ်။

"မင်းတို့တော့ မသိဘူး၊ ငါတော့ ရင်တွေ သိပ်ခုန်နေတယ်"

စကားဆုံးတာနဲ့ ဒီနေ့အတွက် သူတို့ခရီးစဉ်ကို သူ့ခြေလှမ်းနဲ့ စဖွင့်လိုက်တယ်။ ကျန်တဲ့သူများကလည်း ထပ်ကြပ်မကွာပင်။ မှတ်မှတ်ရရဆိုရသော် သူတို့ခရီးစဉ်တစ်လျှောက်လုံး ပြောခဲ့တဲ့ စကားအားလုံးနီးပါးက အဲ့ဒီလူရဲ့ စကားသံများချည်းပင်။ ဒီအတိုင်းဆိုလျှင် သူတို့ အဖွဲ့ထဲတွင် ဒီလူ စကားအပြောဆုံး ဖြစ်လိမ့်မယ်။ အသွက်ဆုံးလို့လည်း ဆိုနိုင်ပေတယ်။ သူတို့အဖွဲ့ဟာ ခေါင်းဆောင်ဆိုတာမရှိဘဲ တယောက်နဲ့တယောက် ဟန်ချက်ညီညီ လှုပ်ရှားကြ တယ်ဆိုပေမယ့် စကားအများဆုံးပြောပြီး အသွက်လက်ဆုံးဖြစ်တဲ့ အဲ့ဒီလူက ခေါင်းဆောင် တဦးလို ဖြစ်နေလေတယ်။

(၄)

"ဒီကုန်းကို ပတ်တက်ပြီးရင် ရှေ့မှာ ဒီ့ထက်ပိုမတ်စောက်လိမ့်မယ်"

ခပ်ပြေပြေ မြေသားတောင်တွေကို ကျော်ဖြတ်ပြီးလေသမျှ ကျောက်သားတောင်တွေနဲ့ ပိုပြီး နီးစပ်လာလေတယ်။ တချို့နေရာတွေမှာ နှင်းခဲအစုအဝေးများပင် တစတစတွေ့လာရတယ်။ အခုဆို သူတို့တက်ခဲ့သည်မှာ ကီလိုမီတာ ၁၅၀၀၀ ကျော်လာခဲ့ပေပြီ။

သူတို့အားလုံးကတော့ လတ်ဆတ်တဲ့လေထုကြားမှာ လွင့်မြောနေကြတဲ့ စွန်တကောင်လို၊ သိန်းငှက်တကောင်လို လွတ်လပ်ပေါ့ပါးမှုတွေနဲ့။ သူတို့ခြေထောက်ကို ပွတ်တိုက်တိုးဝှေ့သွားတဲ့ မြူတွေနဲ့အတူ လေချွန်သံငြိမ့်ငြိမ့်လေးကလည်း ပြာလွင့်လွင့်ကောင်းကင်ကြီးကို ထိုးဖောက်ပျံသန်း မတက်ပင်။ လေချွန်သံလေးမှာ သီချင်းသံစဉ်အတိုင်း စည်းချက်ကျစွာ ပျံ့လွင့်နေတယ်။ သီချင်းနှစ်ပိုဒ်ပြီးချိန်မှာတော့ တယောက်ကထပြီး သီချင်းကို ဆက်ဆိုလိုက်တယ်။

"There's always gonna be mother mountain.
I'm always gonna wanna make it move
Always gonna be an uphill battle
Sometimes I'm gonna have to lose
Ain't about how fast I get there
Ain't about what's waiting on the other side
It's the climb."

"The struggles I'm facing
The chances I'm taking
Sometimes might knock me down, but
No I'm not breaking"

တယောက်တည်းဆိုနေတဲ့ သီချင်းသံကနေ နှစ်ယောက်အသံ ဖြစ်လာတယ်။

"I may not know it, but these are the moments that
I'm gonna remember most, yeah
Just gotta keep goin',
And I, gotta be strong
Just keep pushing on, 'cause

နှစ်ယောက်ဆိုနေတဲ့ သီချင်းသံမှ သုံးသံ၊ လေးသံ၊ ငါးသံ။ သုံးယောက်၊ လေးယောက်၊ ငါးယောက်။ သူတို့တစ်ဖွဲ့လုံး သီချင်းကို သံပြိုင်သီဆိုကြလေပြီ။

"There's always gonna be mother mountain.
I'm always gonna wanna make it move
Always gonna be an uphill battle
Sometimes I'm gonna have to lose
Ain't about how fast I get there
Ain't about what's waiting on the other side

It's the climb."

It's the climb."

သီချင်းဆုံးတော့ သူတို့ တယောက်ကို တယောက်ကြည့်ပြီး အားရပါးရ ရယ်လိုက်ကြတယ်။ လွတ်လပ်မှု၊ ပေါ့ပါးမှု၊ ပျော်ရွှင်မှု၊ လွင့်မြောမှုတွေနဲ့ သူတို့။ တောင်တွေကို သူတို့ခြေဖဝါးနဲ့ ဖိနင်း ထားရင် Miley Cyrus ရဲ့ The Climb သီချင်းကို သံပြိုင်ဆိုနေတဲ့ အခိုက်အတံ့ဟာ သူတို့ ရှာဖွေနေတဲ့ တောင်တက်သမားဘဝရဲ့စိတ်ကျေနပ်မှု တစိတ်တဒေသပေလား။

"ဒီမြင်ကွင်းမျိုး၊ ဒီလို ခံစားမှုမျိုးက ငါငယ်ငယ်ကတည်းက မက်ခဲ့တဲ့အိပ်မက်တွေပဲ။ ကြည့်ပါဦး တိမ်တွေက ငါတို့နားမှာ၊ တောင်တွေက ငါတို့ဖဝါးအောက်မှာ အခုလို လွင့်ထွက်သွားမတက်တိုက်နေတဲ့လေတွေ ငါ့မျက်နှာကို ပွတ်သပ်တိုးဝှေ့နေတာ သိပ်မိုက်တဲ့ ဖီး(Feel)ပဲကွာ။

လက်နှစ်ဖက်ကို ဆန့်တန်းရင်း တောင်စောင်းတခုကို မျက်နှာမူထားရာမှ တယောက် က ပြောနေခြင်း ဖြစ်တယ်။ အားလုံးကလည်း သူ့လိုခံစားမှုကို သူနဲ့အတူ တိတ်ဆိတ်စွာ ခံစား နေကြတယ်။ ဒါ သူတို့ တောင်တက်ခြင်းရဲ့ အန္တိမပန်းတိုင်လား။ ဒါမှမဟုတ် မဟုတ်သေး ဘူးလား။

ညိုမှိုင်းဝေ(သနပ်ပင်)