ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကြည်မောင်သန်း ● အာရှတိုက်ရဲ့တနေရာ (ကဗျာရှည်)

 
ကြည်မောင်သန်း ● အာရှတိုက်ရဲ့တနေရာ (ကဗျာရှည်)
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)
(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၆

ကဗျာဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း (၁၉၆၃-၂ဝ၁၁)
(အောက်တိုဘာ ၂၂ ကွယ်လွန်ခြင်း ၅ နှစ်ပြည့်)

(၁)
အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆ဝ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ
လေးထပ်တိုက်တလုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တနေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
(နှစ်ယောက်က ညီအစ်ကို)
ဘင်္ဂလားဒေရှ်လူရွယ်တယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရောခ်သီချင်း
ဂျင်းဘောင်းဘီ၊ ဝါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တအိုးတအိမ်ထူထောင်လို့နေကြ
သူတို့ဘဝတွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမဝတဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တနေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေဝင်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူဝကိစ္စ
ညကျ
တဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်
ဂျက်ဂွာကားတစီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေဝက်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
ခိုင်းနွားတကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့

(၄)
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္မဏီတခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့တနေရာမှာ စတေးခံဘဝများစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ဘဝဟာ ဘာမှ မသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ဘဝကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား
(ဝဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့)
ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်
တခါတလေ နံရံပေါ်က ကမ္ဘာ့မြေပုံကို ကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး
ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး
“နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ

(၅)
“အမျိုးသားက နိုင်ငံခြားမှာလေ……”ဆိုပြီး
ရပ်ကွက်ထဲမှာ တချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကို ခွဲခွာခဲ့
သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွာခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
“လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်”လို့ ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့……….

(၆)
ခုတော့
အာရှကျားတွေရဲ့ပါးစပ်ထဲက
အမဲသားတဖက်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တနေရာက
မြုံနေတဲ့အနာတွေပါ
ရင်းနေတဲ့အနာတွေပါ။ ။

ကြည်မောင်သန်း
အောက်တိုဘာ ၂ဝဝ၅
နှလုံးအိမ်မဂ္ဂဇင်း


(ဆရာ လှသန်း (ခေါ်) ကြည်မောင်သန်းရဲ့ “ကဗျာ ၁ဝဝ နှင့် ကဗျာဆရာကွယ်လွန်ခြင်း”  ကဗျာစာအုပ် ကနေ ကူးယူဖော်ပြပါ တယ်။)