ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းခိုင် - The Hulk, The Flash နဲ့ ရူပယုတ္တိ


မင်းခိုင် - The Hulk, The Flash နဲ့  ရူပယုတ္တိ
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၆
ကျုပ်ဆိုတဲ့ ကပ္ပိယမောင်ဌေးက တောဖတ်တောင်ဖတ် ဖတ်ပြီး တော်ပြောတောင်ပြော ပြောတတ်လို့ထင်ရဲ့ ... တချို့ဘုန်းကြီးကျောင်းသားလေးတွေက ကျုပ်ကို တောမေးတောင်မေး လာမေးတတ်တယ်ဗျ။ ကျုပ်ကလည်း သိသမျှ ဖတ်မှတ်သမျှ အဲလေ သိသိ မသိသိ ပြန်ရွှီးတာချည်းပဲ ... ဟဲဟဲ ။

ခုလည်း ဘုန်းကြီးကျောင်းသား တာတီးနှင့် ပေစူးတို့နှစ်ယောက် ငြင်းရင်းခုန်ရင်းနဲ့ ကျုပ်အနား ရောက်လာကြလေရဲ့။ (ဘုန်းကြီးကျောင်းသားတွေထဲမှာတော့ ဒီနှစ်ကောင်က ကတ်သီးကတ်သတ် အပြောတတ်ဆုံးနှင့် အငြင်းသန်ဆုံးဗျ)

ငါကတော့ ဖလက်ကွ ဖလက်ကွ မင်းဟုတ်က အီးဘောသောကြီး .. ။

ဟား ဟား ငါ့ "ဟုတ်" က တကယ့်လူစွမ်းကောင်း ဘာနဲ့ သတ်သတ် မသေဘူး ... မင်းလို"ဖလက်" တော့ ဇိဆို လက်နဲ့ဖမ်းညှစ်လိုက်လို့ ရွှံ့ပြားဖြစ်သွားမယ်

ဟား ဟား ဟား ... မင်းကောင် အီဘောသောကြီး လက်မလှုပ်ခင် ဟိုက မင့်ကောင်ပါးကို အချက်တရာလောက် ဘယ်ပြန်ညာပြန် ချပြီးသွားပြီကွ ... ။

ငြင်းရင်းခုန်ရင်း အနားရောက်လာတဲ့ သကောင့်သားနှစ်ကောင်က ကျုပ်ကို ဆွဲထည့်တယ်။

ဗျို့ ကပ္ပိယကြီး ... ကျုပ်ကောင် ဟုက ပိုမိုက်တာပေါ့ဗျ ဟုတ်တယ်မှတ်လား ... ။

တာတီးက ပေစူးစကားကို ဖြတ်ပြောတယ်။

တော်စမ်းပါ ပေစူးရာ ... ငါ့ကောင်ဖလက်ကမှ တကယ့်လူစွမ်းကောင်း ... ။ တမြို့လုံးကို ပတ်ကယ်နိုင်တာ .. သူလို မြန်မှကွ ... ။

လက်စသတ်တော့ ဒင်းတို့နှစ်ယောက်က ရုပ်ရှင်ထဲက စူပါလူစွမ်းကောင်းတွေအကြောင်း ငြင်းနေတာကိုး။

အင်း ပေစူးရဲ့ ... မင့်ကောင်က လူစွမ်းကောင်း ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ တကယ် မဖြစ်နိုင်တဲ့ကောင်ကြီးကွ။

ပေစူးက ကျုပ်ကို ပေစောင်းစောင်းနဲ့ ကြည့်ပြီး ဘောက်ဆတ်ဆတ်မေးတယ်။

ဘာလို့ မဖြစ်နိုင်ရမှာလဲ ကပ္ပိယကြီးရဲ့ .... ဓာတ်ရောင်ခြည်သင့်တာ ... အဲ့မှာ ဗီဇတွေပြောင်းပြီး အဲလိုဖြစ်သွားတာ ... ။ ဆရာလေးလည်း ဓာတ်ရောင်ခြည်သင့်ရင် မျိုးရိုးဗီဇတွေ ပြောင်းလဲ ဖောက်ပြန်ကုန်တယ်လို့ ပြောဖူးတယ်လေ။

ဒါပေမဲ့ကွာ ... အဲလိုကြီးတော့ ကြီးလို့ မရဘူးကွ ... ။

ဘာလို့မရရမှာလဲ ကပ္ပိယကြီးရဲ့ ... ရာမနဲ့ လက္ခဏာတောင် ရေကန်ထဲ ဆင်းလိုက်တာ ချက်ချင်းကြီးသွားတာ မဟုတ်လား။

အင် .... အဲဒါက ဖြစ်နိုင်သေးတယ်ကွ .. မင်းကောင်က မဖြစ်နိုင်ဘူးဟ ... ။

ဟာ ကပ္ပိယကြီးကလည်း တယ်မျက်နှာလိုက်တာပဲ ... ရာမတို့ကြ ရတယ်။

ဟ ဟိုက ဆယ့်ခြောက်နှစ် ဆယ့်ရှစ်နှစ်အရွယ် ကြီးသွားတာ .. မင့်ကောင်လို လူဘီလူးကြီးဖြစ်သွားတာ မဟုတ်ဘူးဟ။

ပေစူးက ညစ်ကျယ်ကျယ်နဲ့ ပြုံးတယ်။

ဟင်း ဟင်း ဘာလို့လဲ အလင်းပြပါဦး ကပ္ပိယကြီးရဲ့။

ဘာလို့လဲဆိုတော့ အရွယ်အစား ကြီးတာထက် ထုထည်က ပိုတိုးလာလို့ပဲ။

ဒီတခါတော့ ပေစူးရော တာတီးရော ကျုပ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လေရဲ့။

နားလည်ဘူး

ဒီလိုကွ ... အရွယ်အစားက နှစ်ဆတိုးတယ် ဆိုပါတော့။ ထုထည်က နှစ်ဆမကဘူး။ ရှစ်ဆတိတိ တိုးလာတယ်ကွ။

ဘာလို့လဲ ကပ္ပိယကြီးရဲ့။

ဥပမာ အလျား ၂ ဆ အနံ ၂ ဆ အမြင့် ၂ ဆ တိုးလာတယ် ဆိုပါစို့။ ဒါ အရွယ်အစားအားဖြင့် ၂ ဆ ပိုကြီးသွားတာပေါ့ ဟုတ်လား။ အဲ ထုထည်ကတော့ ၂ x ၂ x ၂ = ၈ ဆ တိတိ တိုးလာတယ်ကွ။ အဓိပ္ပာယ်က အလေးချိန်က ၈ ဆတိုးလာတယ်ကွ။ မင်းကောင် "ဟုတ်"က ဘယ်နှစ်ဆ တိုးလာတုန်း။

အဲ .. ငါးဆ ဆယ်ဆတော့ ရှိမယ်ဗျ။

ဟုတ်ပြီ တွက်ရလွယ်အောင် ငါးဆလို့ ထားလိုက်။ အရွယ်အစားကို ငါးဆ ချဲ့လိုက်မယ်ဆိုရင် ထုထည် အလေးချိန်က ၅ x ၅ x ၅ = ၁၂၅ ဆ တိုးလာမယ်ကွ။ အဲလို ၁၂၅ ဆ တိုးလာတဲ့ အလေးချိန်ကို သူ့အရိုးတွေက ခံနိုင်မှာ မဟုတ်ဘူးကွ။ ဘာလို့လဲဆိုတော့ အရိုးရဲ့ခံနိုင်စွမ်းအားက သူရဲ့ကန့်လတ်ဖြတ် ဧရိယာပေါ်မှာ တည်တယ် ... ဒီတော့ မင်းကောင့်ရဲ့အင်အားက အလွန်ဆုံးတိုးလာ ၂၅ ဆပေါ့။ အလေးချိန်တိုးလာတာက ၁၂၅ ဆ .... ဒါပေမဲ့ သူ့ရဲ့အရိုးရဲ့ ခံနိုင်စွမ်းအားက ၂၅ ဆပဲ တိုးလာတယ်ဆိုတော့ .... ဟားးး မင်းကောင်ကြီးဟာ မြေပေါ်ကကို ထနိုင်မှာ မဟုတ်ဘူးကွ။

ပေစူးက မျက်နှာမသာမယာနဲ့ ...

ဟုတ်ရဲ့လား ကပ္ပိယကြီးရယ် ....

 အော် ဟုတ်ပါတယ်ကွ ... ဒါကြောင့် အလေးချိန်များတဲ့ကောင်တွေရဲ့ ခြေထောက်တွေဟာ တခြားကောင်တွေထက် ပိုတုတ်တယ်ကွ။ ဥပမာ ၀က်တို့ ... နောက် ဆင်တို့ .. ဟုတ်လား ..ဆင်ခြေထောက်ဆို အတုတ်ကြီးတွေ ... ။ ပြီးတော့ အခုမင့်ကောင်က အပေါ်ပိုင်းက ပိုကြီးလာတော့ ပိုတောင် မဖြစ်နိုင်သေး ... ။

တာတီးက ညစ်ကျယ်ကျယ်ပြုံးလို့ ...

ဟင်း ဟင်း ငါအစကတည်းက ပြောပါတယ် ... မင့်ကောင်က အီပေါလောကြီးပါလို့။ အခု မင့်ကောင်က ထတောင် မထနိုင်ဘူး .. ဟီးဟီး ... ။

အဲ တာတီးရဲ့ မင့်ကောင်ကလည်း မဖြစ်နိုင်တဲ့ကောင်ကြီးပဲကွ

အမ် .. ဘာဖြစ်လို့လဲ ကပ္ပိယကြီးရဲ့။ ပြေးတာ ဘာလို့ မရရမှာလဲ အားရှိရင် ပြေးနိုင်တာပေါ့။

မဟုတ်သေးဘူးကွ ... အရာဝတ္ထုတခုဟာ အမြန်နှုန်းတိုးလာတာနဲ့ သူ့ရဲ့ဒြပ်ထုကလည်း တိုးလာတယ်ဟ ...

ဟာ ကပ္ပိယကြီးကလည်း မဟုတ်တာကြီး ဘယ်နဲ့လုပ် ဒြပ်ထုက တိုးလာရမတုန်း။

ရော် .. ဒါ ငါပြောတာ မဟုတ်ဘူးကွ။ အိုင်စတိုင်းဆိုတဲ့ ပညာရှင်ကြီး ပြောခဲ့တာ။ အရာဝတ္ထုတခုဟာ အမြန်နှုန်းတိုးလာရင် သူ့ရဲ့ဒြပ်ထုကလည်း တိုးတိုးလာတယ်တဲ့။ ဒါကြောင့် ဘယ်အရာမှ အလင်းထက် မြန်မြန်မသွားနိုင်ဘူးတဲ့။ အလင်းအလျင်နီးပါး ရောက်လာတာနဲ့ သူ့ရဲ့ဒြပ်ထုကလည်း အဆမတန်ကြီးလာမို့ပဲ။

တာတီးက မျက်မှောင်လေးကြုတ်လို့ စဉ်းစားတယ်။

အင်း .. ကပ္ပိယကြီးပြောသလိုဆို တပိဿာသံတုံးက အမြန်နှုန်းတွေ တိုးလာရင် နှစ်ပိဿာသံတုံးကြီး ဖြစ်သွားမယ်။ အဲ ဒါဆို အဲ့ဒီတိုးလာတဲ့သံတွေက ဘယ်က ရောက်လာတာလဲ .. ဟာ ကပ္ပိယကြီးဟာ မဖြစ်နိုင်ပါဘူးဗျာ .. ယုတ္တိမရှိဘူး။

အမ် ...
ကျုပ်လည်း သိသမျှလေးတွေကို အသည်းအသန်ပြန်စဉ်းစားရတယ်။

အဲလိုကြီးတော့ ဟုတ်ဘူးလေကွာ ... ဒြပ်ထုတိုးတယ်ဆို စကားအဖြစ်ပြောတာ။ တကယ်တိုးတာ မဟုတ်ဘူး။

ဟင် .. အာ့ဆို တကယ်တိုးတာ ဘာကြီးတုန်း .. ကပ္ပိယကြီးရဲ့။

(အင်း ရှင်းခါမှ ရှုပ်တော့မယ်ထင်တယ်။ တတ်နိုင်ဘူးလေ နားလည်သလို ရွှီးဦးမှ :) )

ဒီလိုကွ ... ဒြပ်ထုဆိုတာ အင်နားရှားသဘောရှိတယ်။ အင်နားရှားသဘောက အမြန်နှုန်းတိုးလာတာကို ဆန့်ကျင်တယ်။ တနည်းအားဖြင့် ဒြပ်ထုကြီးရင် အင်နာရှားများတယ်။ အင်နာရှားများရင် ဒီကောင်ကို ရွေ့ဖို့ အားပိုလိုတယ်။ အခု ဒီမှာ တိုးတယ်ဆိုတဲ့ သဘောက အင်နာရှားသဘောကို ပြောတာ။

တနည်းအားဖြင့် အမြန်နှုန်းများလာရင် အင်နာရှားကြီးလာတယ်လို့ ပြောတာ။ ဒြပ်ထုတိုးတယ်ဆိုတာ ဒီသဘောကို ပြောတာကွ။

ဒီလိုကွာ ... တနာရီ မိုင် ၁၀၀ သွားနေရာကနေ ၁၁၀ ကို တင်ဖို့ အားသိပ်မလိုဘူး။ အဲ ဒါပေမဲ့ တနာရီ မိုင်တစ်သိန်းကနေ တစ်သိန်းနဲ့ တစ်ဆယ်ဖြစ်လာဖို့က အားအများကြီးပိုလိုတယ်။ ဒါဆို တစက္ကန့် ကီလိုတစ်သိန်းနဲ့ သွားနေတဲ့ကောင်က တစ်သိန်းတစ်သောင်းလောက်တင်ဖို့ဆို အား အများကြီး အများကြီးပိုလိုလာတယ်ပေါ့။ တနည်းအားဖြင့် သူ့ရဲ့အင်နာရှား တိုးလာတဲ့သဘောပေါ့။ (ဒါကြောင့် ဒီကောင်ကြီး အမြန်နှုန်းတိုးဖို့ အားပိုလိုလာတာပေါ့)

တကယ်လို့ အမြန်နှုန်းက အလင်းအလျင်နှုန်းလောက် ရောက်ဖို့ဆို လိုအပ်တဲ့အားက အနန္တလောက်ထိ ဖြစ်လာမယ်။ တနည်းအားဖြင့် သူ့ရဲ့အင်နာရှားသဘောဟာ အနန္တလောက် ဖြစ်အောင် ကြီးလာတယ်ပေါ့ကွာ။ ဒီသေဘာကို ပြောတာ ... ။

တာတီးခမျာလည်း ရှုံ့ရှုံ့မဲ့မဲ့ ဖြစ်သွားလေရဲ့။
အင် အာ့ဆို ဖလက်လို မြန်မြန်ကြီး မပြေးနိုင်ဘူးပေါ့။

အေးဟ .. ရူပဗေဒသဘောအရတော့ ငါ့ကောင်တို့ကောင်တွေက ဘယ်တော့မှ မဖြစ်နိုင်တဲ့ကောင်တွေပဲ ... ။

ဟင်း ... ကပ္ပိယကြီးနဲ့ တွေ့ရတာ မမိုက်ပါဘူးဗျာ .. ကျုပ်တို့အကောင်တွေတော့ သွာပါပြီ .. ။

နှစ်ယောက်စလုံး ခေါင်းတခါခါ လည်တခါခါနဲ ထွက်သွားလေရဲ့။

ကျုပ်လည်း သူတို့ပြန်သွားမှ သက်ပြင်းကြိးမှုတ်ထုတ်လိုက်တယ်။ ဟူး .. တော်ပါသေးရဲ့ ငတိတွေ စာလေးဘာလေး ပိုဖတ်လာလို့ အချိန်နောက်ပြန်သွားတာတို့ တွင်းနက်တို့ တီတွင်းတို့ကိုများ ဆက်မေးရင် ... ခက်ရချေရဲ့။

အေးလေး အဲဒီတော့လည်း ရွာထဲက ကလေးတွေ သိပံ္ပကို စိတ်မ၀င်စားလို့ဆိုပြီး တဗျစ်ဗျစ်တတောက်တောက် ဖြစ်နေတဲ့ ကျောင်းဆရာလေး ဆရာစိုးဆီ လွှတ်ရမှာပ ... :) :) ။