ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● ဝက်သစ်ချပင်အောက်က မောင်


မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ● ဝက်သစ်ချပင်အောက် က မောင်
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

တိုးညှင်းညင်သာတဲ့ တံခါးခေါက်သံနဲ့အတူ လန့်နိုးလာတော့ ရုတ်တရက် ဘယ်ဒေသ ဘယ်အရပ်ရောက်နေမှန်း အသေအ ချာ သဲသဲကွဲကွဲတွေးမရနိုင်သေး။ နောက်ကျိရီဝေနေတဲ့ဥနှောဏ်က အဖြေမထုတ်နိုင်သလို သူ့မျက်လုံးလည်း ဖွင့်မရနိုင် သေး၊ အိပ်ယာထက်ပေါ်က လူးလဲထနိုင်ဖို့ထက် တွေးမရသေးတဲ့အဖြေတခုအတွက် အပြင်းအထန်ကြိုးစားနေရင်း ချာချာ လည်နေရောပါလား။

မိုင်ထောင်ချီအရပ်ကနေ မရပ်မနား နာရီပြောင်း အချိန်ပြောင်း နေ့ ည ပြောင်းပြီးသကာလာ မွေးရပ်ဌာနေအရောက်မှာတော့ နိုးတဝက်အိပ်မက်လို့ သူ့အသိစိတ်တွေက တိမ်တိုက်လို အပြေးအလွှားရွှေ့လျားနေဆဲ၊ အဖြေတခုခုအတွက် သူ့အသိစိတ် တွေကို မိမိရရ မဆုပ်ကိုင်နိုင်သေး။

ရောက်ချင်တဲ့ဆန္ဒ၊ ဖြစ်ချင်တဲ့ဇော၊ ခံစားရတဲ့ အိမ်လွမ်းဝေဒနာတွေ အစုစုက အိုမင်းယိုင်နဲ့နေတဲ့ သူ့ခန္ဓာကိုယ်ကြီးကို ခပ် ကြမ်းကြမ်း တရွတ်တိုက်ဆွဲခေါ်ခဲ့တာကိုက မညှာမတာ ရက်ရက်စက်စက်။

ပူပြင်းခြောက်သွေ့တဲ့ နွေနှောင်းပိုင်းတရက် မင်္ဂလာဒုံလေဆိပ်ပေါ်ခြေအချကနေ မြို့ဇာတိကလေးဆီအရောက် မနားမနေ ဆက်တိုက်ခရီးပြင်းနှင်လာခဲ့တော့ သူချစ်တဲ့မြို့အရောက် မိုးစုန်းစုန်းချုပ်ခဲ့ပြီးကော။ သူ့ဇာတိမြို့ကလေးက ညဥ့်အမှောင်ထဲ တိတ်တဆိတ်ဝင်လာခဲ့တဲ့ တချိန်က မြို့ကလေးကို စွန့်ခွာပြေးထွက်သွားတဲ့ သူတယောက်ကို မမှတ်မိနိုင်သလို နှုတ်မဆက် နိုင်ခဲ့။ ဟန်မဆောင်နိုင်အောင် ပင်ပန်းနွမ်းနယ်လာခဲ့သူတယောက်အဖို့ မိဘရဲ့အေးရိပ်အောက်အရောက် ဘဝရဲ့ အနွေး ထွေးဆုံး အိပ်စက်ခြင်းနဲ့အတူ အမှောင်အတိကျ အိပ်မောကျသွားခဲ့ရပြီပေါ့။

နံနက်စောစော တံခါးခေါက်သံနဲ့အတူ လွင့်မျောမူးဝေနေတဲ့သူအဖို့ ပုံမှန် ဝင်လေ ထွက်လေ ရှူရှိုက်ရင်း ရုတ်တရက် ထင်းရှူးရနံ့ကို ထိတွေ့မိတဲ့တခဏ ဗြုန်းစားကြီး အိပ်ယာပေါ်က ခုန်ဆင်းလာခဲ့ရတဲ့အဖြစ်။ ဒီအငွေ့ ဒီအနံ့အသက် ဒီလို အေးမြမြလေထဲ ရောလွှင့်ပါလာတတ်တာက သူချစ်တဲ့ သူလွမ်းတဲ့ သူ့ဇာတိမြို့မှာမှ ကြုံရတတ်တဲ့ အစဉ်အလာကို သူဘယ် မေ့ဖြစ်တော့မှာလဲ။ အဲဒါတွေကို ချစ်ခဲ့တယ်။ ဒီအငွေ့အသက်ကိုဘဲ လွမ်းခဲ့တယ်။ တမ်းတမ်းတတ မေ့မရနိုင်ခဲ့ဘူးလေး။ ကပျာကယာ အပြေးကလေး တံခါးပေါက်ဖွင့်လိုက်တော့ မပြောင်းမလဲ အရင်အတိုင်း အေးစက်စက် မြူနှင်းတွေ လေအေးပြေး တပြေးရယ် တိတ်ဆိတ်ခြင်းရယ်တွေက သူ့အပေါ် အတားမဆီးမရှိ တိုးဝင်လာခဲ့ပါကောလား။

နှစ်ပေါင်းများစွာ စိမ်းကားထွက်ခွာသွားခဲ့သူကိုမှတောင် မပြောင်းလဲတဲ့ အေးစက်စက်မြူနှင်းတွေ ထင်းရှူးရနံပါလာတဲ့ အေး မြမြလေတွေက တရင်းတနှီး နှုတ်ဆက်ကြိုဆိုလိုက်တော့ မင်္ဂလာပါ လွိုင်လင်ရေ။ ကျေးဇူးတင်ပါတယ်လေ ..၊၊

အဖြူရောင်မြူနှင်းသက်သက်နဲ့အလားတူ အရောင်မဲ့ အဆင်းမဲ့ အဖြူထည်သက်သက်ကလေးဘဝ၊ လူလားမြောက်ကာစ ဘဝအထိ ရိုးစင်းစွာ မြို့ လွိုင်လင်မှာ  အရိုင်းသက်သက်ဖြတ်ကျော်ခဲ့တာကိုတော့ သက်သေက အဖြူရောင်ငွေနှင်းမှုန်တွေ ပါလေ၊၊

အဲဒီလိုမြူနှင်းပါးပါး၊ တချက်တချက်ခပ်သော့သော့လေးပြေးလွှားနေတဲ့ လေအေးပါးလျပ်လျပ်ရယ် တိတ်ဆိတ်ခြင်း ငြိမ် သက် ခြင်းအလယ် ဝက်သစ်ချပင်ကြီးရဲ့အောက်မှာပေါ့။ အဖြစ်က မနေ့တနေ့လိုပါဘဲလား၊၊

"ဒီကျောင်း... ဒီဆရာ / ဆရာမ...ဒီသူငယ်ချင်းတွေနဲ့ဘဲ အတူတူကျောင်းတက်ရအောင်လားဟင် "တဖွဲဖွဲ တဖြေးဖြေးကျ နေတဲ့ မြူနှင်းအောက်ဝက်သစ်ချပင်ကြီးက မလှုပ်မယှက်၊ သူကလည်း တုတ်တုတ်မလှုပ်။

ကြည့် .... ဆေးလိပ်သောက်ပြန်ပြီ။ ငယ်စဉ်ကတည်းက မျှော်မှန်းထားတဲ့ အင်ဂျင်နီယာဖြစ်ချင်တဲ့ဆန္ဒ၊ အဲ့ဒီဆန္ဒမျှော်လင့် ချက်ရဲ့အဝင်လမ်းဖြစ်တဲ့ စက်မှု လက်မှု အထကအကြောင်း ရှင်းပြရတာလည်း အခါခါ။ သူ့အဖို့ ဖြောင်းဖျနှစ်သိမ့်ဖို့ စကားလုံး က ဗလာနိတ္ထိ၊ တိတ်ဆိတ်ခြင်းနဲ့အတူ သက်ပြင်းချသံအပြိုင် မှုတ်ထုတ်လိုက်လိုက်တဲ့ ဆေးလိပ်ငွေ့ကြား တရွေ့ရွေ့ထွက် သွားခဲ့သူ သူယောင်မယ်တယောက်လေလား။ မြူနှင်းဖွေးဖွေးအောက် ဝိုးတဝါး ရေးတေးတေး မှုန်ဝါးဝါးနဲပပါလား။

ရည်မှန်းချက်တခုနဲ့ ချစ်သူဆန္ဒအကြား လွန်ဆွဲရင်း ရပ်တန့်မရနိုင်ခဲ့အချိန်တွေက တစက္ကန့်ပြီး တစက္ကန့်၊ တမိနစ်ပြီး တမိနစ် ကျော်ဖြတ်နေချိန် ပုခုံးထက်ပေါ် နှင်းစက်ကလေးတွေ တဖြောက်ဖြောက်ကျလာမှတော့ အလန့်တကြားမေ့အကြည့် နံနက်စောစောတေးသံသာ သီဆိုမယ့် ကျေးငှက်ကလေးတွေ ထပျံသွားတာကြောင့်လား ... ? သူ့ကို ချစ်တဲ့သူဆီ အမြဲဆုံ တွေ့နေတဲ့ ချစ်သူနှစ်ဦးရဲ့ ကြေကွဲစရာလမ်းခွဲကြောင့်လို့လားရယ် မသိ၊ ဝက်သစ်ချပင်ကြီးက ငိုကြွေးနေပါရော့လား။ နှုတ် မဆက်ဘဲ ထွက်သွားရက်သူ ချစ်သူနဲ့အတူ ကျေးငှက်ကလေးတွေပါ အဝေးဆုံးဆီ ပျံထွက်သွားခဲ့တဲ့အချိန် ငိုကြွေးနေတဲ့ ဝက်သစ်ချပင်အောက် သူ့နှလုံးသားက တဆစ်ဆစ် နာကျင်ခံစားနေဆဲ။

"ဒီနေ့ ဈေးနေ့လေ ဦး ..."

နောက်ကျောက တူတော်မောင်အသိပေးသံကြားမှအကျဉ်းကျ နှောင်းအတိတ်က အတွေးတွေ လွင့်စဉ်ပျောက်ကွယ်ခဲ့ရတဲ့ အဖြစ်ကို ကပျာကယာ ဟန်ဆောင်ဖုံးဖိလိုက်တဲ့အဖြစ်က မလုံမလဲ မပိမရိ၊၊

ငါးရက်တခါ ဈေးနေ့အဖြစ်သတ်မှတ်ထားတဲ့ မြို့လွိုင်လင်ဈေးကြီးကတော့ ရိုးရာမပျက် အစဉ်အလာအတိုင်း ကိုယ့်ရဲ့ခြံထွက် သီနှံတွေရောင်းချ၊ တပတ်စာအတွက် လိုအပ်တာဝယ်ကြ၊ ရိုးရိုးရှင်းရှင်း ရောင်းဝယ်မပျက်စည်းကားနေတာတော့ အရင် အတိုင်း၊ နှစ်ပေါင်းများစွာတိုင်တိုင် ရိုးရာမပျက် အစဉ်အလာမပျက် အပြောင်းအလဲမရှိတော့ပေမယ့် လူကသာ ပြောင်းလဲ သွားခဲ့လို့ ဈေးကြီးအတွင်း ယောင်ပေပေလူတယောက်ကို ဘယ်သူကမှ သတိမထားမိခဲ့။ သူကလည်း ဘယ်သူကိုမှ မမှတ် မိတော့ ... မသိတော့ ...။

ဝေးနေချိန်တလျှောက်လုံး တမ်းတတောင်းတခဲ့တဲ့ နာမည်ကျော် လွိုင်လင်ဆီချက်နဲ့ အားပါးတရ မြီးစမ်းပြီးတဲ့နောက် အ    ပျင်းပြေ လမ်းလျှောက်ထွက်လာရင်း မြို့လယ်ခေါင်လမ်းဆုံ နာရီစင်အရောက် သူ့အတွေးတွေကလည်း လမ်းဆုံးလမ်းခွမှာ ရောက်နေတဲ့အလား၊ မိုင်ထောင်ချီအရပ်ကနေ မရပ်မနားခရီးပြင်းနှင်လာသူအဖို့ လွိုင်လင်ရဲ့ အထင်ကရ မြကန်သာဖက် အညောင်းပြေလမ်းလျှောက်ရလေမလား။ တလောကဘဲ တကူးတကဖောက်ထားတဲ့ ရေကန်ပတ်လမ်းဖက်ကိုဘဲ ခြေဦး လှည့်ရင် ကောင်းလေမလား။ ဒါမှမဟုတ် မေ့မရနိုင်တဲ့ တမ်းတမ်းတတလွမ်းနေတဲ့ သတိရနေတဲ့ ဝက်သစ်ချပင်အိုကြီးကိုဘဲ အမှတ်တရ နှတ်ဆက်ရလေမလား။ သို့လော သို့လောနဲ့ ခန္ဓာကိုယ်က နေရာမရွေ့ ကျောက်ရုပ်၊ အတွေးတွေက ပျံတက် သွားတဲ့ ဆေးလိပ်ငွေ့လို ကစဥ့်ကလျား လေဟုန်စီးနေဆဲ ၊၊

ဆန္ဒနဲ့ဆန့်ကျင်ဘက်ဘဝ။ မျှော်လင့်ခြင်းနဲ့ လွဲချော်ခြင်းတွေနဲ့ အသားကျခဲ့တဲ့သူ့အဖို့တော့ အထူးထူး အထွေထွေ ခံစားမနေ ခဲ့။ လူသူ ရှင်းနေသေးတဲ့ နာရီစင်နံဘေး ပလက်ဖောင်းအပေါ် အေးအေးလူလူ စီးကရက်ဖွာနေရင်း လေပြင်းတချက် ဝှေ့တိုက်မိတဲ့အခိုက်အတန့်၊ ဂျာကင်ဇစ်ဆွဲအတတ် မျက်ဝန်းထောင့်က အမဲစက်တခုအတါက် လှည့်အကြည့် ....

"ဟာ ....."

၂၃ ၁/၂ ဒီကရီစောင်းလှည့်နေတဲ့ ကမ္ဘာကြီး ရပ်တန့်သွားရော့ လေသလား။ ကမန်းကတန်း ယိမ်းယိုင်နေတဲ့ခန္ဓာကိုယ်ကို အတင်းချုပ်ထိမ်းရင်း ခြေစုံရပ်နေရတဲ့အဖြစ်က မသက်မသာပါလား..။

"ဘယ်တုန်းက ရောက်သလဲဟင် ..?

အရိုးစင်းဆုံးမေးခွန်းအတွက် အရှင်းဆုံးအဖြေက သူ့အတွက်အဆင်သင့် ဖြစ်မနေခဲ့။ အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေလိုက် တာက မလှမပ၊ ပြုံးလက်စအပြုံးပေါ် အပြုံးဆင့်ရင်းနဲ့ "တူနေတယ်ဆိုလို့ ကြည့်နေတာလေ ထင်တောင်မထင်ရဘူးနော် .."

မယုံကြည်နိုင်လောက်အောင် ထူးခြားလွန်းနေတဲ့အဖြစ်၊ ဘယ်လိုမှ မမျှော်လင့်နိုင်တဲ့ တိုက်ဆိုင်မှုတွေအတွက် အားချင်းမ တုန့်ပြန်နိုင်တာက ကြည်လင်အေးမြစေတဲ့ သူမရဲ့အပြုံးတွေကြောင့်ပါလေ။ မဆိုစလောက် အချိန်အတိုင်းအတာထက် ကျော်ပြီး ဆောက်တည်မရနိုင်သေးတဲ့ သူ့အပေါ် သူမရဲ့ မေ့မရနိုင်တဲ့ မျက်စောင်းလေးတချက်အဝေ့ အေးစက် အိပ်မောကျ နေတဲ့ ဒဏ်ရာပရဗွေနဲ့ သူ့နှလုံးသား နိုးထလာပြီလေ။ သက်ဝင်လာပြီလေ။

"+++ +++ +++ "

" မြးမလေးကို မုန့်လာကြွေးတာ.. သူ ဂျီကျနေတယ်လေ"

"+++ +++ +++"

"အင်း နက်ဖြန်တရားစခန်းဝင်ရမှာ... ဒီနေ့ပြင်ဆင်စရာတွေ ပြင်ဆင်ရအုံးမှာ........."

ကုန်းတဝက် ရေအဆုံးဆိုရင်တော့ ဒီအဖြစ်က ဘဝတခုလုံးအဆုံပေါ့နော်။ အချစ်ခါးခါး အတိတ်ခါးခါးအတွက် ကော်ဖီခါးခါးနဲ့ အတူ မျောချဖို့တောင် "နောက်များမှလေ" လို့ အကြောင်းပြန်လိုက်တော့ ပြန်စဉ်းစားပါဦးရယ်လို့လည်း အယူခံမတက်နိုင်၊ တခဏတာလေး တနာရီထဲရယ်လို့လည်း စောဒက တက်မရပါလားနော်။

ဘဝအတွက် ငေးပြီးရင်း ငေးနေဦးမယ်။ ဆန္ဒအတွက် ဝေးပြီးရင်း ဝေးနေဦးမယ်။ မျှော်လင့်ချက်အတွက် အရှုံးပေးပြီး ရင်း အရှုံးပေးဦးမှာမို့ တူနှစ်ကိုယ် နှစ်ဦးအကြား ဆိုလက်စစကား ဆိုစရာမရှိတော့ပါလား ...။

ခေတ္တခဏ လွိုင်လင်ဈေးကြီးက ငြိမ်သက်သွားသလို တဖွဲဖွဲကျနေတဲ့ မြူနှင်းကလေးတွေက တုန့်ဆိုင်းသွားသလို တချက် တချက် ဝှေ့လာမယ့် ထင်းရှူးရနံ့တွေက ပျောက်သွားခဲ့သလို အရာရာ တိတ်ဆိတ်နေတာကို ခလေးမလေးက တွန်းထိုး လှုံ့ ဆော်လိုက်တော့မှတော့ "သွားတော့မယ်နော်.... ဆေးလိပ်လျှော့ သောက်ပါဦး ... "

ဟိုအတိတ်ကလို ခေါင်းလည်းမခါ ခေါင်းလည်း မငြိမ့်၊ နေမြဲ နေဆဲအတိုင်း... မြူနှင်းတွေအကြား အသာအယာထွက်သွားခဲ့ ပြီကော ...။ ဒီတခါတော့ သူမတယောက်ထဲတော့မဟုတ။်နံဘေးမှာ ခလေးမလေးတယောက်...၊၊

"ဟို ဖိုးဖိုးကြီးက ဘာမှန်းမသိ စကားပြောတိုးတိုး တိုးတိုးနဲ့။ ဖွားဖွားက ရယ်စရာမဟုတ်ဘဲ ရယ်နေတာဘဲ...ဟွန်း..."

သောက်လက်စ ဆေးလိပ်က ပြုတ်ကျတော့မလိုလို၊၊

"သြော် မိုးတောင်လင်းနေပြီဘဲ"

ရွှင်လန်း ချမ်းမြေ့ပါစေ။
မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ၊၊

စာကြွင်း (၁)
ပအို့ဝ်ခေတ်ပေါ်တေးဂီတ ကနဦးအဆိုတော်ကြီး ကိုခွန်ရွှီးငယ်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ရဲ့ခေါင်းစဉ်ကို ခွင့်မတောင်းဖြစ်ပဲ ယူသုံးစွဲခဲ့သည်ကို ကာယကံရှင် ကိုခွန်ရွှီးငယ်အား တောင်းပန်အပ်ပါသည်ခင်ဗျား။