ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွန်းဝင်းငြိမ်း - သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ


ထွန်းဝင်းငြိမ်း - သခင်သိန်းဖေ (သို့မဟုတ်) ၁၁ မီး ငြိမ်းစေလိုသူ
(ပြည်သူ့အရေး) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၆


နိဒါန်း

ယခုဖော်ပြမည့်စာမူမှာ လွန်ခဲ့သော ၅ နှစ်ခန့်က သခင်သိန်းဖေအား သွားရောက်တွေ့ဆုံမေးမြန်၍ ရေးသား ထားခြင်း ဖြစ်ပါသည်။ သို့သော် ထိုစဉ်က စာပေစီစစ်ရေးဖြတ်သန်းရသဖြင့် အပြည့်အစုံ ဖော်ပြခွင့်မရပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတွင်ကိုယ်တိုင် ပါဝင်ဖြတ်သန်းခဲ့သူ တဦး၏ သက်ရှိထင်ရှားပြောကြားချက်များကိုသမိုင်းမှတ်တမ်းအဖြစ် လေ့လာနိုင်စေရန် ဖော်ပြလိုခြင်း ဖြစ်ပါ သည်။

ရိုဗာစကောက်နှင့် မြို့မလူငယ်

“မောင်ရင်လေးတို့ကိုအန်ကယ်ပြောချင်တာက” ဟု အစချီကာစကားဆိုလေ့ရှိသော အဘ သခင်သိန်းဖေ သည် အသက် ၁၀၁ နှစ်တွင် ကွယ်လွန်ခဲ့သည်။ ပါရမီလမ်းတွင်ရှိသောနေအိမ်တွင် သခင်သိန်းဖေ ၏ မွေးနေ့ပွဲများ၊ တော်လှန်ရေးနေ့ အခမ်းအနားများ နှစ်စဉ်ကျင်းပသည်။ ကျွန်တော့်ကို သူ့အိမ်သို့ လာလည်ရန် မကြာခဏဖိတ်ခေါ်တတ်သည်။ သူ့အိမ်တွင် ၀ါရင့်နိုင်ငံရေးသမားကြီးများ ဆုံလေ့ရှိသည်။ ထိုသို့ ဆုံကြတိုင်း ရှေးဟောင်း နှောင်းဖြစ်များ ပြောဖြစ်ကြသည်။

အတိတ်ကာလ အဖြစ်အပျက်များမှ အတုယူစရာများ၊ သင်ခန်းစာ ယူစရာများကို အကျိုး ရှိရာရှိကြောင်း စဉ်းစားသုံးသပ်ကြသည်။ သမိုင်းဖြစ်စဉ်များကို မျိုးဆက်သစ်လူငယ်တို့အား အရင်းအတိုင်း သိစေချင်သည်။ မျိုးဆက်တခုနှင့်တခု သမိုင်းကွင်းဆက် ချိတ်မိစေလိုသည်။ သူတို့ဖြတ်သန်းခဲ့သော တို့ဗမာအစည်း အရုံးခေတ်မှ သခင်များ၏ ဆောင်ပုဒ် ဖြစ်သော-

“မိမိအတွက်ကြောင့် အခြားသူ မနစ်နာစေရပါ။
ကိုယ်ကျိုးစွန့်ကာအများအကျိုးကိုသယ်ပိုးရမှာ။
တို့ကိုယ်ကျိုးလုံးလုံးမပါ။”

ဆိုသည့်စာသားများအတိုင်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ကြသူများကို အားကျအတုယူစေ ချင်ကြသည်။ သို့ဖြင့် သခင်သိန်းဖေ၏ ကိုလိုနီခေတ်နှင့် ဖက်ဆစ်တော်လှန်ရေး ကို ဖြတ်သန်းခဲ့စဉ် က နိုင်ငံရေးလှုပ်ရှားမှု ကိုယ်တွေ့ဖြစ်ရပ်များကို လေ့လာစူးစမ်းခွင့်ရခဲ့ပါသည်။

ဝါးခယ်မသခင်သိန်းဖေဟု ခေါ်ကြသည့် သခင်(ဦး)သိန်းဖေအား အဖဦးပန်းဘူးအမိဒေါ်သုန်တို့မှ ဝါးခယ်မ မြို့၌ မွေးဖွားခဲ့သည်။ ဝါးခယ်မမြို့တွင် ၄ တန်းထိပညာသင်ကြားခဲ့ပြီး ၁၉၃၀ မှ ၁၉၃၂ အထိ ရန်ကုန်မြို့၊ မြို့မအမျိုးသားကျောင်းတွင် ၇ တန်းထိနေခဲ့သည်။ ၁၉၃၂ မှ ၁၉၃၄ အထိ ရန်ကုန်ဟိုက်စကူးကျောင်းတွင် ၉ တန်းအထိ ပညာသင်ကြားခဲ့သည်။

 ၁၉၃၀ခု မြို့မအမျိုးသားကျောင်းတွင်နေစဉ် မြို့မလူငယ်ရဲတပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။ ထိုစဉ်ကအချို့သောကျောင်းသားလူငယ်များမှာ အင်္ဂလိပ် အစိုးရ၏ ရိုဗာစကောက် (Rover Scout) လူငယ် အဖွဲ့သို့ဝင်ကြ၍ မျီုးချစ်စိတ်ထက်သန်သော လူငယ်များမှာ မြို့မလူငယ်ရဲ့တပ်ဖွဲ့တွင် ပါဝင်ကြသည်။ ထိုအချိန်က လူငယ်ထုကြားထဲတွင် အုပ်ချုပ်သူအင်္ဂလိပ်အစိုးရ၏ အထောက်အပံ့ဖြင့် မိမိကိုယ်ကျိုးကိုဆောင် ရွက်လိုသူများ ရှိသကဲ့သို့ ရပ်မိရပ်ဖများဖြင့် ကိုယ်ထူကိုယ်ထ ထူထောင်ထားသော အဖွဲ့အစည်းများတွင် ပါဝင်ကာ အများအကျိုးကို ဆောင်ရွက်လိုသူ မျိုးချစ်လူငယ် အများအပြားလည်း ရှိကြသည်။ သခင်သိန်းဖေက ငယ်စဉ်ကတည်းကပင် မျိုးချစ်လူငယ်တစ်ဦးပီပီ ကျောင်းသားဘဝ၌ မြို့မလူငယ်ရဲတပ်ဖွဲ့ တွင် ပါဝင်ခဲ့ပုံများနှင့် အားကစား လိုက်စားဖြစ်ခဲ့ပုံများကို ယခုကဲ့သို့ ပြောပြသည်။

“အန်ကယ်တို့ကျောင်းသားဘဝတုန်းက ကျောင်းမှာအင်္ဂလိပ်အစိုးရကဖွဲ့ပေးထားတဲ့ ရိုဗာစကောက် (Rover Scout) ကင်းထောက် လူငယ် အဖွဲ့ဆိုတာရှိတယ်။ သူတို့ကနက်ကတိုင်နဲ့၊ ပခုံးမှာ ဒေါက်နဲ့ဘားနဲ့တပ်ကြ တာ။ အန်ကယ်တို့က မြို့မရဲတပ်ဖွဲ့လူငယ်မှာ ၀င်လုပ်ကြတယ်။ ဦးမောင်ကြီးရဲ့ မြို့မရဲတပ်မှာပေါ့။ အဲ့ဒီတုန်း ကမျီုးချစ်စိတ်ရှိတဲ့လူငယ်တွေက မြို့မရဲတပ်လူငယ် အဖွဲ့မှာ ၀င်လုပ်ကြတယ်။ ရိုဗာစကောက်နဲ့မြို့မရဲတပ်လူငယ်တွေကသိပ်မတည့်ကြဘူး။ အန်ကယ် ရှစ်တန်းလောက်ကဆယ်တန်းတက်နေတဲ့ ရိုဗာစကောက်တယောက်နဲ့ ပြဿနာ ဖြစ်ဖူးတယ်။ သူက ရိုဗာစကောက်အ၀တ်အစားတွေ ၀တ်ပြီး စကောက်ရူးရူးနေတာ။ အဲဒီခေတ်ကမနက်မနက်ဆိုရင် ကင်းထောက်လေယာဉ်ပျံက သိမ်ကြီးဈေးအပေါ်ကနေဖြတ်ပြီး ရန်ကုန်မြို့ကို နှစ်ပတ်သုံးပတ် ဝဲဝဲပြီး နေ့ တိုင်း ပျံပြတယ်။ သူကအဲဒီအချိန်ဆိုရင် လေယာဉ်ပျံကို မော့ကြည့်ပြီး ဆလု (Salute) ရိုက် အလေးပြု တယ်။ အဲဒီလို လုပ်နေတာကို အန်ကယ်က အရူးအရူးလို့ပြောတာနဲ့ သူက လိုက်ရိုက်တယ်။ အန်ကယ်ကပြန်ထိုးတာနဲ့သူလည်း တော်တော် ထိသွားတယ်။

အန်ကယ်တို့ရန်ဖြစ်နေတာကို ကျောင်းအုပ်ဆရာကြီး ဦးအေးသွင်က ကျောင်းပေါ်က နေလှမ်းမြင်နေရတော့ ၂ ယောက်စလုံးခေါ်ပြီး ဆရာဟိန်းနဲ့ဆရာတင့်တို့ကို တယောက် ၂၄ ချက်စီ ရိုက်ခိုင်းတယ်။ အန်ကယ်လည်း ဒါကို မကျေနပ်တာနဲ့ မြို့မကျောင်းကနေ ထွက်ပြီး ဟိုက်စကူးရောက်တာ”


 “အန်ကယ်ငယ်ငယ်တုန်းက ကျန်းမာရေး သိပ်လိုက်စားတယ်။ ဟိုက်စကူးမှာ ဘောလုံးအသင်း ကက် ပတိန် ဖြစ်တယ်။ အကောက်ခွန် (Custom) အသင်းနဲ့ တက္ကသိုလ် (University) အသင်း ဗိုလ်လုကြတဲ့ အခါ ယူနီဗာစီတီက နိုင်သွားတယ်။ အကောက်ခွန်က အန်ကယ်တို့နဲ့ လာကစားတော့ သူတို့ကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်လိုက်တယ်။ နိုင်တော့ ကပ်စတန် (အကောက်ခွန်) ကလူတွေက မင်းကျောင်းထွက်ပြီး အလုပ်ဝင်ရင် ဆာဂျင်(Sergeant) ပေးမယ်ဆိုပြီးပြောတယ်။ အန်ကယ်မလုပ်ခဲ့ပါဘူး။ ဘောက်ဆင် (Boxing) လည်း ထိုး တယ်။ ဟိုက်စကူးမှာ တနိုင်ငံလုံးက ကျောင်းတွေက တက်လာပြီးထိုးကြတယ်။ အန်ကယ်က ဘင်တန်ဝိတ် တန်းမှာ ဘားမားချန်ပီယံ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက လက်ဝှေ့ထိုးဖက် ဘအေးဆိုတဲ့ သူငယ်ချင်း တယောက် ရှိတယ်။ ၁၉၃၄-၃၅ လောက်မှာ အန်ကယ်တို့က သခင်ဖြစ်၊ ဘအေးက ပုလိပ်ဖြစ်တာ။ နောင်ကျတော့ သူက ပုလိပ်မင်းကြီး ဖြစ်တယ်။ ဖဆပလခေတ်မှာ အန်ကယ်က ကင်းဘဲလမ်းမှာနေတုန်း နိုင်ငံရေး ကိစ္စ တခုနဲ့ အစိုးရက အန်ကယ့်ကိုဖမ်းတဲ့အခါ ဘအေးကို ဖမ်းခိုင်းတယ်။ ဘအေးက သူမလာဘဲ သူ့တပည့်တွေ ပဲ လွှတ်လိုက်တာ။ “ဘအေးမပါဘူးလား” မေးတော့ “ပါတယ်။ ခင်ဗျားအိမ်မို့လို့ တနေရာရှောင်နေတယ်” လို့ပြောတယ်။ အားကစားဝါသနာပါပေမယ့် နောင်ကျတော့ နိုင်ငံရေးကိုပဲ လုပ်ဖြစ်ခဲ့တယ်။”


လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည်ဒုတိယသခင်သိန်းဖေအိမ်၏ ဧည့်ခန်းထဲတွင် ပန်းချီ ဦးသောင်းဟန်ရေးဆွဲထားသော အဂ္ဂမဟာသေနာပတိ ဝန်ကြီးသတိုးသုဓမ္မဘွဲ့ချီးမြှင့်ခံရသည့် စစ်သူကြီး မဟာဗန္ဓုလ၏ ဓားလွတ်ကိုင်ကာ မြင်းပေါ်မှနေ၍ စစ်ချီရန်အမိန့်ပေးနေသည့်ဟန် ပုံတူပန်းချီကားကြီး ရှိ သည်။ ထိုပန်းချီကား၏ ဘေးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံရှိသည်။

ဧည့်ခန်းပတ်ပတ်လည်တွင် ပြတင်းပေါက်များ ဖောက်ထားသဖြင့် အခန်းမှာလင်းနေပြီး လေ၀င်လေ ထွက်ကောင်းမွန်သည်။ သခင်သိန်းဖေ၏ အိပ်ခန်းထဲတွင်လည်း တို့ဗမာအစည်းအရုံးကို စတင် ထူထောင်ခဲ့ ကြသူများ ဖြစ်သည့် သခင်ဘသောင်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်မြ အစရှိသူတို့၏ ဓာတ်ပုံကြီး များ ချိတ်ဆွဲထားသည်။ သခင်သိန်းဖေသည် ၁၈၊ ၂၊ ၇၅ တွင် ဖွဲ့စည်းသော တို့ဗမာအစည်းအရုံး သမိုင်း ပြုစုရေးအတွင်းရေးမှူးများအဖွဲ့နှင့် စာမူစုစည်းရေးအဖွဲ့တွင် သခင်မြတ်ဆိုင်၊ သခင်မကြီး ဒေါ်ခင်ခင်၊ သခင်ဖေသန်း၊ သခင်တင်မောင်၊ သခင်ဗဟန်၊ သခင်ချစ်မောင် (၀ိဓူရ)၊ သခင်ထွန်းခင်၊ သခင်လှကျွေတို့နှင့် အတူ ပါဝင်ခဲ့သည်။ သူတို့ဖြတ်သန်းခဲ့ကြသော သခင်ခေတ်မှ နိုင်ငံရေးသမားများ၏ ခံယူချက်များကိုလည်း အခုလို အားပါးတရ ပြောပြသည်။

“အခုခေတ်က လွတ်လပ်ရေးရပြီးပြီဆိုတော့ သူ့ကျွန်ဘ၀ကို မောင်ရင်တို့ ခံစားတတ်မှာ မဟုတ်ဘူး။ လွတ်လပ်ရေးမရခင်က အန်ကယ်တို့ဘဝရဲ့ခံယူချက်မှာ ကျွန်ဆိုတာကို အရမ်းစိတ်နာ လွန်းလို့ သခင်ဘွဲ့ကို ခံခဲ့ကြတာ။ အဲဒီသခင်တွေက ကျွန်ဘဝကလွတ်အောင် အင်္ဂလိပ် ဆန့်ကျင် ရေးတွေ လုပ်ခဲ့တယ်။ အင်္ဂလိပ်ကိုဆန့်ကျင်တယ်ဆိုတာက ကိုယ့်နိုင်ငံလွတ်လပ်ရေးရချင်လို့ လုပ်ရတာ။ လူမျိုးရေးမုန်းတီး မူကြောင့် မဟုတ်ဘူး”

“ဒါကြောင့်မို့ တို့ဗမာအစည်းအရုံးရဲ့ကြွေးကြော်သံမှာ လွတ်လပ်ရေးသည်ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် အစစဆိုပြီး ကြွေးကြော်ခဲ့ကြတယ်။ သခင်လုပ်ရင် ထောင်ကျမယ်။ သခင်ပေါက်စ ထောင် ၆လ ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ အမျိုးသားရေးဆိုတော့ ကိုယ့် အသိစိတ်နဲ့ ကိုယ်တိုင် သခင်ဘဝကို ရွေးချယ်ခဲ့ကြတာ။ သခင်ဆိုတာ ထောင်ကျတော့ နာမည်ကြီးကြတာကိုး။ ၇ ထောင်စံ သခင်လှမောင် ဆိုတာရှိတယ်။ သူက ထောင်ထဲကနေပြီး အိမ်ကိုစာရေးတယ်။ စာအိတ်ခေါင်းက ကရောင်း(သရဖူ)နဲ့ ဂျော့ဘုရင်ခေါင်းပုံပါတယ်။ သူက အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ တံဆိပ်ခေါင်းကိုပြောင်းပြန်ကပ်ပြီး စာအိတ်မှာ ခွေးခေါင်း ပြောင်းပြန် ကပ်လိုက်သည်ဆိုပြီး ရေး ထည့်လိုက်တာ။ အဲဒီအမှုနဲ့ နောက်ထပ် ၇ နှစ်ကျတယ်။ အရင်ကျတာက ပုဒ်မ ၁၂၄ နဲ့ နှစ်နှစ်ကျခဲ့တာ။ သူက အင်းစိန်ထောင်မှာကျတာ။ အဲဒီကနေ ထောင်ပြောင်းဖို့ လျှောက်လွှာတွေတင်ပြီး မြောင်းမြ၊ ပုသိမ် စတဲ့ ထောင်တွေကို ၇ ထောင် ပြည့်အောင် ပြောင်းခဲ့တာ။ အဲဒီတော့ ၇ ထောင်စံ သခင်လှမောင်ဆိုပြီး နာမည်ကြီးသွားတယ်။”

“အန်ကယ်က သခင်ဘဝနဲ့ ပထမဆုံးထောင်ကျတာက ၁၉၃၈ ခုနှစ် ကုလား-ဗမာအဓိကရုဏ်း မှာ မော် လဝီနဲ့ ယောဂီစာတမ်းကြောင့် မန္တလေးဖက်ကစပြီး အဓိကရုဏ်းဖြစ်ခဲ့တာ။ အဲဒီတုန်းကတော့ အန်ကယ် တို့လည်း သခင်မျိုးဟေ့ တို့ဗမာ၊ အမျီုးထိ မချိအောင်နာဆိုတဲ့ ဆောင်ပုဒ်နဲ့ ဝါးခယ်မမှာ ဝင်ပါလိုက်သေး တယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့က ကုလားအရေးက ဓားမသွေးလောက်ပါဘူးဆိုတာမျိုးတွေနဲ့ သတင်းစာတွေကနေရေးပြီး ဖျန်ဖြေတော့မှ အဓိကရုဏ်းက ငြိမ်သွားတာ။

နယ်ချဲ့အစိုးရရဲ့လှည့်ကွက်ထဲဝင်မသွားဖို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့က တရားပွဲတွေမှာလည်း ဟောကြတယ်။ အဲဒီအဓိကရုဏ်းမှာပါတဲ့သူတွေကိုမဖမ်းဘဲ အန်ကယ်တို့သခင်နိုင်ငံရေးခေါင်းဆောင်တွေ ကို ဖမ်းပြီးပုဒ်မ ၁၂ ခုနဲ့ မြောင်းမြတရားရုံးမှာ စွဲချက်တင်တယ်။ လူသတ်မူ၊ မီးရှို့မှု ဘာညာပေါ့။ အဲဒီတုန်းကတရားသူကြီးက ရခိုင်လူမျိုး၊ ဦးဘမြိုင် ဆိုတာ။ သူက ရခိုင်ဆိုတော့ ကုလားတွေနဲ့ မတည့်ဘူး။ အန်ကယ်တို့ကို တစ်သောင်းတန်အာမခံနဲ့ လွှတ်ပေးတယ်။ တရားရင်ဆိုင်တဲ့ ကာလမှာတော့ ထောင်ထဲ မှာ နေခဲ့ရတယ်။ အင်္ဂလိပ်ခေတ်တုန်းက နိုင်ငံရေးမှုနဲ့ ထောင်ထဲရောက်သွားရင် တစ်နေ့ငါးမူး ရတယ်။ အန်ကယ်တို့က ကန်ထရိုက်တာကို စာရင်းပေးပြီး ဈေးမှာရတယ်။ သူကမှာတဲ့အတိုင်း ဝယ်ပေးတယ်။ အဲဒါကိုချက်စားကြတယ်။ ဟိုတုန်းက ဘီကလပ်ဆိုတာ ကိုယ့်အိမ်ကစောင်၊ ခြင်ထောင်ကို သုံးလို့ရ တယ်။ ထောင်ကဟာကို မသုံးဘူး။”

သခင်သိန်းဖေက စကားကို ခပ်လေးလေးနှင့် အားရပါးရပြောတတ်ပြီး အချို့သော အကြောင်းအရာများ ကို နှစ်ခါသုံးခါထပ်၍ ပြောလေ့ရှိပါသည်။ အချို့သောမေးခွန်းများကို ငါမေ့နေပြီကွဟု ခပ်ရှင်းရှင်းဖြေသည်။ အစဖော်ပေးလိုက်လျှင် ပြန်မှတ်မိသွားတတ်ပြီး စကားဆက် တတ်သည်။

“၁၉၄၀ ခုနှစ်တုန်းက မြောင်းမြခရိုင်သီးစားဥပဒေတိုက်ပွဲတိုက်ကြတာ တိုက်ပွဲဝင်လယ်သမား ၈၀၀ ကျော်လောက်နဲ့အတူ ကျခဲ့သေးတယ်။ အဲဒီတုန်းကလွှတ်တော်မှာ သခင်မြက သီးစားဥပဒေကို အဆိုတင်သွင်းတယ်။ အဲဒီဥပဒေအမိန့်ကျတော့ ဒီဥပဒေအတိုင်း လယ်သမားကို သီးထောက်ခ ဘယ်လောက်ပေးရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရှိတယ်။ ချစ်တီးလယ်ပိုင်ရှင်တွေ၊ ဗမာလယ်ပိုင်ရှင်တွေက မပေးတော့ အန်ကယ်တို့က သီးစားဥပဒေအရ ပေးရမယ်ဆိုပြီး ကိုယ့်ဘာသာရုံးထိုင်၊ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး တစ်ဧကကို ၁၅ တင်း၊ တင်း ၂၀ ရအောင် ဆောင်ရွက်ပေးကြတာ။ အဲဒီအချိန်က လယ်ပိုင် ရှင်တွေကိုယ်တိုင် အန်ကယ်တို့စကားကို နားထောင်တယ်။ နားမထောင်ရင် လယ်သမားက စပါးမပေး ဘူးလေ။ တချို့မပေးတဲ့ နေရာတွေမှာတော့ ထွန်းတုံးတိုက်ပွဲလို့ခေါ်တဲ့ လယ်လုပွဲလုပ်တယ်။ နောင်ရဲဘော် သုံးကျိပ်ဖြစ်သွားတဲ့ ဗိုလ်မြင့်ဆွေကို အန်ကယ်တို့က သရက်တော လယ်လုပွဲ မှာ ခေါင်းဆောင်ခန့်ခဲ့တယ်။ သူက လယ်သမားရှစ်ရာကျော်နဲ့လုမယ့် လယ်ကွက်တွေပေါ်မှာ အရင်ဆုံး တိုင်စိုက်တယ်။ တိုင်စိုက်ပြီး အဲဒီအပေါ်မှာ တို့ဗမာအစည်းအရုံးရဲ့ ဝါစိမ်းနီ သုံးရောင်ချယ်အလံထူတယ်။ ပြီးတော့ လုမယ့်လယ် သမားတွေက ဝိုင်းပြီးတော့ တို့ဗမာသီချင်း ဆိုတယ်။ ဆိုပြီးတော့ အဲဒီလယ်ကို ဝိုင်းထွန်ကြတာပဲ။ သရက်တော လယ်လုပွဲမှာ အန်ကယ်တို့ထဲ ကလူတွေကိုဖမ်းတော့ လူထုနဲ့ ဂါတ်ကိုဝိုင်းပြီးအော်ကြတာ။ အဲဒီတုန်းက တခါအဖမ်းခံရတယ်။ ဦးစော ဝါးခယ်မအလာမှာ သင်္ဘောဆိပ်ကနေပြီး သူတရားဟောမယ့်နေရာထိ အန်ကယ်တို့က သူ့ကိုဆန့်ကျင်တဲ့အနေနဲ့ အကုန်ဝိုင်းပြီး သံပုံးတီးကြတာ။ သံပုံးတီးတဲ့လူတွေကို ပုလိပ်ကလည်း ဝင်ရိုက်တာတွေ လုပ်ခဲ့တယ်။”

၁၉၃၄ ဟိုက်စကူးကျောင်းသားသပိတ်

“၁၉၃၄ ဟိုက်စကူးမှာကျောင်းသားသပိတ်မှောက်တော့ ကျောင်း ထုတ်ခံရတယ်။ အဲဒီသပိတ်မှောက်တုန်းက ဗိုလ်စကြာ ရှိသေးတယ်။ သူက ခေါင်းဆောင်ပေါ့။ သပိတ်မှောက်တော့ သူပါ ပါတယ်။ ရွှေတိဂုံသွေးဆေးကန်ဘက်က တန်ဆောင်းမှာ ကျောင်းသားတွေ စခန်းချတယ်။ အဲဒီမှာ ဗိုလ်စကြာက အက ဝါသနာပါတယ်။ ညည ဆိုရင် ကပြတယ်။ ကပြီးတော့ သူမို့ ကြံကြံဖန် ဖန်။ ရွှေတိဂုံဘုရား သွေးဆေးကန်ဘက်ကတက်တဲ့အပေါက်မှာ လူသိနည်းတဲ့ underground တခုရှိတယ်။ အဲဒီမှာရွှေတိဂုံဘုရား ပုလိပ်ကအမြဲစောင့်တယ်။ အဲဒီအပေါက်ကို ဝင်ပြီးကြည့်ဖို့ ဗိုလ်စကြာက ဘယ်လို လုပ်ပြီး နားလည်မူယူတယ်မသိဘူး။ ဖွင့်ခိုင်းပြီးတော့ ဝင်ကြည့်ကြတာ အန်ကယ်တို့ လေးငါးယောက် ပါသွားတယ်။

အဲဒီအပေါက်ကနေ အောက်ကိုဆင်းသွားရင် အောက်မှာပြတိုက်လိုအခန်းတခု တွေ့ရတယ်။ ပေ ၂၀ ပတ် လည် လောက်ရှိတဲ့အခန်းမှာ သံတိုင်တွေနဲ့ကာပြီးတော့ သိကြားမင်းရုပ်တွေ၊ နတ်ရုပ်တွေနဲ့။ ရွှေတိဂုံ ဘုရားတည်စတုန်းက ဘုရားဆံတော်ဆိုတာ အဲဒီမှာရှိတယ်လို့ပြောတာ ကြားဖူးတယ်။ အခုတော့ ဘုရား လူကြီးတွေက သော့ခတ်ထားလို့လူတွေသိကြတော့မှာမဟုတ်ဘူး။ အန်ကယ်တို့ သပိတ်မှောက်တော့ အဲဒီမှာ အိပ်တာကိုး။ ကျောင်းသားဆိုတော့ အပေါက်ရှာပြီး ရှိတဲ့အပေါက်က ဝင်ကြတာပေါ့။”

ထွန်းဝင်းငြိမ်း
(ဆက်ရန်)

ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၈၈၊ ၁ - ၇ နိုဝင်ဘာ၊ ၂၀၁၆။
-ထွန်းဝင်းငြိမ်း၏ ဖေ့်ဘွတ်စာမျက်နှာမှ ယူပါသည်။(သစ်ခက်သံလွင်)