စိုးလွင် (၂၁၁) (ဝမ်ခ) ● ဓား ဓားချင်း …လှံ လှံချင်း ယှဉ်မယ်ဆိုလို့


စိုးလွင် (၂၁၁) (ဝမ်ခ) ● ဓား ဓားချင်း …လှံ လှံချင်း ယှဉ်မယ်ဆိုလို့
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆

၁၉၈၈ မှာ ကျနော်တို့သူငယ်ချင်းတစု တောခိုဖြစ်ပုံလေး မရေးခင် ကျနော်နိုင်ငံရေးနဲ့ နီးစပ်ပုံ စိတ်ဝင်စားပုံကို အရင်ရေးပါရစေ။

၁၉၈၁ မှာ ကျနော် ဆယ်တန်းအောင်တော့ သိပ္ပံသချာင်္တွဲနဲ့ မော်လမြိုင်ဒေသကောလိပ်(ရွှေတောင်ရပ်) မှာ ကျောင်းတက်ရတယ်။ တရက် July လ ၆ ရက်နေ့ ညနေဘက်ကျောင်းလွှတ်တော့ ကျောင်းဝမှာ ရှိတဲ့ ကြေညာဘုတ်မှာ "မနက်ဖန် 7 July မမေ့နဲ့" လို့ရေးထားတာ တွေ့လိုက်ရတယ်။ ဘယ်ကျောင်း သားရေးသွားမှန်းလည်း မသိဘူး၊ ကျနော် စဉ်းစားပြီပေါ့။

ဒီနေ့က 6 July..မနက်ဖန်က 7 July..အေးလေး မှန်တာပေါ့။ အဲတာကို အထွေအထူးလုပ်ပြီး ရေးစရာ လားလို့ တွေးမိခဲ့တယ်။ (ရေးတဲ့သူက 1962 ခုနှစ် 7 July နေ့မှာ ကျောင်းသားသမဂ္ဂကို ဗုံးခွဲခဲ့တာကို မမေ့ဖို့ရေးခဲ့တာ။  ဒါကို နိုင်ငံရေး ဘာမှနားမလည်တဲ့ကျနော် တောခိုပြီးမှပဲ သိတော့တယ်)

ကျောင်းပြီးတော့ ဘားအံ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ဘဏ္ဍာရေးဌာနမှာ အလုပ်သွားလုပ်တယ်။ရတဲ့လခလေးနဲ့ လောက်ငှအောင်သုံးနေရတဲ့အပြင် အရက်ကလေးပါသောက်တတ်တော့ မိဘကိုထောက်ပံ့ဖို့ မပြောနဲ့ အိမ်က ပြန်မတောင်းမိအောင်တောင် မနည်းကြိုးစားနေရတယ်။

ဒီလိုနဲ့ ပေပေတေတေနေရင်း ၁၉၈၈ အရေးအခင်းကြီး ဖြစ်လာရောပေါ့ဗျာ။

ကျနော်တို့လည်း ညဆိုရင် အိမ်ဘေးလက်ဖက်ရည်ဆိုင်ကဖွင့်တဲ့ ဘီဘီစီတို့ ဗွီအိုအေ တို့ကသတင်းတွေ နားထောင်ပေါ့။ လုံထိန်းတွေကပစ်လို့ စစ်တပ်ကပစ်လို့ ပြည်သူတွေသေကြေ ဒဏ်ရာရတယ်လို့ သတင်းကြားရင် ဒေါသတွေဖြစ်ကြပေါ့။
ဒီလိုနဲ့နေကြရင်း တရက်ညဘက် သတင်းနားထောင်နေချိန်မှာ ကျနော်တို့အိမ်နဲ့ တအိမ်ကျော်မှာနေတဲ့ G.T.I ကျောင်းဆင်း ၃ ယောက် ကျနော်တို့ဆီရောက်လာတယ်။ သူတို့ပြောပြလို့ သူတို့ ၃ ယောက် အရက်ဆိုင်မှာ အရက်သောက်နေတုန်း တဖက်ဝိုင်းမှာသောက်နေတဲ့ လုံထိန်း ၆ ယောက်လောက်က ရန်စထိုးလွှတ်လိုက်ကြောင်း သိရတယ်။ သတင်းနားထောင်နေရင်း လုံထိန်းတွေကို မကြေမနပ်ဖြစ်နေတဲ့ ကျနော်တို့တွေ ပေါက်ကွဲပြီပေါ့။

ကျနော်တို့တွေလည်း လက်ဖက်ရည်ဆိုင်ထဲကထွက်လာပြီး ကျနော်တို့အိမ်ရှေ့မှာ စုလိုက်ကြတယ်။ ပြဿနာရဲ့အသေးစိတ်ကို မေးမြန်းနေတုန်းမှာပဲ အိမ်ပေါ်ကိုတက်သွားတဲ့ ကိုသန်းစိုး(ခ)ကိုဘိန်းက ပြန်ရောက်လာပြီး ယူလာတဲ့ ဓားတွေကို တယောက်တချောင်းလိုက်ဝေတယ်။ အမှုကြီးမှာစိုးလို့ ကျနော်လည်း ကိုဘိန်းကိုတားပြီး ဓားတွေ လိုက်ပြန်သိမ်းရတယ်။ ဒါနဲ့ ကိုဘိန်းလည်း နောက်တခေါက် အိမ်ပေါ်ပြန်တက် အရက်ပုလင်းလွတ်တွေယူချလာပြီး တယောက်တလုံးလိုက်ဝေပြန်တယ်။

(ကျနော်တို့အိမ်ကလည်း အရက် သောက်သလားမမေးနဲ့၊ ပုလင်းတွေ များလွန်းလို့ အရက်ပုန်းဆိုင်ကတောင် ပုလင်းနဲ့အရက် အလဲအလှယ်လုပ်ဖို့ လာညှိရတဲ့အထိ)။ ဓားထက်စာရင် ပုလင်းတော့ မဆိုးလှ ဘူးဆိုပြီး ကျနော်လည်း တလုံးယူထားလိုက်ပြီး ခါးမှာထိုးထား လိုက်တယ်။ ပြဿနာကို မကြီးထွားစေ ချင်လို့ (ကျနော်က လစာထုတ်ဖို့ တလတခါ ဘဏ်ကိုသွားနေရတော့ လုံခြုံရေးလိုက်ရတဲ့ လုံထိန်းတော်တော်များများနဲ့ ကျနော်က သိနေတယ်)။ ကျနော်နဲ့အတူအဖော်အဖြစ် မောင်မောင်(R.I.T)ကိုခေါ်ပြီး အရက်ဆိုင်ရှိရာကိုနှစ်ယောက်သာ အရင်ဆုံးထွက်လာခဲ့လိုက်တယ်။

အရက်ဆိုင်မရောက်ခင် ညောင်ပင်တပင်အောက်မှာ အငြင်းအခုံဖြစ်နေကြတဲ့ လုံထိန်း ၆ ယောက်လောက်ကိုတွေ့လိုက်ချိန်မှာပဲ သူတို့ထဲကတယောက်က ထွက်လာပြီး" အကို ဘဏ္ဍာရေးက မဟုတ်လား" လို့မေးလာလို့..ဟုတ်တယ်ဆိုတဲ့အကြောင်း ဖြေပြီး ဘယ်လိုပြဿနာဖြစ်ရလဲဆိုတာ မေးနေမိတယ်။

ဒီအချိန်မှာပဲ အနောက်ကလိုက်လာတဲ့ ကျနော်တို့အုပ်စုထဲက ကိုဘိန်းက.."ဟေ့ကောင်တွေ မင်းတို့က ဘာကောင်တွေလဲ"လို့ လုံထိန်းတွေကိုမေးလိုက်တော့.."လုံထိန်းကွ"လို့ဖြေသံလဲကြားရော..ကိုဘိန်း လဲ ဖြေတဲ့လုံထိန်းကို ပါလာတဲ့ပုလင်းနဲ့ရိုက်ချလိုက်ပါလေရော။

ကိုဘိန်းနဲ့ပါလာတဲ့ ကျနော်တို့အုပ်စုတွေလည်း ကျန်တဲ့လုံထိန်းတွေကို လိုက်ရိုက်တော့ လုံထိန်းတွေလည်း ထွက်ပြေးကြတာပေါ့။ ဒီလိုဖြစ်နေတာကို ကျနော်နဲ့စကားပြောနေတဲ့လုံထိန်းက လှည့်ကြည့်နေတုန်း ဖြစ်မှတော့ မထူးတော့ဘူးဆိုပြီး ကျနော်လည်း လှည့်ကြည့်နေတဲ့လုံထိန်းကို ခါးကြားကပုလင်းထုတ်ပြီး ရိုက်ချလိုက်တော့တယ်။
(အဲဒီတုန်းကတော့ လုံထိန်းတွေကို စိတ်နာလို့သာ ရိုက်လိုက်ရတယ်။ အခုတော့ ပြန်တွေးတိုင်း စိတ်မကောင်း)

နောက်တော့ ကိုယ့်အချင်းချင်းလည်းထိန်း..ဘေးနားကရောက်လာတဲ့ စက်ရုံဝန်ထမ်းတွေလည်း ထိန်း ကြနဲ့ ပွဲကပြီးသွားရောဆိုပါတော့။
ကြေနပ်စွာနဲ့ပြန်လာတဲ့ကျနော်တို့တတွေ လမ်းတ၀က်ရောက်တော့ မျက်ကလဲဆန်ပြာဖြစ်ရရော။ ဘာကြောင့်ဆို ကျနော်တို့အုပ်စုထဲက မျိုးလွင်ရဲ့ရင်ဘတ်မှာ သွေးတွေရွဲနေတာ တွေ့ရလို့ပဲ။

ဘာဖြစ်တာလဲလို့ မျိုးလွင်ကိုမေးကြည့်တော့ ပြဿနာဖြစ်တဲ့အချိန်မှာ သူ့ရင်ဘတ်ကို စူးခနဲဖြစ်လိုက်တာပဲသိလိုက်တယ်တဲ့။ လုံထိန်းများ ဓားနဲ့ထိုးသွားသလားလို့ စိုးရိမ်းလို့ အိမ်အမြန်ပြန်ပြီး ဒဏ်ရာကို ကြည့်လိုက်တော့...သေခြင်းဆိုး..ကိုဘိန်း ရိုက်လိုက်တဲ့ ပုလင်းကွဲအစလေးက သူ့ရင်ဘတ်ကို ထိမိသွားတာကိုး။ အဲဒီတော့မှ ကျနော်တို့လဲ ပြုံးနိုင်တော့တယ်။

ကျနော်တို့လဲ ညတွင်းချင်းပဲ ပြဿနာဖြစ်တဲ့အကြောင်းကို စက်ရုံမှူး မန်းချစ်ဌေးခိုင်(အာဇာနည် မန်ဘခိုင်၏သား)ကို သွားတိုင်းလိုက်တယ်။ နောက်နေ့ကြတော့ ပြဿနာဖြစ်တဲ့လုံထိန်းတွေ ကွာတားကျ ကုန်ရော။ ပြောသာပြောရတယ် ကိုယ်တွေလည်း သူတို့ကိုကြောက်နေရတယ်..သူတို့လုံထိန်းဘန်ကာ တလုံးက ကျနော်တို့အိမ်ခေါင်းရင် ကိုက် ၂၀ လောက်မှာ ရှိနေတာကိုး။

သူတို့အိမ်ခေါင်းရင်က သေနတ်နဲ့လာပစ်ရင် သက်သာအောင်ဆိုပြီး ပြဿနာဖြစ်တဲ့ညကစပြီး ကျနော်ဆို အ၀တ်အစားအိတ်ကို ခေါင်းရင်မှာ ထားထားအိပ်တယ်။
(သက်သာလို့သက်သာညားပေါ့..ဒီအကြောင်း ပြန်စဉ်းစားတိုင်း ရီမိတယ်)...

ဒီလိုနဲ့နေကြရင်း တနိုင်ငံလုံးအရေးအခင်းတွေဖြစ်ပြီး မြို့တိုင်းရွာတိုင်းမှာ သပိတ်စခန်းတွေဖြစ်လာကြ တယ်။ ဒါပေမဲ့ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့မှာတော့ သပိတ်စခန်းတွေ မဖြစ်သေးဘူး။ နိုင်ငံရေးစိတ်မ၀င်စားတဲ့ ကျနော်တို့တတွေလည်း ဘားအံမှာ သပိတ်စခန်းဖြစ်မဖြစ် စိတ်မ၀င်စားဘဲ ကိုယ့်ဟာကို အလုပ်ကလေးသွားလိုက် အရက်ကလေးသောက်လိုက်နဲ့ နေကြတာပေါ့။

တရက် …နေလည့်ထမင်းစားချိန် ရုံးကပြန်လာတဲ့ကျနော် အိမ်မှာ လူစုစုနဲ့တိုးတိုးတိတ်တိတ်လုပ်နေ ကြတာတွေ့လို့ ဘာလုပ်နေကြတာလဲလို့ ကိုခင်အောင်သန့်(ခ)ဖိုးချိကိုမေးကြည့်တော့ ဘားအံကနေ စက်ရုံကို အလုပ်ဆင်းနေတဲ့ G.T.I ကျောင်းဆင်းတယောက် အိမ်ကို ရောက်လာသတဲ့။ တနိုင်ငံလုံး သပိတ်စခန်းတွေဖြစ်နေပြီ။ သူနေတဲ့မြို့ဘားအံမှာ သပိတ်စခန်းမဖြစ်သေးတာ သူရှက်တယ်တဲ့။

ဒါနဲ့ ဖိုးချိုကလည်း မင်း သပိတ်စခန်းဖြစ်ချင်ရင် ဆန္ဒပြမှရမယ်။ ဆန္ဒပြတဲ့အခါမှာ ကြွေးကြော်သံဆိုင်းဘုတ်တွေအတွက် ဖျာကြမ်းတွေဝယ်ရမယ်လို့ ပြောလိုက်တော့ (အမှန်တော..မဝယ်နိုင်ဘူးထင်ပြီး ဖြစ်ကတတ်ဆန်း ပြောလိုက်တာ)..ဟိုလူကလည်း ချက်ချင်းသွားဝယ်လာလို့ မငြင်းနိုင်တော့ဘဲ သပိတ်မှောက်ဖို့ အလုပ်ရှုတ်နေကြတာ။

ကျနော့်ကိုလည်း ရုံးကနေ A4 ဆိုဒ်စာရွက်တွေ ယူလာဖို့ပြောလို့ ညနေရုံးဆင်းချိန် ယူသွားပေးပြီး သူတို့ကို ၀ိုင်းကူရသေးတယ်။ နိုင်ငံရေးရည်ရွယ်ချက်အခံလည်း ဟုတ်တိပတ်တိမရှိကြတော့ သပိတ်မှောက်ဖို့ ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပေမဲ့လည်း ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ လုပ်မယ်ဆိုတာ မဆုံးဖြတ်နိုင်ဘဲ ရက်တွေကြာအောင် အီလည်လည်ဖြစ်နေကြတယ်။ ဒီကြားထဲ ဘယ်ကောင်က အတို့အထောင်သွားလုပ်လိုက်လည်း မသိဘူး ဝန်ထမ်းအိမ်ယာတာဝန်ခံဖြစ်တဲ့ ဗိုလ်ကြီးဝင်းနိုင်(လက်ထောက်စက်ရုံမှူး ထွေ/စီ) ကျနော်တို့အိမ်ဘေးက လက်ဖက်ရည်ဆိုင်ကိုရောက်လာပြီး ကျနော့်ကိုခေါ်တွေ့တယ်..

"မင်းတို့အိမ်က သပိတ်မှောက်ဖို့ လုပ်နေကြတယ်ဆို" ပြီး မေးလာလို့ ".ကျနော်တို့အိမ်အခြေအနေ လည်း ဗိုလ်ကြီးသိသားနဲ့ လုပ်ပါ့မလား" လို့ လိမ်လိုက်တော့.(လူပျိုဘွဲ့ရတွေကြီးပဲစုနေတဲ့ကျနော်တို့ အိမ်မှာ..အရက်ဝိုင်း၊ ဖဲဝိုင်း၊ ဆေးခြောက်ဝိုင်း နေ့တိုင်းလောက်ရှိနေတာ စက်ရုံးတခုလုံးသိ လူကြီးပိုင်း လည်း သိပေမဲ့ ခွင့်လွတ်ထားတာ။ ဒီလိုလူမျိုးတွေက သပိတ်မှောက်မယ်လို့ ဘယ်သူထင်မှာတုန်း)

ဗိုလ်ကြီးဝင်းနိုင်လည်း "အေးကွာ..ငါ့ကို မဟုတ်တဲ့သတင်းတွေ လာပေးနေကြတယ်" လို့ပြောပြီး ကြေနပ်စွာနဲ့ ပြန်သွားတယ်။ ကျနော်လည်း ချက်ချင်းပဲ အခြေအနေတွေကို သူငယ်ချင်းတွေကို ပြောပြရတော့တာပေါ့။
ကျနော်တို့လည်း သတင်းပေါက်နေလို့ ဘာလုပ်ရင်ကောင်းမလဲလို့ ဆွေနွေးငြင်းခုန်လိုက်ကြတာ နောက်တနေ့ကူးတဲ့အထိ အဖြေမထွက်ဘူး။ နောက်နေ့ နေလည် ၃ နာရီလောက်မှာ ကျနော်တို့အိမ်ရှေ့မှာရှိတဲ့ ၀န်ထမ်းသက်သာဆိုင်ကို ဆန်လုဖို့အတွက် အောက်ခြေအလုပ်သမားတချို့ ရောက်လာ ကြတယ်။ ကျနော်တို့သူငယ်ချင်းတစုလည်း ဆိုင်ရှေ့သွားပြီး အလုပ်သမားတွေကို အကြမ်းဖက်ပြီး ဆန်မလုဖို့တားရတယ်။ နောက်တော့ ဆိုင်အရောင်းတာဝန်ခံကို ခေါ်ပြီး အလုပ်သမားတွေကို ဆန်အကြွေးရောင်းပေးဖို့ ညှိပေးလိုက်တာ အဆင်ပြေသွားတယ်။
ဒီအချိန်မှာပဲ ကျနော်တို့အုပ်စုက..ဒီလို ကျနော်တို့တတွေ စားဝတ်နေရေး အဆင်မပြေရတာ အစိုးရကြောင့်၊ ဒါကို အစိုးရသိအောင် ကျနော်တို့ ဆန္ဒပြရမယ်လို့ပြောလိုက်တော့ အလုပ်သမားတွေက သဘောတူကြတယ်။ ဒါနဲ့ ညနေ ၅ နာရီမှာ ဒီနေရာမှာ လူလာစုဖို့ မှာပြီး ကျနော်တို့တွေလည်း သပိတ်မှောက်ဖို့ ပြင်ရဆင်ရတော့တာပေါ့။
ယန္တရားစက်ကြီးမောင်းတဲ့ အလုပ်သမားတယောက် ကျနော်တို့နဲ့ ပူးပေါင်းလာပြီး သူထုတ်ပေးတဲ့ငွေနဲ့ လော်စပီကာနဲ့ ဆိုက်ကားကို ငှားပေါ့။ ညနေ ၅ နာရီမှာ လူစုပြီး စထွက်တော့ ကျနော်တို့အုပ်စုအပါ အ၀င်မှ အယောက် ၂၀ လောက်ပဘဲရှိတယ်။ ဒီလိုမျိုးအတွေ့အကြုံကလည်းမရှိ၊ ရှက်ကလည်း ရှက်တတ်တော့ တခြားသူငယ်ချင်းတွေတော့မသိ ကျနော်ကတော့ ခေါင်းမဖော်ရဲတော့ဘူး။ တတ်နိုင်ရင် ဒီအုပ်စုနဲ့ဝေးရာကို ထွက်ပြေးချင်နေတယ်။

နောက်တော့ မှောင်ကလည်းမှောင်လာ လူအုပ်စုကလည်း ၂၀၀ လောက်ဖြစ်လာတော့ ကြွေးကြော်သံတွေကို အော်ရဲလာတယ်။ ကျနော်တို့သပိတ်မှောက်တစု စက်ရုံတ၀ိုက် အော်လို့ဝတော့ အစီစဉ်တမျိုးပြောင်းပြန်တယ်။ ကျနော်တို့မြိုင်ကလေးစက်ရုံက သပိတ်မှောက်နေတာကို သံလွင်မြစ်တဖက်ကမ်းမှာ ရှိနေတဲ့ ဘားအံမြို့ကသိအောင် သွားအော်ကြမယ်ဆိုပြီး သံလွင်မြစ်ကမ်းဘေးကို ချီတက်ကြပြန်ရော။

မြစ်ကမ်းဘေးရောက်တော့ ကျနော်တို့က ဒီဘက်ကနေ လော်စပီကာနဲ့အော်ပေါ့။ ဘားအံဘက်ကလူတွေက ပြန်မအော်ပေမဲ့ သူတို့တွေသိတယ်ဆိုတဲ့အကြောင်းကို မီးလုံးတွေကို အကာတခုနဲ့ ကွယ်လိုက် ဖွင့်လိုက်လုပ်ပြီး အချက်ပြကြတယ်။ ကျနော်တို့လည်းပျော်ပြီး မနက်ဖန်မနက် ဘားအံကို ကူးလာမယ်ပြောပြီး ပြန်ခဲ့ကြတယ်(ဘားအံကိုကူးမယ့် အစီစဉ်ကလည်း မူလကရှိတာမဟုတ်ဘူး။ ဘားအံရဲ့တုံ့ပြန်မှုကိုကြည့်ပြီး လုပ်ဖြစ်သွားတာ)

ပါလာတဲ့အလုပ်သမားတွေကိုလည်း မနက် ၅ နာရီမှာ ဘိလပ်မြေစက်ရုံရဲ့ရုပ်ရှင်ရုံအရှေ့မှာစုဖို့ ချိန်း လိုက်တယ်။ ကျနော်တို့အုပ်စုလည်း အိမ်ကို ည ၁၀ နာရီလောက်မှပြန်ရောက်ပြီး မနက်ဖန်အစီစဉ်အတွက် တိုင်ပင်ကြတာနဲ့ မနက် ၁ နာရီလောက်မှ အိပ်ဖြစ်ကြတယ်။

မနက် ၄ နာရီလာက် အားလုံးကြိုထကြတော့ ကျနော်မထချင်ဘူး။ ငါ့ကို ဒီကောင်တွေ ထားသွားကြပါစေလို့တောင် ဆုတောင်းတယ်။ နောက်တော့ ရဲဘော်ရဲဘက်ဆိုတဲ့အသိစိတ်က၀င်လာပြီး အိပ်ချင်မူး တူးနဲ့ ထရတာပေါလေ။ ငါတယောက်ထဲ အိပ်ချင်တာမှမဟုတ်ဘဲ သူတို့လည်း အိပ်ချင်မှာပေါ့ဆိုတဲ့ ကိုယ်ချင်းစာစိတ်ဝင်လာမှ ပိုတက်ကြွသွားတယ်။ ချိန်းတဲ့နေရာက စထွက်ကြတော့ လူက ၅၀လောက်ပဲ ရှိတယ်။ မနေ့ကလူတွေ ဘာကြောင့်မလာတာလဲမေးတော့ ဘယ်သူမှမဖြေနိုင်ဘူး၊ မထူးဘူးပြော ပြီးမှဆိုတော့ သွားရတော့တာပေါ။

သံလွင်မြစ်ကမ်းနားရောက်တော့ ပိုရင်ဆို့ပါရော။ ကျနော်တို့ဘက်ကမ်းမှာရှိတဲ့ စက်လှေ လက်လှော်လှေမှန်သမျှကို ပြည်နယ်ကောင်စီအမိန့်နဲ ဘားအံဘက်ကမ်းကို ပို့ထားတာကို တွေ့လိုက်ရလို့ပဲ။ ကျနော်တို့ဘက်ကမ်းမှာ လှေတစီးမှမရှိတော့ ဘယ်လိုလုပ်ကူးလို့ရမှာတုန်း။ ကျနော်တို့လည်း ကမ်းဘေး တလျှောက် လှေကိုလိုက်ရှာတော့ အရပ်သားတယောက်က ကျနော်တို့နားကပ်လာပြီး တိုးတိုးပြော လာတယ်။ ၅ ယောက်လောက်စီးလို့ရတဲ့ လှေတစီး သူဝှတ်ထားတယ်။ အဲဒီလှေနဲ့ တဖက်ကမ်းကိုကူး သွားပြီး ရသမျှလှေတွေကို သယ်လာဖို့အကြံပေးတယ်။ ကျနော်တို့လည်း လူရွေးပြီး တဖက်ကမ်းကူးဖို့ စီစဉ်နေတုန်းမှာပဲ ဘားအံဘက်ကမ်းကနေ ကားတင်တဲ့ရေယာဉ်တစီး(ကျနော်တို့ ဒေသအခေါ် ဇက်ရေယာဉ်) ကျနော်တို့ဘက်ကမ်းကို ခုတ်မောင်းလာတာကို ဝမ်းသာစွာတွေ့လိုက်ရတယ်။

ဘေးကကြည့်နေတဲ့ပြည်သူတွေပါ ခုန်ပေါက်အော်ဟစ်ပြီး ကျနော်တို့နဲ့ပူးပေါင်းလာလို့ လူအင်းအားက ချက်ချင်းပဲ ၃၀၀ လောက်ဖြစ်သွားတယ်။ ကားတင်တဲ့ရေယာဉ်ရောက်လာလို့ အကျိုးအကြောင်းမေး ကြည့်တော့ ဒီရေယာဉ်ကို ကျောင်းသား ၅ ယောက်က ၀င်းစီးလိုက်တာတဲ့၊ ကျနော်တို့အော်တာကို ညကထဲက သူတို့ကြားကြောင်း၊ ပြည်နယ်ကောင်စီရဲ့အမိန့်နဲ့ ညကတည်းက ရှိသမျှလှေတွေကို ဘားအံဘက်ကမ်းမှာစုပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း အကူးအသန်မလုပ်ဖို့ တားထားတာသိသိချင်း သူတို့သူငယ်ချင်း ၅ ယောက်စုပြီး ဇက်ရေယာဉ်ကို ဝင်စီးဖို့စီစဉ်တာတဲ့။

မနက်မိုးလင်းတာနဲ့ သူတို့ ၅ ယောက် ဇက်ရေယာဉ်နားမှာ မယောင်မလည်လုပ်နေပြီး တာဝန်ရှိတဲ့ ပြည်နယ်ကောင်စီနဲ့ ရဲတွေ လစ်တာနဲ့ ရေယာဉ်ကိုဝင်စီးတာတဲ့။ ညကထဲက စီစဉ်ထားတဲ့အတိုင်း လေးခွတွေ ဓားတွေကိုင်ထားသူတွေက သဘောင်္မာလိန်းမှူးကို ဝင်စီး၊ ဓာတ်ဆီပုံးကိုင်ထားသူတွက ရေယာဉ်စက်ခန်းကို ဝင်စီး။ တချို့က ရေယာဉ်ကိုချီထားတဲ့ကြိုးတွေကို ဖြုတ်ထုတ်ပြီး မောင်းခိုင်းလာ ရတာတဲ့။ ( ရေယာဉ်ဝန်ထမ်းတွေကလည်း မဆွတ်ခင်က ညွှတ်ချင်ချင်နဲ့ ငိုချင်ရဲ့လက်တို့ ဖြစ်နေ တာလည်း ပါတယ်)..ဒါတောင် ရဲကားက ကမ်းနားကို အတင်းမောင်းချလာပြီး တားဖို့ကြိုးစားလို့ လေးခွနဲ့ ၄...၅ ချက် လှမ်းပစ်ခဲ့ရသေးသတဲ့။

ကျနော်တို့သပိတ်အုပ်စု လူ ၃၀၀ လောက်လည်း ဇက်ရေယာဉ်ကို ပျော်ပျော်ကြီးစီးပြီး ဘားအံကို ကူးသွားကြတာ ကမ်းခြေရောက်တော့ စောင့်နေတဲ့ ပြည်သူတွေနဲ့ပေါင်းမိပြီး လူအင်းအား ထောင်ချီသွားတာပေါ့။

မြို့တပတ်လည်း လှည့်လိုက်ရော လူသိန်းချီပြီး ဘားအံသပိတ်လည်းဖြစ်သွားရောဆိုပါတော့ဗျား။ ဘားအံကျောင်းသားတချို့လည်း ကျနော်တို့မြိုင်ကလေးစက်ရုံကိုလိုက်လာပြီး တရားဟောကြနဲ့ စက်ရုံမှာလည်း သပိတ်စခန်းဖြစ်သွားတာပေါ့။ သပိတ်စခန်းကို စက်ရုံရဲ့ရုပ်ရှင်ရုံမှာဖွင့်လိုက်ကြပြီး တက်ကြွလှုပ်ရှားသူတွေနဲ့သပိတ်ကော်မတီကို ဖွဲ့လိုက်ကြတယ်။

(နောက်မှသတင်းကြားရတာက အဲဒီညက ဗိုလ်ကြီးဝင်းနိုင်က ကျနော့်ကို သေနတ်နဲ့ပစ်ဖို့ လာဖို့လုပ်တာ တခြားဗိုလ်ကြီးတွေက ၀ိုင်းဆွဲထားလို့မပစ်ဖြစ်တာတဲ့။ သူလည်း ကျနော့်ကိုယုံကြည့်မိလို့ အလိမ်ခံလိုက်ရတာကိုခံပြင်းသွားပုံရတယ်)

ကျနော်တို့သူငယ်ချင်းတစုကို သပိတ်ကော်မီတီမှာထည့်ထားပေမဲ့ ကျနော်အပါအ၀င် အတော်များများ က ကိုယ့်မြို့ကိုယ့်ရွာကို ပြန်သွားကြတာများတယ်။ ကျနော်လည်း ကိုယ့်မွေးရပ်မြေ မော်လမြိုင်နဲ့ စက်ရုံကိုသွားလိုက် ပြန်လိုက်ပေါ့။ မော်လမြိုင် ရောက်တော့လည်း ယောက်ဖရဲ့တိုက်တွန်းမူ့နဲ့ ကိုယ်နေတဲ့ ဝန်ထမ်းအိမ်ရာဝင်းအတွင်းမှာ ကင်းမှူးတာဝန်ယူရသေးတယ်။

ကိုယ့်သူငယ်ချင်းကလွဲပြီး လူရှုတ်ရှုတ်နဲ့လည်းမကြိုက်တာမို့ ဘယ်သပိတ်စခန်းမှ မသွားခဲ့ဘူး။

ဒီလိုနဲ့ ကိုယ့်ဟာကို လွတ်လွတ်လပ်လပ်နေနေတုန်း တနေ့မှာ ကျနော့်အကိုက ကျနော်နဲ့ ကျနော့်ညီ ကို ပဉ္စင်းခံဖို့ပြောလာတယ်။ ဒီလိုအခြေအနေဆိုးကြီးထဲမှာ ဘုန်းကြီးမ၀တ်ချင်ဘူးလို့ ငြင်းလိုက်တော့ "မင်းလည်း အမေ့အခြေအနေကို သိသာပဲ..သူမသေခင်မှာ မင်းတို့ကို ပဉ္စင်းခံသွားပေးချင်တယ် ပြောနေလို့" ဆိုပြီးပြောလာလို့ ဘုန်းကြီးဝတ်ဖို့ သဘောတူလိုက်ရတယ်။

(အရေးအခင်းမဖြစ်ခင်လေးမှာ အမေ့မှာ ကင်ဆာဖြစ်နေမှန်းသိရတယ်။ ၃ လ(သို့) ၆ လပဲခံမယ်လို့ ဆရာဝန်ကပြောတယ်)
ဒီလိုနဲ့ဘုန်းကြီးဝတ်ဖြစ်ရောဆိုပါတော့။ ဘုန်းကြီးဝတ်ဖြစ်တော့လည်း အေးအေးနေရတာမဟုတ်ဘူး။ မနက်မိုးလင်းလို့ အရုဏ်ဆွမ်းစားပြီးတာနဲ့ ပြဿနာဖြစ်တဲ့ရပ်ကွက်တွေကလာခေါ်လို့ လိုက်ရပြန်တယ်။ ဒီလိုနဲ့ ဘာတရားမှမကျင့်ဖြစ်ဘဲ ၉ ရက်ပြည့်လို့ လူထွက်မယ့်နေ့ကို ရောက်လာရောဆိုပါတော့။ မနက်မိုးလင်း အာရုံဆွမ်းစားပြီးလို့ ညနေလူထွက်ရင် ဘာလုပ်ရရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း တက္ကသိုလ်ကျောင်းနေဘက်နှစ်ယောက်ဖြစ်တဲ့ မောင်မောင်တိုးနဲ့ မျိုးလွင် ရောက်လာကြတယ်။ ရောက်တတ်ရာရာပြောကြရင်း နေ့ဆွမ်းစားချိန်ရောက်လာလို့ သူတို့လည်း ပြန်တော့မယ်လုပ်မှ "အရှင်ဘုရာ့ကို အရေးကြီးတာ ပြောစရာရှိတယ်" လို့ ပြောလာလို့..အခုပြောကြလေးကွာလို့ ပြောပြန်တော့ လူထွက်ပြီးမှ ပြောမယ်တဲ့။ ဒါဆိုလည်း အခု ဆွမ်းသွားစားလိုက်အုံးမယ်၊ ခဏစောင့်လို့ ပြောပြီး ဆွမ်း စားဆောင်ကို ထွက်လာခဲ့လိုက်တယ်။
ဆွမ်းစားပြီးလို့ ဒီကောင်တွေကိုထွက်ကြည့်တော့ မရှိတော့ဘူး။ ပြန်ကုန်ကြပြီ၊ ကိုယ်ကလည်း ဘာလဲ ဆိုတာ မတရားသိချင်နေပြီ။ ဒါနဲ့ပဲ လူထွက်ဖို့ တိုက်အုပ်ဆရာတော်ကိုသွားလျှောက်တော့ တခြားအဆောင်က ဆရာတော်တပါးဆီသွားဖို့ ညွှန်လိုက်တယ်။ ညွှန်လိုက်တဲ့ကိုယ်တော်ဆီ ရောက်ပြန်တော့ လည်း တခြားကိုယ်တော်ဆီ ထပ်သွားဖို့ညွှန်ပြန်လို့သွားလိုက်တာ ကျောင်းတိုက်အားလုံးသာကုန်သွား တယ် လူထွက်ပေးမယ့်ကိုယ့်တော် တပါးမှမတွေ့ရဘူး။
လူထွက်ဖို့မလုပ်ပေးလို့ ဒေါသကလည်းဖြစ်နေ၊ သူငယ်ချင်းတွေပြောသွားတဲ့အကြောင်းကိုလည်း သိချင်နေတော့ တိုက်အုပ်ဆရာတော်ဆီပြန်မသွားတော့ဘဲ ဘုရားကျောင်းဆောင် ရှိတဲ့နေရာသွား ပြီး"အရှင်ဘုရား တပည့်တော်အား လူထွက်ခွင့်ပါဘုရာ့" လို့ ဦးချကတော့ပြီး လူဝတ်လဲလိုက်တယ်။

ပြီးတော့ သူငယ်ချင်းတွေရှိရာကို ထွက်လာခဲ့လိုက်တယ်၊ သူတို့တွေဆီရောက်လို့ ဘာကိစ္စလဲ မေးကြည့်တော့ တက္ကသိုလ်ကျောင်းသားဟောင်းများသမဂ္ဂဖွဲ့ချင်လို့ ဘယ်လို့လုပ်ရမလဲတဲ့။

 သူတို့ကလည်း ကျနော့်ကို မြိုင်ကလေးဘိလပ်မြေစက်ရုံသပိတ် လုပ်လာတဲ့အရှိန်နဲ့ အားကိုးပုံ ရတယ်။ ရှင်းရှင်းပြောရရင် ဘာအဖွဲ့အစည်းမှ ကျနော်မလုပ်ချင်ဘူး။ ကိုယ်ဟာကို အေးအေးနေချင်တာ။ ဒါပေမဲ့ ကိုယ့်ကိုအားကိုးလာပြီးဆိုတော့ ဖြစ်အောင်လုပ်မယ်လို့ ကတိပေးလိုက်တယ်။

ဒါနဲ့ပဲ ဘယ်အချိန်ဘယ်နေရာမှာ လုပ်မယ်ဆိုတာကို ဆွေနွေးပြီး ဖိတ်စာတွေကို ဒီည အပြီးရိုက်ထားဖို့ မှာပြီး ပြန်ခဲ့တယ်။ နောက်နေ့မနက်ချိန်းထားတဲ့နေရာ ကျနော် ရောက်သွားတော့ ရိုက်ထားတဲ့ဖိတ်စာတွေယူပြီး ကျနော်ကတော့ မောင်ငံဘက်၊ သူငယ်ချင်းတယောက်ကိုတော့ ဒိုင်းရင်ကွင်းဘက်ကို လိုက်ဝေလိုက်ကြတယ်။

နောက်နေ့မနက် သမဂ္ဂဖွဲ့ဖို့ချိန်းထားတဲ့ မောင်မောင်တိုးအိမ်ကို စောစောရောက်သွားပြီး ဘယ်သူတွေလာမလဲလို့ စိတ်စောစွာနဲ့စောင့်နေမိတယ်။ လူ ၂၀ လောက်လာရင်ပဘဲ မဆိုးလှဘူးလို့ တွေးနေမိတယ်။ ဒါပေမဲ့ ချိန်ထားတဲ့အချိန်မတိုင်ခင်မှာဘဲ မောင်မောင်တိုးအိမ်ရှေ့မှာ လူ ၁၀၀ လောက်စုမိလာတော့ မူလလုပ်မယ့်မောင်မောင်တိုးအိမ်ကနေ မျက်စောင်းထိုးမှာရှိတဲ့ တရုတ်ဘုံကျောင်း တခု မှာ အစည်းအဝေးကို ပြောင်းလုပ်ခဲ့ရတယ်။
(ဘုံကျောင်းကို ဘယ်သူပြောပေးလည်းတောင် မသိတော့ဘူး)

ကျနော့်ပထမရည်ရွယ်ချက်က သူငယ်ချင်းတွေဖြစ်ချင်တဲ့ သမဂ္ဂဖြစ်အောင် လူစုပေးဖို့တခုထဲ ရည်ရွယ်ထားပေမဲ့ သူငယ်ချင်းတွေတောင်းဆိုချက်နဲ့ အခမ်းအနားမှူး လုပ်ရပြန်ရော။ ကျနော်ဝတ်ထားတဲ့ အင်္ကျီနဲ့လုံချည်က အခမ်းအနားအမှူးအနေနဲ့ ကြည့်မကောင်းလို့ဆိုပြီး သူတို့ဝတ်လာတဲ့ ကော်လာ ကတုံးတွေ လုံချည်အကောင်းစားတွေနဲ့ သူငယ်ချင်းတွေက ဝိုင်းလဲပေးကြတယ်။

(မိုက်ခရိုဖုံးတွေကိုလည်း ဘယ်သူတွေက ဘယ်ကငှားပြီး လုပ်ပေးသွားမှန် မသိတော့ဘူး။ လိုအပ်တာ ကို ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်သွားကြတာ)

အခမ်းအနားကို အစီစဉ်အတိုင်းကျင်းပပြီး နောက်ဆုံးအနေနဲ့ သမဂ္ဂဖွဲ့ဖို့လုပ်တော့ ကျနော့်ကို အထွေထွေအတွင်းရေးမှူးတာဝန်ယူဖို့ အားလုံးက ဝိုင်းတိုက်တွန်းကြတယ်။ ဒါပေမဲ့ ကျနော်အားလုံးကို ရှင်း ပြလိုက်တယ်။ ကျနော်  နိုင်ငံရေးကို နားမလည်ပါဘူး၊ ကျနော့်ထက်နားလည်တဲ့ ၇၄ ထွက် နိုင်ငံရေး သမားအကိုကြီးတွေ တာဝန်ယူပြီးလုပ်ကြပါ။ ကျနော့်တော့ ရိုးရိုးအဖွဲ့ဝင်တယောက်အနေနဲ့ပဲ အဖွဲ့ကို အကူအညီပေးပါရစေလို့ ပြောလိုက်တယ်။ ကျနော့်ကိုပြောမရတော့ ကျနော်သူငယ်ချင်းတွေကိုပါ တာဝန်ယူဖို့ပြောကြပေမဲ့ သူတို့လည်း ငြင်းလိုက်ကြတယ်(အဖွဲ့တိုင်းမှာ နေရာလုတတ်တဲ့ ဓလေ့ကို တွေ့ဖူးခဲ့တဲ့ကျနော်အဖို့တော့ နေရာမလုတတ်တဲ့ ကျနော့်သူငယ်ချင်းတွေကို လေးစားမိတယ်)
ကော်မတီဝင်တွေလည်း ကျနော်တို့သူငယ်ချင်းတစုကိုရုံးကိုနေတိုင်းလာဖို့ ဖိတ်တယ်။ သွားတိုင်း လည်းအကိုကြီးတွေက ကျနော်တို့ကို မုန့်ဖိုးပေးတယ်။ ဒီလိုနဲ့ကျနော်လည်း သမဂ္ဂရုံးကို သွားလိုက် မသွားလိုက်၊ စက်ရုံရှိတဲ့ ဘားအံကို တက်သွားလိုက်၊ မော်လမြိုင်ကို ပြန်လာလိုက်နဲ့ နေလာလိုက်တာ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့ကိုရောက်လာရော ဆိုပါတော့ဗျာ။

အဲဒီနေ့မနက်မှာ သမဂ္ဂအစည်းအဝေးပြုလုပ်တော့ မော်လမြိုင်တမြို့လုံး အထွေထွေသပိတ်ပွဲကြီးကို မနက်ဖန်မှာပြုလုပ်ဖို့ ဆုံးဖြတ်ကြတယ်။ ဆုံးဖြတ်ချက်အရ တမြို့လုံးကို စည်ရုံးလှုံ့ဆော်ဖို့ ကျနော်တို့ သူငယ်ချင်းတစုကို တာဝန်ပေးတယ်။ ကျနော်တို့လည်း မြို့ပတ်လှုံ့ဆော်ဖို့ ကားတွေ၊ စပီကာတွေ ငှားပေါ့။

အကုန်လုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ စစ်တပ်အာဏသိမ်းကြောင်းကို ရေဒီယိုက ကြေညာပါလေ ရော။ လူကြီးတွေလည်း ဘာဆက်လုပ်ရမှန်းမသိ တွေဝေကုန်ကြတယ်။ ကျနော်တို့သူငယ်ချင်းတစု ကတော့ ဆုံးဖြတ်ထားတဲ့ကိစ္စ နောက်ဆုတ်စရာမရှိဘူးဆိုပြီး(စစ်တပ်ရဲ့အပစ် တခါမှမခံဘူးတော့ မျက်ကန်း တစ္ဆေမကြောက် ဖြစ်နေတာ) လူကြီးတွေခွင့်ပြုချက်ကိုမတောင်းတော့ဘဲ မနက်ဖန် အထွေထွေသပိတ်ပြုလုပ်မယ်ဆိုတဲ့အကြောင်း မြို့လုံးပတ်ကြေညာလိုက်တာ ည ၉ နာရီထိုးမှပဲ အိမ်ပြန်ရောက်ကြတော့တယ်။

နောက်နေ့မနက် ၆ နာရီလောက် ကျနော် သမဂ္ဂရုံးရှေ့ရောက်သွားတော့ လူ ၁၀ ယောက်လောက်ပဲ ရုံးရှေ့မှာတွေ့ရတယ်။ ၇ နာရီလောက်အထိ လူအင်အားက ၅၀ လောက်ပဲရှိသေးလို့ ကျနော်လည်း ဘာလုပ်ရမှန်းမသိဘဲ စိတ်ပျက်နေတုန်း တက္ကသိုလ်တက်ဖက် သူငယ်ချင်းဖြစ်တဲ့ ကျော်လွင်က" မင်း တို့က ချိန်းထားတဲ့အချိန်ထက်ကျော်နေပြီး..လုပ်အုံးမလား ဘာလဲကြောက်နေပြီလား"လို့လဲ ဆိုလိုက်ရော ဘာဖြစ်လို့ကြောက်ရမလဲ..အခုပဲ လုပ်မယ်ဆိုပြီး(အမှန်က ကြောက်နေတာ..ဒီကောင် ကျော်လွင် ပြောလိုက်မှ မခံချင်စိတ်ရော ရှက်စိတ်နဲ့ရော ထလုပ်တာ) ကျနော်လည်း သမဂ္ဂရုံးထဲဝင်၊ ခွပ်ဒေါင်း အလံတွေယူပြီး နီးရာဝါးလုံးမှာချီပြီး အလံလည်း ထောင်လိုက်ရော ရှိသမျှလူအုပ်က လက်ခုပ်ဝိုင်းတီး လိုက်ကြတာ ကျနော်လည်း ၀မ်းသာလွန်းလို့ ကြောက်စိတ်ပါ ပျောက်သွားတယ်။

အားလုံးလည်း ကျနော့်လိုပဲ ခံစားရမယ် ထင်ပါတယ်။ လူအင်းအားလည်း ၂၀၀ လောက်နဲ့ ဈေးကြီးရှေ့ အောက်လမ်းမကြီးအတိုင်းထွက်လာလိုက်တာ ထားဝယ်တံတားရှေ့ရောက်တော့ အင်းအားက ထောင်ကျော်သွားပြီ။

ဒီလိုလာရင်းနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးရှေ့ရောက်တဲ့အချိန်မှာ စစ်ကြောင်းဟာ ရဲဘော်ကုန်းဘက်ချိုး တက်သွားတာကို စစ်ကြောင်းနောက်ရောက်နေတဲ့ကျနော် တွေ့လိုက်ရတယ်။ (စစ်ကြောင်းစထွက်ချိန်ကတည်းက အောက်လမ်းမကြီးအတိုင်းသွားဖို့ ကျနော် မှာထားပြီးသား။ ဘာကြောင့်ဆို.. လူစည်တဲ့အောက်လမ်းမကြီးအတိုင်း ချီတက်ရင် လူအင်အားတိုးပွားလာမယ့်အပြင် တခုခုဖြစ်ခဲ့ရင်တောင် ပိုးစိုး ပက်စက်မဖြစ်လောက်ဘူးပေါ့)(နောင် ပြန်စဉ်းစားတိုင်း လမ်းကြောင်းပြောင်းအောင် လုပ်သူကို မသင်္ကာဖြစ်မိတယ်)

ကျနော်လည်း လမ်းကြောင်းပြန်ပြောင်းဖို့ စစ်ကြောင်းရှေ့အမီသွားပေမဲ့ မမီလိုက်ခဲ့ဘူး။ ဒါနဲ့ပဲ မထူး ဇာတ်ခင်းပြီး သွားလိုက်တာ ထောင်ရှေ့ အဝိုင်းအရောက်မှာ စစ်ကား ၃ စီးနဲ့ ပိတ်ဖမ်းတာခံရတော့ တာပဲ။ စစ်သားတွေ ခုန်ဆင်းလာတာတွေ့တာနဲ့ နောက်ပိုင်းက လိုက်လာသူတွေ ထွက်ပြေးသွားတော့ ရှေ့ပိုင်းကလိုက်လာတဲ့ လူ ၅၀ လောက်ပဲ ကျန်ခဲ့တယ်။ ကျနော်ပြေးရင် လွတ်တယ်။ ပြေးလဲပြေးချင်ပါတယ်...ဒါပေမဲ့ ကိုယ့်နဲ့အတူရှိနေကြတဲ့ ရဲဘော်ရဲဘက်တွေကို ငှဲ့တာရော..ခေါင်းဆောင်ဆိုတဲ့အသိ ရှိတာရောကြောင့် မပြေးဖြစ်ဘူး။ ဆင်းလာတဲ့စစ်သားတွေဟာ ကျနော်တို့ကိုဆူဆဲပြီး တပ်ဦးမှာရှိနေတဲ့အလံတွေကို သိမ်းလိုက်ကြတယ်။

ကားခေါင်းကပါလာတဲ့ ဗိုလ်မှူးက" ဒီကောင်တွေကို ရိုက်ပစ် သတ်ပစ်" လို့ အော်နေပေမဲ့(ခြောက်တဲ့ သဘောနဲ့ အော်ခဲ့တာပါ။ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်ဉာဏ်လင်းက သူ့ရဲဘော်တွေကို ပစ်ဖို့ခတ်ဖို့ အမိန့်မပေးခဲ့ပါဘူး) ဆင်းလာတဲ့ ဗိုလ်ကြီးတယောက်ကတော့ "ညီလေးတို့ရာ လူကြီးမကြိုက်တာ မလုပ်ကြပါနဲ့"ဆိုပြီး ကျနော်တို့ကိုချော့မော့ပြောပါတယ်။ ဒီအချိန်မှာပဲ ကျနော့်ဘေးပတ်ဝန်းကျင်ကို ကြည့်မိ လိုက်တော့ တက္ကသိုလ်တက်ဖက် အမျိုးသမီးနှစ်ယောက်ကို တွေ့လိုက်ရတယ်။ လူ ၅၀ လောက်မှာ သူတို့နှစ်ယောက်ပဲ မိန်းကလေး။

ဖမ်းခံထိတဲ့မိန်းကလေးတွေကို မုဒိမ်းကျင့်တယ်လို့ ကြားဖူးတဲ့ကျနော် သူတို့နှစ်ယောက်ကို ထွက်ပြေးဖို့ တိုးတိုးကပ်ပြောလိုက်တယ်။ ဒါပေမဲ့ သူတို့ခမျာလည်းကြောက်ပြီး ဘာမှလုပ်တတ်တဲ့ပုံမရတော့ဘူး။ ဘယ်ကိုပြေးရမလဲလို့ ကျနော့်ကိုမေးလာလို့ ကျနော်လည်း လူတွေပြေးဝင်သွားတဲ့ တရုတ်ဘုံကျောင်း တခုကို ညွှန်ပြပေမဲ့ မျက်စိမျက်နှာပျက်ပြီးသာ ရပ်နေတာတွေ့လို့...ပြေး ပြေးလို့ ပါးစပ်ကလည်း သတိပေးရင်း သူတို့နှစ်ယောက်ကိုတယောက်တဖက်ဆွဲရင်း ဘုံကျောင်းထဲကို ကျနော်တို့ ပြေးဝင်လိုက်တယ်။ အနောက်က စစ်သားတွေရဲ့မပြေးဖို့ အော်သံကြားပေမဲ့ ဂရုမစိုက်တော့ဘူး။ ဘုံကျောင်းထဲကို ရောက်တဲ့အချိန်မှာ အရင်ထွက်ပြေးလာတဲ့လူတွေက သူတို့ပြေးရင်လွားရင် ကိုးရိုးကာရားဖြစ်ခဲ့တာတွေကို ရီမောပြောနေကြတာတွေ့လို့.."နောက်မှာ ခင်ဗျာတို့ပထွေးတွေလိုက်လာကြပြီး" ပြောလိုက်မှ ဘုံကျောင်းနောက်ဘက်ကို ထွက်ပြေးကုန်ကြတယ်။

ကျနော်တို့ ၃ ယောက်လည်း ဘုံကျောင်းနောက်ဖက်ကို လိုက်ထွက်လိုက်တော့ သံဆူးကြိုးကို ကျော်နေတဲ့ လူအုပ်စုကို တွေ့လိုက်ရတယ်။ ယောက်ျားလေးတွေက သံဆူးကြိုးကို လွယ်လွယ်ကူကူ ခုန်ကျော်သွားပေမဲ့ ကျနော်နဲ့ပါလာတဲ့ မိန်းကလေးနှစ်ယောက်က မကျော်နိုင်လို့ ကျနော်လည်း သံဆူး ကြိုးကိုဖြဲပြီး သူတို့ကိုထွက်စေတယ်။

ပထမတယောက် ထွက်ပြီးသွားလို့ ဒုတိယတယောက်ထွက်နေချိန်မှာပဲ ကျနော်အနောက်ကနေ "ဟေ့ကောင်မပြေးနဲ့"လို့ အော်သံကြားလို့လှည့်ကြည့်လိုက်တော့ ကျနော်တို့ကို ၇၉ သေနတ်နဲ့ချိန်းထားတဲ့ စစ်သားတယောက်ကို တွေ့လိုက်ရတယ်။ ကျနော်လည်း ထူပူသွားပေမဲ့ မိန်းကလေးတွေကို ဆက်ထွက်ဖို့ပြောလိုက်ပြီး သူတို့လွတ်သွားပြီးဆိုမှ စစ်သားဘက်ကို ကျနော်ဦးလှည့်လိုက်တယ်။ မခံချင်စိတ်တွေ ဒေါသတွေနဲ့ ကျနော် ကြောက်ကန် ကန်ပါပြီ။

စစ်သားရဲ့ခလုတ်မောင်းကွင်းမှာရှိတဲ့ လက်ညှိုးကိုတည့်တည့်ကြည့်ရင် ကျနော် သူ့ဆီကို တလှမ်းချင်း လှမ်းသွားပါတယ်။ သူ့ ၇၉ တလုံးကို လွတ်အောင်ရှောင်နိုင်ရင် ကျနော်လုပ်ချင်တာ လုပ်လို့ရပြီးပေါ့။ (တက္ကသိုလ်အရံတပ်ရင်း တက်ထားတဲ့ အတွေ့အကြုံအရ ဒီစစ်သားမှာ G3..G4 သေနတ်ကိုင်ထားရင်တော့ ကျနော်ဒီလိုလုပ်မိချင်မှ လုပ်မိပါလိမ့်မယ်။ သူက တတောင့်မဟုတ် တတောင့် ထိနိုင်တာကိုး။ ၇၉ ဆိုတာက တလုံးကောင်းပဲပစ်လို့ရတာ။ သတ်မှတ်ထားတဲ့ အကွာအဝေးမပြည့်ရင်လည်း မကွဲဘူး။ တလုံးလွဲသွားလို့ နောက်တလုံးမထိုးခင်မှာက ဒီသေနတ်က တုတ်ဖြစ်သွားပြီလေ)
ကျနော်တလှမ်းတိုးရင် စစ်သားကလည်း တလှမ်းဆုတ်တယ် (ကျည်မထိုးထားဘူးဖြစ်ချင်လည်း ဖြစ်မယ်)

ဒီလိုနဲ့တိုးရင်းဆုတ်ရင်းနဲ့ သူလည်း ဘုံကျောင်းထဲရောက်သွားရော..ကျနောလည်း ဘုံကျောင်းဘေးမှာ ရှိတဲ့အိမ်ကိုပြေးတာပေါ့.."ဟိတ်မပြေးနဲ့ " ဆိုလို့ကြည့်လိုက်တော့ G4နဲ့ ချိန်းထားတဲ့ ပြုံးစိစိမျက်နှာနဲ့ စစ်သားတယောက်ကို တွေ့လိုက်ရပြန်တယ်။ (သူလည်း ကျနော်နဲ့ ၇၉ သမားရဲအဖြစ်ကို မြင်ထားပုံရ တယ်)..ကျနော်လဲ ထူပူပြီး တခြားအိမ်တအိမ်ထဲ ပြေးဝင်လိုက်ပြန်ရော။

ကျနော့်အရင်ရောက်နေတဲ့ သူငယ်ချင်း သုံးယောက်ကို တွေ့လိုက်ရတယ်။ အိမ်ရှင်တွေက စိတ်ချ လက်ချနေဖို့ပြောပေမဲ့ မကြာခင်မှာပဲ စစ်သားတွေရောက်လာပြီး ကျနော်တို့ကို ခေါ်ထုတ်သွားတယ်။နောက်မလုပ်ဖို့ပြောဆိုဆုံးမပြီး ပြန်လွှတ်ပေးလိုက်တယ်။ (သူတို့လည်း ဖမ်းမိန့်ရထားပုံမရဘူး)

လူက လွတ်သွားပေမဲ့ စိတ်ကနာသွားပါပြီ။ သေနတ်ရှိတဲ့သူက မရှိတဲ့သူကိုအနိုင်ကျင့်တယ်၊ ငါ့မှာ သေနတ်ရှိရင် သူတို့ ငါတို့ကို အနိုင်ကျင့်လို့မရဘူးဆိုတဲ့အတွေးအခေါ်ဝင်လာတော့  တောခိုမယ်ဆို တာကို တခါထဲ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။

ဒါနဲ့ပဲ ဘိလပ်မြေစက်ရုံကိုပြန်သွားပြီး ခရီးလွန်နေတဲ့သူငယ်ချင်းတွေကို အမြန်ပြန်လာဖို့လှမ်းခေါ်ရတော့တာပေါ့။ ပြန်ရောက်လာတဲ့သူငယ်ချင်းတွေကို ဆွယ်ပေမဲ့ အတော်များများက တောခိုဖို့ တွေဝေနေကြတယ်။ (မော်လမြိုင်တုန်းကလည်း တက္ကသိုလ်အရံတပ်ရင်းထွက်သူငယ်ချင်းတွေကို အစည်းအဝေးခေါ်ပြီး တောခိုဖို့စည်းရုံးကြည့်ပေမဲ့ ဘယ်သူမှလိုက်ဖို့မပြောဘဲ သေနတ်တွေသယ်လာဖို့သာ ကျနော့်ကိုမှာလိုက်တဲ့အတွက် ကျနော်ကလည်း သယ်လာမယ်လို့ ကတိပေးခဲ့တယ်။ ကျနော်တို့အားလုံး လည်း သေနတ်တွေကို ကျိုက်ထီးရိုးသေနတ်တွေလို အလွယ်တကူဝယ်လို့ရတယ်များထင်နေလား မသိ)။

တောခိုဖို့ ၄ -၅ ယောက်စုမိတော့ လမ်းခရီးအတွက် လိုတဲ့ငွေရှာဖို့နဲ့..တောခိုဖို့ လမ်းပြအဆက်အသွယ်ရှာရင်နဲ့ ကျနော်လည်း မော်လမြိုင်နဲ့ ဘားအံကို တက်လိုက်ဆင်းလိုက်ပေါ့။ (ရန်ကုန်နဲ့ မန္တလေးမြို့က လူတွေက မော်လမြိုင်ရောက်ရင် သူပုန်နယ်မြေထဲ ရောက်ပြီးလို့ ထင်ကြပေမဲ့ မော်လမြိုင်သားကျနော် တောခိုဖို့အဆက်အသွယ် အတော်ပဲ ရှာခဲ့ရပါတယ်) ဒီကြားထဲ ရုံးကိုလည်း အခြေအနေမပျက် ပြန်တက်နေတုန်း လက်ထောက်စက်ရုံမှူး ဗိုလ်ကြီးဝင်းနိုင် ကျနော်တို့ဌာနကိုရောက်လာပြီး " စိုးလွင်..မင်း တို့ဘာတတ်နိုင်သေးလဲ" ဆိုပြီး လာပြောနေလို့ "ကြည့်ကြသေးတာပေါ့ ဗိုလ်ကြီးရာ" လို့ ဆတ်ဆတ်ထိမခံ ပြန်ပြောလိုက်သေးတယ်။ တောခိုဖို့လမ်းစရိတ်ကိုလည်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂက မြန်မာငွေ တထောင်ထုတ်ပေးလို့ အတော်ကိုအဆင်ပြေသွားတယ်။

ကျနော် မော်လမြိုင်ရောက်နေတုန်း ကျနော်သူငယ်ချင်း မျိုးလွင်ကလည်း သူလည်းလိုက်မယ်ပြောလို့ ခေါ်ဖို့ကတိပေးပြီးခါမှ သူ့အမေက သူမရှိတုန်း ကျနော့်ကို သားအကြီးဆုံးဖြစ်တဲ့ သူ့သားကို ခေါ်မသွား ဖို့တားလို့ မျိုးလွင်ကို မော်လမြိုင်ကပဲစောင့်နေ လာခေါ်မယ်လို့ လိမ်ပြီး ထားပစ်ခဲ့ရတယ်။

(၂၅ နှစ် ကြာမှ ကျနော်မြန်မာပြည်ပြန်လို့ မျိုးလွင်နဲ့တွေ့တော့ သူ့ကိုလိမ်ပြီးထားသွားရကောင်းလားလို့ ကျနော့်ကို စကားနာထိုးတယ်လေ။ မင်းအမေက မင်းကိုခေါ်မသွားဖို့ မေတ္တာရပ်ခံလို့ ထားခဲ့ရတယ်ပြောမှ သူလည်း အံ့သြသွားတယ်။ အဲဒီတော့မှ မိဘမေတ္တာကို ပိုသိသွားပြီး သူ့အမေကို အခုမှ ပိုဂရုစိုက်နေလေရဲ့)

ကျနော် စက်ရုံကိုပြန်ရောက်တော့ ထွေ/စီ ဌာနမှာလုပ်နေတဲ့ ကိုဝင်းကိုက "မင်းတို့ ကိုယ်ရေးရာဇာဝင်တွေကို ထောက်လှမ်းရေးက လာစစ်နေပြီ..အမြန်လစ်ကြ" လို့သတိပေးလာလို့..ကျနော်လည်း သူငယ်ချင်းတွေကို အသိပေးပြီး အမြန်ထွက်ဖို့ စီစဉ်ရတော့တယ်။

(ကင်ဆာဖြစ်နေတဲ့ကျနော့်အမေဆုံးတဲ့အထိစောင့်ချင်ပေမဲ့ အခြေအနေက မပေးတော့ဘူး)..ကျနော်တို့ မူလတောခိုမယ့်အုပ်စုက ကျနော်၊ တင်ရွှေ၊ ကိုဘိန်း(ခ)ကိုသန်းစိုး၊ ကိုဖိုးချို(ခ)ကိုခင်အောင်သန့်၊ အောင်ဝင်း၊ ဒါပေမဲ့ G.T.I အုပ်စုက သိန်းဦးနဲ့ မြင့်အောင် ကျနော်တို့နဲ့ အတူလိုက်မယ်ဆိုလို့ ၇ ယောက်ဖြစ်သွားတယ်။ ကျနော်တို့လည်း နောက်နေ့မနက်ကျတော့ ဘားအံဘက်ကမ်းကူးပြီး တောခိုဖို့အဆက်အသွယ်လုပ်ထားတဲ့ လက်ဖက်ရည်ဆိုင်ကိုသွားခဲ့ပေမဲ့ လူတွေရှုတ်ထွေးနေတာတွေ့လို့ ကိုယ့်အစီစဉ်နဲ့ကိုယ်သွားဖို့လုပ်ရတော့တယ်။ အတူပါလာတဲ့ သိန်းဦး(နောက်မှသိရတာက သူက K.N.U ကလူ၊ ဘိလပ်မြေစက်ရုံကို မိုင်းခွဲဖို့ ညွန်းကြားခဲ့တာလည်း သူပဲ၊ ကျနော်တို့က ဒီအကြောင်းတွေ လုံးဝမသိခဲ့ဘူး) က ဒီခရီးလမ်းတွေကို ကျွမ်းကျင်တဲ့အတွက် သူ ဦးဆောင်ပြီး ခေါ်သွား မယ်လို့ ကတိပေးတယ်။

သူရှင်းပြတာက ဘားအံကနေ ကျုံဒိုးအနီးက လေးတိုင်ရွာအထိ လိုင်းကားစီး သွားပြီး အဲဒီကတဆင့် ဒေါနတောင်ကိုဖြတ်ပြီး K.N.U စခန်းတခုခုကို ခြေလျှင်သွားဖို့၊ ကျနော်တို့ လည်းသဘောတူပြီး လိုင်းကားစီးကာ ကျုံဒိုးကိုသွားခဲ့ပေမဲ့ အိန္ဒူရွာမှာ ပေါ်တာဖမ်းနေတယ်ဆိုလို့ ကားပေါ်ကဆင်း ပြေးရတာပေါ့။ ကျနော်တို့လည်း မူလအစီစဉ်နဲ့လွဲသွားလို့ ဘာလုပ်ရမှန်မသိ ဖြစ်နေ ချိန်မှာ ကျနော်တို့နဲ့အတူ ပေါ်တာပြေးလာတဲ့ခရီးသည်တယောက်က သူဦးဆောင်ပြီး ခေါ်သွားပေး မယ်ပြောလို့ သူ့နောက်လိုက်ရပြန်တယ်။ သူလည်း ကျုံဒိုးဘက်မသွားဘဲ ကချင် ၂ တပ်ရင်းနဲ့ မိုင်း ကွင်းတွေကြားဖြတ်ပြီး ဇာသပြင်ရွာဘက်ကို ကျနော်တို့ကို ခေါ်လာခဲ့တယ်။

ခရီးတ၀က်လောက်အရောက်မှာ လိုင်းကားတွေ့လို့ တက်စီးရုံရှိသေး ဇာသပြင်ဘက်ကလာနေတဲ့ စစ်ကားတန်းကိုတွေ့လို့ ဆင်းပြေးရပြန်ရော။ လမ်းပြနောက်ကိုအမီလိုက်နေရတဲ့ ကျနော်တို့တတွေလည်း ညမှောင်လာလို့ တွေ့တဲ့ရွာမှာ ညအိပ်လိုက်ရတယ်။ တနေကုန်ပြေးထားတဲ့ဒဏ်နဲ့ နောက်နေ့မနက်ကျတော့ ကျနော်တို့ အိပ်ရာက မထချင်တော့ဘူး။ (လယ်ကွင်းထဲမှာ အိပ်ရတာ)..ဒါပေမဲ့ လမ်းပြမရှိရင် မသွားတတ်တဲ့ ကျနော်တို့တတွေ လမ်းပြနောက် လိုက်ရပြန်တာပေါ့။
နေ့လည်လောက်မှာ ကော့ဘိန်းတဖက်ကမ်းက တဲအိမ်စုကိုရောက်သွားပြီး မနက်စားနဲ့ နေလည်စာ မစားရသေးတဲ့ကျနော်တို့တတွေကို တဲအိမ်ရှင်က သူ့ရှိတဲ့ ထမင်းနီတာရဲနဲ့ ငပိရည်ကို ထုတ်ကျွေး ရှာတယ်။ ငတ်လို့လားမသိ စားကောင်းလိုက်သည်ဖြစ်ခြင်း..။ စားပြီးတော့ လမ်းပြက ကျနော်တို့ကို လှေနဲ့ တဖက်ကမ်းကိုခေါ်သွားပြီး တခြားလမ်းပြတယောက်နဲ့ လက်လွဲပေးပြန်တယ်။ လမ်းပြအသစ်နဲ့ ကျနော်တို့လည်း ဆက်ထွက်ရပြန်တာပေါ့။ လမ်းလျှောက်တဲ့ အတွေ့အကြုံလည်းမရှိ၊ ပင်ပမ်းတဲ့ဒဏ်လည်းမခံဘူးတော့ လမ်းပြနောက်ကို ကျနော်တို့တတွေ မျက်ခြေမပြတ်အောင် အတော်လိုက်ယူရ တယ်။ ဒီကြားထဲ ကျနော်တို့အဖွဲ့မှာပါတဲ့ ဖိုးချိုက...လုံချည်က ခြေမျက်စိတိုက်ဝတ်ထား၊ ကတ္တီပါဖိနပ်ကိုလည်း ဗွတ်ထဲရေထဲ မချွတ်ဘဲစီးထားတော့ ခြေထောက်တွေပေါက်ပြီး မသွားနိုင်တော့ဘူး။(လုံချည်လေး မကာမကာနဲ့ သူသွားနေတဲ့ပုံက တောခိုဖို့သွားနေတယ်လို့တောင် ထင်စရာမရှိဘူး)

ကျနော်တို့လည်း သူ့ကိုစောင့်ခေါ်နိုင်ဖို့ လမ်းပြကိုပါ စောင့်ခေါ်ပေးဖို့ တောင်းပန်ရတာပေါ့။ ဒီလိုနဲ့ မွန်ရွာတရွာကို ညဘက်ရောက်သွားပြီး လမ်းပြက ကျနော်တို့ကို အိမ်တအိမ်မှာ အပ်သွားကာ သူက တခြားတအိမ်မှာ သွားအိပ်တယ်။

နောက်နေ့မနက်ရောက်လို့ လမ်းပြအလာကိုစောင့်နေတဲ့ ကျနော်တို့တတွေ လမ်းပြမလာနိုင်တာနဲ့ အိမ်ရှင်ကိုမေးကြည့်တော့ လမ်းပြက ပြန်သွားပြီးတဲ့။ လေးတိုင်ရွာအထိပို့ပေးဖို့ လမ်းပြကို ပိုက်ဆံပေး ပြီးသား။ လမ်းပြလိမ်တာခံလိုက်ရတာပေါ့။ ကားခ၊ ထမင်းစာရိတ်၊ လမ်းပြခတွေနဲ့ ကုန်သလောက်ရှိနေပြီဖြစ်တဲ့ကျနော်တို့တတွေလည်း ရှိစုမဲ့စုပိုက်ဆံလေးတွေစု၊ အိမ်ရှင်ကိုတောင်းပန်းပြီး လမ်းပြ အသစ်ကို ငှားခိုင်းရတော့တာပေါ့။ လမ်းပြအသစ်နဲ့ စထွက်လို့ ရွာထိပ်ပဲရောက်သေးတယ် K.N.U စစ်ကြောင်းနဲ့တွေ့လို ရပ်ရပြန်ရော။

မွန်လမ်းပြကိုလည်း သနားလို့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်။ (အဲဒီအချိန်က မွန်နဲ့ ကရင်က တိုက်ပွဲတွေဖြစ်နေတာ၊ မတော် ကရင်က မွန်လမ်းပြကို သတ်မှာစိုးလို့ ပြန်လွှတ်ပေးလိုက်တာ)ကျနော်တို့လည်း ပိုက်ဆံကုန်ပြီဖြစ်လို့ လမ်းပြမငှားနိုင်တော့ဘူး။ လေးတိုင်ရွာကို ဘယ်လိုသွားရတယ်ဆိုတာ K.N.U ကိုမေးပြီးသွားလိုက်တာ လေးတိုင်ရွာအနီးကို မိုးမချုပ်ခင်ရောက်သွားပေမဲ့ လေးတိုင်ရွာအရှေ့မှာ စစ်တပ်စခန်းရှိနေတာကြောင့် ညမှောင်မှာပဲ လေးတိုင်ရွာထဲကို ပြေးဝင်ရတယ်။

ကံကောင်းထောက်မစွာပဲ လေးတိုင်းရွာထဲမှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတယောက်နဲ့တွေ့ပြီး သူစီစဉ်ပေးမှုနဲ့ ဒေါနတောင်ခြေက ရွာတရွာကို လမ်းပြတယောက်က လိုက်ပို့ပေးခဲ့တယ်။ဒီရွာမှာလည်း K.N.U စစ်ကြောင်းတကြောင်း ရောက်နေတာကိုတွေ့ရတယ်။ အတူပါလာတဲ့ သိန်းဦး က ဒါ K.N.U နယ်မြေဖြစ်သွားပြီး ဘာမှကြောက်စရာမလိုဘူးပြောလို့ စစ်တပ်ရန်က ဝေးရာကိုရောက်လာတဲ့ ကျနော်တို့တတွေ ဝမ်းသာလိုက်တာ။

နောက်နေ့မနက်ကျတော့ ကရင်ရဲဘော်တဦးလိုက်ပို့လို့ ဒေါနတောင်ကို ဖြတ်ကျော်ကြပြီး လမ်းမှာ တညအိပ်ကာ နောက်နေ့နေလည်လောက်မှာ K.N.U အထူးတပ်ရင်း ၁၀၁ ရှိရာ ၀မ်ခစခန်းကိုရောက်ခဲ့ကြတယ်။

အရင်ရောက်နေကြတဲ့ ကိုလှသွင်၊ ဦးတိတ်ခင်၊ မောင်မောင်သန်းတို့ ရန်ကုန်အုပ်စုတွေနဲ့ တွေ့ရပြီး နှစ်ရက်အကြာမှာတော့ ဘားအံက အတူတူထွက်မယ်လို့စီစဉ်ပြီးမှ ကျနော်တို့လမ်းခွဲခဲ့တဲ့ ဒေါက်တာသောင်းထွန်း၊ ကိုသိန်းထွန်းတို့ရောက်လာတာကို တွေ့ရတယ်။

နောက်တော့ အောင်မြင့်ဟန်၊ နီမင်း၊ ဇော်ထွန်းတို့ရဲ့ မြင်းခြံ အုပ်စုတွေ၊ အောင်ကျော်လှိုင်၊ ချစ်ပို၊ မျိုးဆွေမွန်၊ ကျော်ကျော်ဝင်းတို့အုပ်စုတွေ ရောက်လာကြတယ်။ ဒီအုပ်စုတွေနဲ့ သီဘောဘိုတပ်ရင်းတွေကနေ ကွန်မန်ဒိုသင်တန်းတက်ဖို့ လွှတ်လိုက်တဲ့ရဲဘော်တွေ ဘားအံ့မြို့ကရောက်လာတဲ့ ဘားအံသားတွေပေါင်းပြီး K.N.U က ပေးတဲ့ စစ်သင်တန်းကို အတူတက်ကြတယ်။

စစ်သင်တန်းပြီးဆုံးတဲ့အချိန်မှာတော့ ကျနော်တို့တပ်ရင်းကို ABSDF ရဲ့တပ်ရင်း(၂၁၁) ဝမ်ခစခန်း အဖြစ် အောင်မြင်စွာ ဖွဲ့စည်းနိင်ခဲ့တယ်။ ဒီအချိန်ကစပြီး ကျနော်တို့တတွေလည်း သူပုန်ဘဝကို ကူးပြောင်းသွားကြတယ်ပေါ့ဗျာ။

စိုးလွင်(၂၁၁)(ဝမ်ခ)