ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၄)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၄)
ကျူရှင်ပေါ်လာရခြင်းအကြောင်းရင်းထဲမှာ ပညာရေးစနစ်ဟာတရားခံပဲ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
=====

မာန် ။ ။ နယ်တွေမှာပြဿနာတက်တာလည်း အဲဒါတွေပဲဆရာ၊ ကျနော်တို့ခရမ်းသုံးခွနယ်ဘက် ကျောင်းတွေဆိုပါတော့၊ အမှတ်(၁)ရှိမယ်၊ မြို့မကျောင်းဆိုတာတွေရှိမယ်၊ အဲဒီလိုကျောင်းတွေမှာ ရှိတဲ့ ဆရာဆရာမတွေက အခြားတောနယ်ဘက်က ဆရာဆရာမတွေထက် အခွင့်အရေးသာတယ်။

နံပါတ်တစ်က ကျူရှင်သင်ခွင့်ရတယ်ဆရာ၊ ဆရာမက မသင်ချင်ပါဘူးဆိုတာတောင်မရဘူး၊ မိဘကအတန်းပိုင်ဆရာမဆီမှာ အတင်းလာအပ်တယ်၊ အဲဒီလိုပုံစံမျိုးတွေဖြစ်တယ်၊ နောက် ဒီထက်အခွင့်အရေးသာတာက မြို့ကကျောင်းကြီးတွေမှာက ပွဲတွေလမ်းတွေနဲ့မွေးနေ့ကိစ္စ၊ အာစရိယ ပူဇော်ပွဲ၊ ဘာကိစ္စညာကိစ္စ၊ ပေါင်းရေးသင်းရေးသွားရေးလာရေးကိစ္စက အစ သာတယ်၊ အဲဒီတော့အဲဒီလိုကျောင်းကြီးတွေကိုရဖို့ ဆရာဆရာမတွေ တိုးဝင်တယ်၊ သူ့ထက်ငါ ရချင်တယ်၊ ရွာဘက်တွေဆင်းရဲချို့ငှဲ့တဲ့နေရာတွေမှာကျတော့ ဆရာဆရာမတွေကြာကြာမနေချင်ဘူး၊ မနေချင်ပေမဲ့လည်း မနေလို့တော့မရပါဘူး ၊ နှနှစ်နေရတယ် သုံးနှစ်နေရတယ်၊ ပြီးတာနဲ့ ပညာရေးမှူးကို ပိုက်ဆံပေးတယ်၊ မြို့ကျောင်းတွေကိုပြောင်းကြတယ်၊

အဲဒီတော့ တောနယ်မှာ ကျန်ခဲ့တဲ့ကလေးတွေက ပညာရေးကိုအကုန်မရတော့ဘူး၊ ဆရာမတွေကလည်း နှနှစ်သုံးနှစ် သင်ပြီးရင် ပြေးပြီ၊ ဝတ်ကျေတန်းကျေသင်ခဲ့တယ်၊ သူ့သက်တမ်းလေးအတွင်းမှာပေါ့၊ ပြီးရင် မြို့ကိုရွေ့ကြတယ်၊ ရွာက ကလေး တွေမှာ သူတို့တွေအခြေခံကောင်းကောင်းမရကြဘူး၊ မူလတန်း၊စောစောက ဆရာပြောသလို အင်မတန်အရေးကြီး တဲ့မူလတန်းတွေ၊ ဘာမှတကယ်မရလိုက်ဘူး၊ လေးတန်းအောင်ရင် မြို့ကျောင်းကိုသွားတက်ပြီ၊ တချို့ရှစ်တန်းအောင်ရင်သွားတက်ကြပြီ၊ အဲဒီမှာ မြို့ကျောင်းကဆရာဆရာမကထုတော့တာပဲ၊ နင်တို့ဒါလေးတောင် မသင်ထားဘူးလား၊ am,is,are, was,were တောင်မသိဘူးလားနဲ့ ထုရော/ ကလေးတွေက တကယ်မသိတာဆရာ၊ အခြားဘာသာတွေလည်း အဲဒီလိုပဲ၊ ဘာမှအခြေခံပါမလာဘဲ ကလေးတွေက အလယ်တန်းရောက်လာ အထက်တန်းရောက်လာတယ်၊ မြို့ကျောင်းကထုတော့ ကလေးတွေက ကျောင်းမတက်ချင်တော့ဘူး၊ မတက်ချင်လည်း မိဘကလွတ်တော့ တက်ရတယ်၊

ဒါပေမဲ့ ကလေးတွေကကျောင်းမှာမပျော်ဘူး၊ မြို့ကျောင်းမှာဆက်မတက်ချင် တော့ဘူး၊ နောက်ဆုံးကျောင်းထွက်ကုန်ကြ တယ်၊ အဲဒီပြဿနာတွေလည်းရှိတယ်ဆရာ၊ အဲဒီအပေါ်ဆရာ့ အမြင်ပြောပါဦး။


မင်းသစ် ။ ။ ကျနော့်အမြင်ပြောပါဆိုရင် ပြောရမယ်ဆိုရင်တော့ စခန့်ကတည်းက လူတွေ့စစ်ဆေးပြီး ခန့်ပေါ့။ စာရွက်နဲ့မခန့်နဲ့၊ ဒီရွာသွားရမယ်၊ နေနိုင်လား၊ သွားနိုင်လား၊ သုံးလေးနှစ်နေရမယ်၊ နေနိုင်လား၊ နော်၊ ဟုတ်ပြီလား။ နောက်ပြီးတော့ အဝေးကိုသွားသင်တဲ့ဆရာဆရာမတွေကိုပိုက်ဆံပိုပေးရမယ်ဗျ၊ ဘာပဲပြောပြော ခရမ်းသုံးခွ ဟိုဘက်က ရွာတွေဆိုတာ ဘာထူး တုန်း၊ ခင်ဗျားနယ်ခြားသွားသင်ရတာနဲ့ဘာထူးတုန်း၊ အဲဒီတော့၊ အဲဒီလိုဆရာဆရာမတွေကို ကျနော်က တောဘောနပ်စ်ပေါ့၊ လစဉ်နော် လစဉ်၊ အဲဒါပိုပေးသင့်တယ်လို့ ကျနော်ထင်တယ်၊ အဲဒီဘောနပ်စ်ကိုပါ စာချုပ်ထဲထည့်ချုပ်ရမယ်။ ပေးကိုပေးရမယ်။ သူ့ဘက်ကပျက်ကွက်လို့ရှိရင် ထုတ်ပစ်လိုက်၊ နောက်တယောက်လာလိမ့်မယ်၊ နောက်တယောက်ထပ်ချုပ်။ ကျနော်တော့ အဲဒီနည်းပဲကြိုက်တယ်။

မာန်။ ။ တချို့ရွာတွေကျတော့ကြတော့သိပ်ခံရတယ်ဆရာ၊ ကျနော်စောစောကစကားဆက်ဦးမယ်၊ ဥပမာ ရွာတရွာပေါ့၊ အဲဒီရွာကကျောင်းမှာ ကျောင်းသားရှစ်ဆယ်ရှိတယ်၊ ဒါဆိုရင် ဆရာဆရာမ လေးဦးငါးဦး ရှိရမယ် စသဖြင့်ပေါ့၊ ဒါပေမဲ့ မရှိဘူးဆရာ၊ စာရင်းထဲမှာရှိတယ်၊ တကယ်သွားကြည့်ရင် မရှိဘူး၊ စစ်ဆေးရေးကလည်းမစစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြို့နယ် ပညာရေးဌာနကဆင်းပြီး စစ်ရတာကိုး၊ အဲဒီမှာမြို့နယ်ပညာရေးဌာနနဲ့ ကျောင်းအုပ်နဲ့ပေါင်းပြီး အစိုးရလစာကို ပေါ်ပေါ်တင်တင်ပဲ လိမ်စားကြတယ်၊ ဆရာဆရာမက ရွာကိုနှစ်ရက်သုံးရက် လာတယ်၊ ဆရာမကြီးကလည်း သူ့ကျောင်းမှာ ဆရာဆရာမအပြည့်ရှိတယ်ပေါ့၊ လစာကိုလိမ်ထုတ်တယ်၊ အဲဒီကကလေးတွေရဲ့ဘဝဟာ တော်တော်သနားစရာကောင်း တယ်၊ ရွာပါနစ်နာတာပေါ့ဆရာ၊ အဲဒီရွာကလူတွေထဲက နည်းနည်းပါးပါး ပေါက်ပေါက်ရောက်ရောက် ရှိတဲ့သူက တိုင်မယ် တောမယ်လုပ်တဲ့အခါကြရင် ပညာရေးမှူးက ဘာပြောလဲဆိုရင်၊ ခင်ဗျားတို့ ကျောင်းပါ ဖြုတ်ပစ်လိုက်မယ်၊ သူကလုပ် ပိုခွင့်ရှိတယ်ဆရာ၊ ဒီကျောင်းက ကျောင်းသားမပြည့်စုံလို့၊ အဆောက်အဦမရှိလို့၊ ဘာမပြည့်စုံလိုဘာညာနဲ့ ကျောင်းကို ဖြုတ်ပစ်ရင်အဲဒီရွာနှစ်ခါနာဦးမယ်၊ ဒါတွေက ပညာရေးမှူးလက်ထဲမှာရှိတယ်၊ ဘာမှလုပ်လို့မရတဲ့အဆုံး နှစ်တိုင်နှစ်တိုင်းခံနေရတဲ့ ရွာတွေ အများကြီးရှိတယ်ဆရာ၊ တချို့ဆရာမတွေ မြို့မှာပဲကျူရှင်သင်တယ်၊ ရွာကျောင်းက ဆားဗစ်ယူထားတယ်၊ အဲဒီလိုမျိုးတွေဆရာ။

မင်းသစ် ။ ။ ကျနော်ပြောမယ်ဗျ၊ ကျူရှင်ပေါ်လာရခြင်းအကြောင်းရင်းထဲမှာ ပညာရေးစနစ်က တရားခံပဲ၊ ဆယ်တန်းအောင်မှတ်နဲ့တက္ကသိုလ်ဝင်ခွင်ဆုံးဖြတ်လိုက်တယ်၊ အဲဒီမှာ မြန်မာစာတောင် ကျူရှင်ယူရတဲ့ဘဝရောက်တာ၊ ကျနော် တို့တုန်းက မရှိဘူး၊ သူ့ဟာသူ ဘယ်နှမှတ်နဲ့အောင်ခဲ့ အောင်ခဲ့၊ ဘယ်ဘာသာယူယူ၊ ဟိုမှာလိုက်နိုင်ရင်ယူလေ၊ မလိုက်နိုင်ရင်ခံလေ၊ အဲဒီလိုဗျ။

မာန် ။ ။ ကလေးတွေမှာကြည့်လိုက်ရင်လည်းသင်ရတဲ့စာတွေကမနည်းဘူးဆရာ၊ ကျောပိုးအိတ်တွေများ ကျနော်မနည်း သယ်ရတယ်၊ ကလေးတွေမှာကျူရှင်က ဘယ်နှအုပ်၊ကျောင်းကဘယ်နှအုပ်နဲ့ သင်လိုက်ရတာလည်း နည်းတာမဟုတ်ဘူး၊ ဘာသာစုံနဲ့သင်ရိုးညွန်းတန်းစာအုပ်တွေနဲ့ သယ်လိုက်ရရင် တနင့်တပိုးကြီး၊ ပြီးရင် ကျောင်းချိန်ကျူရှင်ချိန်၊ အချိန်ပိုနဲ့ပြေးလွှား နေရတာအပြင် စာဖတ်ချိန်မရှိဘူး။

မင်းသစ်။ ။ ခင်ဗျား အဲဒါတဆက်တည်းပြောလိုက်မယ်၊ ကျောင်းတွင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေ မရှိတော့တဲ့အတွက်၊ ဒီကလေး တွေ အနုပညာနဲ့လည်း ဝေးတယ်၊ အားကစားနဲ့လည်းဝေးတယ်၊

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။