ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) - တစေ့တစောင်း နှုတ်ခမ်းမွေးအကြောင်း



ကျော်မောင်(တိုင်းတာရေး) - တစေ့တစောင်း နှုတ်ခမ်းမွေးအကြောင်း
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆

ရန်ကုန်သား တစ်ယောက် လူကြီးဖြစ်လာသည်ကို ကစားဖော်သူငယ်ချင်းက ပြောမှသတိထားမိသည်။ “ဟေ့ မင်းအသံက သြသြကြီးဖြစ်နေပြီ၊ အရင် အသံလို မဟုတ်တော့ဘူး၊ မင်း လူကြီးဖြစ်ပြီ” ဟု လမ်းအတူတူလျှောက်နေရင်း အမှတ်မထင်ပြောလိုက်သည်ကို ကြားမိရာက စသည်။ ဘီးနှင့်မှန် ဆိုတာသည် အရင်က သူနှင့် မဆိုင်၊ သူ့အသုံးအဆောင်များမဟုတ်၊ အိမ်ရှိလူကြီးများ၏ ပိုင်ဆိုင်မှုတွေဟု သတ်မှတ်ထားခဲ့သည်။ လူကြီးဖြစ်လာပြီဟု အထင်ရောက်ချိန်တွင် အိမ်ရှိ ဘီးများစွာထဲမှ စိတ်ကြိုက် ဘီးတစ်ချောင်းကိုရွေးချယ်ကာ သေသေချာချာဆေးကြော၍ “ဒါ ကျနော့်ဘီး” ဟု အိမ်သားအပေါင်းကြားအောင် ကြွေးကြော်ပြီး မောင်ပိုင်သိမ်းလေတော့သည်။ ဤသို့ အပိုင်သိမ်းထားသော ထိုဘီးဖြင့် ခေါင်းကို စမတ်ကျကျဖြီးရန် မှန် ခဏခဏကြည့်ရာမှ အစပြုကာ နှုတ်ခမ်းမွေး နိဒါန်းသည် အသံကို အခြေပြု၍ အစပျိုးခဲ့လေသည်။

မှန်ကြည့်ရာမှ နှာခေါင်းပေါက်နှစ်ခုအောက် အပေါ်နှုတ်ခမ်းအထက်နားတွင် ရေးတေးတေးဖြစ်လာသော အမွေးနုများကို သတိပြုမိသည်။ ထိုအမွေးနုများကို ရှည်လာအောင် စောင့်ကြည့်ရသည်မှာ မနက်တိုင်းဖြစ်သည်။ မျက်နှာသစ်ပြီးတိုင်း နှုတ်ခမ်းမွေးတွေ ရှည်ထွက်လာသလားဟု လက်ချောင်းထိပ်များဖြင့် ပွတ်ကြည့်ခြင်း၊ အလင်းရောင်များရာ နေရာတွင် ကြည့်မှန်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ နှုတ်ခမ်းမွေးနုတွေကို ပြုစုယုယခြင်းတို့မှာ သူ့အတွက်တော့ အလုပ်ကြီးကြီးမားမားပြုလုပ်နေခြင်းဖြစ်သည်။

“နှုတ်ခမ်းမွေး” ဆိုသည့်စာလုံးပေါင်းရှိ “မွေး” တွင် ၀ဆွဲ မွေးထက် ၀ဆွဲဟထိုးဖြင့်ပေါင်းသော “နှုတ်ခမ်းမွှေး” ဟု ရေးခြင်းကို ပိုမိုသဘောကျခဲ့သည်။ ၀ဆွဲဟထိုးသည် နှုတ်ခမ်းမွေး၏ သင်္ကေတဟုပင် ထင်မှတ်ခဲ့ပြန်သေးသည်။

ရန်ကုန်သား အစ်ကိုနှင့် ရန်ကုန်သားသည် နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဖြစ်သည်။ သို့သော် ကျောင်းအတန်းစဉ်တွင်မူ တစ်တန်းသာ ကွာသည်။ တက်သောကျောင်းသည် အစပိုင်းတွင် တူသည်။ အစ်ကိုဖြစ်သူက တစ်ဖက်ရပ်ကွက်ရှိ အလယ်တန်းကျောင်းသို့ အရင်ပြောင်းသည်။ ရန်ကုန်သားက နောက်တစ်နှစ်တွင် လိုက်ပြောင်းသည်။ ထိုအလယ်တန်းကျောင်းတွင် ကျောင်းတက်သက်တမ်း တစ်နှစ်သာရှိနေပြီဖြစ်သော အစ်ကို့ကို အတန်းကြီး အတန်းငယ်များက အတော်သိကြသည်။ ဆရာ ဆရာမတိုင်းလိုလိုကလည်း သိသည်။ ရန်ကုန်သားမှာလည်း သူ၏ကျော်ကြားမှုကို မှီခိုကာ လူသိများလာရလေသည်။

အစ်ကို၏ ကျော်ကြားမှုဆိုသည်မှာ စာပေဘက်တွင် ထူးချွန်ခြင်းကြောင့် မဟုတ်ဘဲ အဝေးကပင် လှမ်းမြင်နိုင်သော သူ၏နှုတ်ခမ်းမွေးကြောင့်ဖြစ်သည်။ သူက ပေါက်လာသော နှုတ်ခမ်းမွေးနုနုများကို မရိတ်ဘဲ အရှည်ထားသည်။ ကျောင်းတွင် နှုတ်ခမ်းမွေးရှည်ရှည်ရှိသော ကျောင်းသားသည် သူတစ်ယောက်သာ ဖြစ်သည်။ သူ့သူငယ်ချင်းများမှာလည်း သူ့လောက်နှုတ်ခမ်းမွေးရှည်ရှည် မရှိကြ။ သူသည်သာလျှင် တစ်ကျောင်းလုံးတွင် နှုတ်ခမ်းမွေးသန်သောသူဖြစ်လေသည်။ နှုတ်ခမ်းမွေးမထားဖို့ မည်သည့် ဆရာ ဆရာမကမှ သူ့ကို မတားဆီးကြ၊ မတိုက်တွန်းကြ။ ကြည့်ရဆိုးလိုက်တာဟုလည်း ပြောသံမကြားရ။ သူကလည်း ထိုနှုတ်ခမ်းမွေးကို မရိတ်ရက်။ ထိုတွင် ကျောင်းသားသစ်ဖြစ်သော ရန်ကုန်သားသည် နှုတ်ခမ်းမွေးညီ ဟု အမည်တွင်လေသည်။ “ဟေ့ မင်းအစ်ကိုက နှုတ်ခမ်းမွေးကြီးနဲ့ တစ်ယောက်လား” ဟု အမေးခံရသည်မှာလည်း အကြိမ်ကြိမ်။

နှုတ်ခမ်းမွေးညီဟု အမည်နာမ ရသူသည် ကိုယ်တိုင်နှုတ်ခမ်းမွေးဖြစ်ရန် ကြိုးစား၏။ နှုတ်ခမ်းမွေး၏ ကြန်အင်လက္ခဏာများနှင့် ပြည့်စုံရန် အမွေးများများထွက်လာဖို့ နည်းလမ်းများကို ရှာကြံ၏။ မှန်ကို တစ်နေ့ သုံးခါကြည့်သည်မှသည် ကျောင်းတက်ချိန်မှလွဲ၍ အိမ်ပြန်ရောက်ချိန်၊ အိမ်စာလုပ်သည့်အချိန်တို့တွင် လေးထောင့်ကြည့်မှန်သည် ဘေးနားတွင် နေရသည်။ တစ်ခြားသူများအသုံးလိုသောအခါ သူ့ဆီမှ မှန်လာယူလျှင် သူမကြိုက်။ ခဏလေးကွာဆိုလည်း မရ၊ တအောင့်လေးပါဆိုလည်း မလိုက်လျော။ အကြောင်းပြချက်ကမူ နှုတ်ခမ်းမွေးရှည်လာသည်ကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ပြောလေသည်။ အကြင်နှုတ်ခမ်းမွေးများသည် စောင့်ကြည့်ကာမှ ရက်တော်တော်နှင့် ထွက်မလာ။

နှုတ်ခမ်းမွေးရှည်လာချိန်သည် အစ်ကိုနှုတ်ခမ်းမွေးရိတ်ချိန်နှင့် တစ်ထပ်တည်းကျသည်။ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးတွင် ကျောင်းရှိ ထူးချွန်ကျောင်းသူ ကျောင်းသားများကို ဆုများပေးအပ်လေ့ရှိသည်။ ထိုအခါ နှုတ်ခမ်းမွေးအမည်တွင်သော အစ်ကိုဖြစ်သူသည် ပြီးခဲ့သောအတန်းတွင် ဆုရသည့်အတွက် ဆုတက်ယူရန် ပြင်ရ ဆင်ရသည်။ အိမ်ရှိမိဘများကလည်း အခွင့်ကောင်းစောင့်နေချိန်နှင့် ကြုံလေသည်။ ရန်ကုန်သားအဖေက သားအကြီးကို ယခုကဲ့သို့ပြောသည်။

“ဟေ့ နှုတ်ခမ်းမွေး ဒီမှာ နှုတ်ခမ်းမွေးရိတ်တဲ့ ဓား၊ ဟောဒီလို ရိတ်ရတယ်၊ ဒီလိုရိတ်ရင်တော့ ဓားရှမယ်၊ ရော့ ရိတ်ပေတော့၊ အလင်းရောင်ကောင်းတဲ့နေရာမှာ မှန်ကြည့်ရိတ်၊ ဖြည်းဖြည်းရိတ်”

နှုတ်ခမ်းမွေးရိတ်နေချိန်သည် တစ်အိမ်သားလုံးအတွက် စိတ်လှုပ်ရှားဖွယ် အချိန်ဖြစ်သည်။ ဇာတ်ပွဲစခါနီး ကန့်လန့်ကာကို မပင့်ခင် ဇာတ်စင်အောက်မှ ပွဲကြည့်ပရိတ်သတ်များ စောင့်မျှော်နေရသလိုပင်။ နှမြောတသစွာ ရိတ်နေသော အစ်ကိုဖြစ်သူကို ရန်ကုန်သား ကြည့်ပြီး ပြုံးသည်။ နှုတ်ခမ်းမွေးညီဟုအခေါ်ခံနေရသော ဒုက္ခမှ လွတ်မြောက်ပေတော့မည်။ နှုတ်ခမ်းမွေးညီမှသည် နှုတ်ခမ်းမွေး နာမည်ကို ခတ်နှိပ်ခွင့်ရပေတော့မည်။ စိတ်ကူးအပျော်သည် ကြက်ဥပြုတ်ကျက်သည့်အချိန်မျှပင် မကြာလိုက်။

အဖေက မုတ်ဆိတ်ရိတ်သော ဓားတစ်ချောင်း လာပေးသည်။ “နှုတ်ခမ်းမွေးညီ မင်းလည်း ရိတ်” တဲ့၊ “နှုတ်ခမ်းမွေးလေး ရေးတေးရေးတေးနဲ့ ဖြစ်နေတယ်” တဲ့။ “ဓာတ်ပုံရိုက်ပေးဖို့ မင်းလည်း လိုက်သွားရမှာ။ အစ်ကိုဖြစ်တဲ့သူက နှုတ်ခမ်းမွေး မထားတော့တဲ့အခါ မင်းက ထားရင် မင်းကို အစ်ကိုလို့တောင် တစ်ခြားသူတွေက ထင်နေဦးမယ်။ ညီအစ်ကိုတွေ ရုပ်ဖြောင့်ဖြောင့်နဲ့ ဆုပေးပွဲသွားတက်ကြ” ဟု ပြောသည်။ “နှုတ်ခမ်းမွေးနဲ့က ပိုရုပ်မဖြောင့်ဘူးလား အဖေ” ဟု စောဒက မတက်ရဲ။

“ခုရိတ်လိုက်ရင် နောက်ထွက်လာမယ့် နှုတ်ခမ်းမွေးတွေက ကြမ်းထော်တော့မှာ အဖေရ” ဟုသာ မကြားတကြားဖြင့် မရဲတရဲ ပြောသော် နားပါးသော အဖေက “အဲဒီအခါ ခဏခဏ ရိတ်ရတယ်ကွ” ဟု ဆိုလေသည်။

ဆုပေးပွဲတွင် အဖြူရောင်တိုက်ပုံနှင့် ကျောင်းစိမ်းပုဆိုးဝတ်ဆင်ထားသော အစ်ကိုနှုတ်ခမ်းမွေးမှာ ဓာတ်ပုံတွဲရိုက်ကြသူတွေနှင့် လက်မလည်။ “နှုတ်ခမ်းမွေးတွေ အိမ်မှာ ဖြုတ်သိမ်းထားလိုက်ပြီလား” ဟု နောက်ပြောင်မေးကြသည်။ “ဟိုတုန်းက နှုတ်ခမ်းမွေးက အတုကိုး” ဟု ရယ်မောပြောသူက ပြောသည်။ “နှုတ်ခမ်းမွေးမရှိမှ ငါ့တပည့် ရုပ်တော်တော်ဖြောင့်မှန်းသိသာလာတာပဲ” ဟု ဆရာမတွေက ရှေ့တွင် ပြောကြသည်။ ရှိတုန်းက မကဲ့ရဲ့သောသူအပေါင်းသည် မရှိသောအခါတွင် ၀မ်းသာအားရ ချီးကျူးကြသည်။ ရန်ကုန်သားမှာမူ ဆုပေးပွဲကို အကြောင်းပြု၍ မရှည်လိုက်ရရှာသော သူ၏နှုတ်ခမ်းမွေးများအတွက် တွေးရင်းတွေးရင်း ၀မ်းနည်းတသသ ဖြစ်၍နေလေသည်။

ဆုပေးပွဲနောက်ပိုင်းတွင် ရန်ကုန်သား၏ နှုတ်ခမ်းမွေးများမှာ တော်တော်နှင့် ပြန်မပေါက်။ ရိတ်ထားသော နေရာမှာ အရာမည်းမည်းကျန်နေခဲ့သည်။ ထိုအရာမည်းမည်းကိုပင် နှုတ်ခမ်းမွေးဖြင့်ပြန်ဖုံးနိုင်ဖို့ ဘယ်နှစ်ရက်စောင့်ရမည်မသိ။

ရပ်ဝေးတွင် နေထိုင်သည့်ဆွေမျိုးထဲမှ သက်ကြီးပုဂ္ဂိုလ်ဖြစ်သော အဖွားတစ်ယောက်ကို တစ်ရက်တွင် သွားကန်တော့ရာ မိသားစုနှင့်လိုက်သွားသည်။ အဖွားက ရန်ကုန်သားကို စေ့စေ့ကြည့်ပြီး ယခုလို အမှာစကား ချွေသည်။

“ငါ့မြေးက မြေးတွေထဲမှာ ရုပ်ရည်အရှိဆုံး၊ ဒါပေမဲ့ နှုတ်ခမ်းအပေါ်က နှုတ်ခမ်းမွေးရာတွေက မည်းနေတယ်။ ရေချိုးရင်လေ၊ ပုဆိုးကို ရေဆွတ်ပြီး အဲဒါနဲ့ ခပ်ကြမ်းကြမ်းတိုက်ပေး။ အရာတွေလည်း ပျောက်၊ နှုတ်ခမ်းမွေးတွေလည်း ထပ်ထွက်မှာ မဟုတ်တော့ဘူး၊ အဲဒါလုပ် အဲဒါလုပ်” ဟု တိုက်တွန်းသော အမှာစကားပေတည်း။

လူကြီးစကားကို အစဉ်အမြဲနားထောင်လိုက်နာသော ရန်ကုန်သားမှာ အဖွားစကားကိုလည်း နားထောင်သည့်အနေဖြင့် ရေချိုးတိုင်း ပုဆိုးရေစိုဖြင့် နှုတ်ခမ်းမွေးပေါက်ရာနေရာအား တစ်ချက်နှစ်ချက် စတိသဘော ပွတ်သည်။ စတိပွတ်သောကြောင့် နှုတ်ခမ်းမွေးငုတ်စိတိုများအား မည်သို့မျှမထိခိုက်။ နှုတ်ခမ်းမွေးများ မြန်မြန်ရှည်ထွက်လာစေရန် အားပေးသကဲ့သို့ပင် ဖြစ်သွားသည်။ အဖွားဆီသို့ နောက်တစ်ခါ သွားရောက်လည်ပတ်၍ ဂါရ၀ပြုသောအခါ “ဟယ် ဒီကောင်လေး နှုတ်ခမ်းမွေးတွေနဲ့ ရုပ်ဆိုးလိုက်တာ” ဟု အပြောခံထိလေသည်။ “ပုဆိုးရေစိုနဲ့ မတိုက်တော့နဲ့ အုန်းဆံခွံနဲ့သာ မနာ နာအောင် တိုက်” ဟု မပြောလိုက်တာ ကံကောင်းသည်ဟု ဆိုရမည်။

အစ်ကိုဖြစ်သူသည် သူ၏ကနဦးနှုတ်ခမ်းမွေးများ ရိတ်ပြီးသည့်နောက်ပိုင်းတွင် နှုတ်ခမ်းမွေးကို အရှည်ထားခြင်းမရှိတော့။ အမွေးအမျှင် အသန်မြန်သူဖြစ်သဖြင့် မုတ်ဆိတ်ရိတ်ဓား ခဏခဏ၀ယ်ကာ အားပါးတရ ရိတ်လေ့ရှိတာကို တွေ့ရလေသည်။ နှုတ်ခမ်းမွေးဟု အခေါ်ခံရခြင်းမှာလည်း ဆုပေးပွဲတက်ပြီး နောက်ပိုင်းတွင် နိဂုံးချုပ်ခဲ့ပြီဖြစ်သည်။ ထူးချွန်ကျောင်းသားသာ မဖြစ်ခဲ့လျှင် နှုတ်ခမ်းမွေးကို ဆက်ထားမည်လား မပြောတတ်။

ရန်ကုန်သားမှာကား နှုတ်ခမ်းမွေးရိတ်သည့်အလုပ်ကို ပုံမှန်မလုပ်ချင်။ နှုတ်ခမ်းမွေးလေး မနက်တိုင်းရိတ်ရမှာတောင် ပျင်းတဲ့ကောင် ဟု သြဘာပေးခံရသူဖြစ်သည်။ ရိတ်ချင်သောအခါမှ ရိတ်လေ့ရှိသည့်အတွက် ရိတ်မည်ဟုသတိရချိန်သည် နှုတ်ခမ်းမွေးအတော်အတန်ရှည်နေသောအခါပင်ဖြစ်တတ်သည်။

တစ်ခါသော် စာသင်ခန်းတွင် သက်ရှိသက်မဲ့ပုံရိပ်များနှင့်သက်ဆိုင်သော ဘာသာရပ်ကို စိတ်ဝင်တစားသင်ယူနေချိန်ဖြစ်သည်။ ဆရာမက စာသင်နေရင်းဖြင့် ဘာသာရပ်နှင့်ဆိုင်သော ဥပမာ ဥပမေယျများကို ပြောသည်။ ဥပမာများတွင် ပါဝင်သော သတ္တ၀ါများသည် နှုတ်ခမ်းမွေးရှိသော သက်ရှိများဖြစ်နေလေသည်။ ရန်ကုန်သားတွင် ထိုစဉ်က အမြဲသ၍နေသော နှုတ်ခမ်းမွေးသည် မနေမနား စာကြည့်ရသည်ကို အကြောင်းပြ၍ မရိတ်သည်မှာ ကြာညောင်းပြီဖြစ်သဖြင့် ခပ်ကားကားဖြစ်ကာ ထူထူထဲထဲဖြစ်နေလေသည်။ တိုက်ဆိုင်မှုပင် ဖြစ်တာနေမှာဟု တွေးတွေးမိပြီး ပြုံးမိသည်။ စာသင်ခန်းထဲမှာ နှုတ်ခမ်းမွေးရှိတာကလည်း ရန်ကုန်သားတစ်ယောက်တည်း။ ဥပမာအပေးခံရသော သတ္တ၀ါများမှာ ကြောင်၊ ငါးခူ စသည်တို့ဖြစ်သည်။

ကြောင်ဆိုသော သတ္တ၀ါသည် အပေါက်တစ်ခုအတွင်း၊ ကြားနှစ်ကြားအတွင်းသို့ ၀င်မည်ဆိုပါက သူ၏ကိုယ်လုံး ဆန့်မဆန့်ကို သူ၏နှုတ်ခမ်းမွေးနှင့် အရင် တိုင်းတာဆုံးဖြတ်လေ့ရှိကြောင်း ယုံတမ်းစကားတစ်ခုကို သွားသတိရမိပြန်သည်။ နှုတ်ခမ်းမွေးကျိုးတိုးကျဲတဲထားသော ဦးလေးဖြစ်သူကို အဖွားက “ငါ့သားလေး ဘယ်တုန်းက ငါးခူ ဖြစ်သွားတာတုန်း” ဟု ပြုံးစိစိပြောတာကြားဖူးသည်။ မေးစေ့ပေါ်တွင် ပေါက်သော မုတ်ဆိတ်မွေးများကို မွေးညှပ်ဖြင့် နှုတ်ခြင်းသည် နုနယ်သော နှာရည်ယိုဝန်းကျင်ရှိ နှုတ်ခမ်းမွေးများကို ဆတ်ကနဲ ဆတ်ကနဲ နှုတ်ခြင်းလောက် မနာကျင်။ သို့သော် ဦးလေးသည် သူ့အမေ မကြိုက်မှန်းသိ၍ မုတ်ဆိတ်ရိတ်ဓားကိုပင် မသုံးဘဲ တမင်အနာခံကာ နှုတ်ခမ်းမွေးများကို မွေးညှပ်ဖြင့် အမြစ်ပါမကျန်အောင် တစ်ပင်ချင်း တဖြုတ်ဖြုတ်ဆွဲနှုတ်လေ့ရှိသည်။

နှုတ်ခမ်းမွေးကို သေချာကျနစွာ ထိန်းသိမ်းထားသူများနှင့် ဆုံရ စကားပြောရသည့်အခါ ငါလည်း ဟိုတုန်းကတည်းက နှုတ်ခမ်းမွေးသာ ဆက်ထားရင် သူတို့ထက် ပိုခန့်မှာဟု မချိတင်ကဲ ဖြစ်ရသည်။ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် နှုတ်ခမ်းမွေးမရိတ်ဘဲ ထားသည့်အခါ စကားပြောတတ်စ သမီးငယ်က “ဖေဖေ ရုပ်ဆိုးကြီး” ဟု မပီကလာ ပီကလာဖြင့် ထောမနာပြုသည်။ နှုတ်ခမ်းမွေးများကို ကျကျနန စင်ကြယ်အောင် ရှင်းလိုက်သောအခါ “ဟေး ဖေဖေ ချောတယ်၊ ဖေဖေ ချောတယ်” ဟု ရယ်မောပျော်ရွှင်ကာပြောသည်။

ဤသို့ဖြင့် နှုတ်ခမ်းမွေးနှင့်မှ ခန့်ညားသည်ဟု အထင်ရောက်နေသော ရန်ကုန်သားသည် မနက်တိုင်း မနက်တိုင်း မျက်နှာသစ်ချိန်တွင် နှုတ်ခမ်းမွေးရိတ်ခြင်း အမှုကို ပုံမှန်ပြုလုပ်ရပေတော့သည်။ ရုံးပိတ်ရက် ရှည်သောအခါများတွင်မှ ဖေဖေ ရုပ်ဆိုးကြီးဟူသော ချီးမွမ်းပြောဆိုခြင်းကို ခံယူကာ ရှည်ထွက်လာသမျှ နှုတ်ခမ်းမွေးများကို မှန်တွင် သွားသွားကြည့်ရင်း ကျေနပ်တင်းတိမ်ရလေသည်။ ရုံးပြန်တက်သောနေ့ မနက်ပိုင်းတွင် ခါတိုင်းကဲ့သို့ ပြောင်သလင်းခါအောင် ရှင်းရလင်းရပြန်သည်။



နှုတ်ခမ်းမွေးဇာတ်ကြောင်းသည် ပေါက်လိုက် ရိတ်လိုက်၊ ရိတ်လိုက် ပေါက်လိုက်ဖြင့် ပတ်ချာလည်နေလေတော့သည်။ ကြည့်မှန်သည်သာ ကင်မရာတစ်လုံးဖြစ်ခဲ့ပါမူ နှုတ်ခမ်းမွေးအဖြစ်အပျက်ကို နေ့စဉ်လိုလိုပင် မှတ်တမ်းတင်ထားနိုင်ပေလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်ပေတော့သည်။