မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၉) (၁၀)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၉) (၁၀)
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင်ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။

====

● အင်္ဂလိပ်လိုရေးထားရင် အမှန်တရားလို့ထင်တယ်၊ အကောင်းလို့ထင်တယ်

မင်းသစ်။ ။ထားတော့ဗျာအဲဒီကာလကြီးတွေ၊ ခုနကကိစ္စ ပြန်ဆက်ရဦးမယ်။  လူငယ်တွေဗျာ၊ ၆၄ ခုနှစ်နောက်ပိုင်း လူငယ်တွေမှာ (၁) ဖတ်စရာစာအုပ်မရှိဘူး၊ (၂) စာပေစိစစ်ရေးရှိတယ်၊ ထုတ်ခွင့်လည်းရမှာ မဟုတ်ဘူး၊ အဲဒီတော့ လူငယ်တွေဘာဖြစ်သွားတုန်းဆိုတော့ လူငယ်တွေမှာ အငုံ့စိတ်၊ အနှိမ့်စိတ်ဝင်သွားတယ်၊ အင်္ဂလိပ်လိုရေးထားရင် အမှန်တရားလို့ထင်တယ်၊ တော်တော်ဆိုးတာ၊ အင်္ဂလိပ်လိုရေးထားရင် အမှန်တရား၊ အကောင်းလို့ထင်တယ်၊ ဘယ်ဟုတ်လိမ့်မတုန်းဗျာ၊ သူတို့မှာလည်း စုတ်ပြတ်နေတာတွေ တပုံကြီးဥစ္စာ၊ ဟုတ်ဖူးလား၊ သူတို့လည်းလူတွေပဲဥစ္စာ၊ ဟုတ်ဖူးလား။ အဲဒီမှာ ဘာဖြစ်တုန်းဆိုတော့ (၁၉၃၀)လောက်ကပေါ်ပြီး(၁၉၅၀)လောက်မှာပျောက်သွားတယ်၊ မော်ဒန်ဆိုပြီးတော့၊ အဲဒါကို ကျနော်တို့က သက္ကရစ်၂၀၀၀ လောက်အထိ မော်ဒန်လုပ်တုန်း၊ ဒန်တုန်း၊ ဘယ်လောက်ရှက်ဖို့ကောင်းတုန်း၊ ဘယ်တုန်းကပေါ်ပြီး ဘယ်တုန်းကပျောက်သွားမှန်းလဲမသိကြဘူး၊ အဲဒီတော့ ထားပါတော့။ ပို့စ်မော်ဒန်တို့ နီရိုမော်ဒန်တို့ ဆိုပြီးတော့ ဇော်ဇော်အောင်တို့ သစ္စာနီတို့ မြတ်သစ်တို့က တင်သွင်းကြတာပေါ့၊
ကျနော်ကတင်သွင်းတဲ့သူတွေကိုအပြစ်မပြောဘူး၊ ဖတ်ရမယ်၊ ဒါပေမဲ့ ဖတ်တဲ့သူတွေက ကိုးကွယ်ဖို့ဖတ်မှာလား၊ ကိုးကားဖို့ဖတ်မှာလား။ ကိုးကားဖို့ဖတ်ကိုးကွယ်ဖို့မဖတ်နဲ့၊ အဲဒါကိုသွားကိုးကွယ်လိုက်ရင် ခွေးဖြစ်ပြီ၊ ကျမ်းပိတာပေါ့၊ ကျနော်ကတော့ ကျမ်းပိမှာစိုးလို့ တေးကဗျာမှာ အဲဒါရေးလိုက်တာပါ၊ အခုလောက်ဆိုကဗျာဆရာတွေ တော်တော်ပဲဆဲလောက်ပြီ ထင်ပါတယ်။

ကျနော်ထင်ပါတယ်၊ သက္ကရစ်၂၀၀၀ လောက်က မြတ်သစ်ရယ် ငြိမ်းအေးအိမ်ရယ်လုပ်တဲ့ သရဖူ မဂ္ဂဇင်း၊ အဲဒီမှာ LP လို့ခေါ်တဲ့ Language poetry ကို စမိတ်ဆက်တာ၊ ကျနော်ကတော့ နာမည် ကြားတာနဲ့ကို သဘောမကျတော့ဘူး၊ LP ဆိုတာကို ကျနော်မကြိုက်တာဗျ၊ နောက်ပြီးတော့ ကျနော်တို့အနုပညာသမားတွေရှေ့ကသွားလို့ရှိရင် နောက်ကနေ တံဆိပ်လိုက်ကပ်တာကို တက္ကသိုလ်က ဆရာတွေလုပ်ကြတယ်၊ ဒါကတကမ္ဘာလုံးပဲ၊ အဲဒါလည်း Eupo တက္ကသိုလ်က ပါမောက္ခဂျွန်အက်စဘီတို့အုပ်စုက လုပ်တာပဲ၊ LP ဆိုပြီးတော့။

ဘာပဲဖြစ်ဖြစ်ပါ၊ LP ဆိုတာဒီမှာလည်း မြတ်သစ်တို့ ငြိမ်းအေးအိမ်တို့ တင်သွင်းလာပြီ၊ ဒါပေမဲ့  သူတို့ကနိဒါန်းလောက်တင်၊ကျနော်လည်းနားမလည်ဘူး၊ နားမလည်တဲ့အတွက်ကိုယ်ဘာမှမပြောချင်ဘူး၊ နောက်တော့ ဇေယျာလင်းက ထပ်တင်သွင်းတယ်၊ သူကအသေးစိတ် တင်သွင်းတယ်၊ ဒါပေမဲ့ ဇေယျာလင်းမှရှင်းလို့လင်းလို့မပြီးသေးဘူး ဒီမှာနှစ်ဂိုဏ်းကွဲနေပြီ၊LP ထောက်ခံသူနဲ့မထောက်ခံသူ။ တချို့ကျတော့ ရယ်ရတယ်၊ ဇေယျာလင်းကိုဆဲရင် ဇေယျာလင်း ဖြစ်ပြီလို့ထင်တဲ့လူတွေလည်း ရှိသေးတယ်၊ ဂေါတမကိုဆဲရင် ဗုဒ္ဓဖြစ်မယ်လို့ ဒေဝဒတ်ထင်သလိုမျိုး။ အဲဒီအုပ်စုတွေကလည်းရှိသေးတယ်။

ကျနော်ဘာမှဝင်မပြောဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဘာမှမှမသိသေးဘဲ၊ ကျနော်မေမြို့မှာ နေနေတယ်၊ အဲဒီအခါ ဘာလုပ်ရသလဲဆိုတော့ ဘာစာအုပ်မှမရှိတဲ့မေမြို့၊ LP ဆိုပိုဝေးပဲ၊ ဘာလုပ်ရ သလဲဆိုတော့ ထုံးစံအတိုင်းပေါ့၊ကျုပ်တို့ရဲ့ဘော်ဒါကြီး ကိုမျိုးညွန့်(ဆရာမြတ်သင်း) ဆီလှမ်းဖုန်းဆက်ရတယ်၊ ကျုပ် LP ဆိုတာသိချင်တယ်ပေါ့၊ သူပိုက်ဆံလည်း တော်တော်ကုန်ပါတယ်၊ အမေရိကန်စင်တာမှာ သွားပြီးတော့ photostate ဆွဲလာတာပေါ့၊ တော်တော်အထူကြီး၊ စာမျက်နှာ သုံးရာလောက်ရှိမယ်၊ ကျနော်လည်း အီဆောင့်နေအောင် ဖတ်ရတော့တာပေါ့ဗျာ၊ ဟားဟား။

အဲဒါကြီးဖတ်ပြီးတော့ဗျာ၊ ကျနော်ကြိုက်တာတွေလည်း ပါပါတယ်၊ မကြိုက်တာတွေလည်း ပါပါတယ်၊ ဒါပေမဲ့ LP ညံ့တယ်လို့ ကျနော်မပြောဘူး၊ ကျနော်ကြိုက်ချင်မှကြိုက်မယ်၊ ကျနော်မကြိုက်တာနဲ့ ညံ့ပြီလို့ကျနော်မပြောဘူး၊ ကျနော်အပြောမခံနိုင်ဘူး၊ ပြီးတော့ ကွန်ဆက်ကျူရယ်တို့ ဘာတို့ လာတယ်၊ ကျနော်နားလည်တာရှိတယ် နားမလည်တာရှိတယ်၊ ကြိုက်တာရှိတယ် မကြိုက်တာရှိတယ်၊ ဘယ်သူ့ကိုမှ အပြစ်မပြောဘူး၊ ဒါပေမဲ့ လူငယ်ကဗျာဆရာတွေကို ကျနော်ပြောချင်တာက သူတို့ကျမ်းပိသွားမှာကြောက်တာ၊ အဲဒီကျမ်းတွေက ကိုးကားဖို့။ ကိုးကွယ်ဖို့မဟုတ်ဘူး၊ အင်္ဂလိပ်ရေးထားတိုင်း အမှန်မထင်ကြနဲ့၊ အကောင်းမထင်ကြနဲ့၊ အဲဒီအမှားကို ကဗျာဆရာတွေ အရင် စမှားတာ၊ ပြောမယ်နော်၊ ၁၉၇၀ မှာ မောင်သာနိုးကထင်းရှူးပင်ရိပ်ဆိုပြီး ထုတ်တယ်။ ဘာကဗျာတွေပါလဲဆိုတော့ မော်ဒန်ဆိုတာမပေါ်ခင်က အင်္ဂလိပ်စာပေမှာခေတ်တွေကို ဘုရင်တွေရဲ့ ခေတ်တွေနဲ့ခွဲတယ်၊ ဗစ်တိုးရီးယား(ဝိတိုရိယ) ဘုရင်မကြီးလက်ထက် စာကဗျာပေါ့ဗျာ။ ဗစ်တိုးရီးယန်း၊ ဂျော်ဂျီယန်၊ အက်ဒဝပ်၊ အက်ထိုရီယန်၊ ထားပါတော့ဗျာ၊ အဲဒါမျိုးတွေ၊ အဲဒီကာလတုန်းက ကဗျာတွေကိုထင်းရှူးပင်ရိပ်ဆိုပြီးထုတ်တာ၊ ကျနော်တို့တုန်းက ဆယ်တန်းမှာပြဋ္ဌာန်းတဲ့ ဂိုးဒင်းထရက်ချန်ရေးတဲ့စာအုပ်၊ နောက်ပိုင်းပထမနှစ် ဒုတိယနှစ်တွေမှာ ပြဋ္ဌာန်းတယ်၊ ကဗျာတွေပေါ့။

မောင်သာနိုးက အဲဒီကဗျာတွေကိုပြန်ချလိုက်ရော၊ ကျေးဇူးတင်တာပေါ့၊ ဖတ်ရတာပေါ့၊ အမှန်တော့ မြန်မာကဗျာက အဲဒီလောက်ကိုမဒန်သေးတာ၊ အင်္ဂလိပ်ရှေးကဗျာတွေ လောက်ကို မဒန်သေးဘူး၊ အဲဒီလိုဘာသာပြန်ချလိုက်တဲ့အခါ ဘာတွေမှားကုန်သလဲဆိုတော့ မမြင်ဖူးမဖတ်ဖူးတဲ့လူငယ်တွေ အဖို့ မောင်သာနိုးဘာသာပြန်ပုံ၊ စာပိုဒ်ခွဲပုံ၊ စာကြောင်းစီပုံ၊ စာလုံးကျဲတာစိပ်တာ၊ အဲဒါမော်ဒန်ကဗျာရေး နည်းအောက်မေ့ကုန်ကြတာ၊ အဲဒါ မော်ဒန်ကဗျာလို့ထင်သွားတာ၊ သူက ဘာသာပြန်ရုံ ပြန်ပေးတာ လေ။

မာန်။ ။ အဲဒီစာအုပ်ကလည်း တော်တော် ဂယက်ကြီးတာပဲမို့လားဆရာ၊
မင်းသစ်။ ။ ကြီးတာပေါ့၊ ကြီးတာပေါ့ဆိုတာ မြင်မှမမြင်ဖူးကြပဲကိုး၊ ကျနော်တို့တုန်းကတော့ ကျောင်းသားဘဝမှာမြင်ဖူးပြီ၊ သင်ရပြီ၊ စာမေးပွဲမှာဖြေရပြီ။

● တပုဒ်ရေးပြီးလို့ ချီးကျူးခံရရင် ငါစာရေးဆရာတသက် လုံးဖြစ်ပြီလို့ထင်သွားတာ

မာန်။ ။ အဆက်ပြတ်သွားတဲ့ကိစ္စတွေပေါ့ဆရာ။
မင်းသစ်။ ။ အဲဒါတွေပေါ့၊ နောက်ပြီးကျတော့ ခက်တာက လူကြီးတွေကလည်း ရှင်းမပြဘူး၊ အသာလေး မှိန်းနေကြတယ်၊ ဒါ မော်ဒန်မဟုတ်ဘူးကွ၊ ဒါ ဝိတိုရိယဘုရင်မကြီးလက်ထက်တုန်းက ဝပ်ဆော့လ်ရေးတဲ့ကဗျာ၊ ဒါကတော့ အက်ဒဝပ်ဘုရင်ကြီး လက်ထက်တုန်းက ဘိုင်ရွန်ရေးတဲ့ကဗျာဆိုပြီးရှင်းပြရမယ်၊ ဟိုက original ဖတ်ကြည့်တော့ ကာရန်တွေနဲ့၊ ရွိုင်းတွေနဲ့၊ ရမ်သမ်မစ်ဖြစ်အောင် ရေးထားတာ။

အဲဒါပါပဲဗျာ၊ အဲဒီကိစ္စကိုလူကြီးတွေက ရှင်းမပြဘူး၊ နောက်ပိုင်း ဇော်ဇော်အောင်နဲ့သစ္စာနီက ဝင်ရှင်းတယ်၊ ဒါပေမဲ့ အနှစ်နှဆယ်လောက် နောက်ကျသွားပြီ၊ သူတို့သိရဲ့သားနဲ့ ဘာလို့မရှင်းတာလဲ၊ ကြောက်လို့လား။

ကြောက်တဲ့ကိစ္စနဲ့ပတ်သက်ရင် ကျနော်ကလည်း ပြောရဦးမယ်၊ ကျနော့်ကို တေးကဗျာက ဆရာမတင်တင်ဦးက ကဗျာ အကြောင်းပြောခိုင်းတော့ ကျနော်မပြောရဲဘူးလို့။

ဘာလို့ဆို ကျနော်အဆဲခံရမှာ။ နောက်ပြန်စဉ်းစားကြည့်တယ်။ ငါလည်း သေတော့မှာ။ အဲဒီတော့ ငါအဆဲခံရရင်လည်း သေမှာပဲ၊ အဆဲမခံရလည်းသေမှာပဲ၊ ငါမသေခင်တော့ ပြောစရာရှိတာ ပြောသွားဦးမယ်ဆိုပြီးတော့ ဝတ္တုအတွက်လည်း ပြောတယ်၊ ကဗျာအတွက်လည်း ပြောတယ်၊ အဓိကကတော့ အနုပညာကရှေ့မှာ ရှိတယ်ဆိုတာပါ။

အဲဒီတော့ ကျမ်းပိသွားရင်တော့ အဲဒီကဗျာဆရာစာရေးဆရာဟာ ကန်းပြီ၊ ကျနော်သူတို့ကျမ်းပိမှာ စိုးတာ၊ ကျမ်းတွေတင်သွင်း လာတဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဒါပေမဲ့ အဲဒါတွေကို ကိုးကားပါ၊ မကိုးကွယ်ပါနဲ့၊ အဓိကကအဲဒါပဲ။

နောက်ပြီးကျတော့ စာမကျေဘူး၊ အစ်ဇင်တခုတင်သွင်း လာတယ်၊ အဲဒီအစ်ဇင်ကို ကျေညက်အောင် မလေ့လာဘူး၊ ဒါပေမဲ့ ကျေညက်အောင်မလေ့လာဘဲနဲ့ထောက်ခံတယ်။ ကျေညက်အောင် မလေ့လာဘဲနဲ့ ကန့်ကွက်တယ်၊ နောက် အချင်းချင်းရန်ဖြစ်တယ်။

မာန်။ ။ ဒီဘက်ခေတ် ၉၀ နောက်ပိုင်းမှာ ဝတ္တုတိုရေးသူတွေ အများကြီးထွက်လာကြတယ်။၂၀၀၀ နောက်ပိုင်းဆိုရင် ခုကာလမှာအခြေအနေပျက်ယွင်းတဲ့ဝတ္တုတိုမျိုးစုံ ပေါ်ထွက်နေတယ်၊ ထွက်လာပြီးတော့ အဲဒီဝတ္တုတွေရေးပါရေးပါများလာပြီးတော့ အဲဒီဝတ္တုတွေဟာပရိသတ်အပေါ်ဩဇာအာဏာမရှိတော့ဘူး၊ ဩဇာမရှိတော့တဲ့အတွက် ရသမဂ္ဂဇင်းတွေကျဆုံးသွား တယ်။ ပရိသတ်ကအထင်မကြီးတော့ဘူး၊ မင်းတို့ရေးတာလောက်တော့ ငါတို့လည်းသိတယ်၊ ပြောမနေနဲ့၊ မဖတ်ဘဲ ငါတို့ပိုသိတယ်၊ အဲဒီလိုဖြစ်လာရတဲ့အဖြစ်အပျက်ကို ဘာကြောင့်လို့ဆရာထင်သလဲ။
မင်းသစ်။ ။ ခုနကျနော်ရွှေအမြုတေမှာရေးခဲ့သလိုပဲ၊ ဒါကျနော်တို့ဘက်က တာဝန်မကျေတာ။
ပြီးတော့ကိုမာန်ပြောသလိုပဲကျနော်တို့ရသစာပေကောင်းတွေမထုတ်လုပ်နိုင်တာ၊ ဟုတ်တယ်မို့လား၊ နောက်ပြီးတော့ ကျနော်တို့ဘဝသရုပ်ဖော်တွေရေးလည်း ကျနော်တို့ရေးတာတွေ ဘယ်သူမှ အထင်မကြီးတော့ဘူး၊ အဲဒီတော့ အဲဒီလိုတွေဖြစ်ကုန်တာဟာ ကျနော်တို့ဘက်ကချို့ယွင်းတာပဲ၊ ဘာလို့အဲဒီလိုဖြစ်တာလဲ။

ခုနဝုန်းဆိုပြီး အပြိုင်းအရိုင်းဝတ္တုရေးသမားတွေထွက်လာကြတယ်၊ အထူးသဖြင့် ကိုဝင်းငြိမ်းရဲ့ ရွှေအမြုတေကြောင့် ထွက်လာကြတယ်၊ အဲဒီတော့ ဘာတွေဖြစ်လာကြလဲ၊ နံပါတ်တစ်အချက်၊ အနည်းဆုံး သူတို့ဝတ္တုရေးနည်းတနည်းတော့သိသွားကြတယ်၊ အဲဒီတနည်းထဲနဲ့ အကုန်လုပ်စားနေကြတာ၊ အဲဒီမှာခင်ဗျားပြောတဲ့ပုံစံခွက်တို့ ရေခဲရိုက်တို့ ထွက်လာတော့တာပဲ၊ တနည်းသိရင် တော်ပြီ၊ အတတ်ပညာက အရမ်းကိုချို့တဲ့သွားပြီ၊ နံပါတ်နှစ်အချက်က ဘာလဲဆိုတော့ ပုဒ်ရေးပြီးလို့ ချီးကျူးခံရရင် ငါစာရေးဆရာတသက်လုံးဖြစ်ပြီ ထင်သွားကြတာ၊ အဲဒါ တော်တော်အန္တရယ်ကြီးတယ်။

မာန်။ ။ ကိုယ်စံချိန်ကိုပြန်မချိုးရဲတာလား၊ စံချိန်ထပ်မတင်နိုင်တော့တာမျိုးလားဆရာ။
မင်းသစ်။ ။ အဲဒီလိုမျိုးပါပဲ၊ တချို့ကျတော့လည်းကိုယ့်စံချိန်ကိုယ်မမီမှာကြောက်လို့ မရေးရဲတဲ့ သူတွေလည်း ရှိတယ်၊ ဥပမာ-မြတ်သင်းတို့ မင်းသစ်တို့ပေါ့၊ ဟားဟား တချို့ကျတော့လည်း တပုဒ်ထဲရေးပြီး ငါစာရေးဆရာဖြစ်ပြီ ထင်တာ၊ နောက် ဘယ်နှပုဒ်ရေးရေး အဲဒီပုံစံတွေချည်းပဲ၊ ကျနော်ကတော့ အဲဒီလူတွေကိုကြောက်လွန်းလို့။

မာန်။ ။ ဒီဘက်ခေတ်မှာတော်တော်များများဆိုးလာပါတယ်၊ ဒါကိုတော့ ဆရာဦးဝင်းငြိမ်း ကိုယ်တိုင်လည်း ပြောပါတယ်၊ သူ့မဂ္ဂဇင်းမှာ စာမူကောင်းရွေးရ ရှားသွားတဲ့အကြောင်း၊ရွေးရတာ တော်တော်စိတ်ပျက်တယ်တဲ့၊ ဒါပေမဲ့ မဂ္ဂဇင်းတွေမှာစာမူတွေကတော့ ပါနေကြတာပဲ၊ဖတ်တော့ဖတ်နေရတာပဲ၊  စာဖတ်မနာဘဲ ရေးလွတ်လိုက်တဲ့စာမူတွေဆိုတော့ အရင်ကလို မစူးရှတော့ ဘူး၊ ဝတ္တုတိုဆိုတာမျိုးက ဆရာသိတဲ့အတိုင်းပဲ၊ တပုဒ်ဆို ဆိုသလောက် ဟုန်းခနဲဝုန်းခနဲ ဖြစ်အောင် အရှိန်အဝါကြီးတာလေ၊ ဒီဘက်နောက်ပိုင်းအဲဒါမျိုးတွေ သိပ်မရနိုင်တာက စာဖတ်အားတွေကြောင့် ထင်ပါတယ်၊ ပြီးတော့ စကားလုံးခွန်အားတွေပေါ့၊ တကယ့်ကို ကိုက်ဖဲ့ပေါက်ခွဲပြီး ဗုံးကျဲချသလိုသုံးရမယ့်စကားလုံးခွန်အားတွေ မရှာဖွေနိုင်ဘူး၊ ဖြစ်စဉ်တွေကိုပဲ စာစီစာကုံးလိုစီကာပတ်ကုံးနဲ့၊ အဲဒါတွေပြည့်နေတယ်၊ အော်ကြီးဟစ်ကျယ် ပြောနေတာလောက်ပဲ
မင်းသစ်။ ။ အဲဒီတော့ ရှင်းရှင်းပြောရရင် ဝမ်းစာနည်းသွားတာပေါ့လေ၊ ဝမ်းစာနည်းသွားတယ် ဆိုတာကလည်း စာမဖတ်ကြ တော့လို့၊ ခင်ဗျားပြောဖူးသလို မြန်မာစာပေလောကမှာ မဖြစ်မနေ ဖတ်ရမယ့်စာအုပ်တစ်ရာလောက်ကို၊ အဲဒီထဲက ငါးဆယ်လောက်ဖတ်လိုက်ရင်ကို တော်တော်ဖြစ် တယ်၊ အဲဒါဖတ်ဖူးမှာမဟုတ်ဘူး၊ အဲဒီလိုဗျာ။

ဆက်လက်ဖော်ပြပါမည်။

သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။