မောင်မောင်စိုး ● ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေခံမူ


မောင်မောင်စိုး ● ငြိမ်းချမ်းရေးအတွက် လိုအပ်သည့် အခြေခံမူ
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၆
 
၂၀၁၆ ခုနှစ်အတွင်း အရပ်သားအစိုးရသစ်တက်လာပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်လာသည်။ အရှိန်ဟုန်မြှင့်၍ ဆောင်ရွက်လာသည်ဟု ဆိုရပါမည်။ သို့ပေသော်ငြားလည်း မြန်မာ့ပြည်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကား လက်ရှိအခြေအနေတွင် အများစိတ်တိုင်းကျလောက်အောင် ဖြစ်ပေါ်တိုးတက်မှု မြန်ဆန်မှုမရှိဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် ရှိသည်ဟုအများက ယူဆနေကြပါသည်။

ကော်မတီများ အစည်းအဝေးများ ညီလာခံများ အဆက်မပြတ်ဆိုသလို ကျင်းပဆောင်ရွက်နေသော်လည်း အစိုးရသစ် တက်ပြီး ၇ လကျော်ကြာမြင့်သည့်အချိန်ထိ ဖြစ်ပေါ်တိုးတက်မှု အဆင့်သစ်တခု မရရှိနိုင်သည်မှာ အဘယ်ကြောင့်နည်းဆို သည်ကို ပြန်လည်ဆင်ခြင်သုံးသပ်ကြရန် လိုအပ်ပါမည်။

NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဘယ်မူပေါ်က သွားမည်နည်းဆိုခြင်း တနည်းအားဖြင့် အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေး အတွက် မည်သည့်အခြေခံမူပေါ်ကသွားမည်နည်းဆိုသည်က အရေးပါလှသည်။ တပ်မတော်ကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA အခြေခံပေါ်မှ သွားမည်ဟု စောစီးစွာကပင် ရပ်ခံထားသည်။ အရပ်သားအစိုးရသစ်ကလည်း ၎င်းတို့တာဝန်ယူစက မည်သို့မှမဆိုခဲ့သော်လည်း အစိုးရသစ်တက်ပြီး ၅ လခန့်အကြာ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲနေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA အခြေခံပေါ်မှသွားမည်ဟု အတိအလင်းဆိုခဲ့သည်။

ထိုညီလာခံအပြီး ၂ လခန့်အကြာ ၂၀၁၆ အောက်တိုဘာလအတွင်း NCA လက်မှတ်ထိုးသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ် သော်လည်း NCA လက်မှတ်ထိုးသည့်အဖွဲ့တိုးမလာသည်မှာ ဝမ်းနည်းစရာကောင်းကြောင်း NCA ပြင်ပတွင် အချိန်မဖြုံးကြ စေလိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်ဦးရွက်ပြုနေသည့် NLD ခေါင်းဆောင်ပိုင်းက ဆိုခဲ့သည်။ သို့ဖြစ်ရာယခု အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ NCA အခြေခံပေါ်ကသွားရေးနှင့်ပတ်သက်၍ အရပ်သားအစိုးရသစ်ရော တပ်မတော် ရော တသဘောတည်းဖြစ်သွားခဲ့ပြီဟု သုံးသပ်ရပါသည်။

ဤတွင် သုံးသပ်ရန်လိုအပ်သည်မှာ NCA ခေါ် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် အခြေခံမူလော သို့မဟုတ် လုပ်ငန်းစဉ်လောဆိုသည့်အချက်ဖြစ်သည်။ အခန်း ၇ ခန်း အချက် ၃၃ ချက်ပါ NCA သဘောတူညီချက်တွင် နိုင် ငံရေးလုပ်ငန်းစဉ်များ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ်များနှင့် ၎င်းလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးအတွက် ပူးပေါင်း က်ာမတီများ အစည်းအဝေးများ ညီလာခံများ စသည့် "အင်စတီကျူရှင်း" များ ပါဝင်ပါသည်။ သို့ဖြစ်ရာ NCA သည် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အားအကောင်အထည်ဖေါ်ရန် သဘောတူထားသည့်လုပ်ငန်းစဉ် (process) များဟုဆိုပါက ပို၍ သင့်လျော် မှန်ကန်မည်ဟု သုံးသပ်ရပါသည်။ ထိုလုပ်ငန်းစဉ်ဖြစ်သော NCA တွင် အခြေခံမူတရပ်တော့ပါရှိပါသည်။ ၎င်းမှာ "တနိုင်ငံ လုံး" "Nationwide" ဟူသည့် စကားရပ်ဖြစ်သည်။ NCA သဘောတူညီချက်ပါ အင်စတီကျူရှင်းများသည် လုပ်ငန်းစဉ်များဖြစ်သကဲ့သို့ "တနိုင်ငံလုံး" ဟူသောစကားရပ်ကတော့ လွဲချော်၍မရသည့် အခြေခံမူဟုဆိုရမည်။ ထို "တနိုင်ငံလုံး" ဆိုသည့် မူအပေါ်ရပ်ခံရေးအတွက် အချို့က "အားလုံးပါဝင်ရေး" ဟု သုံးစွဲကြပြီး အချို့က "ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးပါဝင်ရေး" ဟု သုံးစွဲကြပါသည်။

● တောင်အာဖရိက
တောင်အာဖရိက နိုင်ငံသည်လည်း အသားအရောင်ခွဲခြားမှုကြောင့် ပြင်းထန်သော နိုင်ငံရေး စစ်ရေးတိုက်ပွဲများဖြင့် ကာလရှည်ရင်ဆိုင်ခဲ့ရပြီးခက်ခဲသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖြတ်သန်းလုံးပမ်းခဲ့ရသည့် တိုင်းပြည်ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံမျိုး၏အတွေ့အကြုံများသည် မိမိတို့အတွက် လေ့လာစရာ သင်္ခန်းစာယူစရာအချက်များရှိပေသည်။ တိုင်းပြည် အခြေ အနေ လူမျိုးအကျင့်စရိုက်နှင့် မတူညီသောထူးခြားချက်များကြောင့် တောင်အာဖရိကပုံစံအား မိမိတို့ ပုံတူကူးချရန် မဖြစ်နိုင် သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံကျသည့်မူများကိုမူ မိမိတို့ လေ့လာရယူနိုင်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၉ ရက်နေ့အထိ အစိုးရ/တပ်မတော် နှင့် NCA ထိုးသည့်/မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၁၈ ဦးခန့်သည် တောင်အာဖရိကသို့ သွားရောက်လေ့လာခဲ့ကြသည်။ မြန်မာ ပည်မှ သွားရောက်သည့်ကိုယ်စားလှယ်များအား တောင်အာဖရိက သမတဟောင်း မစ္စတာဒီကလပ်က တွေ့ဆုံပြီးငြိမ်းချမ်း ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးရာတွင် အရေးကြီးသည့်အချက်မှာ အဆိုပါငြိမ်းချမ်းရေးဖြစ်စဉ်၌ လက် နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသော အဖွဲ့အားလုံး (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) ပါဝင်နိုင်ရေးဖြစ်သည်ဟု ရှင်းလင်း ဆွေးနွေးခဲ့သည်။

တောင်အာဖရိကငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရဘက်မှပါဝင်ခဲ့သော လူဖြူသမတ မစ္စတာဒီကလပ်အနေနှင့် လူကိုယ် တိုင် ရှင်းလင်းပြောပြနိုင်သေးသော်လည်း ကွယ်လွန်သွားရှာပြီဖြစ်သည့် အဓိကအတိုက်အခံခေါင်းဆောင် မစ္စတာနယ်ဆင် မင်ဒဲလားကတော့ လူကိုယ်တိုင် ရှင်းလင်းပြောပြနိုင်ခြင်းမရှိတော့ပါ။ သူ၏လက်တွေ့လုပ်ဆောင်ချက်များအား လေ့လာသုံး သပ်ရမည်ဖြစ်ပါသည်။

နယ်ဆင်မင်ဒဲလား၏ တောင်အာဖရိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်တွင် ထင်ရှားစွာမြင်သာသည့်အချက်မှာ တောင်အာဖရိကပဋိပက္ခတွင် ပါဝင်နေသူအားလုံးအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်ခွင့်ရှိရေး ပါဝင်လာနိုင်ရေး အတွက် ပြတ်သားစွာ ရပ်ခံခြင်းဖြစ်သည်။ နယ်ဆင်မင်ဒဲလားအနေနှင့် တောင်အာဖရိကငြိမ်းချမ်းရေးအားဆောင်ရွက်ရာ၌အသားရောင်ခွဲခြားရေးအား လက်ကိုင်ထားကျင့်သုံးနေသည့် လူဖြူအစိုးရနှင့်သူ၏ပါတီဖြစ်သော ANC African National Congress ကြားက ပြဿနာသက်သက်ဟူ၍ ကြည့်မြင်ဖြေရှင်းခြင်းမရှိခဲ့ပေ။

ANC သည် ၁၉၁၂ ခုနှစ်ကစပြီး South African Native National Congress တောင်အာဖရိကဒေသခံအမျိုးသားကွန်ဂရက် အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၆၀ ခုနှစ် တွင် လူဖြူအစိုးရက ANC ပါတီတရားဝင်ရပ်တည်မှုအား တားမြစ်ပိတ်ပင်သောအခါ ANC ပါတီသည် Umkhonto we Sizwe ခေါ် "The Spear of the Nation" "နိုင်ငံတော်၏ လှံတံ" ဟု အဓိပ္ပါယ်ရသည့်လက် နက်ကိုင်တပ်ဖွဲ့တခုအား တောင်ပံအင်အားတခုအဖြစ်ဖွဲ့စည်း၍ အသားရောင်ခွဲခြားသည့် လူဖြူအစိုးရအား ဆန့်ကျင်အံတု ခဲ့သည်။ သို့ဖြစ်ရာ ANC သည် တောင်အာဖရိကတွင် အင်အားအတောင့်ဆုံး လူထုထောက်ခံမှုအရဆုံး သက်တမ်းအရှည် ကြာဆုံးသော နိုင်ငံရေးပါတီတခု ဖြစ်သည်။

သို့သော် နယ်ဆင်မင်ဒဲလားသည် တောင်အာဖရိက ငြိမ်းချမ်းရေးပြသနာကိုဖြေရှင်းရာတွင် လူဖြူအစိုးရနှင့် ANC ပါတီနှစ်ခု ကြား ပြသနာသက်သက်အဖြစ် မကြည့်မြင်ခဲ့ပေ။ ထိုနှစ်ဖွဲ့ကြားပြဿနာကို ဖြေရှင်းရုံမျှသက်သက်ဖြင့် တောင်အာဖရိက ငြိမ်းချမ်းရေးပြသနာကို ဖြေရှင်း၍ မရနိုင်သည်ကို ကြည့်မြင် သုံးသပ် လုပ်ကိုင် ရပ်ခံခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း မင်ဒဲလားသည် တောင်အာဖရိက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြည်တွင်းပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့အားလုံး အင်အား ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ပါဝင်နိုင်ရေးကို ပြတ်ပြတ်သားသားရပ်ခံခဲ့သည်ကို တွေ့ရသည်။

မင်ဒဲလား၏ တောင်အာဖရိက ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်ရေးမူနှင့်ပတ်သက်၍ ပြတ်သားစွာရပ်ခံချက်တခုအဖြစ် တွေ့ ရှိရသည်မှာ တောင်အာဖရိကပဋိပက္ခအတွင်း အင်အားအသေးငယ်ဆုံးဖြစ်သည့်ပြင် တောင်အာဖရိက လူဖြူအစိုးရနှင့် လူ ဖြူ စစ်တပ်တို့က လက်သင့်ခံရန် ခါးခါးသီးသီးငြင်းပယ်ခြင်းခံရသည့် တောင်အာဖရိကကွန်မြူနစ်ပါတီအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းပါဝင်ခွင့်ရရေးအတွက် ရပ်ခံခဲ့ခြင်း ဖြစ်ပေသည်။

● အခြေခံမူ
သို့ဖြစ်ရာ လက်ရှိမြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားပြဿနာဖြေရှင်းနိုင်ရေးအတွက် လက်နက်ကိုင် ပဋိပက္ခတွင်ပါဝင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တိုင်းရင်းသားနိုင်ငံရေးပါတီအားလုံး ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်နိုင်ရေးသည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အခြေခံမူအဖြစ် ကိုင်စွဲရန်လိုအပ်ပေမည်။

လက်ရှိမြန်မာပြည်တွင်း၌ ဖြေရှင်းရန်လိုအပ်သည့် အခြေခံ ပဋိပက္ခကြီး ၂ ရပ်ရှိသည်။ ပထမပဋိပက္ခမှာ ဒီမိုကရေစီရေး လူ့အခွင့်အရေးဆိုင်ရာပဋိပက္ခဖြစ်ပြီး ဒုတိယပဋိပက္ခက တိုင်းရင်းသားရေးဆိုင်ရာပဋိပက္ခဖြစ်သည်။ မြန်မာပြည်ငြိမ်းချမ်းရေး အတွက် ထိုပဋိပက္ခ ၂ ခုစလုံးအား ဖြေရှင်းရန်လိုအပ်သည်။ ထို့အတူ ထိုသို့ဖြေရှင်းရာတွင် အဆိုပါ ပဋိပက္ခအတွင်းပါဝင်နေ သည့် အဖွဲ့အားလုံး (ကြီးသည် ငယ်သည်မဟူ) ပါဝင်နိုင်ရေးသည် ရှေးဦးလိုအပ်သည့် အခြေခံမူအဖြစ်ထားရှိရန် လိုအပ်ပေ သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် "အားလုံးပါဝင်ရေး" သည် အခြေခံရမည့် မူတရပ်ဖြစ်ပြီး "NCA" သည် လုပ်ငန်းစဉ်ဖြစ်သည်ဟု သုံးသပ်ရပါသည်။ လုပ်ငန်းစဉ်တရပ်ဆိုသည်မှာ အခြေအနေအချိန်အခါနှင့် ကိုက်ညီစေရန် ပြုပြင်ပြောင်းလွဲ၍ရသည်။ အ ခြေခံမူကတော့ ထိုလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ရပ်ခံရမည့်မူ ဖြစ်ပေသည်။

မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဦးဆောင်ဦးရွက်ပြုနေသူများ ပါဝင်ဆောင်ရွက်နေသူများအနေနှင့် " အားလုံးပါဝင် ရေး "ဆိုသည့် အခြေခံမူပေါ်မှ ပြတ်ပြတ်သားသား ရပ်ခံဆောင်ရွက်နိုင်ပါမှ ကျန်လုပ်ငန်းစဉ်များကို အခြေအနေနှင့်ကိုက် ညီအောင် ပြု ပြင်ဖေါ်ဆောင်နိုင်ပေလိမ့်မည်။

"အားလုံးပါဝင်ရေး" ဆိုသည်မှာ မြန်မာပြည်ငြိမ်းချမ်းရေး အောင်မြင်နိုင်ရေးအတွက် အခြေခံမူဖြစ်သည်ဆိုခြင်းကိုတော့ ခိုင် ခိုင်မာမာ ရပ်ခံကြဖို့ လိုအပ်ပေသည်။

မောင်မောင်စိုး (Mg Mg Soe)