ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဒီဇိုင်းမျိုးဆွေသန်း ● ရွှေနှင့် ယိုးမှား ပန်းစကား

Myo Swe Than

ဒီဇိုင်းမျိုးဆွေသန်း ● ရွှေနှင့် ယိုးမှား ပန်းစကား 
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆
ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပြား၌ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည် ရွှေနှင့်ယိုးမှား
ပန်းစကား ... တဲ့

မြန်မာတွေရဲ့ အစောဆုံးကဗျာလေး ပုဂံခေတ်ကရေးတယ်၊ ရေးသူ အမည်မသိနိုင်ဘူးပေါ့။  မြန်မာ့အစောဆုံး ရေမြေမှာ ပုပ္ပါးမီးတောင်ပေါက်ကွဲမှုဖြစ်ခဲ့တယ်၊ ချော်ရည်တွေ စူထွက်ခဲ့တဲ့ နေရာကလေးကို တောင်ကလပ်လို့ခေါ်ပြီး  မြန်မာတွေ အားတိုင်းသွားကြတယ်။

ရှေးဦး အာဒိကပ္ပကျမ်းတွေမှာလည်း ပုပ္ပါးတောင်မြေမှ စုန့်စုန့်ထွက်ခြင်းကို အထင်ကရအဖြစ် ထည့်ထည့်ရေးတတ်ပါတယ်။

ဗုဒ္ဓဘာသာကို အိန္ဒိယကနေ ယူတယ် ကိုယ့်ရေကိုယ့်မြေနဲ့ ကိုက်ညီတဲ့ ထေရဝါဒဖြစ်အောင် ခေတ်အဆက်ဆက် သန့်စင်ပြီးကျင့်သုံးတယ်၊  အိန္ဒိယမှာ နတ်တစ်ကုဋေရှိတယ်၊ ကိုယ့်ရေ ကိုယ့်မြေနဲ့ မကိုက်ညီလို့  နတ်တစ်ပါးမှပါမလာပါ၊ ကိုယ့်ရေမြေနဲ့ ကိုက်ညီမယ့်နတ်ကို ကိုယ့်ဖာသာ  မွေးယူကြတော့ မင်းမဟာဂီရိဆိုတဲ့ အမည်နဲ့နတ်ကို အစောဆုံးရေမြေက  ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မီးတောင်သေပေါ်မှာတင်ပြီး နယ်မြေအပိုင်စားပေးကာ
ကိုယ်တိုင်မွေးဖွားပေးခဲ့တယ်။

ပထမဆုံးပေါ်ထွန်းခဲ့တဲ့ လက်နက်နိုင်ငံတော် အင်ပါယာဖြစ်သော ညောင်ဦးကမ်းပါးက အရိမဒ္ဒနပူရ် ဆိုတဲ့ ပုဂံမြို့တံခါးဦးမှာ အစောင့်အဖြစ် တာဝန်ပေး ခဲ့ရင်း၊ ကိုးကွယ်ပသ တင်မြှောက်ခဲ့ကြတယ်၊ အခုထိသရပါတံခါး မှာ ဆောင့်ကြောင့်ထိုင်ပြီး သူစောင့်ပေးနေတုန်းပဲ။

ခေတ်ကမ္ဘာကလူတွေကလည်း ၂၀၁၆ မော်ဒယ် အမေရိကန် နိုင်ငံကထုတ်လုပ်တဲ့ ကာဒီးလက်စ် မော်တော်ကားကို ဝယ်လာလည်း ဒီ မင်းမဟာဂီရိ နတ်ရုပ်ကို လာပြနေကြတုန်းပဲ။

ပြီးတော့လည်း ယနေ့ထိမြန်မာတွေက ကိုယ့်ရဲ့အိမ်တွင်းနတ်အဖြစ်ချင်ခင်စွာနဲ့  ပေါင်းသင်းပြီး ကိုးကွယ်နေလိုက်တာမှ မြို့တိုင်း နယ်တိုင်းမှာ ဒီနတ်မောင်နှမ အတွက် အုန်းသီးကိုးကွယ်ဖို့နဲ့ အဖြူအနီပိတ်စ နှစ်စကို အလွယ်တကူ ဝယ်ယူ လို့ ရနေတုန်း။

ပန်းအိုးထိုးတာကိုပဲ တစ်အိုးက လည်ရစ်ကလေးနဲ့ အဖိုအစ်မခွဲပြီး နတ်က  မောင်နှစ်မဖြစ်လို့ တစ်အိုးနဲ့တစ်အိုးမထိရဘူး၊ မီးနဲ့သေခဲ့တဲ့ နတ်ဖြစ်လို့ ညနေ မှောင်လို့ လျှပ်စစ်မီးထွန်းတယ်ဆိုရင်ပဲ မီးရောင်မမြင်ရအောင် လိုက်ကာလေး ချရတယ်လို့ သားသမီးမြေးမြစ်ကို လက်ဆင့်ကမ်းပေးနေတုန်း။

နတ်အုန်းသီးကိုးကွယ်တာ လိုလို့လားလို့ မမေးနဲ့တော့ပေါ့။


ဒါက မြန်မာတို့ရဲ့ အစောဆုံးရေမြေနဲ့ အစောဆုံးနိုင်ငံတော်က ရှေးမြန်မာ ဘိုးဘွားတို့ရဲ့ လက်မွန်မဆွ အသက်သွင်းလိုက်ကြတဲ့ ယဉ်ကျေးမှုတစ်ခုကို  ဒီနေ့ထိ သယ်ဆောင်လာတဲ့ မြန်မာတို့ရဲ့ နှလုံးသားပါ။

ဒါလေးက လှတယ်။ ကိုယ့်ရေမြေသဘာဝကို ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ သက်သေသာဓက ဂရန်စာချုပ်
ထက်လည်းလှပြီး အစောဆုံးရေမြေပေါ်ကို ကိုယ်နေထိုင်ဖို့ အသက်သွင်း ယူလိုက်တဲ့ သပ်ရပ် လှပတဲ့ လုပ်ရပ် လည်းဖြစ်တယ်။

ကြည့်ပါလား ဒီဆက်နွယ် ဆန့်တန်းမှုလေးကို ...။  ရှေးမြန်မာတို့ရဲ့ လူမှုနယ်ပယ်က မြန်မာမိန်းမပျိုလေးရဲ့ အချစ်ရေးတစ်ပိုင်း တစ်စကနေ သူတို့တွေ ဘယ်လိုစိတ်ထား အဆင့်အတန်းနဲ့ နေထိုင်ခဲ့ကြလည်း
ဘယ်လိုနှလုံးသားတွေနဲ့လည်း၊ ယဉ်ကျေးမှုတွေကို အစောဆုံးရေမြေမှာပဲ ဘယ်လို ပိုင်ဆိုင်ထားကြပြီလည်းဆိုတာ --

သိုး က လေ တဲ့  ...
ဦးထုတ်ဆောင်းထားတဲ့ နတ်မင်းကြီးရယ်လို့ အဓိပ္ပါယ်တွေဖွင့်ကြတယ်၊
ပုပ္ပါးတောင်ကို အဝေးကကြည့်ရင် ဦးထုတ်နဲ့တူလို့တဲ့၊ မကိုဋ်ဆောင်းထားတဲ့  မင်းမဟာဂီရိ နတ်မင်းကြီးလို့လည်း ထင်ကြည့်ချင်ပါသေးတယ်၊  သူက အိမ်တွင်းနတ်မဟုတ်လား၊ ပုဂံခေတ်မိန်းမပျိုကလေးက နတ်ကို ရင်းနှီး ချစ်ခင်စွာနဲ့ သူ့အချစ်ရေး နှလုံးသားကိစ္စကို တိုင်တည်ရင်ဖွင့်ချင်လို့ မင်းမဟာဂီရိနတ်မင်းကြီးရယ်လို့ နှုတ်ကနေ ထုတ်ဖော်ပြီး တ လိုက်တာပါ။

ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပြား၌ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား ပန်းစကား။

စုံလည်းတော၊ တောလည်းတော၊ ပြားလည်းတောပါပဲ။ နတ်တောင်လို့ ရှင့်ကို အပိုင်စားပေးထားတဲ့ ပုပ္ပါးတောင်ရဲ့အမြင့်ဆုံးအခေါင် အဖျားက တောထဲမှာ သူ့အချိန် သူ့အခါရောက်မှ အလွန်တရာမှ ရှားပါးတဲ့
အနံ့ကလေးလှိုင်ပြီး မွှေးကြိုင်နေအောင် ပွင့်တတ်တဲ့ စကားပန်းလေးက ရွှေနဲ့ယိုးမှားရလောက်အောင် ဝင်းဝါတဲ့ အဆင်းနဲ့ မဟုတ်လားတဲ့။

သိုးကလေ 
စကားပွင့်နှင့် နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ်သည်ပင်သည် ခရီးသား။

မင်းမဟာဂီရိကို ဆက်ပြီးပြောပြနေတယ်၊ သူက အဲဒီရွှေရောင် စကားပန်းလေးနဲ့ နှိုင်းယှဉ်လို့ရတဲသူပါတဲ့၊
ရဲရင့်တဲ့အမျိုးအနွယ်က ဆင်းသက်လာပြီး အသိနဲ့ယှဉ်တဲ့သူပါတဲ့၊ အသားအရေ  ညက်ညောပြီး နူးညံ့စင်ကြယ်တဲ့ အမျိုးသမီးပါ၊ သူ့ ခင်ပွန်းက ခရီးသွားနေသူ ဖြစ်ပါတယ်တဲ့။

သိုးကလေ
မြိတ်လွတ် စုလည်း
အငယ်တည်းက ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား စောင့်တရား။

မင်းမဟာဂီရိကို သူ့နှလုံးသားရေးရာကို တိုင်တည်တယ် ဆိုတာဒါပါပဲ၊  အိမ်တွင်းနတ်ဆိုတဲ့ အဓိပ္ပါယ်လည်း ပိုသက်ရောက်တယ်လို့ထင်မိပါတယ်။

မြိတ်လွတ်၊ စုလည်း ဆိုတာ ရှေးက ဆံထုံးထုံးတဲ့ပုံစံကို ဆိုတာပါ။  ဒါပေမယ့် အသက်အရွယ်အပိုင်းအခြားအမှတ်အသားကိုလည်း ညွှန်းဆို ပြီးသားဖြစ်ပါတယ်၊ နဘူးရှေ့က ချထားတဲ့ ဆံမြိတ်ကလေးတွေ လွတ်သွားပြီး  မြိတ်လွတ်ဆံပင်တွေကို အုတ်လုံးသိမ်းပြီ ဆိုတာ အပျိုဖြစ်ခါစ ပါတဲ့၊
စုလည်းဆံထုံး ထုံးပြီဆိုတာ လက်ထပ်လို့ရပြီပေါ့ စုလျားရစ်ပတ်နဲ့ အဓိပ္ပါယ်  ကပ်ရက်တွေပါ။

ငယ်စဉ်ကတည်းက ချစ်ခဲ့ကြတာတဲ့ အပျိုဖြစ်ကာစ ကတည်းကပေါ့၊ ဟုတ်မှာပါ ခင်ပွန်းက မွေးသဖခင်ရဲ့တူအရင်းတဲ့ လက်ပွန်းတနှီးရင်းနှီးတဲ့သူ ဆိုတော့ ငယ်ကတည်းက ချစ်ခဲ့ကြရာမှာ အဲဒီချစ်ခြင်းတရားက ချစ်ခြင်းစုရုံးလို့ ပြောတာက မွေးဖတူရင်းလို့ ဆိုထားလို့ မောင်နှစ်မလိုရော၊ လင်လိုမယား လိုရောချစ်ကြပါတယ်လို့ ပြောချင်တာဖြစ်ပါလိမ့်မယ်၊  အဲဒီချစ်ခြင်း မေတ္တာတရားကို သူ့အသက်နဲ့ထပ်တူ၊ သူ့နှလုံးသားနဲ့ ထပ်တူ စောင့်ထိန်းပါသတဲ့။

ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ ။

မိဘဆွေမျိုးများရယ်တဲ့ ။ အနံကြီးပိတ်ချောထည်ကို ဝတ်ဆင်ထားပြီး ပုဝါကို ခါးမှာစည်းထားတဲ့
ဖွံ့ဖွံ့ထွားထွားနဲ့ စင်ကြယ်စိုပြည်တဲ့ အမတ်ကြီးအဖြစ် လျာထားခြင်းခံထား ရတဲ့ သူ့ချစ်သူကို သူချစ်ကြိုက်မိတာ အပြစ်မရှိပါဘူးတဲ့။

ကဗျာလေးကဒါပဲ ကိုယ် ရှင်းပြနေရတာကမှ ရှုတ်နေသေးတယ်။  အပေါ်ယံမှာတင် မြင်နေရသားပဲ။
ပုပ္ပါးနတ်တောင်လို့ ညွှန်းကတည်းက မင်းမဟာဂီရိပဲ၊ သူ့ကိုတိုင်တည်ချင်လို့  သူအပိုင်စားရတဲ့ ပုပ္ပါးတောင်ပေါ်က စကားဝါပန်းလေးကို ပွင့်ပြတာပါပဲ။


ပထမအပိုဒ်က ပန်းကလေးအကြောင်း၊ ဒုတိယပိုဒ်မှာ မိန်းမပျိုလေးက  သူ့အကြောင်း၊ တတိယအပိုဒ်က သူတို့ချစ်ခြင်းဇာတ်ကြောင်း၊ စတုတ္ထအပိုဒ်က သူ့ချစ်သူအကြောင်း။

ပုပ္ပါးတောင်ဘေးရပ်တော့ ဒီကဗျာ(၄) ပိုဒ်ကိုထပ်ပြီး သတိရတယ်။

စကားပန်းလေးမှာ အချင်းရော အဆင်းရောရှိတယ်လို့ပြောတယ်၊ အရည်အချင်းက နံ့ရှားကြိုင်လွင့်တဲ့ ရှားပါးတဲ့ မွှေးကြိုင်တဲ့အနံ့ အပေါ်ယံဆင်းပြင်သွင်လျာက ရွှေနဲ့ယိုးမှားရလောက်အောင် ဝင်းဝါတယ်။

မိန်းမပျိုလေးက သူလည်းအဲဒီလိုပဲ အဆင်းရော အချင်းရောပြည့်စုံတယ်တဲ့။ အရည်အချင်းက ရဲအမျိုးသမီးတဲ့၊ အဆင်းက ညက်လှပြာစင်တဲ့။

ဒါ့ကြောင့် သူကအဆင်းရော အချင်းရောရှိတဲ့ ချစ်သူကိုရထားတာတဲ့ သူ့ချစ်သူရဲ့ အရည်အချင်းက အမတ်ကြီးအဖြစ်လျာထားခြင်းခံထားရပြီ။  အဆင်းက ကျိုင်းစင်မြဝါတဲ့ ဖွံ့ဖွံ့ထွားထွားနဲ့ စင်ကြယ်စိုပြည်သူတဲ့။

အချင်းနဲ့ အဆင်းကို ယှဉ်ယှဉ်ပြပြီး နှိုင်းသွားတဲ့ အနှိုင်းရော အနှိုင်းခံတွေပါ ဂုဏ်ချင်းပြည့်စုံ ကိုက်ညီပြီး လှသားပဲ။ နတ်ကို နားဝင်အောင်ပြောလိုတဲ့ ရည်ရွယ်ချက်ကို ရောက်အောင်ပို့ဆောင်ပုံ ကလည်း အစောဆုံးစာပေမှာ ကတည်းက အဆင့်အတန်းရှိနေပါလားပေါ့။

ဒါဆို ရည်ရွယ်ချက်က ဘာများပါလိမ့် --
အိမ်တွင်းနတ်တင်မကဘူး မိဘဆွေမျိုးတွေကိုပါ သူ့ချစ်ခြင်းက မှန်ကန်ပါတယ်လို့ တစ်ခါတည်း ပြောခဲ့သေးတယ်၊ စကားပန်းတွေပွင့်တဲ့ တောင်ပေါ်က မင်းမဟာဂီရိကို စကားပန်းလေးကိုပြပြီး နားဝင်အောင် တိုင်တည်တဲ့ ရည်ရွယ်ချက်က သူ့ သစ္စာတရားပါပဲ။

ခရီးသည်၊ မတ်ကြီးလျာဆိုမှတော့ သူ့ချစ်သူ မောင်ကြီးက စစ်ထွက် နေပါ လိမ့်မယ်၊ ကျန်ရစ်တဲ့မိန်းမပျိုလေးက နှလုံးမခြားစောင့်တရားနဲ့ သူ့ချစ်သူ အပေါ် ချစ်ခြင်းမှာ သစ္စာရှိပါတယ်တဲ့ ဒီတော့ စစ်ထွက်နေတဲ့ ချစ်သူခင်ပွန်း  အိမ်သားအပေါ် ဘေးမသီ ရန်မခအောင် စောင့်ရှောက်ပေးပါလို့ ပြောလိုရင်းပဲ။

ရှေးမြန်မာတွေ သယ်ဆောင်ခဲ့တဲ့ ယဉ်ကျေးမှုတွေထဲမှာ ချစ်သူခင်ပွန်း  စစ်ထွက်ရင်သော်လည်းကောင်း၊ ခရီးထွက်ရင်သော်လည်းကောင်း ကျန်ရစ်သူ  ဇနီးမယားက သစ္စာစောင့်သိရင် ရှေ့ကလူ ဘေးမသီရန်မခနဲ့ အန္တရာယ်ကင်းပြီး အိမ်မှာ ကျန်ရစ်သူဇနီးမယားက သစ္စာဖောက်ဖျက်ရင် ရှေ့ကလူ အန္တရာယ် ဘေးဒုက္ခနဲ့ တွေကြုံရတတ်တယ်လို့ ယုံကြည်ခဲ့ကြပြီး အိမ်သူသက်ထား ဇနီး မယားတွေက အဲဒီလို အချိန်တွေမှာ ခါတိုင်းထက်တိုးပြီး သစ္စာစောင့်ထိန်း နေထိုင်လေ့ရှိပါတယ်။

ဒီယဉ်ကျေးမှုရဲ့ စတင်မြစ်ဖျားခံရာဆီက ဒီကဗျာလေးဟာ မင်းမဟာဂီရိ ရဲ့ နယ်ပယ် အပိုင်စား ရရာ အစောဆုံးရေမြေက လှပတဲ့ သဘာဝ ပတ်ဝန်းကျင် ဝန်းရံနေတဲ့ပုပ္ပါးမီးတောင်ဟောင်းပေါ်မှာ သူ့အချိန်သူ့အခါရောက်မှ  သစ္စာရှိရှိ ပွင့်တတ်တဲ့ ရွှေနဲ့ယိုးမှားတဲ့ စကားပန်းလေးကို ဒီနေ့ဒီအချိန်ထိ ပွင့်လန်း စေခဲ့တဲ့ ယဉ်ကျေးတဲ့ ရှေးမြန်မာတွေရဲ့ သက်သေခံပေါ့။

ခေတ်အဆက်ဆက် ပွင့်လန်းစေပြီး သယ်ဆောင်လာခဲ့တဲ့ ဒီယဉ်ကျေးမူကို ကိုယ် ကရော ဘယ်လို သယ်ဆောင် လက်ဆင့်ကမ်းမှာလည်း ခေတ်ကမ္ဘာက လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ လူသားမျိုးနွယ်စု တစ်ခုလုံးအတွက်ပါ သက်ရောက်စေတဲ့ ယဉ်ကျေးမူဖြစ်တယ်ဆိုရင်  ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာ့အဆင့်နဲ့ ထိန်းသိမ်းစောင့်ရှောက်တာ ရှိပါတယ် World Heritage ဆိုတဲ့ စာရင်းပါ။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ ကမ္ဘာ့သဘာဝ အမွေအနှစ်အဖြစ် စည်းမျဉ်း ကိုက်ညီမှု သတ်မှတ်ချက်တွေရှိပါတယ်၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ၂၀၁၄ခုနှစ်က ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ပျူမြို့ဟောင်း (၃) မြို့  စာရင်းဝင်ရောက်ခဲ့ပြီး အမွေအနှစ်ကို ပိုင်ဆိုင်တဲ့ နိုင်ငံသားတို့ရဲ့ ဆန္ဒအတိုင်း စီမံခန့်ခွဲမှုစနစ်တစ်ရပ် ရေးဆွဲကာ ကမ္ဘာ့ကုန်ကျစားရိတ်နဲ့ UNESCO က
ထိန်းကျောင်း လျောက်လှမ်းရင်း အမွေအနှစ်ကို ကမ္ဘာတည်သ၍ ရည်ရွယ်ပြီး ကာကွယ်စောင့်ရှောက်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာသဘာဝအမွေအနှစ် အဖြစ် ဂျပန်တွေက ဖူဂျီယာမာတောင်ကို ထည့်သွင်းနိုင်ခဲ့ကြတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ခေါင်းစဉ်ရဲ့ အောက်မှာ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေလို ဆုတ်ကိုင်လို့မရတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဆိုတာတွေ ကိုလည်း ကမ္ဘာ့အဆင့်နဲ့ ထိန်းသိမ်းစောင့်ရှောက်မယ်ဆုံးဖြတ်တဲ့အခါ  ယဉ်ကျေးမှုဓလေ့၊ ထုံးတမ်းစဉ်လာတွေ၊ တေးဂီတတွေ၊ ကကြိုးကကွက်တွေ  စသည်ဖြင့် Intangible Culture Heritage အဖြစ် သတ်မှတ်ပါတယ်။

ဒီလိုစည်းမျဉ်းကိုက်ညီမှုတွေထဲမှာ အရေးအကြီးဆုံးအချက်က  ရိုးရာအစဉ်အလာတစ်ခုကို မိသားစုတစ်စု၊ မျိုးနွယ်စု တစ်စု၊ လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံက နှစ်ပေါင်းများစွာကတည်းက စွဲမြဲလက်ခံကျင့်သုံးပြီး၊
လက်ဆင့်ကမ်းလာခဲ့တယ်၊ အခုထိလည်း ထိန်းသိမ်းစောင့်ရှောက်ထားပြီး  အခုထိလည်း လက်ခံကျင့်သုံးဆဲပဲ၊ အဲဒီအစဉ်အလာ ဓလေ့ဟာ ကမ္ဘာမှာ တစ်ခုတည်း တစ်နိုင်င်္ငတည်းမှာသာ ရှိရမှာဖြစ်ပြီး တစ်ဖက်ကလည်း လူ့ဘောင်သမိုင်းကို အကောင်းဖက်က ဖြည့်စွက်ခဲ့ခြင်းသာဖြစ်ရပါမယ်၊
ဒါဆိုရင်ပြီးပါပြီ။

ပန်းစကားကဗျာလေးနဲ့ လမ်းညွှန်ခဲ့တဲ့ မြန်မာတို့ရဲ့ အစောဆုံးရေမြေက မင်းမဟာဂီရိနတ်ကို ကိုးကွယ်တဲ့ အလေ့ဟာ ပထမမြန်မာနိုင်ငံတော်  ပေါ်ထွန်းစဉ်ကပင် လက်ခံကျင့်သုံးခဲ့ပြီး ခေတ်အဆက်ဆက် လက်ဆင့် ကမ်းလျက် ယနေ့တိုင်လည်း စွဲမြဲစွာ ကျင့်သုံးခဲ့ပြီး အိမ်တွင်းနတ်အဖြစ် ကိုးကွယ် လက်ခံဆဲ ဖြစ်ပါတယ်၊ လူ့ဘောင် သမိုင်းကိုလည်း အကောင်းဖက်က  စွက်ဖက်ခဲ့ခြင်းဖြစ်တယ်--

ဒါဆိုရင် ခေတ်ကမ္ဘာကဖြစ်ရပ်တွေနဲ့ တိုက်ဆိုင်နေတဲ့ မျက်မှောက်ခေတ်မှာ လူဖြစ်လာတဲ့ မြန်မာတွေက
နတ်အုန်းသီး ကိုးကွယ်တာ လိုလို့ လားလို့ စောကြောချင်တဲ့ဉာဏ်ကို ဒါ တို့ ဘိုးဘွားရှေးမြန်မာတွေရဲ့ အစောဆုံးရေမြေပေါ်က ယဉ်ကျေးတဲ့လုပ်ရပ်၊  နူးညံ့တဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်လေးတွေ၊ ရော့ ကမ္ဘာ့စားရိတ်နဲ့ထိန်းသိမ်းပြီး ကမ္ဘာကလူတွေကို ပြပေးလိုက်ပါ ဆိုတဲ့ ဉာဏ်အဖြစ် ပြောင်းလဲလိုက်ယုံပါပဲ။

ဒီဉာဏ်လေးပေါ်ကို မမေ့မလျော့ မပေါ့မဆ ခုန်တက်လိုက်တာနဲ့

ကမ္ဘာ့ သဘာဝအမွေအနှစ်အဖြစ် -
မြန်မာတို့ရဲ့ အစောဆုံးရေမြေမှာ မြေထဲက စုန့်စုန့်ကြီးထွက်ခဲ့တဲ့ ပုပ္ပါးတောင်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် -
ကိုယ်ပိုင်ဖန်တီးမွေးဖွား ချစ်ခင်ထားအပ်သော မင်းမဟာဂီရိနတ်မင်းက စောင့်ရှောက်လျက်ရှိတဲ့ မြန်မာတို့၏ ပထမဆုံးသောအင်ပါယာ ပုဂံနိုင်ငံတော်က ကြွင်းကျန်ရစ်ခဲ့သည့် နောက်ဆုံးတံခါး သရပါ။

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် -
အဖြူအနီ ရှံပန်းနှစ်စ၊ အုန်းသီးတင်ထားကိုးကွယ် ချစ်ခင်မြဲလျက် အိမ်တွင်းနတ်ကိုးကွယ်တဲ့ ဓလေ့ တို့ဟာ
ကမ္ဘာတည်သ၍ ဒွန်တွဲလျက် တည်ရှိနေမှာဖြစ်ပြီး ရွှေနဲ့ ယိုးမှားတဲ့ စကားပန်းလေးကလည်း နောက်မျိုးဆက်များဖြစ်တဲ့ ကျိုင်းစင်မြဝါသော မြန်မာအမျိုးသားများ၊
ညက်လှပြာစင်သော ရဲမျိုးသမီးများအတွက် ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျားမှာ
ခေတ်အဆက်ဆက် နံ့ရှားကြိုင်လွင့်လျက်သာ။ ။

ချစ်ခင်စွာဖြင့်
ဒီဇိုင်းမျိုးဆွေသန်း
( ၆၊ နိုဝင်ဘာ၊ ၂၀၁၆ နံနက် ၆ နာရီမှ ထွက်သော နေရောင်၏အောက်တွင် ပုပ္ပါးတောင်အား ဓါတ်ပုံရိုက်ရန် ဝီရိယလွန်လျက် နံနက် ၃ နာရီတွင် သူငယ်ချင်းကိုပြည့်၊ ကိုမင်းမင်း၊ မျိုးဇော်ကို တို့နှင့်အတူ ရောက်နေ၍ ကြက်မောက်တောင်ဆည်၏ ဘောင်ပေါ်တွင် နေကို ထိုင်စောင့်ရင်း အမှောင်ထဲမှ ပုပ္ပါးတောင်အား ညရောင်ရေးရေးတွင်ငေးရင်း ပေါ်လာသောစိတ်ကူးကို ပိုးစပ်ကောင်များ ဝိုင်းအုံလျက်  မှတ်တရရေးသည်။)