ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ပိန်း - ညာသံတဦး၏ အာလူး မှတ်စုများ



မောင်ပိန်း - ညာသံတဦး၏ အာလူး မှတ်စုများ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆


နိုဝင်ဘာ ၉ ရက်နေ့က မောင်ပိန်းရဲ့ မီလျံဒေါ်လာတန်တဲ့ ဆန်ဖရန်မြိုံ့တော် တောင်ထိပ်က အိမ်တော်ကြီးကို မိုးမခအယ်ဒီတာ မောင်ရစ်တယောက် စက္ကူအိတ်ကလေးထဲ လက်ဆောင် စပျစ်သီးလေးတွေ ၀ယ်ပြီး ကုပ်ချောင်းချောင်းနဲ့ တက်လာသဗျ။ “ဦးလေးတို့ ထောက်ခံတဲ့ သမ္မတကြီး ထရန့်တော့ နိုင်သွားပြီဗျာ။ ဒါကြောင့် ရှေ့မျက်နှာ နောက်ထားပြီး ၀မ်းသာကြောင်း ဂုဏ်ပြုစကား လာပြောတာပါ” တဲ့။

မောင်ရစ် ၀ယ်ပေးတဲ့ စပျစ်သီး ချဉ်ချဉ်ကို စားရင်း “မင်း စပျစ်သီးက ချိုသားပဲ” လို့ လောကွတ်စကား ပြောလိုက်တော့ “ခုချိန်မှတော့ ချဉ်ချဉ်တူးတူးဆိုလည်း သမ္မတကြီးက သမ္မတကြီးဆိုတော့ ချိုတယ် ဆိုရမှာပဲ” လို့ မဲ့ပြုံးကလေးနဲ့ ပြောရှာတယ်။ ဒီကောင်က မိုးမခမီဒီယာလေး လက်ကိုင်ထားပြီး လက်ဝဲသမားလိုလို လစ်ဘရယ်လိုလို လေသံတွေ ပစ်၊ အသံကျယ်နဲ့ ဟီလာရီကလင်တန်ဆိုတဲ့ ဒီမိုကရက်တွေဘက်လိုက်ပြီး စာတွေ ရေးနေတာမို့ မောင်ပိန်းတို့က သိပ်ကြည့်ရတာမဟုတ်ဘူးရယ်။

မောင်ပိန်းတို့က ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝပြီးသား ရွှေဇွန်းကိုက် မွေးလာတာ၊ ညာသန်ကလည်း ညာသန်၊ ရှေးရိုးဆန်၊ မျိုးစောင့် သူကြွယ်ကြီး ဆိုတော့ အခုလို ဒေါ်နယ်ထရန့်လို ညာသံကြီး နိုင်လိုက်တာမို့ အပျော်တွေ အမော်တွေနဲ့ ၀မ်းမြောက်နေတာ။ ခုလိုမျိုး မောင်ရစ်တယောက် ၀န်ခံလိုက်တာမြင်ရတော့ ကျုပ်တော့ သေပျော်ပြီလို့တောင် တွေးမိပါသေးဗျာ။ ခက်တာက နေမိတာကလည်း ဆန်ဖရန်စစ္စကိုလို အခြောက်တွေ တရားမ၀င်တွေ၊ ဆေးခြောက်သမားတွေ၊ ကျုးကျော်တွေ ပေါ၊ လစ်ဘရယ်တွေ ဘယ်သံတွေ လမ်းဘေးမှာ ဖောချင်းသောချင်း ပေါများတဲ့ နေရာ ဖြစ်နေတော့ ထရန့် နိုင်တာတောင် ကျုပ်က ပေါ်တင်ကြီး မပျော်နိုင်ဘူး၊ ကျုပ်အိမ်တော်ကြီးထဲမှာ ကြိတ်ပြီး ပျော်နေရတာလေ။

“ပြီးတာတွေလည်း ပြီးပါစေတော့ ဦးရယ်၊ အခုလို လူပြိန်းတွေ ကြိုက်တဲ့ အဲလေ ဦးမောင်ပိန်းတို့တွေ အကြိုက် ဒေါ်နယ်ထရန့်ကြီး နိုင်သွားပြီ ဆိုမှတော့ စာဖတ်ပရိတ်သတ်တွေကို ထရန့်ကြီးရဲ့ လေးစား ကြည်ညိုဖွယ် ကောင်းတဲ့ အချက်တွေ အတုယူစရာအချက်တွေကို စာဖတ်ပရိသတ်ကို တင်ပြချင်လို့ စာမူလေးများ ချီးမြှင့်ပါလို့ တောင်းပန်ချင်တာပါပဲ။ စာမူခတော့ မပေးနိုင်ဘူး ဦးရယ်။ အဲဒါလေးများ ကူညီနိုင်မလားလို့ပါ”

မောင်ရစ်လို အလွန် မောက်မာရိုင်းစိုင်းတဲ့ အယ်ဒီတာလူစွာတယောက်က ကျုပ်လို မောင်ပိန်းကို မျက်နှာလေး အောက်ချပြီး ပြောနေတော့ ကျုပ်မှာ အားရလိုက်တာလေ၊ ဆွေမျိုးတွေအားလုံး ဖိတ်ပြီး ခေါ်ပြလိုက်ချင်တာမှ တကိုယ်လုံး ကြက်သီးတွေတောင် ထတယ်ဗျာ။

“အောင်မယ်လေး မောင်ရစ်ရယ်။ မင်းကို ငါက ထမင်းဟင်းတွေ အကောင်းဆုံးချက်ပြီး ဧည့်ခံပြီးတော့တောင် စာမူကို ပေးဦးမှာပါ။ အခု ငါခန့်ထားတဲ့ မက္ကဆီကိုက ထမင်းချက်က မြန်မာထမင်းဟင်း အတော်ချက်တတ်နေပြီကွ။ ဒီကောင်တွေက တရားမ၀င်ခိုးဝင်တွေဆိုတော့ ထရန့် သမ္မတဖြစ်ပြီး မက္ကဆီကို တံတိုင်းကြီးသာ ဆောက်လို့ကတော့ အိမ်တောင် ပြန်ဖို့ လမ်းမရှိတော့ဘူး။ င့ါဆီမှာ ရာသက်ပန် ကျွန်ခံရတော့မှာ။ တခါတည်း စားသွားကွာ။”

မောင်ရစ်ကလည်း သူ့မိသားစုအတွက်ပါ တခါတည်း အိမ်ပါဆယ် ထုတ်သွားချင်တဲ့အကြောင်း ပြောရှာပါတယ်။ ကျုပ်တို့ ညာသံတွေဆိုတာ သဒ္ဒါတရားခေါင်းပါးသူ မဟုတ်ကြောင်း ပြချင်တော့ တခါတည်း လေးဆင့်ချိုင့်တခု ပြင်ပြီး သူ့အိမ်အတွက်ပါ ပါဆယ်ကို ပြင်ပေးလိုက်ပါတယ်။

ထမင်းစားသောက်ရင်း မောင်ပိန်းလည်း ဒေါ်နယ်ထရန့်ဆိုတဲ့ သူကြွယ်ကြီး ပြီးတော့ မကြာမီ ဖြစ်တော့မည့် သမ္မတကြီးရဲ့ တော်ကြောင်း တတ်ကြောင်း အမျော်အမြင်ကြီးကြောင်းတွေ ချီးမွန်းခန်း ဖွင့်ပေးလိုက်ကြောင်းပါ ခင်ဗျား။

“ဒါမှာကွ၊ မင်းတို့ကပြောတယ်၊ ထရန့်က အခွန်မဆောင်ဘူး၊ အခွန်ရှောင်တယ်။ ဟုတ်စ။ အမေရိကန်အခွန်ဥပဒေတွေ နည်းဥပဒေတွေအရ အခွန်မဆောင်ပဲ နေလို့ရတဲ့ အကွက်တွေ၊ ခွင်တွေ ရှိတယ်ကွ။ တရားဝင်ကို အခွန်ကို ရှောင်လို့ ရတာတွေ အများကြီး။ ငါတို့လို လူမျိုးတွေက သိတာပေါ့ကွာ။ ဒါတွေ မင်းတို့ မသိတာ ကောင်းပါတယ်။ မင်းတို့တွေက အခွန်များများဆောင်၊ ငါတို့တွေက အခွန်များများ ရှောင်။ လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းစာရိတ်တွေ၊ ပြီးတော့ လုပ်ငန်းထဲ တိုးချဲ့ မြုပ်နှံရတာတွေ၊ အရှုံးပြရတာတွေ ၊ အခွန်ကင်းလွတ်ခွင့်တွေဆိုတာ မင်းတို့ကို ပြောလည်း သိမှာ မဟုတ်တော့ မပြောတော့ပါဘူး။ ငါတို့တွေက ထရန့်ကို ကြည်ညိုတယ်ဆိုတာ ဒါကို သူ တော်လို့ တတ်လို့ အခွန်မပေးပဲ နေနိုင်တာလို့ ပွင့်ပွင့်လင်းလင်း ၀န်ခံရဲတာ ကို ကြိုက်တာ”

“ဒါဆိုလည်း ဦးရယ်၊ အခု သူ့ကို အစိုးရက အခွန်တွေ ပြန်စစ်နေတယ် မဟုတ်လား။ IRS က စစ်ဆေးရေး ၀င်နေပြီ မဟုတ်လား”

“ မင်းတို့က ညံ့တာကိုး။ အခု သူက သမ္မတကြီး ဖြစ်သွားရင် သူ့အခွန်ဥပဒေတွေ ပြင်ဆင်ပြဌာန်းလိုက်ရင် မင်းတို့ ထင်သလို အခွန်တွေ ပိုဆောင်ရလိမ့်မယ် ထင်လို့လား။ မင်းတို့တွေက ငပိန်းတွေ ဖြစ်ကုန်မှာပေါ့ကွ”

“ဟုတ်ကဲ့။ ပြောပါဦး ဦးမောင်ပိန်းရယ်။ အချိုပွဲက လဘက်လေးနဲ့ ဆို ကောင်းမယ်နော်”

“အေး အေး ဟုတ်သားပဲ။ ဟေး ဟိုးလား (hola …) လဘက်သုတ်စ် ပလိစ်။ ဂရပ်စီယပ်” ဆိုပြီး ကျုပ်ရဲ့ စားဖိုမှူးကို ဟစ်စပန်နစ်ဘာသာနဲ့ ညွှန်ကြားလိုက်ရတယ်။

“ဒါဆိုလည်း ဦးမောင်ပိန်းရယ်၊ သူ့ ထရန့်လုပ်ငန်းတွေကို သူသမ္မတကြီး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ တိုင်းပြည်တာန်နဲ့ မိသားစုစီးပွားရေး လုပ်ငန်း ရောယှက်လို့ မရဘူး မို့လား။ သမ္မတကြီး ဘွတ်ခ်ျတုန်းတောင် တက္ကဆပ်က သူ့ရေနံကုမ္မဏီကြီးကို သူများတွေနဲ့ လွှဲထားခဲ့တယ်လေ။ ထရန့် စီးပွားရေးအင်ပါယာကြီးကို ဘယ်သူတွေနဲ့ လွှဲမှာလဲ။ တိုင်းပြည်ရေးနဲ့ မိမိအရေး မရောကောင်းဘူး မို့လား”

“ပိန်းတဲ့သူက မောင်ရစ် ဖြစ်နေပါလား မောင်ရစ်ရယ်။ အခု ထရန့်က ကြေညာချက် ထုတ်လိုက်ပြီလေ။ သူ့စီးပွားရေးလုပ်ငန်းတွေ အားလုံးကို သူ့သားတွေကို လွှဲလိုက်မယ်တဲ့။ သူကတော့ သူဖာသာသူ တိုင်းပြည်အုပ်ချုပ် မင်းလုပ်မယ်တဲ့။ မကောင်းဘူးလား။ သူမိသားစုလုပ်ငန်း သူများနဲ့ တစိမ်းနဲ့ လွှဲတယ်ဆိုတာ ဘွတ်ခ်ျတို့မို့လို့ လွှဲတာ။ ထရန့်တို့က သူ့ကို believe me တို့ trust me တို့ ပါးစပ်ကတိပေးထားပြီးသား မင်းတို့ ငါတို့က လက်ခံရမှာပေါ့။ သူ့မှာ တိုင်းပြည်အရေးလုပ်နေတာ မိသားစုစီးပွားရေး လှည့်ကြည့်ဖို့တောင် အချိန်ရှိမှာ မဟုတ်ပါဘူး။ ယုံကြည် စိတ်ချလိုက်စမ်းပါ။”

မောင်ရစ်လည်း တခါတည်း ခေါင်းငိုက်စိုက်ကျသွားပါတယ်။ မောင်ရစ်တို့ မိုးမခမီဒီယာလို စီးပွားရေးမဟုတ်တဲ့ non profit အဖွဲ့အစည်းတောင် ဆွေမျိုးသားချင်း မောင်နှမ လင်မယား တအိမ်တည်းနေတွေကို တာဝန်ခံအဖြစ် မခန့်ရတာဟာ ခုနင်ကပြောတဲ့ အကျိုးစီးပွားချင်း ရှုပ်ထွေးမှုကို ရှောင်ရှားချင်လို့ ဥပဒေနဲ့ တားမြစ်ထားတာ ဖြစ်ပါတယ်။ အခုလို ထရန့်ကြီးရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွားချင်း မရှုပ်ထွေးအောင်လို့ သားတွေကို လွှဲထားပေးမယ်ဆိုတာဟာ အမျော်အမြင်ကြီးမှု ဖြစ်တယ်ဆိုတာကို မောင်ရစ်တယောက် မယုံနိုင်အောင် ဖြစ်နေပုံပါပဲ။

“ကဲ ဒါဖြင့်ရင်လည်း ဦးရယ်။ သူရွေးကောက်ပွဲကာလတုန်းက ၀ါရှင်တန်မြို့တော်က စာတိုက်ကြီးကို ထရန့် ဟိုတယ်အသစ်ကြီအဖြစ် ငှားယမ်း ဆောက်လုပ်လိုက်တယ် မဟုတ်လား။ အဲသည် စာချုပ်မှာက ထရန့်နဲ့ အစိုးရတို့ ငှားယမ်းစာချုပ် ချုပ်ထားတာဆို။ အခု ဘယ်လို ဆက်လုပ်ကြမလဲ”

“အေး မောင်ရစ်ရယ်။ လုပ်ငန်းရှင်ကြီး ထရန့် နဲ့ သမ္မတကြီး ထရန့်တို့က ဘ၀ချင်းခြားသွားပြီကွ။ ရောပြီး မမြင်ရဘူး။ လုပ်ငန်းရှင်ကြီးဘ၀တုန်းက အစိုးရအဆောက်အဦးကို ငှားပြီး ဟိုတယ်ဆောက်တယ်။ နောက် သက်တမ်းတိုးချိန်ကျတော့ သမ္မတကြီး ဖြစ်နေပြီ။ အစိုးရက သမ္မတကြီးကို အဆောက်အဦ ပေးသုံး ငှားသုံးတယ်ဆိုတာ ဘာမေးခွန်းထုတ်စရာ လိုတော့မလဲ။ ရေမြေ့သနင်း ပြည့်ရှင်မင်းဆိုတာ သိတယ်မို့လား။ ဒီလိုပဲ ဖြစ်ရမှာပေါ့။”

မောင်ပိန်းလည်း မောင်ရစ်ကို နားဝင်အောင် အတော်ပြောလိုက်ရပါတယ်။ မောင်ရစ်လည်း ကြက်ကြီး လည်လိမ်ထားသလိုနဲ့ နားထောင်နေရှာပါတယ်။ ကျုပ်ကလည်း အခွင့်ရတုန်း ဆက်ပြီး ကြိတ်ရတာပေါ့ ခင်ဗျာ။

“ထရန့်တို့ သားသမီးတွေ ပြည်ပကို ထွက်ပြီး စီးပွားရေးလုပ်ကြရင် သမ္မတကြီး သားသမီးတွေအနေနဲ့ ပြည်ပနိုင်ငံတွေက လက်ခံမလား၊ လွတ်လပ်တဲ့ လုပ်ငန်းရှင်တွေအဖြစ် ပြည်ပက လက်ခံမလား။ စဉ်းစား။ သူတို့နဲ့ လုပ်ငန်းစာချုပ်တွေကို သူတို့က ဘယ်လို မျှော်လင့်ချက်နဲ့ ချုပ်ကြမလဲ စဉ်းစား။ သမ္မတကြီး သားသမီးအနေနဲ့ ချုပ်မလား၊ ဘယ်ကလာ အဲသလို ချုပ်မလဲကွာ။ သီးခြား စာချုပ်ချုပ်ကြမှာပါ။ စိတ်ချပါ။ မင်းတို့ ကလင်တန်တို့ လင်မယားကမှ ဖောင်ဒေးရှင်းတွေထောင်ပြီး အရှုပ်တွေ လုပ်ထားတာ မင်းတို့ မကြားတာ အံ့ပါရဲ့။ သမ္မတကြီး ထရန့်က ကလင်တန်တို့လို မဟုတ်ပါဘူး။ စိတ်ချပါ။ ကလင်တန်တို့သာ ထရန့်လိုမျိုး စီးပွားရေး လုပ်တတ်ရင် ငါတို့ တိုင်းပြည် အစောကတည်းက ပျက်သွားပြီနော်။ စိတ်ချရတာ မဟုတ်ဘူး။ ငါတို့ကတော့ ထရန့်ကိုပဲ စိတ်ချတယ်”

မောင်ပိန်းလည်း အတော်ကို ရှင်းပြလိုက်ရလို့ မောပြီး ပင်ပန်းသွားတာနဲ့ ထရန့်တံဆိပ်နဲ့ ထုတ်ထားတဲ့ ရှန်ပိန်ပုလင်းတလုံး ဖောက်ပြီး တခွက်အပြည့် သောက်ပြီး ရင်ရှင်းလိုက်ရပါတယ်။ ထရန့်တံဆိပ်နဲ့ ထုတ်ထားတဲ့ အမဲသားအပြားတွေလည်း ၀ယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားဖို့ စာဖိုမှုးကို သတိပေးရဦးမယ်။ ထရန့်တံဆိပ်နဲ့ ကုတ်အကျီင်္လည်း နောင်ဆို အမြဲ ၀တ်ပြီး စတိုင်ထုတ်မှ ဖြစ်မယ်လို့ အတွေးပေါက်နေမိတယ်။ မကြာခင် ၀ါရှင်တန်ဒီစီသွားရင် ထရန့်ဟိုတယ်မှာ တည်းဖို့ ကြိုပြင်ထားမှ ဖြစ်မယ်လေ။

မောင်ရစ်ကတော့ လေးလေးနက်နက်တွေးရင်း မောင်ပိန်းကို မေးပါတယ်။

“ဦးရယ် ထရန့်က လုပ်ငန်းရှင်လည်း လုပ်တယ်။ တီဗီမှာလည်း သရုပ်ဆောင်တယ်။ မစ္စယူနီဗာ့စ်တွေလည်း မွေးထုတ်တယ်။ ခုဆို သူ သမ္မတကြီး ဖြစ်တော့မှာ။ သူ နောက်ကို ဘာတွေ ဆက်လုပ်ဦးမယ် ထင်သလဲ ဟင်”

“ပိန်းလှချည်လား မောင်ရစ်ရယ်။ ငါတို့ ထရန့်က နောက်ပြီးကျရင် ခရစ်ယာန်သာသနာပိုင်ကြီး ဖြစ်ချင် ဖြစ်လာဦးမှာကွ။ မင်း အဲဒီကျမှ ငါ့ကို လာပြီး ထိုင်ရှိခိုးချင်စိတ် ပေါက်သွားဦးမယ်။ ကဲ ပြန်တော့ မောင်ရစ်ရေ။ ဒီအကြောင်း ငါ စာရေးပြီး မင်းကို ပို့ပေးလိုက်မယ်။ မင်း အခန်းဆက် ထည့်ပေတော့”

“ဟုတ် ဟုတ် ဟုတ်ကဲ့ပါ ဦး”