ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တက္ကသိုလ်ရွှေရီဝင်း ● အင်ဒါဆင်၏ ဒဏ္ဍာရီ အဖြစ်


တက္ကသိုလ်ရွှေရီဝင်း ● အင်ဒါဆင်၏ ဒဏ္ဍာရီ အဖြစ်
(အတွေးအမြင်-အမှတ် (80) 1992 July)
(မိုးမခ) နို​ဝင်ဘာ ၂၊ ၂၀၁၆

“အင်ဒါဆင်အတွက် ရရှိသည့်ဆုလာဘ်မှာ ကမ္ဘာ့လူသားတို့ထံမှ ချစ်ခင်မှုဖြစ်သည်။”

အင်ဒါဆင် {Hans Andersen – (1805 – 1875)}

အင်ဒါဆင်ကို ဒိန်းမတ်နိုင်ငံတွင် ၁၈ဝ၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူရေးသားသော နတ်သမီးပုံပြင်တခုဖြစ်သည့် အရုပ် ဆိုးသောဘဲကလေး (Ugly Duckling) ဇာတ်လမ်းကဲ့သို့ပင် သူ့ဘဝမှာလည်း အလွန်ဆင်းရဲ၍ အရုပ်ဆိုးသော လူငယ်လေး တယောက်အဖြစ်မှ အလွန်နာမည်ကြီးသော စာရေးဆရာကြီးအဖြစ်သို့ ရောက်ရှိခဲ့သည်။ သူ၏ ကျော်ကြားမှုများမှာလည်း သူကိုယ်တိုင်က အရေးမကြီးဟု ထင်ခဲ့သော ရိုးရာပုံပြင်၊ စိတ်ကူးယဉ် နတ်သမီးပုံပြင်များကြောင့်သာ ဖြစ်သည်။ သူရေး သားသော ဝတ္ထုနှင့်ကဗျာများကို သူအလေးထားသော်လည်း ထိုကဗျာနှင့်ဝတ္ထုတို့မှာ လူသိနည်းခဲ့သည်။ သူသည် ပြဇာတ် လောကကို အလွန်စိတ်ဝင်စား မြတ်နိုးသည့်အလျောက် သူစာရေးခြင်းအတတ်ပညာကို မစတင်မီ၊ ဇာတ်ခုံတွင် သီချင်း ဆိုခြင်း၊ ကခြင်း၊ သရုပ်ဆောင်ခြင်း စသည့်အတတ်ကို ကြိုးစားပြီး သင်ယူကာ ဖြေဖျော်ခဲ့သည်။

● အရုပ်ဆိုးသော ဘဲကလေး
တခါက ဘဲမကြီးသည် သူဝပ်ထားသောဥများ အကောင်ပေါက်ချိန်သို့ရောက်သောအခါတွင် ဥတလုံးမှာ အကောင်မ ပေါက် သေးဘဲ ကျန်နေသည်ကို တွေ့ရသည်။ ထိုဥမှ အကောင်ပေါက်လာသောအခါတွင် အခြားဘဲများနှင့်မတူဘဲ အကောင်မှာ ကြီးကြီး၊ အရုပ်လည်း အလွန်ဆိုးနေသည်။

မိခင်ဘဲမကြီးသည် ထိုကလေးကို ကြက်ဆင်ဖြစ်နေမည်ဆိုး၍ ရေထဲချကြည့်လိုက်သောအခါ၊ ရေကောင်းကောင်းကူး တတ်သည်ကို တွေ့ရသည်။ ဘဲရုပ်ဆိုးကလေးမှာ အပေါင်းအသင်းဘဲတို့၏ နှိမ်ခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရသည်။ ထို့ကြောင့် သူ့မိသားစုနှင့် မနေတော့ဘဲ၊ တကောင်တည်း စွန့်စားပြီး ထွက်လာခဲ့သည်။

လမ်းတလျှောက်တွင် စွန့်စားခန်းများ မျိုးစုံနှင့် တွေ့ဆုံခဲ့သည်။ ဆောင်းတွင်း လွန်မြောက်၍ နွေရာသီသို့ရောက်လာသောအခါ ဘဲရုပ်ဆိုးလေးမှာ အလွန်ထွားလာသည်။ သူသည် ချောင်းထဲသို့ ရေကူးရန် ဆင်းလိုက်စဉ်၊ အလွန်လှသော ဘဲငန်းများက သူ့ထံသို့ ဝမ်းသာအားရ ကူးလာကြသည်။ ထိုအခါ ဘဲရုပ်ဆိုးလေးမှာ အံ့သြသွားပြီး၊ ထွက်ပြေးရန်ကြိုးစားစဉ်၊ သူ၏ အရိပ်ကို ရေထဲတွင် လှမ်း၍မြင်သွားသည်။ ရေထဲရှိ သူ၏အရိပ်မှာ အလွန်လှပသော ငွေရောင်ဘဲငန်းကြီး ဖြစ်လေသည်။ ဘဲရုပ်ဆိုး လေးမှာ အလွန်ဝမ်းသာသွားသည်။

အောက်တွင် ဖော်ပြမည့်အကြောင်းအရာလေးမှာ အင်ဒါဆင်၏ တကယ့်ဘဝတွင် တွေ့ကြုံရပုံ အဖြစ်အပျက်လေးဖြစ်ပြီး၊ သူရေးသားသော နာမည်ကျော် အရုပ်ဆိုးသောဘဲလေးဇာတ်လမ်းနှင့် အလွန်နီးစပ်သည်ကိုပြသရန် ပုံပြင်သဏ္ဍာန် ရေးသား ထားခြင်းဖြစ်သည်။

ဟိုးရှေးရှေးတုန်းက ဖိနပ်ချုပ်သမားလင်မယားတွင် သားလေးတယောက် ရှိသည်။ ထိုသူငယ်၏ဖခင် ဖိနပ်ချုပ်သမားသည် သူငယ်စဉ်ကပင် ကွယ်လွန်သွားသဖြင့် မိခင်မုဆိုးမနှင့် ဆင်းရဲစွာနေထိုင်ရသည်။ မိခင်မှာ နောက်အိမ်ထောင်ပြုခဲ့သည်။

ထိုဆင်းရဲသားလေးသည် သူ၏ဘဝတက်လမ်းအတွက် နန်းတော်သို့သွားကာ၊ အိမ်ရှေ့မင်းသားကို သွားရောက်တွေ့ဆုံသည်။ အိမ်ရှေ့မင်းသား၏ ရှေ့တော်မှောက်သို့ ရောက်သောအခါ၊ ဘုရင့်ဘုန်းတော်ဘွဲ့စပ်ဆိုထားသော သီချင်းများကို သီဆိုဖျော် ဖြေသည်။

အိမ်ရှေ့မင်းသားက ထိုသူဆင်းရဲသားလေးကို သနားသဖြင့်၊ မည်သည့်အလုပ် လုပ်လိုကြောင်း မေးသည်။ ကြောက်ရွံ့မှု မရှိသော တောသားလေးသည် ရဲဝံ့စွာဖြင့် “ကျွန်တော်မျိုးကို နန်းတွင်းကဇာတ်တွင် ပါဝင်ကပြအသုံးတော်ခံခွင့် ပေးသနားပါ” ဟု လျှောက်လေသည်။

အိမ်ရှေ့မင်းသားက တောသားလေးကို လှမ်းကြည့်လိုက်သောအခါ၊ အချိုးအစား မကျနလှသော ကိုယ်ခန္ဓာနှင့် နှာခေါင်းကြီး ကြီးပိုင်ရှင်၊ သနားစဖွယ် လုလင်ငယ်ကို တွေ့ရသည်။ ထို့်ကြောင့် အိမ်ရှေ့မင်းသားက အလွန်ယထာဘူတကျသော အ ဖြေကို ပေးလိုက်သည်။

“မင်းနဲ့ကိုက်မယ့် လက်သမားအတတ်ကို သင်ပါလား၊ အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ရင် မင်းအတွက် အ ကောင်းဆုံးပဲ” ဟူ၍ ဖြစ်သည်။

ရည်ရွယ်ချက်ကြီးမားသော လူငယ်သည် သူ့အိမ်သို့ ပြန်သွားကာ၊ သူ့မိခင်နှင့်ပထွေးဖြစ်သူကို နှုတ်ဆက်ပြီး၊ သူ့ရှေ့ရေး အတွက် အလုပ်ရှာထွက်ခဲ့သည်။

သူ့စိတ်ထဲတွင် နောင်နှစ်ပေါင်းများစွာကြာလျှင်၊ သူ့နာမည် ‘ဟင်း အင်ဒါဆင်’ (Hans Andersen) သည် လူတိုင်းပါးစပ် ဖျားတွင် ရေးပန်းစားနေရမည်ဟု ယုံကြည်နေသည်။ သူ့နာမည်သည် ကမ္ဘာတွင်ရစ်မည်ဟု ယုံကြည်နေသည်။ ထိုကဲ့သို့ ယုံကြည်ခြင်းမှာလည်း သူသည် နတ်သမီးပုံပြင်များကို ယုံကြည်သူဖြစ်သောကြောင့်ပင်။ ထိုနတ်သမီးပုံပြင်များမှာလည်း သူ့ဖခင်ထံမှ သူကြားခဲ့ဖူးခြင်း ဖြစ်သည်။

သူငယ်စဉ်က သူ့ဖခင်သည် အိပ်ရာဝင် ပုံပြင်များအဖြစ် တထောင့်တညပုံပြင်များကို အသံကျယ်ကျယ်ထွက်၍ ဖတ်ပြခဲ့ သည်။ ထိုပုံပြင်များကို ညတိုင်းနားထောင်ပြီး၊ သူ့ဖခင် ဖတ်ပြသော ပုံပြင်များကို တလုံးမကျန် သူမှတ်မိနေသည်။ ၎င်းပြင် နေ့လည်နေ့ခင်းတွင်လည်း အိမ်နီးနားချင်း၊ လက်လုပ်လက်စား၊ အိမ်ထောင်ရှင်မများ ဗိုင်းငင်ချည်ရစ်ရင်း ပြောကြသော ရိုးရာပုံပြင်ဇာတ်လမ်းများကို နားထောင်ခဲ့ရသည်။ ထို့ကြောင့် အင်ဒါဆင်သည် ထိုရိုးရာပုံပြင်များ၊ နတ်သမီးပုံပြင်များကို အလွန် သဘောကျ ယုံကြည်လေသည်။

ပုံပြင်များထဲတွင် မဖြစ်နိုင်သည့်အရာ မရှိပါ။ ကြိုးစားလျှင် နောက်ဆုံးတွင် ကိုယ်ဖြစ်ချင်သည့်အတိုင်း ဖြစ်ရသည်ချည်းပင်။ ထို့ကြောင့်လည်း သူကြားဖူးသောပုံပြင်များထဲကအတိုင်း နောင်တနေ့တွင် သူသည်လည်း နာမည်ကျော်ကြားသော စာ ရေးဆရာကြီး ဖြစ်မည်ဟု ယုံကြည်သည်။

ထိုအချိန်က ဒိန်းမတ်နိုင်ငံတွင် ရှေးရိုးရာပုံပြင်များ အလွန်ပေါကြွယ်ခဲ့သည်။ ထိုပုံပြင်များထဲမှ အင်ဒါဆင် မွေးဖွားရာ ‘အိုဒင်း’ (Odense) မြို့ရှိ ပုံပြင်တခုမှာ --- နတ်သမီးလေးတပါးသည် လူယောင်ဖန်ဆင်း၍ သူ့ချစ်သူလူသားနှင့် လူ့ပြည်တွင် မကြာ မကြာ တွေ့ဆုံသည်။ တနေ့တွင် နတ်သမီးလေးသည် ဘဝတူသွားစေရန်၊ ကပွဲတခုတွင် တွဲ၍ကကြရင်း၊ လူသားမှာ မနား တမ်းကရသဖြင့်၊ မောပန်းလာကာ အသက်သေဆုံးသွားရသည်။ သူတို့နှစ်ယောက်သည် နောင်ဘဝတွင် ပေါင်းဆုံကြရ လေသည် --- ဟူသည့် ဇာတ်လမ်းတခုလည်း ပါဝင်သည်။

အင်ဒါဆင်အတွက် ပုံပြင်ရေးစရာ ဘဝနှင့်ယှဉ်ပြီးတွေ့ကြုံရသည့် ဇာတ်လမ်းများလည်း ရှိသည်။ တနေ့တွင် လူကုံထံအမျိုး သမီးတဦးသည် အင်ဒါဆင်၏ ဖခင်ထံသို့ ပိုးသားအနီရောင် ဖိနပ်တရံ လာ၍အပ်နှံသည်။ ဖိနပ်ချုပ်သမားတယောက်အဖို့ ဤမျှ တန်ဖိုးရှိသောဖိနပ်တရံကို ချုပ်ပေးရမည်ဆိုပါက ငွေကြေးများစွာ ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း အလွန်လှပသော ပိုးသားဖိနပ်နီလေးကို လှပစွာချုပ်ပေးခဲ့သည်။ သို့သော် လူကုံထံအမျိုးသမီးသည် ဖိနပ်ချုပ်ခကို မပေးဘဲ နေလေသည်။ ထို့ကြောင့် ဖိနပ်ချုပ်သမား၏သားငယ်သည် သူ့ဖခင်၏လုပ်အားခကို ခေါင်းပုံဖြတ်သွားသော အမျိုးသမီးအပေါ် မကျေမ နပ်နှင့် သူကြားဖူးပြီး အလွတ်ရနေသော အိုဒင်းအရပ်ရှိ ရိုးရာပုံပြင်ကို ပေါင်းစပ်ပြီး၊ ဇာတ်လမ်းများ ရေးလေတော့သည်။

ထိုဇာတ်လမ်းသည် ယခုအခါတွင် လူတော်တော်များများ ဖတ်ဖူးပြီး၊ ရုပ်ရှင်အဖြစ်ပြသခဲ့သော နာမည်ကျော်ကြားသော ‘ဖိနပ်နီနီလေး’ (Red Shoes) ဇာတ်လမ်းပင် ဖြစ်သည်။
ပင်ကိုထူးချွန်မှု အနုပညာအခြေခံရှိသော အင်ဒါဆင်အတွက် သူကြားဖူးခဲ့သော နတ်သမီးပုံပြင်လေးများကို လူ့ဘဝနှင့် ပေါင်းစပ်၍ ဇာတ်လမ်းများ ရေးသားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ့ပုံပြင်များတွင် အမှန်တရားသည် အမြဲပါဝင်လျက် ရှိသည်။

ဟင်း အင်ဒါဆင်၏မိခင်သည် ငယ်စဉ်က တောင်းရမ်းစားသောက်ရန်အတွက် လမ်းပေါ်သို့ နှင်ထုတ်ခြင်းခံရသည်။ တောင်း ရမ်းစားသောက်ရန်ရှက်သော ထိုမိန်းကလေးသည် တံတားအောက်တွင်ပုန်းရင်း ချမ်းအေးမှုဒဏ်ကို အလူးအလဲ ခံခဲ့ရလေ သည်။ အိမ်သို့လည်း မပြန်ရဲချေ။ ထို့ကြောင့် ထိုမိန်းကလေး၏ဘဝသည် မလှပခဲ့ချေ။ အင်ဒါဆင်သည် မိခင်၏အဖြစ်ကို သနားသည်။ လောကကြီးကိုလည်း စိတ်နာခဲ့သည်။ ထို့ကြောင့်သူ၏ နာကြည်းမှုကိုဖော်ကျူးသော “ဘဝပေးမကောင်း သူလေး” (She Is No Good) ဇာတ်လမ်းနှင့် “မီးခြစ်သည်မလေး” (The Little Match Girl) ဇာတ်လမ်းကို ရေးခဲ့သည်။

အင်ဒါဆင်၏ ဖခင်၏ ကျန်းမာရေးမှာ မကောင်းလှချေ။ တနေ့တွင် သူသည် ပြတင်းပေါက်မှနေ၍ ဆီးနှင်းများကျနေသည်ကို စိတ်ဝင်တစား ကြည့်နေစဉ်၊ သူ့ဖခင်က အဖြူရောင် မိန်းမပုံသဏ္ဍာန်တခုကို လက်ညှိုးထိုး၍ ပြခဲ့သည်။ “အဲဒါ နှင်းဘုရင်မပဲ၊ အဲဒီ နှင်းဘုရင်မဟာ မကြာခင် ငါ့ဆီကိုလာလိမ့်မယ်” ဟု ဖခင်ဖြစ်သူက ပြောခဲ့လေသည်။ လများမကြာမီ သူ့ဖခင် သေ ဆုံးသွားခဲ့သည်။ ကလေးဘဝသာရှိသေးသော အင်ဒါဆင်အတွက် ငယ်စဉ်ကပင် စိတ်ကူးယဉ်ဆန်သော အဖြစ်အပျက်ကို တကယ့်အဖြစ်အပျက်အဖြစ် တွေ့ရလေသည်။

အင်ဒါဆင် အသက် (၁၄) နှစ်တွင် ကြင်နာမှုခေါင်းပါးသော ပထွေးနှင့် သူ့ကို လက်သမားအတတ်သင်ရန် အကြံပြုသော အိမ်ရှေ့မင်းသားကို မကျေမနပ်ဖြစ်ကာ၊ သူ့ရှေ့ရေးအတွက် အလုပ်ရှာရန် ခရီးထွက်ခဲ့သည်။ သူသည် အလုပ်အတွက် နေရာမရွေး သွားရောက်ကာ အလုပ်ရှာခဲ့သည်။ အကပညာရှင် အမျိုးသမီးတဦးထံတွင် အကပညာကို သင်သကဲ့သို့ ပြဇာတ် ဇာတ်လမ်းများကိုလည်း ရေးပြ၊ ဖတ်ပြသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။ သူ့ဖခင် ထုလုပ်ပေးသော ရုပ်သေးရုပ်များကို အသုံးပြုကာ၊ ဇာတ်လမ်းများ ရေးသား၍ တင်ပြခဲ့သည်။

အင်ဒါဆင် နေရသောနေရာမှာ အိမ်တအိမ်၏ အပေါ်ဆုံးထပ် အထပ်ခိုးလေးတွင် ဖြစ်သည်။ ထိုအထပ်ခိုးလေးမှတဆင့် မြို့၏မြင်ကွင်းကိုဆီး၍ကောင်းကောင်းမြင်ရသည်။ ထို့အပြင် လမင်းကြီးနှင့်လည်း ရင်းနှီးမှုရခဲ့သည်။ ထိုအတွေ့အကြုံမှ “လ မင်းကြီး၏ မြင်ကွင်း” (What The Moon Saw) ဇာတ်လမ်းများ ရေးခဲ့သည်။ ၎င်းပြင် “လမ်းဘေးမီးတိုင်” (The Old Street Lamp) ဇာတ်လမ်းလည်း ရေးသားခဲ့သည်။

အင်ဒါဆင်သည် သူ၏အနုပညာတန်ဖိုးကို မသိခဲ့ပါ။ သူ့ကဗျာများ၊ လွမ်းဆွေးဖွယ်ရာ ဇာတ်လမ်းများနှင့် အချစ်ဇာတ်လမ်း များသည် ပြန်ပြောများဟုသာ ထင်ခဲ့သည်။ ထိုရှေးပုံပြင် ဇာတ်လမ်းများ၏ တန်ဖိုးကို အင်ဒါဆင် မသိခဲ့ပါ။

ထိုဇာတ်လမ်းများထဲတွင် အဖိုးတန်သောအရာများ ပြည့်နေသည်ဟု မြင်သောသူမှာ နန်းတွင်းပြဇာတ်ရုံမှ အုပ်ချုပ်ရေးမှုး ဂျိုနပ်ကောလင်း (Jonas Collin) ဖြစ်သည်။ ထိုအုပ်ချုပ်ရေးမှုးက စာရေးဆရာပေါက်စ အင်ဒါဆင်အတွက် ပညာသင်စရိတ် ထောက်ပံ့မှုရအောင် ကူညီခဲ့သည်။

အင်ဒါဆင်သည် အဲဆီနို(Elsinore) နန်းတော်အတွင်းရှိ ကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ထိုကျောင်းတွင် သူ၏ဆရာမှာ ဆိုင်မွန်မေးစလင်း (Simon Meisling) ဖြစ်သည်။ မအောင်မြင်သော ကဗျာဆရာ ဆိုင်မွန်မေးစလင်းသည် အင်ဒါဆင်၏ မွေးရာပါပညာကို သတိထားမိသောအခါ အင်ဒါဆင်ကို နှိမ်ရန်အတွက် ၁ဝ နှစ်အောက်ကလေးများ တက်သောသင်တန်းကို တက်စေသည်။ ထိုသင်တန်းတွင် အက္ခရာသင်္ချာ၊ ဂီသြမေတြီ၊ ဂရိနှင့် ဟီးဗရူးဘာသာ သဒ္ဒါများကို သင်ကြားစေသည်။

အင်ဒါဆင်သည် သူနှင့်မဆိုင်သောဘာသာကိုပင် ကောင်းမွန်စွာ သင်ကြားခဲ့သည်။ သို့သော် မေးစလင်းသည် သူ့ကို စာ မေးပွဲ မအောင်မြင်ဟု နှိမ်ချကာ ပြောဆိုခဲ့သည်။ စိတ်ကောင်းမရှိသူအဘိုးကြီးသည် တဖက်ကလည်း အင်ဒါဆင်ကို လက် လွတ်မခံနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအဘိုးကြီး၏သားငယ်သည် အင်ဒါဆင်၏ပေါင်ပေါ်တွင်ထိုင်ကာ၊ အင်ဒါဆင် ပြောပြသမျှ နတ်သမီးပုံပြင်များကို ငြိမ်သက်စွာ စိတ်ပါဝင်စားပြီး၊ နားထောင်ခဲ့၍ ဖြစ်သည်။

ထိုပုံပြင်များသည် နောင်အခါတွင် ကမ္ဘာ့ဂန္တဝင်စာပေများ ဖြစ်လာမည်ကို ထိုကလေးငယ်ရော၊ အင်ဒါဆင်ပါ မသိခဲ့ချေ။

ထိုမှ အင်ဒါဆင်သည် ကိုပင်ဟေဂင်ရှိ ကျောင်းသို့ရွေ့ပြောင်းခဲ့သည်။ ထိုနေရာတွင်လည်း အင်ဒါဆင်အတွက် အဆင်ပြေပြီး၊ ခင်မင်မှုရသည်မှာ ကလေးများသာ ဖြစ်သည်။ ထိုအရွယ်စုံကလေးများက သူ့ပေါင်ပေါ်တွင်ထိုင်ကာ ပုံပြင်ပြောပြရန် ပူဆာ ခဲ့ကြသည်။

အင်ဒါဆင်သည် သူစိတ်ကူးရရာ စွန့်စားခန်းပုံဝတ္ထုများကို ပြောခဲ့သည်။ ၎င်းတို့ထဲတွင် “နှင်းလူ” (A Snow Man)၊ “ခရစ္စမတ် သစ်ပင်” (A Christmas Tree)၊ “ဒိန်းမတ်သဲလူ” (The Danish Sandman)၊ “သံဖြူရုပ်စစ်သား” (Tin Soldier)၊ “ရေသူ မလေး” (The Mermaid) နှင့် “မျက်စိပိတ်ကြီး” (Ole Shut-eye) တို့ပါဝင်သည်။

သူပြောပြသော ပုံပြင်များသည် အလွန်စိတ်ဝင်စားစရာကောင်းသဖြင့် နားထောင်သူတို့သည် သံဖြူစစ်သားလေး၏ စစ်ချီသံ၊ နန်းတွင်းရှိ မြင်းသည်တော်တို့၏ မြင်းခွာသံများကို နားထဲတွင် ကြားယောင်ပြီး၊ မျက်စိထဲတွင်လည်း မြင်စေနိုင်သည်အထိ အစွမ်းထက်လေသည်။ ၎င်းပြင် စက္ကူအရုပ်မျိုးစုံကိုလည်း ကိုယ်တိုင်ညှပ်၍ ပုံပြင်များ ပြောပြတတ်သည်။ ထိုစက္ကူပုံများသည် အိုဒင်းမြို့ရှိ အင်ဒါဆင်ပြတိုက် (Andersen Museum) တွင် ယနေ့တိုင် တွေ့ရှိနိုင်သည်။

ကောလင်းမိသားစုတို့သည် အင်ဒါဆင်အပေါ်တွင် မျိုးဆက်သုံးဆက်တိုင်အောင် စောင့်ရှောက်ခဲ့သည်။ သူတို့သည် အင်ဒါဆင်၏ ရည်ရွယ်ချက်ဖြစ်သော စာရေးသားခြင်းကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ အင်ဒါဆင်ကို နန်းတော်တွင် သွားရောက်ကာ အမှုထမ်းစေလိုသည်။ အင်ဒါဆင်က လက်မခံခဲ့ပါ။
အန်ဒါဆင်၏ ပထမဦးဆုံးသော နတ်သမီးပုံပြင်ကို ၁၈၈၅ တွင် စတင် ထုတ်ဝေခဲ့သည်။ အလွန် မသပ်မရပ်နှင့် မမျှော်လင့်ဘဲ ထွက်လာသော စာအုပ်တအုပ် ဖြစ်သည်။ သို့သော် ကလေးလူငယ်များက အလွန်ကြိုက်နှစ်သက်ကြကာ၊ ထိုကဲ့သို့  ပုံပြင်စာ အုပ်မျိုးကို ထပ်မံတောင်းဆိုလာကြသည်။ အင်ဒါဆင်သည် သူ့ပညာကို အထင်တကြီး တောင့်တကြသည်ကို တွေ့ရသဖြင့် သူ၏ ပုံပြင်ရေးသားခြင်းအလုပ်ကို အထင်ကြီးလာသည်။ လေးစားမှုရှိလာသည်။ “အင်း-- အခုတော့ ကျုပ်ဟာ ကျုပ် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ။ ကျုပ်က လူကြီးတွေအတွက် စိတ်ကူးပြီး အကြံဉာဏ်ပေးစရာတွေ ရှာရမယ်။ နောက်ပြီး အဲဒီ အကြောင်းအရာတွေကို ကလေးတွေအတွက် ရေးပြရတယ်။ တကယ်က ကလေးတွေအတွက် ရေးတာဆိုပေမယ့် ဒီအ ကြောင်းတွေကို ကလေးတွေရဲ့ မိဘတွေက နားထောင်နေကြတယ်ဆိုတာ သိထားဖို့လိုတယ်”

ထိုအချိန်မှစ၍ နှစ်ပေါင်း ၁၇ နှစ်တိုင်တိုင် ခရစ္စမတ်အချိန်တိုင်းတွင် ဟင်း အင်ဒါဆင်၏ နတ်သမီးပုံပြင်များ စာအုပ်အသစ်များ ထွက်ပေါ်လာခဲ့သည်။ ထိုပုံပြင်များထဲတွင် အလွန်လှပပြီး၊ ရောင်စုံခြယ်မှုန်းထားသော တကယ့်ဖြစ်ရပ်နှင့်ဆက်နွယ်နေသော ပုံများ၊ ဝမ်းနည်းစရာကောင်းသော ဝတ္တုဇာတ်လမ်းများ၊ ရယ်မောပျော်ရွှင်စရာနှင့် မှတ်သားစရာကောင်းသော  အဖြစ်အ ပျက်များကို ကလေးများ မကြားဖူးသေးသော ဇာတ်လမ်းသစ်များဖြင့် တန်ဆာဆင် ရေးသားထားလေသည်။

အင်ဒါဆင်၏ ပုံပြင်များသည် လူ့ဘဝနှင့် နီးစပ်၍ မှန်ကန်မှုများကို ဖော်ကျူးကြသည်။ ဥပမာပြောရလျှင် စာဖတ်သူတို့အားလုံး ရယ်မောနှစ်ခြိုက်ကြရသော---“ဘုရင်ဧကရာဇ်၏ ဝတ်လဲတော်အသစ်” (The Emperor’s New Clothes) ပုံပြင်ဆိုလျှင် အလွန်နာမည်ကြီး၍ သင်ခန်းစာပေးသော ပုံပြင်လေး ဖြစ်ခဲ့သည်။
    
ထိုပုံပြင်ထဲတွင် ဘုရင်ကြီး၏ စေခိုင်းချက်အရ ပညာလည်းမရှိ၊ စဉ်းစားဥာဏ်လည်း နည်းပါးသော လူလိမ်နှစ်ယောက်က ဘုရင်မင်းမြတ်အတွက် ဝတ်လဲတော်အသစ်တစုံ ရက်လုပ်ကြလေသည်။ နန်းတွင်းသူ၊ နန်းတွင်းသားတို့သည် ရက်ကန်း စင်တွင် ချည်လုံးဝမပါဘဲ ဝတ်လဲတော်ရက်လုပ်နေကြသည်ကို တအံ့တသြနှင့် ချီးမွမ်းကြသည်။ တကယ့်အဖြစ်မှန် ကို ပြောလျှင် အထင်သေးခံရမည်၊ အပြစ်တင်ခံရမည်စိုး၍ ဟန်ဆောင်ကာ နေကြသည်။ ဘုရင်ကြီးမှာလည်း သူကိုယ်တိုင်မှ ဘာမှမမြင်ရသော ဝတ်စုံကို ဝတ်ဆင်ကာ တိုင်းခန်းလှည့်လည်ခဲ့သည်။ ထိုအခါ တိုင်းသူပြည်သားများကလည်း ဘုရင့်ကိုယ် ပေါ်တွင် အဝတ်အစားမပါသည်ကို သိသော်လည်း၊ တကယ့်အဝတ်အစား လှလှပပ ဝတ်ဆင်ထားသည်ကို တွေ့ရသကဲ့သို့ ဟန်ဆောင်ကာ အံ့သြတကြီး ချီးမွမ်းကြသည်။ ထိုကဲ့သို့ လိမ်ညာပြောဆိုသူများထဲတွင် မပါဝင်သည်မှာ အပြစ်ကင်းစင်သော ကလေးငယ်တယောက်သာ ရှိသည်။ ထိုကလေးက “မေမေ ဟိုမှာ ဘုရင်ကြီး ဘာမှလည်း မဝတ်ထားပါလား” ဟု ပြောခဲ့ သည်။ ထိုပုံပြင်လေးသည် လောကကြီးတွင် ဟန်ဆောင်မှုများ များပြားလာသည့်အခါတိုင်း၊ ဆန်းသစ်ကာ မရိုးနိုင်သော ပုံပြင်လေး ဖြစ်ခဲ့သည်။
  
အင်ဒါဆင်သည် နာမည်ကျော်ကြားလာသည့်အချိန်တွင် သူငယ်စဉ်က နန်းတော်တွင် အလုပ်သွားတောင်းခဲ့သော ဘုရင့် သားတော် အိမ်ရှေ့မင်းသားမှာ ဘုရင်အဖြစ်သို့ ရောက်နေပြီဖြစ်သည်။ ထိုဘုရင်ကြီးသည် အင်ဒါဆင်ကို နန်းတော်တွင်လာ ရောက်အမှုထမ်းရန် အခေါ်လွှတ်ခဲ့သည်။ ထိုအခါတွင်လည်း အင်ဒါဆင်က “ကျွန်တော်မျိုးမှာ အလုပ်ရှိပါပြီ” ဟု ရိုးသားစွာ ပြန်ဖြေခဲ့သည်။

အင်ဒါဆင်အတွက် ရရှိသည့်ဆုလာဘ်မှာ ကမ္ဘာ့လူသားတို့ထံမှ ချစ်ခင်မှု ဖြစ်သည်။ ရုပ်မလှသော်လည်း ချိုသာသော မျက် နှာပိုင်ရှင် အင်ဒါဆင်ကို သူ့မိတ်ဆွေကလေးအပေါင်းက အလွန်ချစ်ခင်ကြသည်။ သူ့ပုံကို တွေ့လိုက်သည်နှင့် မှတ်မိကြ သည်။ သူရေးသားသော ပုံပြင်စာအုပ်များသည် သမ္မာကျမ်းစာအုပ်ပြီးလျှင် ဘာသာစကားပေါင်းများစွာဖြင့် ဘာသာပြန်ဆိုခြင်း ခံရသော စာအုပ်စာရင်းတွင် ထိပ်က ပါဝင်သည်။ ဥရောပနန်းတွင်းတွင်လည်း သူ့ကို တလေးတစားဖြင့် နေရာပေးကာ ချီးမြှင့်မြှောက်စားခြင်းခံရသည်။ ကမ္ဘာကျော် စာရေးဆရာကြီးများဖြစ်သော ချားလ်ဒစ်ကင်း (Charles Dickens 1812 – 1870)၊ ဗစ်တာဟူးဂိုး (Victor Hugo 1802 – 1885) တို့က သူ့ကို စာရေးဆရာတယောက်ဟု အသိအမှတ်ပြုကြသည်။

သူမွေးဖွားရာဇာတိ အိုဒင်းသို့ အင်ဒါဆင် ပြန်ရောက်သောအချိန်သည် သူ ထိုမြို့မှ ထွက်ခွာပြီး နှစ်ပေါင်း (၅ဝ) ကျော်ပြီးမှ ဖြစ်သည်။ ထိုအချိန်သည် သူ့အတွက် အပျော်ဆုံးအချိန်များ ဖြစ်ခဲ့သည်။ အိုဒင်းမြို့သားအားလုံးသည် သူ့ကို ဖိနပ်ချုပ်သမား၏သား တဖြစ်လဲ နတ်သမီးပုံပြင်များ၏ ဖန်တီးရှင် မင်းသားလေးအဖြစ် တခမ်းတနား ကြိုဆိုကြသည်။ ထိုအခါတွင် သူ့ရင်ထဲမှထွက်ပေါ်လာသော စကားမှာ “ဘုရားသခင်နှင့် လူသားအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မေတ္တာပို့ပါတယ်” ဟူ၍ ဖြစ်သည်။

(1952 ခုနှစ်ထုတ် Reader’s Digest မှ Donald and Louise Peattie ၏ Hans Christian Andersen’s Own Fairy Tale ကို ပြန်ဆိုပါသည်။)
                                    
တက္ကသိုလ်ရွှေရီဝင်း