ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ဝဏ္ဏ - ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲနေ့ မှတ်စု


2016 Nov 8th - မဲပေးတဲ့နေ့က အဆိုတော် ဒေါ်မာမာအေး (ဓာတ်ပုံ ခင်မောင်လေး)

ကျော်ဝဏ္ဏ - ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲနေ့ မှတ်စု
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆

ဒီနှစ် ၂၀၁၆ အမေရိကန်သမ္မတရွေးပွဲကို စိတ်ဝင်စားကြသူများပါတယ်။ ဒီမှတ်စုလေးက သမ္မတကို ဘယ်လိုရွေးကောက်တင်မြှောက်တယ် ဆိုတာ မသိသေးသူများအတွက် ရည်ရွယ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့  သမ္မတကို လူထုမဲနဲ့ ရွေးချယ်ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးရဲ့ စုစုပေါင်း လူထုဆန္ဒမဲ (Popular vote) အများဆုံးရရှိသူက တိုက်ရိုက်အနိုင်ရတဲ့စနစ်မဟုတ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံကို အခြေခံတဲ့အတွက် ပြည်နယ်တွေအလိုက် လူထုဆန္ဒမဲ အများဆုံးရသူကိုသာ သမ္မတဖြစ်စေတဲ့ စနစ်ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ ရွေးကောက်ခံမဲ (Electoral vote) အများဆုံးရရှိသူသာ သမ္မတဖြစ်ခွင့်ရှိတဲ့ ရွေးချယ်ပုံစနစ်ဖြစ်ပါတယ်။

ခြွင်းချက်တွေကို ခဏတာချန်လှပ်ပြီး အလွယ်ဆုံးနားလည်အောင် ပြောရရင်တော့ ပြည်နယ်အလိုက် သမ္မတတင်မြှောက်တဲ့ပုံစံဖြစ်တယ်လို့ ပြောလို့ ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်၅၀အတွက် အထက်လွှတ်တော် အမတ်အချိုးအစားကို တပြည်နယ်၂ဦးစီ အညီအမျှ သတ်မှတ်ပါတယ်။ ပြည်နယ်အတွင်း ဒေသအလိုက် လူထုကို ကိုယ်စားပြုမယ့် အောက်လွှတ်တော်အမတ် အရေအတွက်ကိုတော့ လူဦးရေအချိုးအစားအလိုက် သတ်မှတ်ပေးပါတယ်။ လူဦးရေများတဲ့ပြည်နယ်တွေဟာ အောက်လွှတ်တော်အမတ် အရေအတွက်များပါတယ်။ အဲဒီ လွှတ်တော်နှစ်ရပ်ပေါင်း လူထုကိုယ်စားလှယ်အရေအတွက်ဟာ သက်ဆိုင်ရာပြည်နယ်အလိုက်ရရှိတဲ့ စုစုပေါင်း ရွေးကောက်ခံမဲ ဖြစ်လာပါတယ်။

ဥပမာ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အထက်လွှတ်တော်အမတ် ၂ဦး၊ အောက်လွှတ်တော်အမတ် ၅၃ဦးရှိတဲ့အတွက် စုစုပေါင်း ရွေးကောက်ခံမဲ ၅၅မဲ ခွဲတမ်းရရှိပါတယ်။ လူဦးရေနည်းတဲ့ အရီဇိုးနားပြည်နယ်မှာတော့ အောက်လွှတ်တော်အမတ် ၉ ဦးသာရှိတဲ့အတွက် အထက်လွှတ်တော်အမတ် ၂ဦးနဲ့ ပေါင်းရင် အရီဇိုးနားရဲ့  ရွေးကောက်ခံမဲဟာ ၁၁မဲ ခွဲတမ်းရတယ်လို့ ဆိုနိုင်ပါတယ်။

ဆန္ဒမဲများရေတွက်ရာမှာ ပြည်နယ်တခုချင်းစီအလိုက် ရေတွက်ပါတယ်။ သက်ဆိုင်ရာပြည်နယ်မှာ လူထုဆန္ဒမဲအများဆုံးရတဲ့ သမ္မတလောင်းဟာ အဲဒီပြည်နယ်အတွက် သတ်မှတ်ထားတဲ့ ရွေးကောက်ခံမဲကို အောင်နိုင်သူဖြစ်ပါတယ်။ ဥပမာ- ကယ်လီဖိုးနီးယား ပြည်နယ်တခုလုံးရဲ့  လူထုဆန္ဒမဲ အများဆုံးရတဲ့ သမ္မတလောင်းဟာ အဲဒီပြည်နယ်က တင်မြှောက်တဲ့ သမ္မတအဖြစ် ရွေးကောက်ခံမဲ ၅၅မဲ စလုံးကို ရရှိမှာဖြစ်ပါတယ်။ ပြည်နယ်တခုချင်းစီအလိုက်အောင်နိုင်သူသာလျှင် အဲဒီပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ ရွေးကောက်ခံမဲ အားလုံးကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒါကို နိုင်သူအကုန်ယူစတမ်းစနစ် (Winner takes all system) လို့ဆိုပါတယ်။


အမေရိကန်ပြည်ထောင်စုတခုလုံးက ပြည်နယ်၅၀အတွက် အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်ပေါင်း ၅၃၅ဦးအပြင် ဝါရှင်တန်ဒီစီ ခရိုင်အတွက် ၃ဦး ခွဲတမ်းချသတ်မှတ်ပေးထားတဲ့ စုစုပေါင်း ရွေးကောက်ခံမဲ ၅၃၈မဲမှာ ထက်ဝက်ကျော်အရေအတွက် ၂၇၀မဲ ရရှိသူဟာ သမ္မသစ်ဖြစ်လာမှာပါ။

လူထုမဲအများဆုံးရပေမယ့် သမ္မတမဖြစ်ခဲ့တဲ့သူတွေ အမေရိကန်သမိုင်းမှာ ရှိခဲ့ပါတယ်။ အနီးကပ်ဆုံးဥပမာကတော့ ၂၀၀၀ပြည့်နှစ်ရွေးကောက်ပွဲပါ။ ရွေးချယ်မခံခဲ့ရတဲ့ ဒီမိုကရက်တစ် သမ္မတလောင်း အယ်လ်ဂိုးလ်ဟာ ပြည်ထောင်စုတခုလုံးအတိုင်းအတာနဲ့ လူထုမဲအများဆုံးရခဲ့သူပါ။

လူဦးရေအများဆုံးနေထိုင်ကြတဲ့ပြည်နယ်ကြီးသုံးခုအနက် တက်စ်ဆက်ကလွဲပြီး ကျန်တဲ့ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ပြည်နယ် နှစ်ခုကိုဆန္ဒမဲ သန်းကျော်အသာနဲ့ ပြတ်ပြတ်သားသားအောင်နိုင်ခဲ့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအရ ပြိုင်ဖက်ဖြစ်တဲ့ ရီပတ်ပလင်ကန် သမ္မတလောင်း ဂျော့ခ်ျဘုရှ် ထက် ဆန္ဒမဲ ငါးသိန်းလေးသောင်းကျော်အသာရခဲ့ပေမယ့် ရွေးကောက်ခံမဲ (Electoral vote) စုစုပေါင်းမှာ လိုအပ်တဲ့မဲ ၂၇၀မရဘဲ ၂၆၆မဲနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ပြည်နယ်အလိုက် အရှုံးအနိုင်ရလာဒ်တွေအဖြစ် အယ်လ်ဂိုးက ပြည်နယ် ၂၀နဲ့ ဝါရှင်တန်ဒီစီတို့မှာ အနိုင်ရခဲ့ပြီး၊ ဂျော့ခ်ျဘုရှ်ကတော့ ပြည်နယ်၃၀မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။


 နောက်ဆုံး အငြင်းပွားဖွယ်များနဲ့ အဆုံးအဖြတ်ပေးခဲ့တာကတော့ ဖလော်ရီဒါပြည်နယ်ပါ။ ပြည်နယ်တခုလုံးမှာ လူဦးရေခြောက်သန်းနီးပါး ဆန္ဒမဲပေးခဲ့ပါတယ်။ မဲအရေအတွက် မပြတ်သားတဲ့အတွက် ဆန္ဒမဲတွေကို ပြန်လည်ရေတွက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ လူထုဆန္ဒမဲ ၅၃၇မဲ တည်းအသာနဲ့ ပြည်နယ်ကြီးရဲ့  ရွေးကောက်ခံဆန္ဒမဲ ၂၅မဲစလုံးကို နိုင်သူအကုန်ယူစတမ်းစနစ် (Winner takes all system) အရ ဂျော့ခ်ျဘုရှ် အောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို သုံးသပ်မယ်ဆိုရင် လူဦးရေအချိုးအစားအပေါ်မှာ ရာနှုန်းပြည့် အခြေမခံခဲ့တဲ့ ရွေးကောက်ခံဆန္ဒမဲတွေဟာ ဂျော့ခ်ျဘုရှ်အတွက် အကျိုးအမြတ်ဖြစ်စေခဲ့တာကို တွေ့ရမှာပါ။ လူဦးရေအချိုးအစားကြောင့် မဟုတ်ဘဲ ပြည်နယ်တခုလျှင် အထက်လွှတ်တော်အမတ် ၂ဦး ဆိုတဲ့ ခွဲတမ်းအရ ရရှိခဲ့တဲ့ ရွေးကောက်ခံမဲတွေကြောင့် လူဦးရေနည်းတဲ့ ပြည်နယ်တွေ အများစုမှာ အောင်နိုင်ခဲ့တဲ့ ဂျော့ခ်ျဘုရှ်အတွက် ရွေးကောက်ခံမဲ ပိုရဖို့ အားသာစေခဲ့တာ ဖြစ်ပါတယ်။

ခြွင်းချက်အနေနဲ့ နေဘရားစကားနဲ့ မိန်းပြည်နယ်နှစ်ခုကတော့ ပြည်နယ်တခုလုံးက ရွေးကောက်ခံမဲကို နိုင်သူအကုန်ယူစတမ်းစနစ်နဲ့ မသွားဘဲ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အောင်နိုင်သူတွေကို ရွေးကောက်ခံမဲ ခွဲဝေသွားစေတဲ့စနစ် အသုံးပြုပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ
ကျော်ဝဏ္ဏ (နိုဝင်ဘာ ၈ရက်၊ ၂၀၁၆)