တူမောင်ညို - “ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာ ဘာလဲ



တူမောင်ညို - “ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာ ဘာလဲ
(မိုးမခ) နိုဝင်ဘာလ ၃ ၊ ၂၀၁၆


“တပ်မတော်ရဲ့အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး ဆိုတာ တိုင်းပြည်ကို လုံခြုံအောင်လုပ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့၊ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်ပါတယ် ”

အောက်တိုဘာလ ၁၅ ရက်နေ့၊ (NCA) စာချုပ်နှစ်ပတ်လည် အခမ်းအနားမှာ ပြောတဲ့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ပြော စကားထဲမှာ ဖော်ပြပါ စကားရပ် ပါရှိပါတယ်။ ယခုဆောင်းပါးမှာ အထက်ပါပြောကြားချက်ကို ဝေဖန်ဆန်းစစ်ပါ့မယ်။

အပေါ်ယံ ဖြန်း ဖတ်ပြီး၊ အပေါ်ယံ ဖြန်းတွေးရင်တော့ ကာချုပ်ကြီး “ ဘရာဗိုး” လို့ အောင်ချင် အော်မိကြမှာပေါ့။ လက်ခုပ်တီး၊ လက်ခေါက်မှုတ်ချင်လည်း မှုတ်ကြမှာပေါ့။

ဒီပြောကြားချက်ထဲမှာ ပထမဆုံး သတိပြုထားရမယ့် အချက်က “တပ်မတော်”က ကာကွယ်ဖို့ စာရင်းတို့ထားတာထဲမှာ “အစိုးရ” ဆိုတဲ့ စကားလုံးမပါတဲ့ အချက်ပဲဖြစ်ပါတယ်။ တိတိကျကျပြောရရင် “ရွေးချယ်ခံအစိုးရ” ပေါ့။

ရယ်စရာတော့အကောင်းသား။ “ရွေးချယ်ခံအစိုးရ” ကို သေနတ်နဲ့ အာဏာသိမ်းပြီး အုပ်စိုးခဲ့ကြသူတွေက သူတို့ကိုယ် သူတို့ ကျတော့ “တပ်မတော်အစိုးရ” တဲ့။ အောက်တိုဘာ ၁၅ ရက်နေ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောတဲ့စကားထဲက တတိယအပိုဒ်မှာ “တပ်မတော် အစိုးရ” ဆိုတဲ့ စကားရပ်ကို သုံးထားတာပါသေးတယ်။

“ တပ်မတော်အစိုးရ”(သို့မဟုတ်) “တပ်မတော်ကအငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပါတီတို့/ အစိုးရ တို့” ဆိုရင်တော့ စစ်တပ်က ရင်မြေကတုတ်လုပ်ပြီး အရိုးကျေကျေ အရေခန်းခန်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှာတော့ သိပ်ကို သေချာပါတယ်။(မဆလ)ပါတီနဲ့ဗိုလ်နေဝင်းစစ်အုပ်စုကိုတော့ ၁၉၇၄ အခြေခံဥပဒေနဲ့အညီ စစ်တပ်ကကာကွယ်ခဲ့ကြတယ် မဟုတ်လား။

စစ်အုပ်စုနဲ့ပတ်သက်ပြီး အောက်ပါ အချက် ၄ ခုကို ကြိုတင် အစီရင်ခံထားပါရစေ။

အာဏာသိမ်း စစ်အုပ်စုဟာ အောက်ပါ အချက်တွေမှာ လက်ယဉ်တယ်။ အံခွနေပြီဖြစ်တယ်။

၁။ စစ်တပ် (ဝါ) တပ်မတော်ကို ဂုပ်ခွစီးထားတယ်။

၂။ ရွေးချယ်ခံအစိုးရနဲ့ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာလုယူခဲ့တယ်။ (ပထစ နဲ့ ၁၉၄၇ အခြေခံဥပဒေ)

၃။ အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုခဲ့တယ်။ ( ၁၉၇၄ အခြေခံဥပဒေ နဲ့ ၂၀၀၈ အခြေခံဥပဒေ)

၎။ ရွေးကောက်ပွဲရလဒ် (ဝါ) ပြည်သူ့ဆန္ဒကို အသိအမှတ်မပြု၊ပစ်ပယ်၊ဖျက်သိမ်းပစ်တယ်။ (၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်)

(ဒီအချက် ၄ မှာ ဗိုလ်ရွှေမန်းလွှတ်တော်က အသိအမှတ်မပြုဘဲ၊ ပယ်ချခဲ့တဲ့ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ပြည်သူ့ဆန္ဒ လက်မှတ်ပေါင်း ၅ သန်း နီးပါး (၄၉၅၃၀၉၃) ကိစ္စလည်း ထည့်သွင်းထားဖို့လိုပါတယ်)

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ပြောကြားချက်ကို ဝေဖန်ဆန်းစစ်ကြပါစို့။

ပြောကြားချက်ကို အပိုင်း ၂ ပိုင်း အဖြစ် ပိုင်းလိုက်ကြရအောင်ပါ။

“တပ်မတော်ရဲ့အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး ဆိုတာ တိုင်းပြည်ကို လုံခြုံအောင်လုပ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့” ဆိုတဲ့အထိကို ပထမအပိုင်း အဖြစ်ထား ပြီး။ “ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်ပါတယ် ” ဆိုတာကိုတော့ ဒုတိယအပိုင်းအဖြစ် ခွဲခြားကြည့်ပါ့မယ်။

ပထမအပိုင်း
(“တပ်မတော်ရဲ့အဓိကတာဝန် ဟာနိုင်ငံတော်ကာကွယ်ရေး တာဝန် ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ တိုင်းပြည်ကို လုံခြုံအောင် လုပ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့”)

ဒီအပိုင်းမှာပါရှိတဲ့ အချက်တွေဟာ ဘယ်တိုင်းပြည်က “တပ်မတော်” မဆို မလွဲမသွေ လိုက်နာလုပ် ဆောင်ကြရမယ့် တာဝန် ပိုင်း၊ ယေဘုယျအပိုင်း ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အဓိပ္ပာယ် ဖွင့်ပြတာ မဆိုးပါဘူး။ ဖတ်လို့၊ နားထောင်လို့ ကောင်း သားပဲ။

တိုင်းပြည် လုံခြုံရေး
ပြည်သူကို ကာကွယ်ရေး
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး

အထက်ကအချက်တွေကို ၁၉၄၈ခုနှစ်ကနေ ယနေ့ကာလအထိ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ် ကာလတလျှောက်ကို ဆန်းစစ် ကြည့်လိုက်ရင် စစ်တပ်ဟာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှု၊ ကာကွယ်မှု မလုပ်တဲ့အပြင် အကြမ်းဖက်ဖိနှိပ်ခဲ့၊ သတ်ဖြတ် ခဲ့၊ အဓမ္မကျင့်ခဲ့တာတွေကို (တောင်ပေါ်မှာ၊ မြေပြန့်မှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ပင်လယ်ပြင်က ကျွန်း ပေါ်မှာအထိ) အထင်အရှားမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရဟန်းသံဃာမရွေး၊ အသက်ကြီးငယ်မရွေး၊ ပျိုပျိုအိုအိုမရွေး၊ ကျောင်းသားလူငယ် မရွေး အကြမ်းဖက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာပါ။

“၇ဇူလိုင်အရေးအခင်း” အစ “၁၉၈၈ ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီး” အလယ် “လက်ပန်တန်း ကျောင်းသားသပိတ် အကြမ်း ဖက်မှု”အဆုံးလူထုအုံကြွမှုမှန်သမျှကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။ ဒါ့အပြင် လူမျိုးရေးဘာသာရေး သွေးခွဲ ရန်တိုက်ပေးပြီး အကြမ်းဖက် သတ်ဖြတ် လုယက်မှုတွေ ဖန်တီးကာ ပြည်သူတွေရဲ့လည်ချောင်းသွေးနဲ့ခြေဆေးပြခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

ရေတွက်ကြည့်ပါ။ ပြက္ခဒိန်ပေါ်မှာ ရက်စွဲတွေကိုစဉ်ကြည့်လိုက်ပါ။ လွယ်လွယ်မေ့ဖျောက်ပစ်ဖို့ အင်မတန်ခက်ခဲလှတဲ့ နာကျည်း ခါးသည်းဖွယ် အမှောင်ဆုံးနေ့ရက်တွေ တန်းစီပြည့်နှက်နေပါလိမ့်မယ်။

သူ့ကိုယ်သူ တရားခံတစ်ဦးပါဆိုပြီး “သူရဗိုလ်အောင်ကို”က “သမိုင်းအမှန်” ပြုစုဖို့ လေတစ်လုံး မိုးတစ်လုံးတွေပြောနေသံ ကြား ရပြန်ပါတယ်။ ဘယ်လိုသမိုင်းအမှန်လဲ/ ဘယ်လောက်အထိ သမိုင်းမှန်သလဲဆိုတာတော့ ရေးထုတ်လာတဲ့အခါမှ သိရမှာပါ။

“ စစ်တပ်ဆိုတာပစ်ရင် တည့်တည့်ပစ်တယ် မိုးပေါ်ထောင်ခြောက်တာ မပါဘူး” ဆိုတဲ့ စစ်အုပ်စုအကြမ်းဖက်ဖိနှိပ်မှုသမိုင်းကို ဘယ်သူတွေက ဘယ်လိုသမိုင်းအမြင်နဲ့သမိုင်းရေးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။

စစ်အုပ်စုသမိုင်းကြောင်းကို (၁၉၄၈ မှ ယနေ့အထိ) လေ့လာကြည့်လိုက်တော့ တောင်ပေါ်မှာ ပဲဖြစ်ဖြစ်၊ မြေပြန့်မှာပဲဖြစ်ဖြစ် လူမျိုးစုံပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို “တပ်မတော်”က ကာကွယ် ပေးတာအလျဉ်းမတွေ့ရဘဲ။ ပြောင်းပြန်ဖြစ်တဲ့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ သားပျိုသမီးပျိုတွေကိုသတ်ဖြတ်၊ လုယက်ဖျက်ဆီးခဲ့တာတွေကိုပဲ အဓိကအားဖြင့်တွေ့ကြရမှာဖြစ်ပါတယ်။

ဒါကြောင့်သမိုင်းမှန်ပြုစုမယ်ဆိုရင် “သမိုင်းဆိုတာ တကယ်တော့ အုပ်စိုးသူများရဲ့ ရာဇဝတ်မှု မှတ်ပုံတင်စာအုပ်ကြီး သာလျှင် ဖြစ်တယ်” ဆိုတဲ့ စကားသတိရမိပါတယ်။ ဒီစကားဟာ စစ်အုပ်စုဖြတ်သန်းခဲ့တဲ့ လက်တွေ့သမိုင်းနဲ့ဆို ကွက်တိပါပဲ။

ပြည်ပရန်ကို ကာကွယ်တယ်ဆိုတဲ့ဘက်မှာရော အဓိကကာကွယ်တိုက်ခိုက်ခဲ့သူဟာ ဘယ်သူလဲ။

(KMT) ကူမင်တန် တရုတ်ဖြူ ကျူးကျော်သူတွေကို တိုက်ခိုက်တာအတွက် “တပ်မတော်”ကို အမှတ်ပေးမယ်ဆိုရင်လည်း အဓိက စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သူဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောပဲဖြစ်တယ်ဆိုတဲ့ သမိုင်းအချက်အလက်အမှန်ကိုဘယ်လိုမှ ဖုံးကွယ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဗိုလ်ချုပ်ကျော်ဇော ဦးစီးကွပ်ကဲမှုအောက်မှာ ဗိုလ်အဖြစ်နဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ (သူရဦးထွန်းတင် - မဆလ ဒုတိယ ဝန်ကြီးချုပ်ဟောင်း)ရေးတဲ့ ကိုယ်ရေးမှတ်တမ်း စာအုပ်မှာ ဗိုလ်ချုပ်ကျော်ဇော နာမည်ကို ၂ ကြိမ်လား အမှတ်မထင် ဖော်ပြတာတွေ့ရပြီး “စစ်ဆင်ရေးမှူးကြီး” လို့သာ ပြားရိုက်ဖော်ပြခဲ့တာပါ။

ဒါကြောင့် သမိုင်းအချက်အမှန်ကို ဘယ်လောက်ဖော်ပြနိုင်၊ ရေးနိုင်မလဲဆိုတာ စဉ်းစားစရာပါ။

ဒုတိယအပိုင်း
(“ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်ပါတယ် ”)

ဒုတိယအပိုင်းကိုလေ့လာဆန်းစစ်ကြပါအုံးစို့။

ဒီအပိုင်းမှာ အဓိကကျတဲ့ စကားရပ်က “ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာပါပဲ။

စစ်အုပ်စုက အခြေခံဥပဒေကိုဖျက်သိမ်းနိုင်သလို၊ စိတ်ကြိုက်လည်းရေးဆွဲနိုင်ခဲ့ပြီ၊ ဒါ့အပြင်ပြည်သူ့ဆန္ဒကို လျစ်လျူရှုနိုင်၊ ပစ်ပယ်နိုင်ခဲ့ပြီမဟုတ်လား။ ဘေးချိတ်ခဲ့ပြီမဟုတ်ပါလား။

“၁၉၉၀ရွေးကောက်ပွဲ” ဆိုတာဟာ (နဝတ) စစ်အစိုးရ တရားဝင်ထုတ်ဖော်ကြေညာခဲ့တဲ့ “တာဝန်ကြီး ၄ ရပ်” အနက် နောက်ဆုံး တာဝန်ဖြစ်ပါတယ်။

သူတို့ကျင်းပပေးတဲ့ ရွေးကောက်ပွဲပဲ။ ဒါပေမယ့် စစ်အုပ်စုက သူလို့ မလိုလားတဲ့၊ မရှုဆိမ့်နိုင်တဲ့၊ လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ရလဒ် (ဒီချုပ်အပြတ်အသတ် အနိုင်ရသွားတဲ့အခါ ) ထွက်ပေါ်လာတော့ အသိအမှတ်မပြုဘဲ ဖျက်သိမ်းပစ်ခဲ့တယ်မဟုတ်ပါလား။

စစ်တပ်ကို ချုပ်ကိုင်ပြီး၊ “၂၀၀၈ အခြေခံဥပဒေ”နဲ့ စေစားနိုင်လာတဲ့ စစ်အုပ်စုဟာ “ဥပဒေစကား” အမြှုပ်ထွက်အောင်ပြောလာတာ ဘာမှ မဆန်းပါဘူး။ ဒါကြောင့် “ဥပဒေ” ဆိုရင် “ဘယ်သူ့အတွက် ဥပဒေလဲ” ဆိုတဲ့မေးခွန်းမေးပြီး အဲဒီဥပဒေရဲ့အနှစ်သာရဟာ ဘယ်သူတွေရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားတွေကို ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့နိုင်စေဖို့ အခွင့်ထူးတွေ ပေးထားသလဲ ဆိုတဲ့အချက်ကို မြင်အောင်၊ ရှင်းအောင်ကြည့်ဖို့ လိုပါတယ်။

တကယ်တော့ စစ်မှန်တဲ့ ပါတီစုံစနစ်မှာ “ပြည်သူ့ဆန္ဒ” ဆိုတာ အာဏာရရှိရာ ဇစ်မြစ်ပဲ မဟုတ်လား။

“အစိုးရနဲ့လွှတ်တော်” ဆိုတာကို သတ်မှတ်ပိုင်းခြားထားတဲ့ မဲဆန္ဒနယ်အလိုက် ပြည်သူတွေက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေး ရွေးချယ်လိုက်သူတွေနဲ့သာ ဖွဲ့စည်းရမှာပါ။ ရွေးချယ်တင်မြှောက်ခြင်းမခံရသူတွေကို “အစိုးရထဲမှာ၊ လွှတ်တော်ထဲမှာ” (လူပုဂ္ဂိုလ်တစ်ဦး တစ် ယောက်ကိုဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ) မိုးကျရွှေကိုယ်တွေလို အခွင့်ထူးတွေ၊ အာဏာတွေ ပေးထားလို့ မရပါဘူး။ ဒီလို ပေးထား တယ်ဆိုရင် အဲဒီပါတီစုံဒီမိုကရေစီစနစ်နဲ့ အဲဒီအခြေခံဥပဒေကဖော်ပြနေတဲ့ ဒီမိုကရေစီစနစ်ဟာ အတုအယောင်ပဲဖြစ်ပါတယ်။

တကယ်တော့ စစ်တပ်ဆိုတာလည်း အစိုးရဝန်ကြီးဌာနတွေအနက် တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာသာ ရှိရမှာပါ။ ဒီလို ပုံမှန်အနေအထားတွေကို “၂၀၀၈ အခြေခံဥပဒေ” က ပြောင်းတိ ပြောင်းပြန် လုပ်ထားပါတယ်။ ရွေးချယ်ခံအစိုးရဟာ “ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး” ဝန်ကြီးဌာနတွေကို “ကာချုပ်” လက်ဝယ် အပိုင်စား ပေးထားရပါတယ်။ ဒီအချက်က ပြည်ထောင်စုအစိုးရကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ အထိအဆင့်ဆင့်တိုင်းမှာ စစ်တပ်(စစ်အုပ်စု) က “ဥပဒေနဲ့ အညီ ” အပိုင်းစားယူထားပါ။

လွှတ်တော်အပိုင်းမှာလည်း ၂၅% ဆိုပြီး(ရွေးချယ်ခံမဟုတ်တဲ့ မိုးကျရွှေကိုယ် ၁၆၆ ယောက်) ယူထားပါတယ်။ အဲဒီ ၂၅% က ကျန်တဲ့ ရွေးချယ်ခံ ၇၅% ကို ထိန်းချုပ်နိုင်တဲ့၊ ရွေးချယ်ခံ ၇၅% ရဲ့ ဆန္ဒနဲ့သဘောထားကို ပစ်ပယ်ဘေးချိတ်နိုင်တဲ့ ၂၅% ဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးလို အဓိကကျတဲ့အဆုံးအဖြတ်တွေကို စစ်တပ် (ဝါ) ကာချုပ်က သဘောမတူဘဲ ဘယ်လိုမှ ပြင်ဆင် ပြောင်းလဲ လို့ မရအောင် ချုပ်ကိုင်ထားပါတယ်။

ဒါ့အပြင် နောက်တစ်ချက်က လက်တွေ့သဘောဖြစ်ပါတယ်။

(၂၀၁၄ ခုနှစ်၊ မေ ၂၇ မှ ဇူလိုင် ၁၉ ထိ ) ဒီချုပ်ပါတီက ကြီးမှူးခဲ့တဲ့ “ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု” လို နောက်ထပ် လူထုလှုပ်ရှားမှုမျိုး “ဒီချုပ်ပါတီအစိုးရ” က ဦးစီးပြီး လုပ်ဆောင်လာခဲ့သော် ဆိုတဲ့ တွက်ကိန်းနဲ့ စစ်တပ်က “ဥပဒေနဲ့ ညီညွတ်တဲ့ပြည်သူ့ဆန္ဒ” ဆိုတဲ့ ဒီစကားကို မဖြစ်မနေ ထုတ်ပြောလာတာဖြစ်ပါလိမ့်မယ်။ ကြိုတင်ဟန့်တားတဲ့ သဘောဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

ဝေဖန်ဆန်းစစ်ခဲ့တာတွေကို ပြန်ပြီး နိဂုံးချုပ်ပါရစေ။

စစ်အုပ်စုဟာ (၁၉၆၂ခုနှစ်ကနေ ဒီနေ့အထိ) စစ်တပ် (ဝါ) တပ်မတော်ကို ဂုတ်ခွ စီးထားနိုင်တဲ့အနေအထားအောက်မှာ၊ ခါးပိုက် ဆောင်တပ်သဖွယ် လုပ်ထားနိုင်တဲ့ အခြေခံပေါ်ကနေ ရွေးချယ်ခံအစိုးရကို ဖမ်းဆီး၊ အခြေခံဥပဒေကို ဖျက်သိမ်းနိုင်တယ်။ အခြေခံဥပဒေ အသစ်ရေးနိုင်တယ်၊ အတည်ပြုနိုင်တယ်၊ “ လူထုဆန္ဒ(ဝါ) ရွေးကောက်ပွဲရလဒ် ” ကိုလည်း မကြိုက်ရင်၊ မလိုလားရင် ပစ်ပယ်နိုင်၊ ဖျက် သိမ်းနိုင်တယ်ဆိုတာကို လက်တွေ့ အတိအလင်းပြသခဲ့ကြပြီ။

ရာစုနှစ်ဝက်ကျော်ကာလအတွင်းမှာ အစွယ်ပြူးပြူးနဲ့ စစ်အုပ်စု ဟာ “စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီ ယန္တယားနဲ့ စစ်ခရိုနီ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်” ကိုပါ အကျအန အထိုင်ချနိုင်ခဲ့ကြပြီ။ အခုတော့ “ သင့်မြတ်ရေးပဝါ” ခြုံပြီး လေဟုန်စီးတော့မယ့် အနေ အထားကို ရောက်ရှိနေပါပြီ။ ဒါကြောင့် စစ်အုပ်စုဟာ “အစွယ်” သာမက ဂျို (ချို) နဲ့ အတောင်ပံပါ ပေါက်လာခဲ့ပြီလို့ဆိုရပါလိမ့်မယ်။

ပြောင်းလဲနေပါတယ် /ပြောင်းလဲနေပါပြီလို့ပြောနေကြသူတွေကို ပြောချင်တာကတော့ “ပြည်သူ့ဆန္ဒ”ကို ခြေထောက်နဲ့ နင်းချေ ဖျက်ဆီးခဲ့ကြသူတွေက “ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ ကာကွယ်ဖို့” လို့ ပြောလာနေတဲ့ အပြောင်းအလဲဖြစ်ပါတယ်။

ဒီတော့ လူထုတိုက်ပွဲနဲ့ လူထုတော်လှန်ရေးရဲ့ အဓိက တိုက်ကွင်း တိုက်ကွက်ဟာ စစ်အုပ်စုပဲ ဖြစ်တယ်ဆိုတာ ဘယ်အချိန် အခါ ထက်မဆို ပိုပြီးရှင်းသွားပါပြီ။