ဇင်လင်း - သတင်းလွတ်လပ်ခွင့်ပေးခြင်းဖြင့် ကောလဟလကို ချေမှုန်းပါ

Renata Lok-Dessallien (C), the U.N.’s resident and humanitarian coordinator and the United Nations Development Programme’s resident representative in Myanmar, visits a village in Maungdaw township, western Myanmar's Rakhine state, Nov. 2, 2016.

ဇင်လင်း - သတင်းလွတ်လပ်ခွင့်ပေးခြင်းဖြင့် ကောလဟလကို ချေမှုန်းပါ
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၆


မကြာသေးမီက မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့် ဂုဏ်သတင်း ကျဆင်းစေတဲ့ ကိစ္စတချို့ပေါ်ပေါက်ခဲ့တာ တွေ့ရပါ တယ်။ ရခိုင်ပြည်နယ် မောင်တောဒေသ သတင်းကို ရေးသားခဲ့တဲ့ Myanmar Time ဂျာနယ် သတင်းထောက် Fiona MacGregor ဟာ အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် အလုပ်ထုတ်ခံခဲ့ရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ခြင်းကြောင့် သတင်းလွတ်လပ်ခွင့် အခြေအနေကို ထိခိုက်ခဲ့ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Watce အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က စာနယ်ဇင်းသမားတွေ အပေါ် အစိုးရရဲ့ ခြိမ်းခြောက်မှုတွေဟာ အဆိုးဆုံး အခြေအနေ ရောက်နေပြီလို့ နိုဝင်ဘာ ၃ ရက်နေ့က ဝေဖန်ခဲ့တာ တွေ့ရပါ တယ်။ Committee to Protect Journalists (CPJ) ခေါ် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ်အတွင်းကို သတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မကြာသေးမီက နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေမှာ မုဒိမ်းမှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲတဲ့ သတင်း တွေ ပေါ်ထွက်ခဲ့ပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေမှာ မီးရှို့တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေ ပေါ်ထွက်လာပြီးတဲ့နောက် ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေညှိနှိုင်းရေးမှူး မစ္စ ရီနာတာ လော့ ဒက်စ်ဆယ်လီယန်(Ms Renata Lok-Dessallien) ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ နိုင်ငံတကာသံတမန်အဖွဲ့ဟာ ကျေးရွာတွေအထိ သွားရောက်လေ့လာစုံစမ်းခဲ့ကြောင်း သတင်းတွေအရ သိရပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဒေသခံတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေ လုပ်ခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ၎င်းတို့ ခရီးစဉ်အတွင်း စစ်ဆေး အတည်ပြုခဲ့ခြင်းမရှိပဲ အချိန်ယူကာ စစ်ဆေးရန် လိုအပ်သည်ဟု ရခိုင်ပြည်နယ်သို့ Ms Renata ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာ ၂ ရက်ကြာ သွားရောက် လေ့လာခဲ့ပါတယ်။ ခရီးစဉ်မှာ အမေရိကန် သံအမတ်၊ ဗြိတိန်သံအမတ်၊ ဥရောပသမဂ္ဂ သံအမတ် နဲ့ တူရကီသံအမတ် တွေလည်း ပါဝင်ကြပါတယ်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကတော့ အင်မတန် နက်နက်နဲနဲ စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စပါ။ ဒီကိစ္စကို အင်မတန် စိုးရိမ်ပူပန်နေတယ် ဆိုတဲ့အကြောင်း အစိုးရသိအောင် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့က လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား စဉ်းစားခဲ့ပါတယ်။ မုဒိန်းမှု လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရှိတယ်ဆိုတာ တစ်ယောက်ယောက်က ရှိတယ်လို့စွပ်စွဲပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တကယ် ရှိ/မရှိကိုတော့ UN အဖွဲ့တွေကော၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကော စစ်ဆေးနိုင်တာ မရှိပါဘူး။ ကျမတို့အနေနဲ့ ၀င်ပါလို့ မရပါဘူး။ ရှိနေတယ်ဆိုရင်တော့ အလွန်စိုးရိမ်စရာကောင်းမှန်း ကျတို့သိပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပါလို့ တိုက်တွန်းခဲ့ပါတယ်။” လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှုး Ms Renata Lok-Dessallien ကပြောကြောင်း သတင်းတွေ ကြားသိရပါတယ်။

နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတချို့မှာ ဖော်ပြနေတဲ့ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်ကာလအတွင်း အကြမ်းဖက်မှုဖြစ်ပွားတဲ့ ကျေးရွာတွေမှာ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲချက် သတင်းတွေနဲ့ ပတ်သက်လို့ ဒါဟာ တမင်တကာ လုပ်ကြံဖန်တီး ဖော်ပြထားခြင်းဖြစ်ကြောင်း၊ အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါကြောင်းနဲ့ တကယ်လို့ ကျူးလွန် ကြောင်း ထင်ရှားရင် ထိရောက်စွာ အပြစ်ပေး အရေးယူမှုကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှာဖြစ်တယ်လို့ အစိုးရ တာဝန် ရှိသူတွေက သံတမန်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားထားကြောင်း သတင်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး အပါအဝင် တရုတ်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီ၊ အမေရိကန် နဲ့ ဗြိတိန် သံအမတ်ကြီးတွေနဲ့ သံရုံးအကြီးအကဲတွေ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတကာသံတမန်တွေရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် ပြီးဆုံးချိန်မှာတော့ သတင်းတွေ ထွက်ပေါ်နေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မတွေ့ခဲ့ရကြောင်းနဲ့ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ တိုင်ကြားတာတွေကို လည်း မကြုံခဲ့ရကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms Renata က VOA သတင်းဌာနကို ပြောပါတယ်။

သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကတော့ အစိုးရအနေနဲ့ Myanmar Time ဂျာနယ် သတင်းထောက်ကိစ္စ ဖိအားပေးတာ တွေ မရှိခဲ့ဖူးလို့ တုံ့ပြန်ထားပါတယ်။ သူ့ရဲ့ Facebook ပေါ်ကတဆင့် ရှင်းပြခဲ့တယ်လို့ဆိုပါတယ်။ မြန်မာတိုင်မ်း သတင်းထောက် ရေးထားတဲ့ သတင်းက သတင်းရင်းမြစ်(News Source) က တစ်ခုထဲ ဖြစ်နေတယ်လို့ ဦးဇော်ဌေး ကဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမျိုးစုတခု နာမည်ပေါ့။ အဲ့တာကို ရအောင် ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေရဲ့ Advocate တွေ ပေါ့။ အဲ့ဒီ့က source တွေကိုပဲ ကိုးကားပြီးတော့ မဟုတ်မမှန်တဲ့ သတင်းကို ရေးထားတဲ့အတွက် ကျနော်တို့က အဲ့ဒါကို ထောက်ပြတယ်။ သူ့ရဲ့သတင်းကို Reuters သတင်းဌာနကလည်း အလားတူ မေးခွန်းတွေကိုမေးတယ်။ Reuters မှာက နှစ်ဘက် ပြောကြားချက်တွေကို မျှတအောင် ဖော်ပြထားတာကို တွေ့ရတယ်။ အဲ့တာကို ကျနော်တို့က နှိုင်းယှဉ်ပြီးတော့ ဒီသတင်းနဲ့ ဒီသတင်း ကွာခြားချက် အဲ့တာတွေ ပါဖို့ highlight လုပ်တာဖြစ်တယ်။ သူ့မှာ မပါဘူး။ ဒါတွေ ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ် ဆိုတာကို ကျနော်တို့ ရှင်းပြတယ်။ ကျနော်တို့က ဒီမီဒီယာကို ဖိအားပေးတာ ခြိမ်းခြောက်တာ ဘာမှလုပ်စရာအကြောင်းမရှိဘူး။” လို့ ဦးဇော်ဌေး က VOA သတင်းဌာနကို ပြောတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA သတင်းမှာ ဖေါ်ပြတာတွေ့ရတယ်။ စစ်သားတွေက အကြိမ်ကြိမ် မုဒိန်းကျင့်တယ်လို့ Myanmar Times သတင်းမှာ အောက်တိုဘာလ ၂၇ ရက်က ဖော်ပြတဲ့သတင်းကို သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက တုန့်ပြန်တာကိုလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း CPJ က ပြောတယ်လို့ ဆိုပါတယ်။ နယ်မြေ တည်ငြိမ်မှု မရှိတဲ့ ရခိုင်ပြည်နယ်မှာ သတင်းရယူဖို့ကြိုးစားတဲ့ သတင်းထောက်တွေ ဟန့်တားခံရတယ်။ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ရ တယ် ..လို့ CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကလည်း ပြောကြောင်း လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုသတင်းမှာ ဖေါ်ပြပါတယ်။ စစ်သားတွေရဲ့ မုဒိန်းကျင့်ခံရတယ်လို့ ပြောတဲ့ အမျိုးသမီး ၈ ဦးကို မေးမြန်းပြီး Reuters သတင်းဌာနကလည်း ဒီသတင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဦးဇော်ဌေးက မကျေလည် တာကြောင့် Myanmar Times သတင်းထောက် Fiona MacGregor ကို သူ့ facebook လူမှုကွန်ရက်မှာ ဝေဖန်ရေးသား တယ် လို့ သတင်းမှာ ဖော်ပြခဲ့တယ်။ မကြာခင်ရက်ပိုင်းမှာ Myanmar Times ဂုဏ်သတင်းကို ပျက်ပြားစေမှုနဲ့ သူ့ကို စီမံအုပ်ချုပ်ရေး ဌာနက အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သတင်းထောက်က Reuters သတင်းဌာနကို ပြောကြောင်း သိရပါတယ်။

မကြာသေးမီကပဲ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporter Without Border - RSF) က ၂၀၁၆ ခုနှစ် အတွက် နိုင်ငံပေါင်း ၁၈၀ က သတင်းလွတ်လပ်ခွင့်အခြေပြ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ RSF အဖွဲ့ရဲ့ ၂၀၁၆ အစီရင်ခံစာ မှာ နိုင်ငံရေးကိစ္စတွေ ရေးသားကြတဲ့ မြန်မာ သတင်းမီဒီယာတွေ အနေနဲ့ အတန်အသင့် လွတ်လပ်ခွင့် ရှိတယ်လို့ဆိုပါ တယ်။ ဒါပေမယ့် အစိုးရနဲ့ တပ်မတော်တို့ရဲ့ ငြိုငြင်တာ မခံရအောင် မြန်မာသတင်း မီဒီယာတွေဟာ ကိုယ်တိုင် ဆင်ဆာ ဖြတ်တောက်မှု (self-censorship) လုပ်နေကြရတယ်လို့ ဖေါ်ပြပါတယ်။ ဗုဒ္ဓဘာသာတွေနဲ့ မွတ်ဆလင်တွေအကြားက တင်းမာမှုတွေဟာလည်း သတင်းမီဒီယာတွေအတွက် ရေးသားဖို့ ခက်ခဲတဲ့ အကြောင်းအရာတခု ဖြစ်ကြောင်း RSF အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက အဆင့် ၁၄၄ မှာ ရှိခဲ့ရာက ဒီနှစ် ၂၀၁၆ ခုနှစ် မှာတော့ အဆင့် ၁၄၃ သတ်မှတ်ခံရပါတယ်။ တဆင့် တက်လာတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းစာ လွတ်လပ်ခွင့် အခြေအနေက အကောင်းအဆိုးဒွန်တွဲနေဆဲဖြစ်ပါတယ်။ အမှန်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်သေးသမျှ အာဏာရပါတီ NLD အနေနဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့်တွေကို သူ့သဘောနဲ့ သူခွင့်ပြုနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၃ ခုက ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သြဇာ အောက်မှာရှိနေပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအာဏာကို NLD အစိုးရ အနေနဲ့ ရာနှုန်းပြည့် ကျင့်သုံးခွင့် မရရှိသေးပါဘူး။ ဒါကြောင့် သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် နဲ့ သတင်းအချက်အလက် တောင်းယူသိရှိပိုင်ခွင့် (Right To Information – RTI) ကဲ့သို့သော ကိစ္စများဟာ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေဆဲဖြစ်ပါတယ်။

အရင် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ စာပေစိစစ်ရေး ဆင်ဆာစနစ်ကို ဖျက်သိမ်းပေးခဲ့ပေမယ့် မဆီလျော်တဲ့ ဥပဒေပုဒ်မတွေနဲ့ သတင်းထောက်တွေကို တရားစွဲဆို ထောင်ချခဲ့မှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာအတွင်း အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အာဏာပိုင်တို့ ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရတဲ့ အမှုအတွက် တရားဥပဒေနဲ့အညီ အရေးယူမှု မရှိခဲ့တာကတော့ အဆိုးရွားဆုံး မီဒီယာ ဖိနှပ်မှုပါပဲ။ လက်ပံတန်းမြို့ ကျောင်းသား သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲစဉ်က သတင်းထောက်များကိုပါ သတင်းထောက်မှန်း သိလျှက်နှင့် ရိုက်နှက်ဖမ်းဆီးမှုအချို့ရှိခဲ့တာကလည်း သတင်းလွတ်လပ်ခွင့်ကို ချိုးနှိမ်ခြင်း ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နေ့စဉ်သတင်းစာတွေ ဂျာနယ်တွေ အတော်အတန်လွတ်လပ်စွာ ထုတ်ဝေခွင့်ပေးခဲ့ပေမယ့် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်နဲ့ ကြော်ငြာလက်ဝါးကြီးအုပ် ထိန်းချုပ်မှု၊ မီဒီယာလုပ်ငန်းပိုင်ဆိုင်နိုင်ခွင့် စတဲ့ကိစ္စတွေကြောင့် သတင်းစာ အများစု ရပ်သွားတာကို ကြည့်ရင် သတင်းစာ လွတ်လပ်ခွင့် ဖွံ့ဖြိုးတိုးတက်မှုကို လမ်းဖွင့်ပေးပြီဆိုပေမယ့် ပြည့်ပြည့်၀၀ မရသေးလို့ ဆိုနိုင်ပါတယ်။

ကုန်လွန်ခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အဆင့် သတ်မှတ်ရာမှာ အဆင့် ၁၄၀ ကျော်မှာ ရှိနေသေးတဲ့ အပေါ် ဗွီအိုအေ သတင်းဌာနက လက်ရှိ NLD အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကို ဆက်သွယ် မေးမြန်းခဲ့တာကို သတိထားမိပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က- “ကျွန်တော်တို့ဆီမှာ အတားအဆီးတွေက ဘာတွေ ရှိနေသေးလဲ ဆိုတော့၊ သတင်းသမားတွေကို အရေးယူလို့ရတဲ့ တည်ဆဲ ဥပဒေတွေ ရှိနေသေးတယ်။ အချို့ တည်ဆဲ ဥပဒေတွေက အခြား တိုင်းပြည်တွေနဲ့ ယှဉ်ရင် တင်းကြပ်တယ်ပေါ့နော်၊ ကြမ်းတမ်းနေသေးတဲ့ ဥပဒေတွေရှိတယ်။ ကျွန်တော်တို့ ပြောဆို ရေးသားခွင့် ကတော့ ရှိနေတယ်။ သို့သော် ပေးထားလိုက်ပြီးနောက်မှာ စောစောက ပြောတဲ့ ဥပဒေတွေနဲ့ လိုက်ပြီးတော့ အရေးယူတော့ ချုပ်လိုက်လို့ ရှိရင်၊ လွတ်လပ်ခွင့်က အကန့်အသတ်ဖြစ်သွားတာပေါ့နော်။ နောက်တစ်ခုက တရားဥပဒေ စိုးမိုးရေးပေါ့နော်။ တရားဥပဒေ စိုးမိုးရေးမှာလည်း အဆင့်မြင့်တက်လာဖို့ လိုသေးတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ဆက်စပ် နေတာကိုး။ တရားစီရင်ရေး အပိုင်းမှာလည်း သတင်းသမားရဲ့ လုပ်ငန်း သဘောကို ပိုပြီးတော့ နားလည်သိမြင်ပြီးတော့ သတင်းသမားရဲ့ အနေအထားကိုလည်း စဉ်းစားပေးတတ်တဲ့ တရားစီရင်ရေးမျိုး ဖြစ်ဖို့ လိုသေးတယ်လို့ မြင်တယ်။ တချို့ ဥပဒေတွေက နိုင်ငံတကာ ဥပဒေတွေနဲ့ အတူတူလောက်ပဲ ဖြစ်နေတာလည်း ရှိတယ်။ သို့သော် ဒီဥပဒေကို အဓိပ္ပါယ်ဖွင့် ဆိုတာ သုံးစွဲတာ၊ အဲဒီနေရာမှာ တရားသူကြီးတွေရဲ့ အလေ့အကျင့်ပေါ်မှာ၊ အစဉ်အလာ လုပ်ကိုင်ခဲ့တာတွေအပေါ်မှာ မူတည်ပြီး၊ တင်းကြပ်နေတာလဲ ရှိတယ်။ ဒါတွေလည်း လျော့ပါးသွားအောင်လုပ်ဖို့တော့ လိုတယ်။ အဲဒါတွေ လျော့သွားရင် တော့ ကျွန်တော်တို့ နိုင်ငံတကာ စာရင်းထဲမှာ၊ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့်မှာ ဒီထက် ဒီထက် ပိုပြီး တက်လာလိမ့် မယ်လို့ ကျွန်တော် ထင်ပါတယ်။” ဟု ဖြေကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ဗွီအိုအေ သတင်းဌာနသို့ ဖြေကြားရာမှာ “စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပဋိပက္ခ ဖြစ်နေတဲ့ တရားဥပဒေပိုင်းဆိုင်ရာ တင်းကြပ်မှုတွေကို လျော့ပါးအောင်လုပ်ဖို့လိုတယ်” ဆိုတဲ့ မှတ်ချက်စကားကိုတော့ သတင်းမိဒီယာလောကသားတွေ ကလည်း သဘောတူကြတယ်လို့ သိရပါတယ်။

ဒါကြောင့် အစိုးရသစ်အနေနဲ့ သတင်းစာ လွတ်လပ်ခွင့် (Press Freedom)၊ ပြည်သူများ သတင်းရရှိပိုင်ခွင့် (Access to Information) မရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတည်ဆောက်ဖို့ မဖြစ်နိုင်တဲ့ အတွက် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆို ခွင့် (Freedom of Expression) ကို အစိုးရက အာမခံရမှာလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် အချို့ ဘင်္ဂါလီ ကျေးရွာတွေမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှု သတင်းမျိုး မထွက်စေ ချင်ဆိုရင် ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးသင့်ပါတယ်။ သတင်းထောက် တွေကလည်း သူတို့လိုက်နာရမယ့် ကျင့်ဝတ်နဲ့ သတင်းယူကြတာဖြစ်လို့ အစိုးရအပိုင်းက အစိုးရိမ်မလွန်ဖို့ လိုပါတယ်။ သတင်းထောက်တွေကို သတင်းရယူခွင့် တားဆီးကန့်သတ်ခြင်းဟာ ပြည်သူတွေကို သတင်းမှန်သိရှိခွင့် ကန့်သတ် လိုက်တာဖြစ်ရုံမက၊ ကောလဟလ သတင်းတွေကို အားပေးအားမြှောက် လုပ်ရာလည်းကျပါတယ်။ အခု မောင်တော အဓမ္မပြုမှုသတင်းဟာ ဥပမာပါပဲ။ စောစောကတည်းက သတင်းထောက်တွေ လွတ်လပ်စွာ သတင်းဝင်ရောက် ရယူနိုင်ခဲ့ ရင် အခုလို နိုင်ငံတကာမှာ အထင်လွဲခံရမယ့် အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ပါ။ ဒါကြောင့် နောင်အခါမှာ အလားတူ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ သတင်းမျိုးတွေကို သတင်းယူခွင့် တားဆီးမယ့်အစား လွတ်လပ်စွာ စုံစမ်း ဖေါ်ထုတ် ရေးသားခွင့် ပြုသင့်ကြောင်းပါ။