ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၉)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၃၉)
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၆

● အမျိုးသားဆောင်က ပေါက်ကွဲသံ
တကယ်တော့ ဆေး ၂ သည် မင်္ဂလာဒုံတပ်မြို့ အတွင်းရှိပြီး ကျောင်းသားဦးရေ ၇၀၀ ခန့်သာရှိသည့် ကျောင်းဖြစ်သည်။ အဆောင်နေကျောင်းသားဆိုလျှင်လည်း ၃၀၀ ကျော်ခန့်သာရှိသည်။ တပ်မြို့ ဖြစ်သည့်အားလျော်စွာ အဆောင်ပတ်လည်တွင် တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် တပ်မိသားစုများနေထိုင်ကြသည်။

ဇွန် ၆ ရက်နေ့ ပင်မတက္ကသိုလ်နှင့်စက်မှု တက္ကသိုလ်တို့တွင် သပိတ်စတင်မှောက်လိုက်ပြီးနောက် ဆေး ၂ အမျိုးသားဆောင်သို့ သတင်းများ စတင်၍ တဖြေးဖြေးရောက်လာသည်။ ထိုစဉ်က ယနေ့ခေတ်လို သတင်းဆက်သွယ်မှု မမြန်ဆန်သေးပေ။ တဆောင်လုံးတွင် တလုံးသာရှိသော ကြိုးဖုန်းကလည်း နေ့ဘက်ပိတ်ထားသည်။ ညဘက်ဆိုရင်လည်း အစောင့်ရှိ၍ လွတ် လွတ်လပ်လပ် ပြောရသည်မဟုတ်။ မြို့ထဲကပြန်လာသူများ သယ်လာသောသတင်းစကားကို စောင့်ရသည်။ တဆင့်စကား တဆင့်နားနှင့်မျှဝေရသည်။

အောက်ထပ်တွင်နေသူများက စုမိသည်မှာ ကိုစိုးအောင်တို့ မောင်မောင်ထွေးတို့အခန်းတွင်ဖြစ်သည်။ ကျောင်းသားလှု ပ်ရှား မှုသတင်းများကို စိတ်ဝင်တစား ပြောဆိုဆွေးနွေးကြသည့် ခေါင်သူကြီးအခန်းဟုဆိုရမည်။ ဇွန်လ ၇ ရက်နေ့တွင် အဆောင် တွင် စ၍စာကပ်သည်။ ကျောင်းသားလှုပ်ရှားမှုနှင့် ကျောင်းသားတို့၏တောင်းဆိုချက်များကို ရေချိုးခန်းဘက်က နံရံများ တံ ခါးများတွင် စကပ်သည်။ မည်သူမည်ဝါလက်ချက်မှန်းတော့ မသိရ။ စာကပ်လိုက်သည်နှင့် တီးတိုးတီးတိုး စုစုစုစု ဖြစ်နေသော ကျောင်းသားများ အနည်းငယ် လှုပ်လှုပ်ရှားရှား စဖြစ်သည်။ သွားဖတ်သူက ဖတ်သည်။

စာကပ်သည့်သတင်းသည် ဟောလ်ကကျူတာ ဆရာဦးသိန်းဝင်းနားပေါက်သွားသည်။ ထိုအခါ ဆရာဦးသိန်းဝင်းလည်း သူနှင့် နီးစပ်သည့် ကျောင်းသားကြီးတချို့ကို ခေါ်၍ စာများကို လိုက်ခွာသည်။ ဆရာဦးသိန်းဝင်းကား ဆိုးလှသူတော့ မ ဟုတ်ပေ။ ခပ်အေးအေးနေတတ်သူ ဆရာတဦးဖြစ်သည်။ သို့သော် သူ့ခေါင်းပေါ်ကျလာသည့်တာဝန်ကြောင့် ထိမ်းသိမ်းနိုင် ရန်ကြိုးစားပုံရသည်။

ဤတွင်ပေါက်ကွဲသူ ကိုသိန်းဖေ (သံတွဲ) ဖြစ်သည်။ စာတွေ အခွာခံလိုက်ရ၍ ပေါက်ကွဲသည်။ လူစုံသည့် ကိုစိုးအောင် တို့အခန်းတွင် လာ၍ပေါက်ကွဲသည်။ သို့နှင့် ဆရာဦးသိန်းဝင်းသို့လိပ်မူ၍ မကျေနပ်ကြောင်း စာတစောင်ရေးပြီး ဆရာအခန်း က တံခါးအောက်သို့ ထိုးထည့်ပေးလိုက်သည်။ ဆရာလည်း ထွက်မလာတော့ပေ။ တိုးတိုးတိတ်တိတ် ပြောနေကြသော ကျောင်းသားများအသံကလည်း ညနေမှောက်ရီပျိုးလေ ပိုကျယ်လေဖြစ်လာသည်။ မြို့ထဲသွားနေကြသော ကျောင်းသား အများစုလည်း ပြန်ရောက်လာကြပြီး လူလည်းစုံ သတင်းလည်းစုံကာ တစတစ ပို၍ပေါက်ကွဲလာတော့သည်။

ကျောင်းသားတစ်ယောက်ချင်းစီ၏ အော်ဟစ်သံများ အဆောင်တွင်း၌ ဟိုမှ ဒီမှ ပေါ်ထွက်၍လာနေသည်။ ကိုစိုးအောင်အခန်း တွင်လည်း လူပိုစုံလာသည်။ မောင်သတ္တိခေါ် ကိုသိန်းထွန်း (တောင်ငူ) တို့ ကိုသန်းဝင်း (မြောင်းမြ) တို့ဖြင့် ခန်းလုံးပြည့် လာသည်။ ထိုအခိုက်အတန့်မှာပင် အဆောင်မီးမိန်းခလုတ်ကို တစ်ယောက်ဆွဲပိတ်ချသည့်နောက် တဆောင်လုံးမီးမှောင်ကျ သွားပြီး ကျောင်းသူအားလုံး အခန်းများထဲကထွက်လာကြပြီး ကြွေးကြော်သံများအော်ဟစ်ကာ အဆောင်အောက်ထပ်တွင် လူစုမိသည်။ အဆောင်အပြင် လမ်းမီးကလင်းနေ၍ ဝါးလုံးနှင့်ထိုးခွဲလိုက်ကြပြီး ညအမှောင်ထုအောက်တွင်တဆောင်လုံး ကြွေးကြော်သံများနှင့် ညံနေတော့သည်။

တစ်ယောက်က ကိုခင်ဆောင် အိပ်ယာခင်းအဖြူကြီးဆွဲယူလာသည်။ ကိုခင်ဆောင် (ကျိုက်ထို၊ ယခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)  ထို ညက အဆောင်မှာမရှိ RIT က သူငယ်ချင်းအဆောင်ရောက်နေသည်။ ထိုခေတ်ကာလက ကျောင်းအလံ တခုရဖို့ မလွယ်ကူလှ။ အိပ်ယာခင်းအဖြူပေါ်တွင် သင်္ဘောဆေးအနီနှင့် ခွပ်ဒေါင်းပုံဆွဲရသည်။ ဆွဲသူက အောင်သိန်း ထွန်းဖြစ်သည်။ ထိုစဉ် ကျောင်းသားထုအစည်းအဝေးတရပ်ကို အဆောင်အောက်ထပ် ဧည့်ခန်းတွင် ကျင်းပလိုက်ကြသည်။ လက်နှိပ်ဓာတ်မီးတလက်ကို စားပွဲပေါ်တွင်ထောင်ရက် မျက်နှာကျက်ထိုးကာ စပေါ့လိုက်မီးနှင့်လုပ်သော အစည်းအဝေး ဖြစ်သည်။

သပိတ်တွင် ဆေး ၂ ကျောင်းသားများ ပါဝင်ပူးပေါင်းရန်ဆုံးဖြတ်လိုက်ကြသည်။ ထိုအစည်းအဝေးတွင် အတန်းကိုယ်စားလှယ် ရွေးရန် ကိုမြင့်သိန်း (ထားဝယ်) က အဆိုပြုလိုက်ရာ အားလုံးသဘောတူလုက်ကြပြီး အတန်းကိုယ်စားလှယ်အဖြစ် တာ ဝန်ယူမည့်သူများ အဆိုပြုကြသည်။

နောက်ဆုံးနှစ် အပိုင်း (ခ) ကိုဝင်းလွင် (ပုလော) သို့မဟုတ် ကိုသိန်းလွင် (ပဲခူး) နောက်ဆုံးနှစ် အပိုင်း (က) ကိုအောင်နိုင် တတိယနှစ်ဆေး ကိုမြင့်သိန်း (ထားဝယ်)  အကြီးတန်း ကိုတင်မြင့်၊ ဒုတိယနှစ်ဆေး အငယ်တန်း ကိုထွန်းသန်း (မော်လမြိုင်)ပထမနှစ်ဆေး ကိုသန်းဝင်း (ပုသိမ်  တို့ ဖြစ်ကြသည်။

တညလုံးမီးအမှောင်ချထားပြီး ဆွေးနွေးကြ ကြွေးကြော်သံများတိုင်ကြ၊ မနက်ချီတက်ရန်ပြင်ဆင်ကြရင်း အမျိုးသားဆောင် သည် အမှောင်ထဲတွင် အသက်ဝင်နေသည်။ ထားဝယ်လေအပြည့်နှင့် ဟောပြောနေသော ကိုမြင့်သိန်းသိန်းစကားသံက အဆောင်ထဲတွင် ပျံ့လွင့်နေသည်။ မည်သို့ဆိုစေ စစ်တပ်မြို့လေးဖြစ်သော မင်္ဂလာဒုံအတွင်း စစ်တပ်ပတ်လည် ဝိုင်းပတ် ထားသောနေရာတွင် မှောက်သောသပိတ်ဖြစ်၍ အားလုံးရင်ထဲ စိတ်လှုပ်ရှားမှု များစွာဖြစ်နေသည်။ သို့နှင့်ပင် မနက်မိုး သောက် အရုဏ်ရောက်တော့သည်။

တဆောင်လုံးလိုလို ချီ တက်ကြမည်ဖြစ်၍ ချီ တက်ကြမည့်ကြမည့်ကျောင်းသားထု၏ စားရေးသောက်ရေးကို စီစဉ်ကြရသည်။ စားဖိုဆောင်စာဖိုမှူး ကိုငွေနှင့်တိုင်ပင်ပြီး ထမင်းဟင်းများ စောစောစီစီးချက်ဖို့ သယ်ဖို့လုပ်ကြသူများမှာ တတိယနှစ်ဆေးမှ ကိုအောင်ထိုက်တို့ ကိုအောင်ဇေတို့ဖြစ်ကြသည်။ ချက်ပြုတ်ပြီးသောထမင်းဟင်းကို သုံးဘီးကားငှား၍တင်ပြီး ချီ တက်မည့် ကျောင်းသားထုနောက်က လိုက်ရန်စီစဉ်ကြသည်။

● ချီတက်ပွဲ
မင်္ဂလာဒုံ ဆေး ၂ မှ ပင်တက္ကသိုလ်အထိ ၆ မိုင်ဝန်းကျင်ခန့်ရှိသည်။မနက် ၇ နာရီခန့်တွင် မနက်စာစောစောစားအပြီး ချီတက် ရန်ပြင်ဆင်စဉ်ဌာနမှူးဆရာကြီး ဒေါက်တာတင်အောင်ရောက်လာပြီး ကျောင်းသားများအချင်းချင်း စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ရှိဖို့ ပြောကြားခဲ့သည်။ ထို့နောက် အလံကိုင်သူကိုင်၊ ပိုစတာဆိုင်းဘုတ်များကိုင်သူကိုင်ကြ၍ ကြွေးကြော် သံများသံပြိုင်ဟစ်ကြွေးပြီး သုံးယောက်တတန်း တန်းစီပြီး အဆောင်မှ စထွက်သည်။ စစ်လက်နက်အပြည့်အစုံဖြင့် ရပ်ကြည့် နေကြသော ဆေးတပ်ကို ဦးစွာဖြတ်သည်။

ညကထဲကစည်းရုံးထားပြီး လိုက်ပါမည်ဟုကတိပေးထားသော ပြည်လမ်းမပေါ်ရှိ သီတာဆောင်ကိုရောက်တော့ ဆရာမ များက တံခါးပိတ်သော့ခတ်ထားသည်။ ကျောင်းသူများအပြင်ထွက်၍ မရကြ။ အပေါက်ဝတွင် ပါမောက္ခဒေါက်တာဒေါ်မေမေရီထိုင်စောင့်နေသည်။ သို့ဖြစ်ရာ သပိတ်ကော်မတီအတွက် သူမတို့ကောက်ခံထားသော အလှူငွေ (၄၀၀၀ ခန့်ဟု ထင် သည်) များအားလှမ်းပေးပြီး သီတာသူတို့ မချင့်မရဲကျန်နေခဲ့ရသည်။ စိတ်လှုပ်ရှားဘွယ်အခိုက်အတန့်ဟု ဆိုရပါမည်။ မင်္ဂ လာဒုံ ဆေး ၂ ရှေ့ရှိ ပြည်လမ်းမပေါ်တွင် ချီတက်ကြမည့် ဆေး ၂ ကျောင်းသားတို့ အသင့်ရှိနေပေပြီ။ ခွပ်ဒေါင်းအလံသည် တပ်ဦး၌ တလူလူလွင့်၍နေသည်။ သမဂ္ဂအဆောက်အုံကို ဗုံးနှင့် ခွဲ၍ ဖြို၍ရနိုင်သော်လည်း သမဂ္ဂစိတ်ဓါတ်ကို ဖျောက်ဖျက်၍ မရနိုင်။ သမဂ္ဂစိတ်ဓါတ်သည် ကျောင်းသားထုရင်တွင်း၌ အစဉ်အမြဲရှင်သန်၍ နေပေတော့သည်။

အလံကို တလျောက်လုံးကိုင်၍ ချီတက်သူက တတိယနှစ်ဆေးမှ ကိုသက်ဝင်းမောင် (အင်းစိန်) ဖြစ်သည်။ အိပ်ယာခင်း ပေါ်တွင် ရရာဆေးနှင့်ဖြစ်သလိုဆွဲခဲ့ရတော့ စိတ်တိုင်းကမကျ။ မြို့ထဲနှင့် ကျောင်းအသွားအလာတွင် သတိထားမိသော ဆယ်မိုင်ကုန်းက ပန်းချီဆိုင်ခန်းလေးတွင် အလံအသစ်ရေးဖို့ ဝင်ခဲ့ကြသေးသည်။ ကံမကောင်းခဲ့ကြ။ တိုက်တိုက်ဆိုင် ဆိုင် ထိုနေ့က ထိုဆိုင်မှ ပန်းချီဆရာကွယ်လွန်ပြီး ရက်လည်သည့်နေ့ဖြစ်နေသည်။

သို့နှင့် ပြည်လမ်းမကြီးအတိုင်း ပင်မတက္ကသိုလ်ရှိရာ လှည်းတန်းသို့ချီ တက်ကြသည်။ တတန်းကို ကျောင်းသား ၅၀ ခန့်သာ ရှိသောကျောင်းဆိုတော့ တယောက်နှင့်တယောက် ကောင်းစွာသိကြ ရင်းနှီးကြသည်။ ရှေ့ဆုံးကနေ ကခုန်ပြီး ပျော်ပျော်ပါးပါး ချီတက်နေသူ ၂ ဦးက ဒုတိယနှစ်ဆေးအကြီးတန်းက  ကိုတင်ထွန်း (ဘူးကြီး) နှင့် ဒုတိယနှစ်ဆေး အငယ်တန်းက စောသိန်း ဝင်းတို့ဖြစ်သည်။ သပိတ်သွားယူက တတိယနှစ်ဆေးက ကိုတိုးမြင့်ဖြစ်သည်။ ကိုတိုးမြင့် လမ်းတလျှောက် ဘေးမှ ထွက်အား ပေးသောလူထုအား သွားပြီး တက်ကြွစွာ စကားပြောဆိုနေသူဖြစ်သည်။ ဆယ်မိုင်ကုန်းရောက်တော့ ဘုန်းကြီးကျောင်းသွားပြီး သပိတ်ယူခဲ့ပြီး သပိတ်အားမြှောက်၍ ချီတက်ခဲ့သူလည်းဖြစ်သည်။ သူ့ထံမှ ကိုတင်ထွန်းတို့ စောသိန်းဝင်းတို့ ဆက်လက် သယ်ယူကြသည်။ ကံကောင်းထောက်မစွာ သူတို့အဖမ်းမခံခဲ့ကြရပေ။

၂၀၁၅ ကျောင်းသားသပိတ်မှာ ကျောင်းသားငယ်တစ်ဦးက သပိတ်မြှောက်၍ ချီတက်တော့ သူတို့ ၃ ဦးကိုသတိရသည်။ တင်ထွန်းကား ထိုအတော်ပုံတွင် အဖမ်းမခံရ။ ဆရာဝန်ဖြစ်သွားပြီး ကလေးဆေးရုံကြီးတွင် တာဝန်ကျသည်။ သို့သော် ဒေါက်တာတင်ထွန်းတယောက် ၂၀၀၀ ခုနှစ်ပတ်လည်ခန့်က အစာအိမ်ကင်ဆာနှင့် ဆုံးပါးသွားခဲ့သည်။ ဒေါက်တာစောသိန်း ဝင်းလည်း ထိုအရေးတော်ပုံတွင် အဖမ်းမခံရဘဲ ဆရာဝန်ဖြစ်သည်။ အား/ကာတွင် ဝင်ရောက်အမှုထမ်းပြီး ယခုနှစ်ဆန်းခန့်က ညွှန်ကြားရေးမှူးအဖြစ်မှ အငြိမ်းစားယူသည်။ သို့သော် လွန်ခဲ့သော အနှစ် ၄၀ ကသူတို့ သပိတ်မြှောက်၍ သပိတ်မှောက် ခဲ့ရသကဲ့သို့ ယနေ့ကျောင်းသားများလည်း သပိတ်မှောက်နေရဆဲဖြစ်သည်။ မြန်မာပြည်၏ အမှောင်ညများကား ရှည်လွန်း လှပေစွ။

တကယ်တော့ မိမိတို့ဆေး ၂ သည် ၆ နှစ်ခွဲတက်ရသည်ဖြစ်ရာ နောက်ဆုံးနှစ်နှင့် ပထမနှစ်သည်အသက်ရော အတန်းရော ကွာသည်။ ဤကွာဟမှုတွင် အလယ်တွင်ရှိနေသည်က တတိယနှစ်ဆေး ကကျောင်းသားများဖြစ်သည်။ သူတို့က အပေါ် တန်း သိပ်မကွာ အောက်တန်းနှင့်လည်း သိပ်မကွာပေရာ အတန်းကြီးရော အတန်းငယ်ပါ ချိတ်ဆက်ပေးရာတွင် သူတို့အ တန်းက အရေးပါသည်။ ၁၉၇၅ ဆေး ၂ သပိတ်တွင် ထိုတတိယနှစ်ဆေးမှကျောင်းသားများက ထိုတာဝန်ကို ကောင်းစွာ ယူနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ၇၅ ဇွန်အရေးတော်ပုံတွင် ဆေး ၂ မှ ၁၇ ယောက်ထောင်ကျပြီး ကျောင်းထုတ်ခံရရာတွင် တတိယနှစ်ဆေးမှ ၁၀ ယောက်ပါဝင်ခဲ့သည်။

ထိုသို့ချီ တက်လာရာမှ ၇ မိုင် မီးပွိုင့်အရောက်တွင် ကျောင်းသားတဖွဲ့က ဗိုလ်နေဝင်းနေအိမ်ရှိရာ အေဒီလမ်းထိပ်သို့သွား၍ ကြေညာချက်များ သွားကပ်လိုက်သေးသည်။ ကျောင်းသားများတက်ကြွနေသည်။ လမ်း၌ လူထုကထွက်ပြီး ရေနှင့်အ စားအသောက်များပေးကြသည်။ သူတို့သည်လည်း ကျောင်းသားများကို အားပေးထောက်ခံကြရင်း အပြောင်းအလဲကို မျှော် လင့်နေကြသည်။ တဖန်ထိုစဉ်က မင်္ဂလာဒုံကနေ ခရီးဝေးချီ တက်လာသော ဆေး၂ ကျောင်းသားများအား အထူးအဆန်းသဘွယ်ထွက်ကြည့်ကြသည်လည်း ပါသည်။ ထို့ပြင် ဗိုလ်နေဝင်းအနေနှင့် ကျောင်းသားများ သပိတ်များအား ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် နှိမ်နင်းတတ်သူဖြစ်ပေရာ ကျောင်းသားများကို ဂရုဏာသက်စွာ စိုးရိမ်ပူပန်စွာဖြင့်လည်းကြည့်ကြသည်။

မကြာမှီက သံလျင်ဆေးရုံအုပ်အဖြစ်မှ ပင်စင်ယူခဲ့သော ဒေါက်တာစိုးဝင်း (ဝါးခယ်မ) အမှတ်တရ ပြန်လည်ရေးသားချက်အရ မိမိတို့အတန်းမှ သိန်းမြင့် (ပဲခူး)၊ သန်းဝင်း (မြောင်းမြ)၊ ထွန်းသန်း (မော်လမြိုင်)၊ ဝေမင်း (ယခု လူ့ဘောင်သစ်ပါတီ) ၊ သန်းဝေခေါ်ဒေါက်တာသက်မင်း (မုဒုံ) တို့ပါကြသည်။ ထို့ပြင် ထိုစဉ်ပါဝင်ခဲ့ကြသော ဒေါက်တာအေးလွင် (မုဒုံ)၊ ဒေါက်တာ ထင်အောင်လင်း ခေါ် ဟုတ်ကျင် (မုဒုံ)၊ ဒေါက်တာ လူကြီးမြင့် (ပြည်)၊ ဒေါက်တာ မောင်မောင် (တိုက်ကြီး) နှင့်ကိုကြည်ထွန်းတို့ ကတော့ ကွယ်လွန်သွားရှာကြပြီဟု သိရသည်။ အချိန်တွေကြာပြီဆိုတော့ အားလုံးတော့မမှတ်မိ။ ဘီလင်းက ဒေါက်တာ ကျော်သူထက်ခေါ် မြင့်ဝေလည်းပါသည်ထင်သည်။ ပြောရလျှင် ကျောင်းသားအတော်များများ လိုက်ပါခဲ့ကြသည်ထင်ပါ သည်။ တက်တက်ကြွကြွပါဝင်ခဲ့ကြသည်။

မနက်ဆယ်နာရီခွဲခန့်တွင် ဆေး ၂ မှ ကျောင်းသားများ ဘွဲ့နှင်းသဘင်ခန်းမတွင်းသို့ ချင်းနင်းဝင်ရောက်နိုင်ခဲ့သည်။ ထိုအခါ ကျမှ မိမိလည်းအားရပျော်ရွှင်မိတော့သည်။ တကယ်တော့ မိမိက အဆောင်မှချီတက်လာသည့်အထဲတွင်မပါ။ သပိတ်စ မှောက်ကတည်းက ဘွဲနှင်းသဘင်ခန်းမတွင် အခြေစိုက်နေသူဖြစ်သည်။ မိမိဆေး ၂ မှ ချီတက်၍ သမိုက်းမှတ်တိုင်တခု စိုက်လိုက်နိုင်၍ ဝမ်းမြောက်မိသည်။ ဘွဲ့နှင်းသဘင်လှေခါးထိပ်မှ လက်သီးလက်မောင်းဆန့်တန်း၍ သူတို့ကိုကြိုခဲ့သည်။ ဆေး ၂ ကျောင်းသားတပ်ဦးမှ အလံကိုစင်ပေါ်သွားထောင်ထားလိုက်သည်။ ဆေး ၂ မှ ကျောင်းသားများ ချီတက်၍ ပင်မ တက္ကသိုလ်သို့ လာရောက်ပူးပေါင်းလိုက်ခြင်းက သပိတ်မှောက်ကျောင်းသားများအတွက် တအားဖြစ်သည်။ ဘွဲ့နှင်းသဘင် ခန်းမအတွင်း လက်ခုတ်သြဘာသံများ သောင်းသောင်းညံ၍နေပေတော့သည်။

ပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမရှေ့မြက်ခင်းပြင်တွင် အဆောင်ကသယ်လာသည့် ဘဲဥဟင်းနှင့်ထမင်းကို စားသောက်ကြပြီး ဆေး ၂ ကျောင်းတော်သားတို့ အပမ်းဖြေသည်။ အောင်ပွဲခံကြသည်။

ဆေး ၂ သပိတ်မှောက်ကျောင်းသားတို့၏ ကြေညာချက်ကို ကိုမြင့်သိန်း (ထားဝယ်) က ဘွဲ့နှင်းသဘင်ခန်းမတွင်းက စင်မြင့် ပေါ်တွင် တက်ဖတ်သည်။ နောက် မိမိလည်းတက်၍ တရားဟောသည်။ တကယ်တော့ထိုနေ့က မိမိတရားဟောခဲ့သလား မဟောခဲ့သလားကို မိမိမမှတ်မိ။ ကိုစံနု (ရခိုင်ကျောင်းသား) ဒေါက်တာစိုးဝင်းတို့၏အမှတ်တရပြန်ရေးသားချက်များ တွင် ပြန်လည်ရေးသားထားသည်ကိုတွေ့မှ မိမိတရားတက်ဟောသည်ဟုသာ အတည်ပြုရတော့သည်။ တကယ်တော့ ထိုအချိန် ကာလက စိတ်လှုပ်ရှားမှုကများသည့်အပြင် လူတွေ၏လှုပ်ရှားမှုများ အဖြစ်အပျက်များက မြန်မြန်ဆန်ဆန် ပြောင်းလဲနေ သဖြင့် တချို့အကြောင်းအချင်းအရ များက ဝေဝေဝါးဝါးဖြစ်ခဲ့သည်။ သေချာသည်က ထိုနေ့က မိမိ၏သွေးတို့သည် ပွက်ပွက် ဆူနေမည် ထင်ပါသည်။

သို့သော် ဆေးတက္ကသိုလ် ၂ ကျောင်းသားများ ၁၉၇၅ ဇွန် ၆ အရေးတော်ပုံတွင် မင်္ဂလာဒုံမှ ပင်မတက္ကသိုလ် ဘွဲ့နှင်းသ ဘင်ခန်းမဆီသို့ လမ်းလျေက်ချီတက် သပိတ်မှောက်ဆန္ဒပြခဲ့ခြင်းကတော့ တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုများနှင့် ဆေး တက္ကသိုလ် ၂ လှုပ်ရှားမှု၏ မှတ်တိုင်တခုဖြစ်ခဲ့သည်ဆိုခြင်းကတော့ ပြတ်ပြတ်ထင်ထင် ရှိပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)