ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခေမာရှင်း - ကိုး

http://marblesandmore.com/


ခေမာရှင်း - ကိုး
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၆


ထရပ်ခ်ကား တစီးစီးရဲ့ဒင်းကြမ်းမောင်းသွားတဲ့ အရှိန်အောက်မှာ ကျမအခန်းလေး တသိမ့်သိမ့်တုန်ပြီး ကျန်ရစ်ခဲ့ ...လေ ... တယ်။
အခု မနက်လင်းနေပြီ 'ကိုး'
ရထားဥသြသံတွေကို ကြားရတယ်
ကာဟွန်းတီးသံ သဲ့သဲ့ ...
မြို့လည်ခေါင်ကြီးမှာပဲ ကြက်တွန်သံတွေကိုလည်း ကြားနေရတတ်သေးတယ် 'ကိုး'ရဲ့...
ဒါဟာ ကျမတို့ငယ်ဘဝကို မမေ့ဘူးဆိုတဲ့ ပြယုဂ်တခုပဲ။...

ကျမ 'ကိုး' ကို သတိရတယ်။...
သြော် ... ပြောဖို့မေ့နေတာ .... 'ကိုး' ဆိုတာက ကျမရဲ့ကိုယ်ပိုင် အဓိပ္ပာယ်နဲ့ ဝေါဟာရ
ကျမသတ်မှတ်ထားတဲ့ သမပိုင်း သင်္ကေတလေးတခုပါ။ မြန်မာအက္ခရာ ကိုးဂဏန်းကို ကိုယ်စားပြုခြင်းမရှိ။ ကိုးကြိမ်မြောက်မဟုတ် .. ကိုးခုမဟုတ် ... ကိုးယောက်မဟုတ် ...
'ကိုး' ဆိုတဲ့ အဓိပ္ပာယ်မှာ ကမ္ဘာတခြမ်းစီ ကိုယ်စားပြုထားမှုတွေ ...
ဥပမာ .. ကျမက နေရောင်ခြည်အတိုင်း လှုပ်ရှားရှင်သန်တဲ့အခါ 'ကိုး' က လရောင်တွေနဲ့ ကြယ်တာရာတွေကိုရေတွက်ဖို့ ပြင်ဆင်နေတာမျိုး ....
အဲ့ဒီမှာ ညခွေးလေးတွေဟောင်နေပြီလား 'ကိုး'
ပျော်စရာလိုချင်တဲ့အခါ ခွေးလေးတွေလို လိုက် အူကြည့်ပါလို့ ကျမပြောဖူးတယ်။
ကျမဆီမှာလည်း ခွေးလေးတကောင်ရှိရဲ့။... သူတို့ဟာ သဘာဝကိုသဘာဝအတိုင်း နီးကပ်စွာ တုံ့ပြန်လေ့ရှိကြတယ် 'ကိုး'...
ကမ္ဘာမြေကြီးရဲ့အရိုးရှင်းဆုံး သတ္တဝါလေးတွေပဲပေါ့။....
အခု ကျမဂွတ်ဒ်မောနင်းလို့ စတင်နှုတ်ဆက်လိုက်ပါတယ်
အီးဗီးနင်းန်မှာ ဗော့ဒ်ကာတခွက်နဲ့ ချမ်းမြေ့ပါစေ.... 'ကိုး' ...

'ကိုး'
လူတွေရဲ့ဘဝဟာ အဆက်အစပ်ရှိမှ ဇာတ်လမ်းတပုဒ် ပုံပြင်တပုဒ် ကျောရိုးတခုဖြစ်ရလိမ့်မယ်လို့ 'ကိုး'ယုံကြည်ထားလား။ ... ကျမအတွက်တော့ အဆက်အစပ်တွေဟာ တမင်လုပ်ယူ ဖန်တီးထား တဲ့ဇာတ်လမ်းတွေလို့ပဲမြင်မိတယ်...
ကော်ဖီတခွက်ကို ကျမဖျော်တယ် ... 'ကိုး' ပြောသလိုပဲ ....
ကျမဆံပင်တွေ ပါးပြင်ပေါ်ဖွာကျ… လိုက်ကာကိုဆွဲဖွင့် …မပွင့်တဲ့ပြတင်းနံဘေးမှာ … ကျမ... ဘယ်ကိုမှလည်း မကြည့်ဘူး… …
'ကိုး' သိလား…
မှိတ်ထားတဲ့ မျက်လုံးရဲ့အောက်မှာ ကမ္ဘာတခုစာ ဖန်တီးယူထားလို့ ရတယ်ဆိုတာကို …
ဥပမာ ... အိပ်ပျော်နေတဲ့လူတယောက်က သူမရောက်ဖူးတဲ့နေရာ အဖြစ်အပျက်တစ်ခုကို အချိန်တိုအတွင်း ဘဝတခုစာနီးပါး လုံလုံလောက်လောက် မြင်မက်နေတတ်တာမျိုးလေ....
'ကိုး ' အဲ့ဒီမှာ ရာသီဥတုအေးတယ်မဟုတ်လား.. ... ကျမအလုပ်သွားရတော့မှာ ... ဒီမှာ နေမြင့်နေပြီ .. နေလုံးကြီးကို ကျမ မော့မကြည့်နိုင်တော့ဘူး...
လူတယောက်ရဲ့အတောက်ပဆုံးအချိန်ကိုလည်း ဘယ်သူမှ မြင်နိုင်စွမ်းမရှိပါဘူး။ သူ အစွမ်းကုန် လောင်ကျွမ်းနေရတာကို မျက်ကွယ်ပြုထားကြသလိုမျိုး ...
စတင်ချိန်နဲ့ကျရှုံးချိန် ... ဒါဟာ အရုဏ်ဦးနဲ့ဆည်းဆာပဲပေါ့... ဒီအရာကိုပဲ လူအများစုက သတိထားမိကြတာပါ။ ကျမကတော့ လောင်ကျွမ်းနေချိန်တွေကိုပဲ စိတ်ဝင်စားမိတယ် 

သြော် ... 'ကိုး' ရေ ...
ကျမဝိုင်သောက်တဲ့အခါ ချိစ်အပြားလေးတွေကို ကိုက်စားရတာ သိပ်အရသာတွေ့တယ်...
ဒီစကားလုံးတွေ အများစုက ဘဝထဲ အနည်ကျနေတဲ့ အငန်ဓာတ်တွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ် 'ကိုး'
ဘယ်သူမှ သတိမထားမိကြဘူး… …
အိုးထဲက ရေအကြည်ကို စစ်ထုတ်ယူကြပြီး အနည်တွေက အမြဲသွန်ပစ်ခံရလေ့ ရှိတယ်။ ဒါတွေကပဲ အနည်ကျကျောက်လွှာတွေ အထပ်ထပ်နဲ့ရေကြည်တွေကို ပြန်စစ်ထုတ်ပေးနေတာပဲ... ဒါကို 'ကိုး' သိမှာပါ..
ဂရုတစိုက်နဲ့ စစ်ယူသိမ်းထားပေးပါ 'ကိုး'...

'ကိုး'
ကျမနဲ့ 'ကိုး' ကြားမှာ အလွမ်းအဆွေးတွေ မရှိဘူး။ အချစ်အမုန်းတွေ မရှိဘူး။
'ကိုး' ကတော့ fidelity လို့ပြောပေမယ့် ကျမက ဒါကိုလည်း လက်မခံချင်သေးပြန်ဘူး။
လူနှစ်ယောက်ဟာ ဘာဆက်သွယ်ချက်မှမရှိဘဲပတ်သက်လို့ မရဘူးလား .… ဒါမှမဟုတ် ဘာပတ်သက်မှုမှမရှိဘဲ ဆက်သွယ်နေလို့ရောမရဘူးလား… …
လူ့ဘဝက သိပ်ရှုပ်ထွေးတာပဲ 'ကိုး'
ရိုးရှင်းမှုလို့ အော်ပြီး ရှုပ်ထွေးမှုထဲမှာပဲ သံသရာလည်နေကြတာ…
ကျမကတော့ ရိုးရှင်းတဲ့ RS တွေကိုပဲ သဘောကျတယ်…
သူ့ဘဝ ကိုယ့်ဘဝ သူ့စိတ် ကိုယ့်စိတ် ဝင်ရောက်စွက်ဖက်မှုမရှိတဲ့ ရိုးရှင်းလွတ်လပ်ပြီး ပြည့်ဝတဲ့ RS မျိုးလေ……
မတူညီမှုတွေကို စိတ်အပင်ပမ်းခံပြီး လိုက်ညှိနေကြတဲ့ လူသားတွေကို အရူးတွေလို့ ကျမ အတိအကျ စွပ်စွဲမယ်။

မရယ်နဲ့ 'ကိုး'……
မင်းကဗျာတွေမှာ နိမိတ်ပုံများသလို မင်းစကားတွေက ဥပမာ သိပ်များတာပဲလို့ 'ကိုး' ပြောလိမ့်မယ်…
ဥပမာတွေကိုကြည့်ပြီး ဒီကမ္ဘာကြီးက တည်ဆောက်ထားတာပဲလေ 'ကိုး'ရဲ့…
ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ယုံကြည်မှု ကိုယ်ပိုင်အမှားနဲ့ ကိုယ်ပိုင်အမှန်…
အစဉ်အလာကိုကြည့်ပြီး ယဉ်ကျေးမှုကိုတည်ဆောက်တယ်… ယုံကြည်မှုကိုကြည့်ပြီး ဘာသာတရားကိုတည်ဆောက်တယ်… တယောက်ရဲ့အောင်မြင်မှုနောက်ကို တယောက်က ထပ်ချပ်မကွာ လိုက်နေတယ်…
ဘာဖြစ်လို့ တယောက်ရဲ့လစ်ဟာမှုကို တယောက်က ဖြည့်ဆည်းမပေးနိုင်တာလဲ… တယောက်ရဲ့မတူညီဆိုးသွမ်းမှုကိုရော တယောက်က ဘာလို့အမြင်အတိုင်း လက်ခံမပေးနိုင် ကြတာလဲ…
အဖြေမရှိဘဲ ခေါင်းတွေကိုချည်း ခါမိတယ်... sorry ...
'ကိုး' ရဲ့ အိပ်ချိန်တောင်ရောက်နေပြီပဲ… ကောင်းကင်ကိုမော့ကြည့်လိုက်ပါလား 'ကိုး'…
စကြဝဠာထဲ ဟိုတစု သည်တစုပြန့်ကြဲနေတဲ့ကြယ်အစုအဝေးတွေလို … ကျမရဲ့စကားစုတွေ… …
ဒါပေမဲ့လည်း တနေရာရာမှာ လောင်ကျွမ်းခံနေရတဲ့တကယ့်ဖြစ်ရှိမှုတွေလည်း ဖြစ်နေသေးတယ်…
ကျမကလည်း ခုလောလောဆယ် မြို့ပြရဲ့ဖွာလန်ကြဲနေရောင်အောက်က ယာဉ်ကြောပိတ်ဆို့မှုတွေကို ငေးမောရင်း … ကားစီယာတိုင်ကို ဘယ်ဘက်ကိုချိုးထားရင်း ဘက်ခ်ဂီယာထိုးထားရင်း……
'ကိုး' ခံစားဖူးခဲ့မှာပါ …… ဘာမှမဖြစ်ပါဘူးဆိုတဲ့ မဲ့ပြုံးနေ့တွေကောက်ပြီး သီနေခဲ့ရတာ အခု ဘယ်နှစ်ကုံးရှိနေပြီလဲ။……
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ 'ကိုး'
အိပ်မက် လှလှမက်ပါစေ… …

'ကိုး'
ဒီနေ့ညနေမှာ ကျမ မိုးပျံပူဖောင်းလေးတွေ လွှတ်မယ်။ ဒီအချိန်ဆိုရင် 'ကိုး' အတွက် အရုဏ်တက်ချိန် တညတာအတွက် အညက်ညောဆုံး အိပ်စက်ချိန်တွေ ဖြစ်နေလိမ့်မှာပါ။ ကျမအတွက် ရာသီဥတု ဆိုတာကို ကျမရဲ့စိတ်အာရုံကိုလိုက်ပြီး ဖန်တီးလေ့ ရှိတယ်။… ဆိုလိုတာက မိုးရွာတာ နေပူတာ လေတိုက်တာ နှင်းကျတာက ကျမရာသီဥတု မဟုတ်ပါဘူး... ကျမရဲ့စိတ်ကသာ ကျမရဲ့ရာသီဥတု… အခု မိုးဖွဲဖွဲလေးတွေကျနေတယ် 'ကိုး'
ဒီလိုမိုးဖွဲကြီးကို မိုးပျံပူဖောင်းတွေ စွန်တွေ လွှတ်နေရသလားလို့ 'ကိုး' မေးလိမ့်မယ်…
လူဆိုတာက ဘယ်လောက်ပဲ အချုပ်အနှောင် အဖိအနှိပ် ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပါစေ နာနာကျင်ကျင်ရုန်းထွက်နေကြတဲ့သတ္တဝါတွေချည်းပဲလေ … အသားပေါ်တစက်စက်ကျနေတဲ့ မိုးစက်တွေကို အန်တုပြီး မိုးကောင်းကင်ထဲ မြင့်နိုင်သမျှ မြင့်မြင့် ထိုးတက်နေတဲ့ မိုးပျံပူဖောင်းလေးတွေရဲ့မျက်ရည်နဲ့လွတ်မြောက်မှုကို 'ကိုး' ခံစားကြည့်ဖူးလား …
'ကိုး'ရေ … ကမ္ဘာမြေကြီးက အမြဲတမ်းပဲ နာနာကျင်ကျင် အော်ညည်းနေတာပါ… ဒါကို လူတွေက အမှတ်မထားမိကြတာပါ...
ဒီအချိန်မှာ 'ကိုး' ကို အိပ်မက်တခု မက်စေချင်မိတယ်။ အိပ်မက်ထဲ ငှက်ကလေးတကောင်ဖြစ်ဖြစ် 'ကိုး' ရဲ့အိပ်ရာဘေးမှာ လာနားနေတာမျိုးပေါ့… ကောင်းကင်တိမ်သားထဲ ထိုးထွက်လာတဲ့ လေယာဉ်တစင်း ကို ကျမလှမ်းမြင်လိုက်ရတယ်။ ဒီလေယာဉ်က 'ကိုး' ရှိရာ အရပ်ဒေသဆီ ရောက်နိုင်မရောက်နိုင်ကို ကျမ မသိပါဘူး။ ဒါပေမဲ့ ကျမ ရာသီဥတုနဲ့အတူ လိုက်ပါစီးနင်းလို့ ရနေတယ်မဟုတ်လား။ 'ကိုး'ရဲ့ မျက်နှာကို ကျမ မြင်ဖူးချင်မိပါတယ်...ဒါပေမဲ့လည်း တဘဝစာ အမြင်အာရုံ ချို့ယွင်းနေသူတွေရဲ့ သူ့စိတ်ကူးနဲ့သူ ပုံဖော်တည်ဆောက်ထားတဲ့ပုံရိပ်လိုမျိုးပဲ 'ကိုး' ကို မြင်နေချင်သေးတယ်။ ဆိုလိုတာက 'ကိုး'ဟာ ဘယ်သူဘယ်ဝါ ဘယ်ရုပ်ရည် ဘာရာထူး ဘယ်လိုလူမျိုးဆိုတာကို ကျမ မသိချင်ဘူး ကျမအတွက် အရေးမကြီးဘူးလို့ပြောတာပါ …
စိတ်နဲ့ဖြည့်မှ ပြည့်မယ့်အရာတွေအတွက် တချို့ရုပ်ဝတ္ထုတွေက မလိုအပ်ဘူးမဟုတ်လား 'ကိုး'… …
တနေရာက ကြယ်အစုအဝေးတွေ တနေရာမှာပေါ်ထွက်ဖို့ ကောင်းကင်စက်ဝိုင်းပေါ် အရိပ်ထိုး လာကြပြီ...ကမ္ဘာမြေကြီးရဲ့ပုံပြင်တွေ အသက်ဝင်လာကြဦးမှာပေါ့ 'ကိုး'
ဒီမှာ... နေဝင်ချိန်ရောက်နေပြီလေ ...

'ကိုး'
ကျမ ဘာလုပ်ရမလဲ
ဟန်ချက်ပျက်သွားတဲ့အခါမျိုး ဗဟိုချက်ကင်းမဲ့သွားတဲ့အခါမျိုးမှာ လူတွေက ဘာလုပ်လေ့ရှိကြ သလဲ။… ကျမခြေထောက်နဲ့ ခလုတ်တိုက်မိပြီး ဝိုင်ပုလင်းခွံလေး လဲကျသွားတယ်…ပြီးတော့ ကြွေပြားခင်းပေါ်တလိမ့်လိမ့်… ပြီးတော့ အောက်ကိုပြုတ်ကျပြီး တစစီကွဲသွား…။

ဒီဝိုင်ပုလင်းလေးက မနေ့ညထဲက သောက်ပြီး တမင်မသိမ်းဘဲ နံရံမှာကပ်ထောင်ထားခဲ့တာလေးပါ… အဲ့ဒီလိုပေါ့ 'ကိုး' … ကျမက တချို့အမှတ်တရတွေကို အမှတ်တရအတိုင်း ဘာကိုမှမပြုပြင်ဘဲ သိမ်း ထားချင်ပေမယ့် မတော်တဆတွေက ဘယ်တော့မှအလွတ်မပေးကြဘူး… …သူတို့တွေက ကံကြမ္မာကို လိုက်လံချောင်းမြောင်း လုပ်ကြံနေကြတဲ့ မကောင်းဆိုးဝါးတွေပဲ။… ကျမတို့အတူ စကားတွေပြောကြ တယ် …အတူရယ်မောကြတယ်… အယူအဆတွေငြင်းခုန်ကြတယ်… မတူညီတဲ့ကြယ်တာရာတွေကို မော့ကြည့်ခဲ့ကြတယ်… မတူညီတဲ့ကွက်လပ်တွေကိုပဲ ကျမတို့ ဖြည့်ခဲ့ကြတယ်…
ဒီအမှတ်တရတွေဟာ ညပြီးရင် နေ့လိုအချိန်တွေ အိုမင်းရင့်ရော်လာတာက လွဲလို့…
ဒါ … အမြဲ ဖြစ်နိုင်ပါ့မလား 'ကိုး'
မတော်တဆမှုတခုခုကနေ လုပ်ကြံမလာနိုင်ဘူးလို့ …
'ကိုး' ချီးယားစ် …
ကျမ ဝိုင်တပုလင်း ထပ်ဖောက်လိုက်တယ်…
'ကိုး' ပြောဖူးတဲ့စကားတွေ ကျမနားထဲ ကြားနေဆဲ … …
ကိုယ့်စာမျက်နှာကို ကိုယ်တိုင်လှန်ဖတ်ခွင့်မရတဲ့ လူ...
ကိုယ့်ပြက္ခဒိန်ကို တနေ့တခါ စာရွက်ဖြဲခွင့်မရသူ...
ကိုယ့်နံရံမှာ ကိုယ့်ဓာတ်ပုံကို မှန်ဘောင်သွင်းခွင့်မရသူ...
ကိုယ့်လမ်းနံဘေးမှာ တောရိုင်းပန်းလေးတွေလည်း စိုက်ပျိုးထွေးပွေ့ခွင့်မရသူ...
ဘဝတွေ တော်တော်များများ အဲ့ဒီလို လောင်ကျွမ်းနေကြတာပဲလား… …
နံရံပါးပါးတချပ်ကို ကျမတို့ ကျောမှီပြီး အတူထိုင်ကြရအောင် …

ဒီနံရံပါးပါးလေးဟာ ဟောဒီကမ္ဘာရဲ့ဥပဒေတခုခုလည်း ဖြစ်ချင်ဖြစ်နေမှာပဲ…

ဒါမှမဟုတ် လူသားဆန်ဆန် တောင့်တယုံကြည်မှုတခုခုပေါ့…ဘာကိုမှမယုံကြည်သူတယောက်ရဲ့ ယုံကြည်မှုလိုမျိုး တချို့ချစ်ခြင်းမေတ္တာတွေကို အဆိပ်တွေလို့ ကျမသတ်မှတ်လိုက်ပါတယ်… …
လောင်ကျွမ်းတောက်ပချိန်ကုန်ဆုံးသွားတဲ့ကြယ်တပွင့်ရဲ့လျှပ်တပြက်ကြွေကျသွားတဲ့ အလင်းတန်းနဲ့အတူ … ကျမရဲ့ဘယ်ဘက်လက်ကောက်ဝတ်အပေါ် နှုတ်ခမ်းတွေလို ညင်သာစွာ ဖိကပ်လာတဲ့ 'ကိုး' ဆိုတဲ့ ဓားတချောင်း ....
မပြည့်သေးတဲ့အရောင်တွေကိုပဲ ကျမတို့အမြဲဖြည့်နေကြရအောင် …
အေးချမ်းငြိမ်သက်နေတဲ့ကောင်းကင်ကို မော့ကြည့်ရင်း ဒီတခါ ကျမမျက်လုံးတွေမှိတ်သွားခဲ့ရင် ဘယ်တော့မှပြန်ဖွင့်မကြည့်ချင်တော့ဘူး 'ကိုး' ....။

ခေမာရှင်း
10 sep 2016