ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းခိုင် ● ယဉ်ကျေးမှု ‘ဆိုးဆိုး’ ယဉ်ကျေးမှု ‘ကောင်းကောင်း’

မင်းခိုင် ● ယဉ်ကျေးမှု ‘ဆိုးဆိုး’ ယဉ်ကျေးမှု ‘ကောင်းကောင်း’
(မိုးမခ မဂ္ဂဇင်း ဇူလိုင်လထုတ်ပါ ဆောင်းပါး)
နိုဝင်ဘာ ၁၂၊ ၂၀၁၆

ငယ်ငယ်က ယဉ်ကျေးမှုတော်လှန်ရေးဟူသော စကားလုံးကို တွေ့လိုက်ရသောအခါ အရမ်းသဘောကျသွားမိသည်။  လူ့အဖွဲ့အစည်းတခုလုံးနဲ့ သက်ဆိုင်သော၊ ကျယ်ပြန့်နက်ရှိုင်းလှသော ယဉ်ကျေးမှုဟူသည့် စကားလုံးကို အပြောင်းအလဲ၏ အမြင့်ဆုံး စကားလုံး တော်လှန်ရေးနဲ့ တွဲသုံးလိုက်တော့ မခိုက်ဘယ်မှာ ရှိမည်နည်း။  အရမ်းခိုက်သွားမိသည်။ ဟာ  .. ယဉ်ကျေးမှုကိုတောင် တော်လှန်ရေးလုပ်သတဲ့။

အသက်လေး နည်းနည်းရလာတော့ ပြန်စဉ်းစားကြည့်မိသည်။ ယဉ်ကျေးမှုကို တော်လှန်ရေးလုပ်လို့ရပါ၏လော။

ငယ်ငယ်ကဆိုလျှင် အနောက်တိုင်းယဉ်ကျေးမှုဆိုသော စကားလုံးကို နားမဆံ့အောင် ကြားရသည်။  အနောက်တိုင်းယဉ်ကျေးမှု၏ သင်္ကေတအဖြစ် ဂျင်းဘောင်းဘီ၊ ဘီတဲလ်သီချင်း၊ ဒစ္စကိုအကနှင့် ပါတီပွဲများကို ညွှန်းကာ သရုပ်ပျက်ယဉ်ကျေးမှုဟု အော့အန်ကြသည်။  အရင်းရှင်လူတန်းစားတို့သာ နှစ်သက်လက်ခံသော ဖောက်ပြန်သော ယဉ်ကျေးမှုဟု နှာခေါင်းရှုံ့ကြသည်။

အသက်လေး နည်းနည်းရလာတော့ ပြန်စဉ်းစားကြည့်မိသည်။  ယဉ်ကျေးမှုဟူသည် ဖောက်ပြန်တတ်ပါသလော။  သစ္စာထိုက်သော ယဉ်ကျေးမှုဟူ၍ ရှိပါသလော။

ငယ်ငယ်ကဆိုလျှင် မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုသည့် စကားလုံးကို မျက်စိမဆန့်အောင် မြင်ရသည်။  ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊ တိုင်းတပါးယဉ်ကျေးမှုကို အတုမခိုးရန်၊ အရိုးပေါ် အရွက်မဖုံးစေရန် တဖွဖွဆုံးမကြသည်။  တိုင်းတပါးယဉ်ကျေးမှုကို ယူမလာရန် ပြင်းပြင်းထန်ထန် တားမြစ်ကြသည်။

အသက်လေး နည်းနည်းရလာတော့ ပြန်စဉ်းစားကြည့်မိသည်။  ယဉ်ကျေးမှုကို သွင်းကုန်၊ ပို့ကုန် လုပ်၍ ရပါသလော။

ယဉ်ကျေးမှုတွင် အစဉ်အလာတန်ဖိုးများ၊ ရိုးရာယုံကြည်ချက်များနှင့် လောကကို ရှုမြင်သည့် သဘောထားအမြင်များလည်း ပါသည်။  ၀တ်စားဆင်ယင်မှု၊ နေထိုင်စားသောက်မှုများနှင့် (ဘယ်အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ဟူသည့်) ဓလေ့ထုံးတမ်းများလည်း ပါသည်။  အတွင်းပိုင်းနှင့် အပြင်ပိုင်း သို့မဟုတ် အပျော့ထည်နှင့် အမာထည်ဟု ဆိုကြပါစို့။  အပြင်ပိုင်းဖြစ်စေ၊ အတွင်းပိုင်းဖြစ်စေ ယဉ်ကျေးမှုဟူသည် လူ့အဖွဲ့အစည်းတခု နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော အမွေအနှစ်များဖြစ်သည်။

ထို့ပြင် ယဉ်ကျေးမှုဟူသည် ယဉ်သော အရာများကိုသာ လက်ဆင့်ကမ်း၏။  ရိုင်းသောအရာများကို တစတစစွန့်ပစ်ခဲ့၏။

နည်းနည်းထပ်ရှင်းပါမည်။ သိုးဆောင်းလို Culture ဟု ခေါ်သော ယဉ်ကျေးမှုဟူသည် Convention များကို စုထားခြင်းဖြစ်သည်။   Convention ဟူသည် လူအများ သဘောတူ လက်ခံကျင့်သုံးသည့် ဓလေ့များဖြစ်သည်။  လူအများကျင့်သည်ဆိုကတည်းက ရိုင်းသောအရာများ မဖြစ်နိုင်။  တနည်းပြောရလျှင် ရိုင်းသော Convention များသည် Culture အဆင့်ကို မရောက်နိုင်။  ဥပမာ ခပ်ကြမ်းကြမ်းပေးပါမည်။  လူသတ်ယဇ်ပူဇော်သည့် ဓလေ့ရိုင်းသည် Culture အဆင့်ကို ဘယ်နည်းမှ မရောက်နိုင်။  ကျွန်စနစ်သည်လည်း ထို့အတူပင်။  ယဉ်ကျေးမှု မြင့်လာလေလေ သေချာပေါက် ပပျောက်သွားမည်သာ ဖြစ်သည်။  ယဉ်သော Convention များ စုစည်း၍သာ Culture များ ဖြစ်လာရသည်။  ထို Culture များကြောင့်သာ ကြီးမားသော Civilization များ ပေါ်ထွန်းလာရသည်။ ခပ်နက်နက်ဆိုရပါလျှင် ယဉ်သော ဓလေ့များသည်သာ လူ့အဖွဲ့အစည်းကို အရှည်တည်တံ့စေသောကြောင့် လူ့သမိုင်းသည် ထို`ယဉ်သော ဓလေ့များ´ကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို`ယဉ်သော ဓလေ့များ´ကိုသာ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။

လက်ဆင့်ကမ်းလာသည်ဆိုသော်လည်း လေးထောင့်တုံးကြီးကို လေ့ထောင့်တုံးကြီးအတိုင်း လက်ဆင့်ကမ်းလာသည်မဟုတ်။  ကာလကြာသောအခါ အ၀ိုင်း၊ ဘဲဥ၊ စတုဂံ .. စသည်ဖြင့် ပုံသဏ္ဌာန်မျိုးစုံဖြစ်သွားလေသည်။  ဥပမာ မြန်မာ့ယဉ်ကျေးမှုအစအဖြစ် ပုဂံကို ညွှန်းကြသည်။  သို့သော် ပုဂံခေတ်ယဉ်ကျေးမှုနှင့် ၂၁ ရာစု မြန်မာ့ယဉ်ကျေးမှု မတူနိုင်။  တနည်းပြောရလျှင် ပုဂံယဉ်ကျေးမှုသည် တခြားသောယဉ်ကျေးမှု ဓလေ့စရိုက်များနှင့် ပေါင်းစပ်၍သော်လည်းကောင်း၊ မူလဓလေ့စရိုက်များသည် ခေတ်နှင့်လျော်စွာ ပြောင်းလဲလာ၍သော်လည်းကောင်း ဒီနေ့မြန်မာ့ယဉ်ကျေးမှု ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယဉ်ကျေးမှုဟူသည် ဤသို့သာဖြစ်ရသည်။  အထီးတည်း သီးသန့်ဖြစ်တည်နေသော ယဉ်ကျေးမှုဟူ၍ မရှိစကောင်း။  ရောနှောပေါင်းစပ်ခြင်းအားဖြင့်သာ ရှင်သန်တိုးတက်လာစမြဲဖြစ်သည်။ ရောနှောပေါင်းစပ်သည် ဆိုသော်လည်း ရောသမမွှေကာ တူသောယဉ်ကျေးမှုတွေချည်း ဖြစ်သွားသည်မဟုတ်။  ဒေသအလိုက် ကိုင်ပိုင်ဝိသေသရှိသော ယဉ်ကျေးမှုများသာ ဖြစ်လာရသည်။

ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု ဆိုသော်ငြား အညာလည်း အညာအလျောက်၊ အကြေလည်း အကြေအလျောက် တူသည်လည်းရှိ၊ မတူသည်လည်းရှိ၊ သူ့အရပ်နှင့်၊ သူ့ဇာတ်နှင့်။

ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆိုသော်ငြား မြန်မာလည်း မြန်မာအလျောက်၊ ထိုင်းလည်း ထိုင်းအလျောက်  တူသည်လည်းရှိ၊ မတူသည်လည်းရှိ၊ သူ့အရပ်နှင့်၊ သူ့ဇာတ်နှင့်။

ခရစ်ယာန်ယဉ်ကျေးမှု ဆိုသော်ငြား ပြင်သစ်လည်း ပြင်သစ်အလျောက်၊ ဂျာမန်လည်း ဂျာမန်အလျောက် တူသည်လည်းရှိ၊ မတူသည်လည်းရှိ၊ သူ့အရပ်နှင့်၊ သူ့ဇာတ်နှင့်။

လေသည် မျိုးစေ့ပေါင်းစုံကို နယ်နိမိတ် အပိုင်းအခြားမရှိ သယ်ဆောင်၍ ရေမြေသဘာဝနှင့် ကိုက်ညီသော အပင်မျိုးစုံကို ဖြစ်ထွန်းစေသကဲ့သို့ ကူးလူးဆက်ဆံခြင်းသည်လည်း ယဉ်ကျေးမှုစရိုက်မျိုးစုံကို နယ်နိမိတ် အပိုင်းအခြားမရှိ သယ်ဆောင်၍ ရှိရင်းစွဲ ဓလေ့စရိုက်များနှင့် ပေါင်းစပ်ကာ ယဉ်ကျေးမှုပေါင်းစုံကို ဖြစ်ထွန်းလာစေခဲ့သည်။  ပန်းပေါင်းစုံ၊ ရနံ့ပေါင်းစုံ၊ ယဉ်ကျေးမှုမျိုးစုံ၊ အလှတရားမျိုးစုံ ... ။  ဤသည်ပင် သဘာဝတရားဖြစ်၏။ သဘာဝတရားသည် တခုတည်းသော အရာ Monoculture မျိုးကို ဘယ်သောအခါမှ ခွင့်မပြုခဲ့။ ဆင့်ကဲဖြစ်စဉ် (Evolution)သည် အလှမျိုးစုံ (Diversity) ကိုသာ အားပေးလေ၏။

သို့သော် ယဉ်ကျေးမှုအားလုံး အကောင်း အမြတ် အလှ အမွှေးချည်းပဲလောဟု မေးလျှင်မူ ခေါင်းကို ခပ်သွက်သွက်ခါရမည်သာ။  ယဉ်ကျေးမှုတိုင်းတွင် ရယ်စရာကောင်းသော အယူသီးမှုများ၊ အဓိပ္ပာယ်မရှိသော အစွဲအလမ်းများ၊ ကိုးလို့ကန့်လန့်နိုင်သော ဓလေ့စရိုက်များဟူသည် ရှိစမြဲ။  အဘယ်ကြောင့်ဆိုသော ထိုယဉ်ကျေးမှုများကို လူများက တည်ဆောက်ဖန်တီးခဲ့သောကြောင့်ပင်။  လူများ တည်ဆောက်ခဲ့သော ယဉ်ကျေးမှုဖြစ်သောကြောင့်ပင် ဘယ်သောအခါမှ ပြီးပြည့်စုံသော ယဉ်ကျေးမှုဟူ၍ ရှိမလာနိုင်၊ ဖြစ်မလာနိုင်။ မပြည့်စုံသော သို့သော် လှသော ကျနော်တို့၏ ကမ္ဘာကြီး။

ယခုတော့ ကျနော်သည် ဆိုးတဲ့ယဉ်ကျေးမှု၊ ကောင်းတဲ့ယဉ်ကျေးမှု၊ ဘာယဉ်ကျေးမှု၊ ညာယဉ်ကျေးမှု ... စသည်ဖြင့် ယဉ်ကျေးမှုကို ၀ိသေသတပ်ပြောသံ ကြားရလျှင် ခပ်ဖွဖွသာ ပြုံးမိတော့သည်။

ကိုယ့်ယဉ်ကျေးမှုကိုသာ ယဉ်ကျေးမှုထင်ပြီး တပါးသော ယဉ်ကျေးမှုများကို မနှစ်မသက် အသည်းအသန် ကာကွယ်နေသော လူများကို တွေ့လျှင်  သြော် တဖက်ကလေတွေ ကိုယ့်ဆီမလာအောင် တားချင်တဲ့ သူတွေပဲဟု ပြုံးရယ်မိတော့သည်။

ထို့ပြင် နှင်းဆီတမျိုးတည်းပွင့်သော ကမ္ဘာ၊ ပိတောက်တမျိုးတည်း ပွင့်သော ကမ္ဘာ၊ ထင်ရူးရိပ် တရိပ်သာ ရှိသော ကမ္ဘာ၊ တမာရိပ် တရိပ်သာ ရှိသော ကမ္ဘာ ထိုသို့သော ကမ္ဘာမျိုးမှာဖြင့် ... ကျနော်တော့ မနေနိုင်။ မနေချင် ။

အသွေးတူ အဆင်တူ တသတ်မတ်တည်းဖြစ်ခြင်း (Uniformity) ကို ဘယ်တုန်းကမှ အလှဟု မထင်ခဲ့ .... ။

မင်းခိုင်

မှတ်ချက်။ ။ မော်၏ ယဉ်ကျေးမှုတော်လှန်ရေးသည် ဘာယဉ်ကျေးမှု တော်လှန်ရေးမှ မဟုတ်။  လူမူရေးယဉ်ကျေးမှုကို တော်လှန်ခဲ့သည်မဟုတ်၊ နိုင်ငံရေုးယဉ်ကျေးမှုကိုလည်း တော်လှန်ပြောင်းပစ်ခဲ့သည်မဟုတ်။  တင်းကျပ်လွန်းနေသော သူ့နိုင်ငံအတွက် ခွင် (ဂွင်) (Space) တခု ဖန်တီးခဲ့ခြင်းသာ။

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၇)၊ ဇူလိုင်လ ၂၀၁၆ ခုနှစ် တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)