မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၅)


မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၅)
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူ က အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြ သည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကို အင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
----

မာန်။ ။ ထားပါဆရာရယ်ရပါတယ်၊ ဒါပေမဲ့ သီချင်းနာမည် လေးတွေတော့ပြောပါဆရာ။
မင်းသစ်။ ။ရုပ်ရှင်သီချင်းတွေဗျ၊ ဓာတ်ပြားသီချင်းဆိုလို့မြန်မာ့အသံမှာတစ်ပုဒ်ရှိတယ်၊ ကိုတင်မိုးရဲ့'တစ်သက်မှာ သည်တစ် ပွင့်' ကို ကျနော်အသံထည့်ပြီးတော့ ချစ်စပယ်ပြန်ဆိုထားတာ၊ ဓာတ်ပြားသီချင်းကတော့ ပိုက်ဆံလိုချင်လို့ ရေးခဲ့တာပါပဲ၊ တကယ့်ကိုခပ်တုံးတုံးပေါ်တင်ကြီးရေးရတာ၊ ရည်းစားရှိရင် ခွင့်လွှတ်ပါသီချင်း၊ တွံတေးသိန်းတန်ဆိုခဲ့တာပေါ့။

ရုပ်ရှင်သီချင်းတွေကတော့ အများကြီးပဲ၊ အဲဒီထဲမှာမှ ကျနော်အားရတာက 'မေတ္တာသည်သာ အလှတရား' သီချင်းပါ၊ အပြတ်မပြောနဲ့မချောရုပ်ရှင်ကားထဲကသီချင်း၊ အဲဒီကားထဲမှာ ကျနော် လေးငါးပုဒ်လောက်ရေးတယ်၊ ပြီးတော့ တွံတေးသိန်း တန်ရဲ့ ဆရာဆိုပြီးတော့ စန္ဒရားဆရာယောင်ဆောင်ပြီး ဝင်ရိုက်လိုက်သေးတယ်၊ စန္ဒရားလည်းကောင်းကောင်း တီးတတ် တာ မဟုတ်ဘူး။

ဝတ္တုဇာတ်ညွန်းရေးတာလည်း ဖောင်နှစ်ဆယ်ကျော်လောက်ရှိမယ်၊ ကန်တော်လေးက ကျုံပျော်ကိုတင်လှိုင်စက်မှာရိုက်တာ၊ ရေးပြီးရိုက် ရေးပြီးရိုက်နဲ့၊ အဲဒီလိုလုပ်ခဲ့တယ်၊ ကျနော်နာမည်မခံဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဇာတ်လမ်းကျောရိုးက သူငယ်ချင်းဟာ ဖြစ်နေလို့။

မာန်။ ။ ဂီတလောကကိုဆက်ပါဦးဆရာ၊ အဲဒီလောကမှာ အကြာကြီးဆက်နေသေးလား၊
မင်းသစ်။ ။ နေနိုင်ဖူးဗျ ကျနော်။

မာန်။ ။ ပိုက်ဆံရတယ်မို့လားဆရာ၊
မင်းသစ်။ ။ ရတာပေါ့ဗျာ၊ တစ်ပုဒ်နှစ်ရာလေ၊ အဲဒီတုန်းက ခင်ဗျားကလည်း ဘီအီးတစ်ပက်မှ ပြားသုံးဆယ်၊ ရမ်တစ်လုံးမှ ခုနှစ်ကျပ်ခွဲ၊ ကျနော့်အဖို့ အက်စ်အေပီလစာထက်တောင် ပိုသေးတယ်၊ အက်စ်အေပီလစာကမှ 297 ကျပ်၊ သို့သော် ရွေဈေး က ၃၈၀၊ ငွေနှစ်ရာဆိုတာ သုံးမတ်သားလောက်ရတဲ့ခေတ်၊ ကျနော်က တစ်လ တစ်လကို ဓာတ်ပြားသီချင်းနဲ့  ရုပ်ရှင်သီချင်း နှစ်ပုဒ်လောက် ရေးဖြစ်တယ်၊ တစ်လကို လေးရာ၊ ရွေတစ်ကျပ်သား ကျော်သေးတယ်။

ခုခေတ်သီချင်းရေးဆရာတွေ ပိုက်ဆံရတယ်ဆိုတာရယ်တာပေါ့ဗျာ၊ ရွေဈေးနဲ့တွက်ရင်ပြောပါတယ်။ ဒါပေမဲ့ ကျနော်မနေ နိုင်ဘူးဗျ၊ မနေနိုင်ဘူးဆိုတာ အဲဒီဘလက်တွေဒဏ်ကိုမခံနိုင်တာ၊ စာမဖတ်ဘူးဗျ၊ ကိုယ်နဲ့စကားပြောဘက်လည်း မရှိဘူး၊ ကျနော့်နားမှာ စာဖတ်တာဆိုလို့ တွံတေးသိန်းတန်ပဲ ရှိတယ်၊ သူကလည်း နောက်ပိုင်း အလုပ်အရမ်းများတော့ စာမဖတ်နိုင် တော့ဘူး၊ ဒါပေမဲ့ သူက ဂန္တဝင် အရမ်းကျေတယ်၊ ရှင်မဟာရဌသာရ၊ ရှင်မဟာသီလဝံသ၊ နတ်ရှင်နောင်တို့၊ ရတု၊ ပျို့ အကုန် အလွတ်ရတယ်၊ အလွတ်ရတာ၊ တခါတလေ ရွတ်နေတာ၊ ဘိလိယက်ထိုးရင်းလည်း ရွတ်နေတာ၊ ရှင်မဟာရဋ္ဌသာရ ရွတ်ချင် ရွတ်နေတာ၊ နတ်ရှင်နောင်ရွတ်၊ နဝဒေးရွတ်နဲ့၊ သူနဲ့တော့ ပြောလို့ဆိုလို့ ရပါတယ်။
ဒါပေမဲ့ ကျန်တာတွေက မကောင်းဘူးဗျ၊ ဘလက်တွေ၊ ကြာတော့ ကျနော်အဲဒီဒုက္ခကြီးကို မခံနိုင်တော့ဘူး၊ နောက်ပြီးတော့က ဒီလ ငါ့ရုပ်ရှင်သီချင်း ဘယ်နှပုဒ်မှရပါ့မလဲ၊ အပ်ကြပါ့မလဲ၊ အဲဒါကြီးကလည်း မျှော်နေရတာ၊ အဲဒါကြီးကလည်း ဘယ်ပေါ်မှာမူတည်မျှော်နေရသလဲဆိုတော့ တွံတေးသိန်းတန်ရိုက်တဲ့ကားပေါ်မူတည်ပြီး မျှော်နေရတာ၊ ဒါတောင်မှ ဒါရိုက်တာတွေက တွံတေးသိန်းတန်ကားဆိုရင် သီချင်းတွေ ဇွတ်ထည့်တာလေ၊ ထမင်းချက်လည်း သီချင်းပဲ၊ ရေချိုးလည်းသီချင်းပဲ၊ အဲဒါတွေ တွေ့ဖူးမှာပေါ့။

မာန်။ ။ တေးသရုပ်ဖော်ကားမျိုး ဖြစ်နေမှာပေါ့ဆရာ၊
မင်းသစ်။ ။ အဲဒီလိုဗျာ၊ အဲဒါနဲ့ ကျနော်ကျူရှင်ဆရာဖြစ်လာတာ။ ရန်ကုန်တမြို့လုံးမှ ကျူရှင်ဆရာက လေးယောက်လောက် ရှိတာ၊ 1969 ကာလပေါ့။ လှည်းတန်းမှာ ဦးအောင်ဖေညွန့် ရှိတယ်၊ ဓာတ်ပုံဆရာကြီး။ သူက physicsသင်တာ၊ နောင်ပြီးတော့ စမ်းချောင်းမှာ ဦးဘဌေးရှိတယ်၊ သင်္ချာသင်တာ။ နောက်တခါ သိမ်ဖြူမှာဦးဖေဌေးရှိတယ်။ ပုဇွန်တောင်မှာ ဦးနုရှိတယ်။ မြို့လယ်မှာ တကျောင်းကျန်သေးတယ်၊ ဦးဆလမ်မန်၊ ဆလမ်မန်ဟိုက်စကူးဆိုပြီးဖွင့်တာ။ ရန်ကုန်တမြို့လုံး ဒါပဲရှိတာ။

အဲဒီမှာ ကျနော်တို့က ရမ်းသန်းစမ်းပြီးတော့ ကျူရှင်ထောင်ကြတယ်။ လေထန်ကုန်းနဲ့ မျက်နာချင်းဆိုင်မှာ။ 33လမ်း၊ အမှတ်(၁၄၈) မှာ ကျနော်တို့ကျူရှင်ထောင်ကျတော့ ကျနော်နဲ့မောင်သာနိုးနဲ့။ မောင်သာနိုးကအင်္ဂလိပ်စာ၊ ကျနော်က Bio ဆိုပြီး လုပ်ကြတာ၊ ဖွင့်စကကျောင်းသား ငါးယောက်လောက်မလာရင် ထွက်စောင့်နေရတာ၊ အဲဒီမှာ နိုင်ငံရေး သမားသားသမီးတို့၊ စာရေးဆရာသားသမီးတို့ဆိုရင် free၊ တခါတလေ free တွေထွက်မျှော်နေရတာ။ ဘယ်သူတွေတုန်းဆိုရင် သခင်မြသန်းသမီး၊ စည်သူမြသန်းရဲ့အစ်မနေမှာပေါ့၊ နောက်ဦးလှခင်ရဲ့သမီးတို့။ ကျနော်ကထွက်မျှော်နေရတာ။ သူတို့လာ မှလူစုံပြီဆိုပြီး သင်ရတာ။ နောက်တော့ ကျနော့်ကျူရှင်က အရမ်းအောင်မြင်သွားပြီးတော့၊ ထားပါတော့။ ထွင်လိုက်တာလည်း ပါတာပေါ့ Bio ကို ကလေးကြိုက်သီချင်းနဲ့သင်တာ။

၉ တန်း ၁၀ တန်းသင်တယ်။ စတီဒီယိုခေတ်ဦးလောက်မှာ ပလေးဘိုင်းအဖွဲ့နဲ့၊ သိန်းတန်တို့ သန်းနိုင်တို့၊ နွဲ့ယဉ်ဝင်းတို့၊ ကေ ဂျာနူးတို့ တင်မိုးခိုင်တို့၊ အောင်ကိုလတ်တို့နဲ့၊ အဲဒီတုန်းက နာမည်ကြီးအဆိုတော်မှန်သမျှပေါ့ဗျာ၊ အဲဒါတွေနဲ့စီးရီးထုတ်တာ၊ စီးရီးထုတ်ပြီးတဲ့အချိန်မှာ သင်တန်းသား သုံးထောင်ကျော်သွားတယ်။

မာန်။ ။ ဘယ်လိုများထုတ်တာလဲဆရာ၊ လုပ်ပါဦး
မင်းသစ်။ ။ ဟိုခေတ်ကသီချင်းစီးရီးထုတ်သလိုပဲလေ ၊သင်ခန်းစာတွေကိုသံစဉ်နဲ့ထုတ်၊ ဆိုင်တွေ ကိုလိုက်တင်လိုက်ဖြန့်တာ၊ အဲဒါ ဒုတိယစီးရီးထုတ်ပြီးတော့ ကျောင်းသားငါးထောင် ကျော်သွား တယ်၊ ကျနော်စက်ရှင်(၂၁)ရှင်ထိ ခွဲသင်ရတယ်။

အဲဒီတုန်းက သူကငယ်သေးတယ်ဗျ၊ သူ့မိဘတွေနဲ့ပဲသိတာ၊ ကျနော့်ကျူရှင်က အမှတ် (၁၃၀)၊ ဆူးလေဘုရားလမ်း၊ လှေကားကတက်သွားပြီး ညာဘက်ဝင်လိုက်ရင် ကျနော့်အခန်း၊ ဘယ်ဖက်ဝင်လိုက်ရင် မင်းအောင်လှိုင်(ယခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်)တို့အခန်း၊ ဒါပေမဲ့ သူကငယ်သေးတော့ မခင်ပါဘူး၊ သူ့အဖေတို့ဘာတို့တော့ ခင်တာပေါ့၊ သူ့အဖေက ကျနော့်တို့ကို ပန်းချီသင်ပေးခဲ့ဖူးတယ်၊1952 မန္တလေးမှာပန်းချီသင်တန်ကျောင်းဖွင့်တဲ့အချိန်တုန်းကပေါ့၊ သူ့ကြောင့် ကျနော်ဟိုက်စကူးဖိုင်နယ်မှာ ပန်းချီနဲ့အောင်တာ၊ အနုပညာက အဲဒီလိုမျိုးဗျ၊ စာကျက်ရတာ တစ်ဘာသာသက်သာတာပေါ့။ အဲဒီတုန်းက မင်းအောင်လှိုင်က မမွေးလောက် သေးဘူးဗျ၊ သူကြီးလာတဲ့အခါကျတော့လည်း စစ်တက္ကသိုလ်တက်တာဆိုတော့ မတွေ့ပါဘူး၊ တခါတလေကျတော့လည်း သူကျောင်းပိတ်ရက်ပြန်လာတဲ့အခါ ဒေါက်ဖြူလေးနဲ့၊ ကျနော့် ကျောင်းသူလေး တွေက ဝိုင်းငေးကြလို့ တံခါးထပိတ်ရတာပေါ့၊ သူက လူငယ်အရွယ် ချောချောလေး၊ ဒေါက်ဖြူလေးနဲ့ကိုး၊ ကျနော့်ကျူရှင်လော ကကတော့ အဲဒါပါပဲဗျာ။

ဆက်လက်ဖော်ပြပါမည်။

သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

အပိုင်း (၁)အပိုင်း (၂)အပိုင်း (၃)အပိုင်း (၄)