၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ မြင်ကွင်း


၂၀၁၆ ခုနှစ် နယူးယောက်မြို့ စာပေဟောပြောပွဲ မြင်ကွင်း
(ကိုမျိုး၊ ကိုသိန်းမင်း၊ သျှားလေး) မိုးမခ၊ နိုဝင်ဘာ ၃၀၊ ၂၀၁၆

စာရေးဆရာ ကြည်မင်း
စာရေးဆရာမ ရွှေကူမေနှင်း
စာရေးဆရာမ မိချမ်းဝေ
----------------------------------------------------
သတင်းမှတ်တမ်းဓါတ်ပုံ၊ ကိုမျိုး၊ ကိုသိန်းမင်း၊ သျှားလေး


၂၀၁၆ခုနှစ်၊ နယူးယောက်ခ်မြို့စာပေဟောပြောပွဲအခမ်းအနား ကို စာပေဟောပြောပွဲကျင်းပရေးကော်မတီ မှကြီးမှူး၍ NYCMYA အဖွဲ့၊ နယူးယောက်ခ်မြို့ခံ ရပ်မိရပ်ဖ များ၏ ကူညီပံ့ပိုးမှုဖြင့် နယူးယောက်ခ်မြို့Queens, Elmhurst ရှိ St. James Church ခန်းမ၌ နိုဝင်ဘာလ ၂၇ ရက်နေ့၊ မနက် ၉း၃၀ မှ မွန်းလွဲ ၁း၃၀ အထိ အမိမြန်မာနိုင်ငံမှ အထင်ကရနိုင်ငံကျော်စာရေးဆရာများ ဖြစ်ကြသည့် စာရေးဆရာကြည်မင်း၊ စာရေးဆရာမ ရွှေကူမေနှင်း၊ စာရေးဆရာမ မိချမ်းဝေ တို့၏ စာပေဟောပြောပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။


ဦးစွာ ပထမ အခမ်းအနားကို နယူးယောက်ခ်မြို့မြို့ခံ ဆရာကြီး ဒေါက်တာ ဦးခင်မောင်ကြီး မှ အဖွင့်အမှာစကားပြောကြားပေးပြီး အမှာ စကားတွင် ဆရာကြီး မှ စာပေဟောပြောပွဲများ၏ အရေးပါပုံနှင့် နယူးယောက်ခ်မြို့သို့ ရောက်ရှိလာကြသော စာရေးဆရာများအား အားပေးကျေးဇူးတင်စကား ပြောကြားပေးခဲ့ပါသည်။



ထို့နောက် ဆရာမကြီး ရွှေကူမေနှင်း မှ 'သံန္တိ သုခ' ခေါင်းစဉ် ဖြင့် အသိပညာတိုးပွါးပြီး တရားရစရာ ကောင်းသော ဗုဒ္ဓဝင် ဇာတ်တော်များအ ကြောင်း စာပေရေးရာ အတွေ့အကြုံများ အကြောင်း ကို အကျယ်တဝင့် ဟာသနှော၍ အားပါးတရ တင်ဆက်ဟောပြောခဲ့ပါသည်။ အထူး သဖြင့် စိတ်အစွဲ သံသရာ လည်ပုံ အငြိုးအတေးများ၏တံပြန်သက်ရောက်မှု တရားရဲ့အနှစ်သာရ နဲ့ ဗုဒ္ဓဘာသာကို အခြေခံကျကျ နည်းစံနစ် မှန်မှန်ကန်ကန် ကိုးကွယ်ကျင့်ကြံ နေထိုင်တတ်စေရန် တိုက်တွန်းဟောပြောချက်များမှာ အထူးကောင်းမွန်လှပါသည်။


 ဆရာမကြီး အလှည့်အပြီး ဆရာမမိချမ်းဝေ ဆရာမမိချမ်းဝေ မှ 'ရသစာပေ၏ သက်ရောက်မှုဂုဏ်ရည်' ခေါင်းစဉ်ဖြင့် ဆရာမ ရဲ့ စာရေးဆရာမ ဘဝဖြတ်သန်းခဲ့ပုံ အကြောင်းတစ်စိတ်တစ်ဒေသ၊ စာပေဟောပြောပွဲ အတွေ့အကြုံနှင့် တွေ့ဆုံကြုံခဲ့ရသော နေရာဒေသတို့မှ လူများရဲ့စရိုက်သဘောသဘာဝအကြောင်း၊ "၀စ်လစ်စလစ် တစ္ဆေ" အမည်ဖြင့် ၀စ်လစ်စလစ်မိန်းကလေးငယ်လေးတစ်ယောက် ကိုရုတ်တရတ် တွေ့ကြုံခဲ့ရရေသော အဖြစ်အပျက်ကိုအခြေခံထားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းဝတ္ထုအကြောင်းပြောကြားခဲ့ပါသည် ။

 
ထို့နောက် စာရေးဆရာကြည်မင်း မှ "လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့စာပေ" ခေါင်းစဉ်ဖြင့် နောက်ဆုံးဟောပြောပေးခဲ့ပါသည်။ စာရေးဆရာကြည်မင်းဟောကြားပေးခဲ့သည့် စာပေအမျိုးအစား ဝေဖန်ရေး သုံးသပ်ချက် နှင့် ကောက်နှုတ်ချက်အချို့တို့မှာ လူတိုင်းလိုက်နာသင့်သော 4 L(s) L လေးလုံး (live,love, learn, leave a legacy)ရဲ့ အရေးပါပုံရှင်းလင်းဟောပြောချက်များမှာ အထူးပင်ကောင်းမွန်လှသည်။


စာရေးဆရာကြည်မင်း ဟောပြောပြီးသည့်နောက် နယူးယောက်ခ်မြို့နေ ဆရာကြီး မောင်စွမ်းရည် မှ စာပေဟောပြောပွဲခမ်းအနား နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားပေးပြီး စာရေးဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ၊၊ တက်ရောက်လာကြသူ စာပေဝါသနာရှင်ဧည့်ပရိဿတ်များ မှ လှူဒါန်းထားသော ဉာဏ်ပူဇော်ခများကို ဆရာကြီးမောင်စွမ်းရည် မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ၂၀၁၆ခုနှစ်၊ နယူးယောက်ခ်မြို့စာပေဟောပြောပွဲအခမ်းအနား ကို နေ့လည် ၁:၃၀ မှာ အောင်မြင်စွာကျင်းပ ရုပ်သိမ်းနိုင်ခဲ့ကြပါသည်။

- သတင်းမှတ်တမ်းဓါတ်ပုံ၊
ကိုမျိုး၊ ကိုသိန်းမင်း၊ သျှားလေး