ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၂)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း (၄၂)
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၆

● သူပုန်ကျောင်းသား
အရင်ကာလတုန်းကတော့ လက်ဝဲအနွယ်များသည် ကိုယ့်ကိုကိုယ် ဗော်ရှီဗစ်ဟု ဆိုလေ့ရှိကြသည်။ ထိုစဉ်က ကိုဦးလှစော လည်း ထိုစဉ်က ဗော်ရှီဗစ်တယောက်ဖြစ်သည်ဟု ဆိုရပါမည်။ သူ၏ညီနှင့် မိမိအတန်းဖော်ဖြစ်ခြင်းကြောင့်သာမကဘဲ မောင်ခိုင်အောင် (စစ်တွေ) ဟူသော ကလောင်အမည်ဖြင့် ကဗျာတွေစာတွေ ဖန်တီးရေးသားလေ့ရှိသဖြင့် လူချင်းမသိသော် လည်း နာမည်တော့ ကောင်းစွာရင်းနှီးပြီး ဖြစ်သည်။ စာစောင်တွေ ကြေညာချက်တွေ သူတို့စီစဉ်ထုတ်ပြန်ချိန်တွင်လည်း မိမိနှင့်အယူအဆတူသည်ဖြစ်၍ကောင်းစွာ ဝိုင်းရံကူညီမှုပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သူကမျက်နှာချို၍ မိတ်ဆွေအပေါင်းအသင်းများသူဖြစ်၍လည်းမိမိတို့ ခင်မင်လွယ်ခြင်းဖြစ်ပုံရသည်။ ၁၉၆၈ ခုနှစ်က စက်မှုတက္ကသိုလ်သို့ရောက်လာသော ကိုဦးလှစောသည် ဒုတိယနှစ်ကျောင်းသားဘဝ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းတွင် ကျောင်းထုတ်ခံရပြီး သူပုန်ကျောင်းသားဘဝစတင်ခဲ့သည်ဟု ဆိုရမည်။ ထို့နောက် ၂ နှစ်အကြာ ၁၉၇၁ ခုနှစ်တွင် ကျောင်းမှ ပြန်လည်လက်ခံခဲ့ပြီး ၁၉၇၅ ဇွန် ၆ အရေးတော်ပုံကာလက RIT ပဉ္စမနှစ်ကျောင်းသားတဦးဖြစ်သည်။

၁၉၇၅ ခုနှစ် ဇွန် ၆ သပိတ်ကာလက မိမိနှင့်သူ စကားများများ မပြောဖြစ်ခဲ့ပါ။ တယောက်နှင့် မျက်မှန်းတန်းမိပြီး သတိထား မိခဲ့ကြရုံသာ ဖြစ်သည်။ ထို့နောက် ထိုသပိတ်အပြီး မိမိနှင့်သူ အတော်ကြာအောင် မဆုံဖြစ်ခဲ့။ သတင်းတွေတော့ ကြားနေခဲ့ရ သည်။ ၁၉၇၅ ဇွန် ၁၁ ရက် မနက် ရွှေတိဂုံဘုရားပေါ်က သပိတ်စခန်းအား တပ်ကဝင်စီးသည့်အခါ အဖမ်းခံရသည့်အထဲ ပါသွားသည်။ တရားရုံးအတင်ခံရပြီး ထောင် ၉ နှစ်ကျသည်။ ၁၉၈၀ ခုနှစ်တွင် ဗိုလ်နေဝင်း၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လွတ်သည်ဟု ကြားရသည်။

စက်မှုတက္ကသိုလ်၌ ကျောင်းပြန်တက်ခွင့်မရတော့။ သို့နှင့်သူသည် မိဘများရှိရာ ရခိုင်ပြည်နယ် မြောက်ဦးသို့ပြန်ပြီး ကျူရှင် ဆရာ ဘဝဖြင့် ဘဝပြန်စခဲ့ရသည်ဟုဆိုသည်။ ၁၉၈၄/၈၅ တွင် စစ်တွေ၌ ကျူရှင်ဆရာအဖြစ် ပြန်အသက်မွေးဝမ်းကျောင်းပြု နေစဉ်ကာလအတွင်း ၁၉၈၈ အရေးတော်ပုံနှင့်ကြုံတော့ အတွေ့အကြုံရှိသည့် သူပုန်ကျောင်းသားတယောက်ဖြစ်သောသူသည်စစ်တွေ အထွေထွေသပိတ်ကော်မတီ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်ဟု ကြားသိရသည်။ နဝတက အာဏာ သိမ်းပြီးနောက် ထိပ်ဆုံးကအဖမ်းခံရသောစာရင်းထဲတွင် ပါဝင်မည်ကတော့ အထူးပြောစရာလိုမည်မထင်ပေ။ဖမ်းပြီး တနှစ် ခန့် အာမခံနှင့်လွှတ်ထားခံရသေးသော်လည်း ၁၉၈၉ နှစ်ကုန်ခါနီးတွင် စစ်တွေတွင် ဖြစ်ပေါ်လာသော နိုင်ငံရေးတင်းမာမှု များကြောင့် အာမခံရုပ်သိမ်းခံရပြီး ထောင် ၁၄ နှစ် ကျခံရန် စစ်ခုံရုံး၏ အမိန့်ချမှတ်ခံရပြီး  ဒုတိယမ္မိထောင်ထဲဝင်ရပြန်တော့ သည်။ မြို့ပေါ်ဒီမိုကရေစီရေးလှုပ်ရှားသူများအတွက်ကတော့ အိမ်နှင့်ထောင် အိမ်ဦးနှင့် ကပြင်ကို ကူးချီ သန်းချီလုပ်သကဲ့သို့ ရှိချေတော့သည်။

အားလုံးသည် တဆင့်စကား တဆင်နားဖြင့် ကြားရသောအကြားများရှိသကဲ့သို့ နောက် သူနှင့်ပြန်ဆုံမှ ပြောဖြစ်သည်များ လည်းရှိသည်။ တကယ်တော့ သူနှင့်မိမိက နောင် ၂၅ နှစ်ခန့်ကြာမှ ပြန်တွေ့ရသည်။ မျက်ခုံးကောင်းကောင်း မျက်နှာချိုချို နှင့် ကဗျာဆရာ သူပုန်ကျောင်းသားသည် နှစ်အစိတ်ခန့်ကြာသွားသော်လည်း ပြန်လည်တွေ့ကြသောအခါ ပိန်ပိန်ပါးပါးနှင့် သိပ်ပြီးပုံစံမပြောင်းလှပေ။

၁၉၉၉ လား ၂၀၀၀ ခုနှစ်လားတော့ မမှတ်မိတော့။ မိမိ ပထမဆုံးအကြိမ်အဖြစ် စစ်တွေသို့ရောက်သွားသည်။ သူသတင်းကို စုံစမ်းရာ သူငယ်ချင်းဆရာဝန်တဦးက လူတယောက်လွှတ်၍ အကြောင်းကြားပေးသည်။ မိမိ အလုပ်ကိစ္စတခုနှင့် အပြင်သွား နေရာမှ ပြန်ရောက်တော့ တည်းခိုခန်းမန်နေဂျာက ဆီးကြို၍ပြောသည်။

"ဆရာကို လူတယောက်လာရှာသွားတယ်၊ ဦးလှ ဘယ်သူဆိုလားဘဲ နိုင်ငံရေးသမားတယောက်ဘဲဆရာ" မိမိပြုံးမိသည်။ လာရှာသူက ကိုဦးလှစောမှန်း တန်းသိလိုက်သကဲ့သို့ နိုင်ငံရေးအရတင်းမာမှု ဖမ်းဆီးမှုများရှိနေသည့်အချိန်ကာလတွင် သူ့ အား နာမည်မသိသူများကပင် "နိုင်ငံရေးသမား" ဟုကောင်းစွာ သိနေခြင်းကို ပြုံးမိသည်။ ညနေတခေါက် သူနောက်တခေါက် ပြန်လာရှာ၍ သူပုန်ကျောင်းသားဟောင်း စစ်တွေက လူသိများသော နိုင်ငံရေးသမားနှင့် မိမိနှင့်ပြန်လည်၍ အသစ်တဖန် ဆုံ ဖြစ်ကြသည်။ နှစ်ယောက် စလုံးအကြိုက်တူသော ယမကာအားမှီဝဲရင်း ရှေ့ဟောင်းနှောင်းဖြစ်တွေလည်း ပြောဖြစ်သည်။ လက်ရှိအကြောင်းလည်း ပြောဖြစ်သည်။ အိပ်မက်တွေအကြောင်း လည်းပြောဖြစ်သည်။ မျှော်လင့်ချက်များက မည်မျှပင် မှုံဝါးနေသည်ဖြစ်စေ မိမိတို့ကတော့ မျှော်လင့်ချက်များဖြင့် အသက်ဆက်ရှင်သန်ချင်သောသူများ ဖြစ်ခဲ့ကြပေတော့သည်။

၂၀၀၇ နောက်ပိုင်းတော့ သူနှင့်မိမိ ပိုနီးကပ်စရာအကြောင်းပေါ်လာသည်။ သူစစ်တွေမှ ရန်ကုန်သို့ မိသားစုလိုက် အိမ်ပြောင်း လာခဲ့သည်။ မိမိနေသောနေရာနှင့် မဝေးလှသောနေရာသို့ ပြောင်းရွှေ့လာသည်ဖြစ်ရာ မကြာခဏဆုံဖြစ်သည်။ အတူတကွ လဘက်ရည်လည်းသောက်ဖြစ်သည်။ ယမကာလည်း သောက်ဖြစ်သည်။ ခေတ်ပေါ်ဝေါဟာရနှင့်ဆိုရသော် သူနှင့် မိမိသည် ရင်ဘတ်ချင်းနီးစပ်သူများဖြစ်၍ စကားပြော၍ ငြင်းကြခုန်ကြ၍ အလွန်ကောင်းသည်။ တယောက်ပြောသည်ကို တယောက် လိုက်ထောက်ခံနေလျင် ထိုစကားဝိုင်းမျိုးက ပျင်းဖို့ကောင်းသည်။ အပြန်အလှန် ထောက်ပြဝေဖန် ငြင်းခုံနိုင်မှ စကားဝိုင်း ကစည်ကားသည်။ ထို့အတူ အပြန်အလှန်နားလည်မှုရှိကြဖို့လည်း လိုသည်။

သို့သော် အနှီ သူပုန်ကျောင်းသား ရခိုင်နိုင်ငံရေးသမားသည် ရပ်တည်ချက်မာကျောသော်လည်း ကဗျာသမား စာသမားပီပီ နှလုံးသားကား နူးညံ့ လွန်းလှသည်။ ခံစားလွန်းလှသူလည်းဖြစ်သည်။ ရဲဘောရဲဘက်များကို သံယောဇဉ်ကြီးလွန်းလှသူ လည်းဖြစ်သည်။ တရက်တော့ မိမိအိမ်တွင် အကြောင်းအရာတခုကို ပြောကြဆိုကြရင် သူရှိုက်ကြီးတငင် ငိုပါသည်။ ပွင့်လင်း စွာ ရင်ဖွင့်နိုင်သူများကြားမို့လည်းဖြစ်သည်။ ကြီးတောင့်ကြီးမား ယောက်ျားရင့်မကြီးတယောက် ရှိုက်ကြီးတငင်ငိုတော့ မိမိသမီးငယ်များကသူအားနားမလည်နိုင်ကြပေ။ ခပ်လှမ်းလှမ်းမှ တအံ့တသြငေးမောကြည့်ကြသည်။ မိမိသမီးငယ်များသာမက လူအချို့လည်း နားလည်နိုင်လိမ့်မည်မဟုတ်ပေ။ လူတယောက်အား နားလည်ပေးဖို့ဆိုသည်မှာ သူ့ကိုကောင်းစွာသိမှသာ ဖြစ်နိုင်ပေလိမ့်မည်။ ခေတ်ပေါ်ဘန်းစကားနှင့်ဆိုရလျင် သူ့ရင်ဘတ်ထဲဝင်ကြည့်နိုင်မှ ဖြစ်နိုင်ပေလိမ့်မည်။

နာဂစ်မုန်တိုင်းနှင့်အတူ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းခြင်းခံရပြီးနောက် သူအား နိုင်ငံရေးလှုပ်ရှားမှုများကို ပြန်လည် တွေ့မြင်ရသည်။ နိုင်ငံတကာသို့ သွားလာလှုပ်ရှားသည်ကို တွေ့ရသည်။ သတင်းစာမျက်နှာများပေါ်တွင် တွေ့လာရသည်။ လေလှိုင်းပေါ်တွင် သူ့အသံများကြားလာရသည်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDP ၏ အတွင်းရေးမှူးဖြစ်လာသည် ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးကို ရယူပြီး ရခိုင်အမျိုးသားနိုင်ငံရေးအတွက် ခြေလှမ်းများစတင်ရန် ဆုံးဖြတ်လိုက်ပုံရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ခြင်းပြုသည်ကိုမတွေ့ရ။ သူ့ပါတီအတွက်သာ နောက်က ဝိုင်းဝန်နေ သည်ကို တွေ့ရသည်။၂၀၁၄ ခုနှစ် RNDP နှင့် ALD ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး ရခိုင်အမျိုးသားပါတီ ANP အဖြစ်ဖွဲ့စည်းသည်။ ရခိုင်စည်းလုံးရေးကို အားထုတ်ခဲ့ကြသည်။ ANP ပါတီပေါင်းစည်းရာတွင် သူအတွင်းရေးမှူး တာ ဝန်မှထွက်ပေးပြီး သာမန်ဗဟိုကော်မတီအဖြစ်သာ တာဝန်ယူသည်ကိုတွေ့ရသည်။

မြို့ပေါ် တိုင်းရင်းသားပါတီများ မြို့ပေါ် နိုင်ငံရေးအင်အားစုများနှင့် ခင်မင်ရင်းနှီးသောသူသည် ထိုတပ်ပေါင်းစုကိစ္စများအ တွက်လည်း အတော်လေးအချိန်ပေးရပုံပေါ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်နေရာမှ ဝင်ပြို င် သူသည် တလခန့်အလိုမှ သူ့မဲဆန္ဒနယ်သွားနိုင်သည်။ မိမိက သူ့အား ....

"ကိုယ့်လူ မသွားသေးဘူးလား တလလောက်ဘဲလိုတာ" ဟုဆိုတော့ ...
"အေးဆေးပါ ကိုယ့်လူတွေလုပ်နေကြတယ်၊ ပူစရာမလိုဘူး၊ ပြိုင်ဘက်အမတ်ကို မဲသုံးသောင်းအကျောပေးမယ်" ဟု သွား ခါနီး ဆိုသွားခဲ့သေးသည်။ ထို့နောက် မြောက်ဦးမြို့နယ်တွင်း ရွာစဥ့်၍ စည်းရုံးရေးဆင်းနေသည့် သူနှင့် ANP ပါတီဝင်များအား လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရသည်။ ရွေးကောက်ပွဲကျင်းပဘို့ ၃/၄ရက်သာလိုတော့သည့်အချိန်တွင် မိမိထံသို့ တခါ ဖုန်းဆက်သည်။

"ပြိုင်ဘက်ကို မဲလေးသောင်း အကျောပေးမယ်ဗျို့၊ နဲရင် မဲငါးသောင်းပေးမယ်ဗျာ" ဟူသည့် ပြုံးချို ရွှင်ပြသည့် သူ့အသံကို ကြားလိုက်ရသည်။ သူနှင့် သူ့ပါတီ သူ့လူထုအခြေအနေကို ကောင်းစွာစည်းရုံးဆုပ်ကိုင်မိသည်ဟု မိမိသဘောပေါက်မိသည်။ ရွေးကောက်ပွဲ မဲစာရင်းထွက်လာတော့ မဲခြောက်သောင်းဖြင့် သူအပြတ်အသတ်နိုင်သည်။ သူ့ပြိုင်ဘက်ပါတီကသူများမှာ မဲရာဂဏန်း ထောင်ဂဏန်းသာရကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ANP ပါတီ အားကောင်းသည်ကို ဖေါ်ပြခြင်းလည်း ဖြစ်သည်ဟု ဆိုရပါမည်။

ထို့နောက် သူအား ခေါင်းပေါင်းစတထောင်ထောင်နှင့် ခန့်ငြားနေသော ပြည်သူ့လွှတ်တော်အမတ်မင်းအဖြစ် ၂၀၁၆ ခုနှစ်အ တွင်းတွေ့ရပါတော့သည်။ ယခင်က လက်ဝဲရခိုင်ကျောင်းသားလူငယ်တယောက်မှသည် ရင့်ကျက်သည့် ရခိုင်အမျိုးသားနိုင်ငံ ရေးခေါင်းဆောင်တဦးအဖြစ် ပြောင်းလဲတွေ့ရသည်။ မပြောင်းလဲသည်တော့ တခုရှိသည်။ ၎င်းမှာ ရခိုင်ပြည်သူအများစု ထောက်ခံမှုရသည့် အများစုကိုယ်စားပြု ဘော်ရှီဗစ်အမတ်မင်းဖြစ်နေခြင်းဟုဆိုရမည်။ သူသည် အချိန်အခါသင့်စွာပင် ရခိုင် အမျိုးသားရေး ပလက်ဖေါင်းပေါ်၌ ထွက်ပေါ်လာခြင်းသည် ရှောင်တခင်တော့ ဟုတ်ဟန်မတူပေ။

၂၀၁၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းက ကျင်းပသည့် မိုင်ဂျာယာန်ညီလာခံတွင် သူ့ကိုတွေ့ရသည်။ NBF ဟုခေါ်သည့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလည် ၅ ဦးတွင် သူတဦးအပါဖြစ်သည်။ မြို့ပေါ် တရားဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတပ်ပေါင်းစု နောက်တခုဖြစ်သည့် UNA မှ စိုင်းကျော်ညွှန့်နှင့် သူ့အား ညီလာခံတွင်းဆွေးနွေးချက်များအရ သတိပြု မိကြသည်။ ထို့ပြင် သူသည် မိုင်ဂျာယာန်ညီလာခံတက်သည့် တဦးတည်းသော လွှတ်တော်ကိုယ်စားလည်ဟု မှတ်တမ်းလည်း ဝင်ခဲ့သည်။

အဆိုပါ ညီလာခံတွင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်သည်။ NCA လက်မှတ် ထိုးထားသည့် ALP/AAUNFC အဖွဲ့ဝင်ဖြစ်သည့် ANC/AA နှင့် ငြိမ်းချမ်းဆွေးနွေးပွဲများသို့ မတက်လှမ်းနိုင်သေးသည့် ULA/ AA တို့ဖြစ်သည်။ ထိုအဖွဲ့အားလုံးတွင် သူနှင့်ရင်းနှီးသူများ သူတပည့်များပါသည်။ သူ၏နိုင်ငံရေးဖြတ်သန်းမှု ကျူရှင်ဆရာ သက်တမ်းနှင့်အတူ သူ၏ကဗျာတွေ စာတွေအရဖြစ်ပုံရသည်။ သူ၏ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု ကြောင့်လည်းဖြစ်ပုံ ရသည်။ သေချာသည်ကတော့ သူသည် ရခိုင်ပြည်နယ်နိုင်ငံရေးတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်။ သူ၏ အ နှစ် ၆၀ ကျော် လူ့သက်တမ်းသည် နိုင်ငံရေးနယ်ပယ်တွင် အချိန်ကုန်ဆုံးခဲ့ရသည် မဟုတ်ပါလော။

မိုင်ဂျာယာန်သည် သူအတွက် လွမ်းစရာလည်း ဖြစ်ခဲ့ပုံရသည်။ ၁၉၇၅ဇွန် သပိတ်ကာလက သူနှင့်လက်တွဲခဲ့သော ခင်မင် ရင်းနှီးခဲ့သော ကိုကျော်ဇောဦး (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသား) သည် ၁၉၇၅ ခုနှစ် ဇွန် ကိုဦးလှစောတို့ ထောင်ကျပြီး တနှစ်ကျော်ခန့်အကြာတွင် CPB အရှေ့မြောက်သို့ ရောက်သည်။ ထိုစဉ်က လျှို့ဝှက်ရေးအရ နာမည်များ ပြောင်းကြရရာ ကျော်ဇောဦးက သူချစ်ခင်သော ရဲဘော် ကိုဦးလှစော၏ ကလောင်နာမည်အားယူ၍ ရဲဘော်ခိုင်အောင်ဘဝ ခံယူသည်။ အ ရှေ့မြောက်နယ်စပ် CPB ဒေသတွင်သိကြသော ရဲဘော်ခိုင်အောင်မှာ ကျော်ဇောဦးဖြစ်သည်။

ကျော်ဇောဦးကား မရှိရှာတော့။ ကွယ်လွန်သွားရှာပြီ ဖြစ်သည်။ သို့သော် နယ်စပ်တွင် မားယုံဆိုသည့် ကချင်အမျိုးသမီး တဦးနှင့်အိမ်ထောင်ကျပြီး သူ့မျိုးဆက်များ ကျန်ခဲ့သည်။ ကျော်ဇောဦး၏ သမီးကြီးဖြစ်သူ နူးနူးအား မိုင်ဂျာယာန်တွင် KIO/KIA တပ်ဖွဲ့ဝင် ဆရာဝန်မလေးအဖြစ် ကိုဦးလှစော တွေ့ခဲ့ရသည်။ ရဲဘော်ရဲဘက်ဖြစ်ခဲ့သူ ရဲဘော်ခိုင်အောင်၏ သမီးဖြစ်သူ အား မောင်ခိုင်အောင် (စစ်တွေ) တွေ့ဆုံခြင်းဖြစ်သည်။ မြို့ပေါ် ဥပဒေတွင်း နိုင်ငံရေးသမား မောင်ခိုင်အောင်သည် သူ၏ရဲ ဘော် ရဲဘော်ခိုင်အောင်၏မျိုးဆက်အား လက်နက်ကိုင်တပ်ဖွဲ့တွင် ဆက်လက်တွေ့နေရဆဲဖြစ်သည်။ မြန်မာ့ပြည်နိုင်ငံရေးညတာရှည်လွန်းလှသည်ဟု ဆိုရပါမည်။

"ကျနော် စာရေးမယ်ဗျာ၊ ခိုင်အောင်မှ ခိုင်အောင်ထံပေးစာဆိုပြီး ခေါင်းစဉ်တပ်မယ်၊ ကျနော်တို့ ဖြတ်သန်းမှုတွေ အမြင်တွေကို ပုံဖေါ်ရေးမယ်" ဟု မိုင်ဂျာယာန်ကအပြန်တွင် ဆိုပါသည်။ သို့သော် ယခုအချိန်ထိ သူမရေးနိုင်သေးပေ။ ရှုပ်ထွေးလှစွာသော မြန်မာ့နိုင်ငံရေး ရခိုင့်နိုင်ငံရေးတွင် အလုပ်ရှုပ်နေဟန်တူသည်။ ရုန်းကန်နေရဟန် တူသည်။ နိုင်ငံရေးခရီးရှည်အား မမော မပမ်း လျှောက်နေပုံရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး လွှတ်တော်တွင်း သူ၏ဆွေးနွေးချက်ကြောင့် စီ ကနဲဖြစ်သွားသည်။
သူ့အား လူသိများသွားသည်။ သူ့အား လူမုန်းများသွားသည်ဟုလည်း ဆိုနိုင်သည်။ သို့သော် သူ၏ ရဲဘော်များ မဲဆန္ဒရှင်များ ၏ထောက်ခံမှုများကိုလည်း ပို၍ရလိုက်သည်ဟု ဆိုနိုင်သည်။ ဤအချင်းအရာမှာ နိုင်ငံရေးနယ်ပယ်တွင် ရှောင်လွှဲ၍မရပေ။ နိုင်ငံရေးနယ်ပယ်တွင် လက်ခုတ်သြဘာသံချည်းမျှော်လင့်၍ မရနိုင်။ ဆဲဆိုဝေဖန်သံများကိုလည်း ရှောင်လွှဲ၍မရနိုင်ပေ။ မိမိ မှန်ကန်သည်ဟုယူဆသော နိုင်ငံရေးရပ်တည်ချက်ပေါ်တွင် ရပ်ခံလိုက်သည်နှင့် ချစ်ခြင်းရော မုန်းခြင်းပါ ရှောင်ကွင်း၍ မရ နိုင်။

"ကျနော် နိုင်ငံရေးကအနားယူပြီးရင် အေးအေးဆေးဆေး စာရေးချင်တယ်ဗျာ" ဆိုသည့် ဗိုလ်အောင်ဆန်း၏စကားကို သတိ ရမိသည်။ ပညာရှင်ဖြစ်ချင်သော ရဲဘော်အောင်ကြီးအား သတိရမိသည်။ တိုင်းပြည်အခြေအနေကလည်း ယနေ့တိုင် အေး အေးလူလူ စာရေးနေ၍မရသည့်အခြေအနေဖြစ်နေသေးသည်က ဝမ်းနည်းစိတ်ပျက်ဘွယ်ဟု ဆိုရမည်။ လူသားတယောက် အနေနှင့် မိမိအလုပ်တခုကို ရပ်တန့်၍ ရ/မရ ဆိုသည်မှာ တခါတရံ သူ၏ ဆုံးဖြတ်ချက်နှင့်ဆိုင်သည်။ တခါတရံ ပတ်ဝန်းကျင် အခြေအနေများနှင့် ဆိုင်သည်။ မည်သို့ဆိုစေ မည်သူမပြု မိမိမှုသာဖြစ်သည်ဟု ဆိုကြသည်။ သမိုင်းကိုရေးသားကြသည်က တော့ ပညာရှင်များဖြစ်ကြသော်လည်း သမိုင်းကို ထုဆစ်သူများက ပြည်သူများဖြစ်ကြပါသည်။

ပြိုင်ပွဲတခုတွင် ဝင်ပြိုင်ကြသူတိုင်း အနိုင်အရှုံးသည် ရှောင်လွှဲ၍မရသကဲသို့ တိုက်ပွဲတခုတွင် ပါဝင်သူတိုင်း အနိုင်အရှုံးအား ရှောင်လွှဲ၍မရပေ။သို့သော် တခါတရံ အရှုံးအနိုင်က အမှန် အမှားကို ဆုံးဖြတ်နိုင်စွမ်းမရှိပေ။ သို့မဟုတ်ပါက " အို အေသင်မြို့ သားအပေါင်းတို့ အမှန်အမှားသည် ယခုအခါ သင်တို့နှင့် ကျွန်ုပ်တို့ကြား မကွဲပြားသေးပါ" ဟုဆိုကာ အဆိပ်ခွက်ကို မော့ သောက်၍သေသွားသည့် ကြီးကျယ်ခမ်းနားသူတယောက် သမိုင်းတွင် ပေါ်ပေါက်လာစရာမရှိပေ။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)