ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လူဗိုလ် - အပြစ်မဲ့သူတို့၏ ဝဋ်ကြမ္မာ




POS

လူဗိုလ်  - အပြစ်မဲ့သူတို့၏ ဝဋ်ကြမ္မာ 
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၆

သူဆိုလိုတာကို ကျနော်သဘောပေါက်၏။ ကျနော်က ဒီရွာမှာစာသင်တဲ့ဆရာဆိုပေမယ့်ကျောင်းသားတပ်မတော် ကဆိုတာ ရွာသားတိုင်းသိကြသည်။ သို့ကြောင့်ပင် မိုင်းအကြောင်းကို ကျနော်နားလည်လိမ့် မည်ဟုထင်ပုံရသည်။ အမှန်က ကျနော်နဲ့မနီးစပ်ခဲ့။ ကျနော်က ABSDF ရဲဘော်တယောက်ဖြစ်ပေမယ့် ကျနော်ထမ်းဆောင်ဖူးသည့် တာဝန်များထဲတွင် တိုက်ခိုက်ရေးကဏ္ဍမပါ။
(၁)

ကုန်းတက်ကိုအကျော် တိုးနိုးနိုပါတို့တဲစုကို လှမ်းမြင်လိုက်ရမှ သက်ပြင်းချမိသည်။ လျှောက်ခဲ့ရသည့် ခရီးက မိုင်၂ဝ ကျော်၊ တောင်ကုန်းအဆင်းအတက်တွေချည်း။ ခုမြင်လိုက်ရတဲ့တဲစုတွေက လယ်ခိုဒိုးသာရွာ သင်္ချိုင်းကုန်း အနီး တောင်ကြောတွေရဲ့ကြားက ပုန်းတဲတွေ။ ၁၉၉၇ - ခုနှစ် ရွာတွေမီးရှို့ခံရပြီး ရွာအနီးအနားမှာတောင်မှ နေခွင့်မရကြတဲ့ ရွာ သားတွေကို သံတောင်မြို့အနီးမှာ စုစည်းပြီးထားလို့ “စုစည်းရွာ” ဟူ၍ပေါ်ပေါက်လာခဲ့၏။ စုစည်းရွာမှာနေကြရတဲ့ မိသားစု တွေ ရိက္ခာစုနိုင်ဖို့နဲ့ ရွာပြန်ပြီး၊ ပုံမှန်ခြံလုပ်ငန်းတွေလုပ်နိုင်ဖို့အတွက် ဒီတဲစုကလေးတွေက ခေတ္တတည်းခိုစရာ … ။

“ဟာ ဆရာလူဗိုလ်၊ ဆရာတယောက်ထဲလား၊ အခု ဘယ်ကလာတာလဲ”

ကျနော်ကိုမြင်လိုက်သည်နှင့် တိုးနိုးနိုပါရဲ့ အံ့သြတကြီးနှုတ်ဆက်သံ။ သူ့နံဘေးမှာ ကျော်ကဒါ၊ ပြီးတော့ လယ်ခိုဒိုး သာ ရွာသားအချို့။

“ကျနော် ကိုမူဒိုရွာကလာတာလေ။ စုစည်းမှာနေထိုင်ရတဲ့ အခြေအနေလေးတွေ သိချင်လို့ ပြန်လာလည်တာ။ ဟိုမှာ နေရထိုင်ရတာ အဆင်ပြေကြရဲ့လား”

 ၁၉၉၆ - ခုနှစ် လယ်ခိုဒိုးသာရွာမှာ ကျနော်က ကျောင်းဆရာ။ နှစ်ကုန်လို့ နွေရာသီကျောင်းပိတ်ချိန်လည်းရောက် စစ်အစိုးရတပ်များ ကရင်ပြည်နယ် သံတောင်တမြို့နယ်လုံးက ရွာတွေအားလုံးကိုမီးရှို့ခဲ့သည်။ မီးရှို့ပြီးစမှာ ရွာသားတွေက ရွာနီးတဝိုက်မှာ ပုန်းအောင်းနေကြသေးသည်။ ကျနော်လည်း လယ်ခိုဒိုးသာရွာသားတွေနဲ့အတူ၊ ငှက်ပျောပင်တွေကိုခင်း၊ ငှက်ပျောရွက်တွေကိုမိုး တဲကလေးတွေ ဆောက်ပြီး နေခဲ့ကြသည်။ ခွေးဟောင်သံကြားရင်၊ ကြက်တွန်သံကြားရင်၊ ကလေး ငိုသံကြားရင်၊ မီးခိုးထွက်တာမြင်ရင် နအဖစစ်တပ်တွေက သေနတ်နဲ့လှမ်းလှမ်းပစ်တတ်ပေမယ့် ရွာသားတွေမှာ မျက်နှာက အပြုံးမပျက်ကြ။ မွေးကတည်းကကြုံလာရသည့် အဖြစ်အပျက်တွေမို့ ရိုးနေကြပုံပေါ်၏။ တောတောင်ထဲ ဖါးရှာ၊ ငါးရှာ၊ သဘာဝအသီးအရွက်တွေ လုရှာကြရင်း ပျော်နေကြရှာသည်။

 တလလောက်ကြာမှ စုစည်းရွာကိုအားလုံးလာကြ။ မလာရင် တွေ့တဲ့လူအကုန် ပစ်မယ်ကြားတော့မှ ရွာသားတွေ တစုပြီးတစုထွက်သွားကြသည်။ နောက်ဆုံးကျနော်တယောက်ထဲ။ အစားအစာအခက်အခဲနဲ့ လူသူမရှိ တယောက်ထဲနေရ တဲ့ဒုက္ခကို ဆက်မခံနိုင်တဲ့အဆုံး ရွာသားတွေရှိနေသေးတဲ့ ကရင်နှင့်ကရင်နီ နယ်စပ်က ရွာတွေဘက်မှာသွားနေခဲ့ရသည်။

“အဆင်ပြေပါတယ်ဆရာ၊ ရောက်စက အိုးခွက်နဲ့ ဆန်ကအစထုတ်ပေးတယ်။ နောက်ပိုင်းကြတော့ ကိုယ့်ဖါသာ ကိုယ်ရှာစားရတယ်။ ဆန်ကိုတော့ ဟိုမှာဝယ်စားလိုက်၊ တခါတခါဒီမှာ လာပြန်သယ်လိုက်ပဲ။ ဟင်းချက်စရာကတော့ ဝယ် မစားနိုင်ဘူးဆရာရေ၊ ကျနော်တို့က ကျွဲလိုနွားလိုစားကြတာဆိုတော့ ဝယ်မစားနိုင်ကြဘူး၊ တွေ့ရာအသီးအရွက်တွေကို ခူးစားရင်း ကြာလာတော့အပင်တွေက အရွက်ရင့်တွေတောင် မကျန်ကြတော့ဘူး။ ဒါကြောင့်ခွင့်တောင်းပြီး ဒီမှာဟင်းစား လာပြန်ရှာနေရတယ်”

“ဆရာကကံကောင်းတယ်။ မနေ့ညက ကျနော် ဂျီတကောင်ရထားတယ်။ အခု ဝမ်းတွင်းသားတွေ ချက်ထားတယ် ဆရာရေ။ တခါထဲထမင်းစားတော့မလား”

 “ထမင်းဆာလာတာနဲ့အတော်ပဲ တိုးနိုးနိုပါရေ။ ကျနော်လည်း ဒီမှာလာပြန်နေချင်ပြီ”

 ကျော်ကဒါတို့အဖွဲ့က ထမင်းဝိုင်းပြင်နေကြပြီ။ ကျနော်ကတော့ တိုးနိုးနိုပါကိုတွေ့လိုက်ရတာနဲ့ ဟင်းကောင်းစားရ တော့မယ်လို့ ကြိုတွေးပြီးသား။ ဟိုးအရင်သူတို့အိမ်မှာ အတူတူနေခဲ့ရတဲ့အချိန်ကဆိုရင်၊ တောဝက်သား၊ ဂျီသား၊ တော ကြက်၊ ငှက်၊ ဖား၊ ငါး တမျိုးပြီးတမျိုး မရိုးနိုင်အောင်ရှာကျွေးနေကျ။ တချို့တောကောင်တွေဆိုရင် နာမည်တောင်မခေါ် တတ်ဘူး။ ကြက်လိုလို ငှက်လိုလိုအကောင်တွေ၊ ကြောင်လိုလို ကြွက်လိုလိုအကောင်တွေ အစုံပါ၏။ ရစ်တို့၊ ဖြူတို့၊ ပွေး တို့ဆိုလျှင် လယ်ခိုဒိုးသာရွာမှာနေမှ ကျနော်မြင်ဖူး၊ စားဖူးသည်။

“ကဲ လက်ဆေးဆရာရေ စားကြမယ်”

ကြမ်းပြင်မှာဝိုင်းထိုင်ကြပြီး ထုံးစံအတိုင်း မစားခင်ဝတ်ပြုဆုတောင်းကြသည်။ ဒီနယ်တဝိုက်မှာက ခရစ်ယာန်ဘာ သာဝင်တွေချည်း။ ကျနော်လည်း သူတို့နည်းတူ မျက်စိမှိတ်ငြိမ်နေလိုက်ရ၏။

“စားလို့ရပြီဆရာရေ၊ အားရပါးရစား” ဆိုမှ မျက်စိဖွင့်ကြည့်လိုက်မိသည်။

“ဆရာရော ကိုမူဒိုရွာမှာနေရတာ အဆင်ပြေရဲ့လား”

“ပြေတယ်လည်းမဟုတ်ပါဘူးဗျာ၊ လူတွေနဲ့အတူနေရတယ်၊ စိတ်ချလက်ချအိပ်လို့ရတယ်၊ ထမင်းမငတ်ဘူး ဆိုရုံ ပါပဲ။ ကျနော်လည်းဟိုရောက်မှ ပညာတွေတိုးလာတယ်။ အခုစပါးလည်းရိတ်တတ်ပြီ၊ ဆူးလည်းထိုးတတ်ပြီ တိုးနိုးနိုပါရေ၊ အခု ကျနော်ဟိုမှာ ဒီးဒါးခိုရွာ၊ မာဘွယ်ခိုရွာနဲ့ ဂေလော်ခီးရွာက ကလေးတွေကိုပါခေါ်ပြီး စာသင်ပေးနေတယ်”

“ကောင်းတယ်ဆရာ။ ကလေးတွေလည်း ရွာတွေမီးရှို့ခံထားပြီးကတည်းက တောထဲပုန်းနေကြရတော့ လူနဲ့ကို တူကြတော့မှာမဟုတ်ဘူး။ စာလည်းမသင်ရ၊ အိမ်နဲ့လည်းမနေရ”

စကားပြောရင်း တိုးနိုးနိုပါက အသည်းဖတ်ကြီးကြီးတဖတ်ကို ကျနော့်ပန်းကန်ထဲ ခပ်ထည့်ပေးကာ အူဖတ်တဖတ် ကိုခပ်၍ သူ့ပါးစပ်ထဲသို့ တန်းထည့်လိုက်၏။

(၂)

“ဝုန်း”

ထမင်းဝိုင်းမှ စကားသံများလည်းရပ်၊ ဆောင်းပုဇင်းရင်ကွဲသံများလည်းရပ်သွားကြ၏။ ရွာအနောက်ဖက်မှ အသံ ဖြစ်သည်။ ကျနော်တို့နှင့်ဆိုလျှင် အများဆုံး တမိုင်ကျော်ကျော်သာ ကွာနိုင်သည်။

“ဟာ မိုင်းသံပဲ၊ ဘာဖြစ်ပြန်ပြီလဲမသိဘူး”

“တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူးထင်တယ်၊ လက်နက်ငယ်အသံတွေ မကြားရဘူး”

ကျနော်တို့ထမင်းဝိုင်းကို လက်စသတ်လိုက်ကြပြီး သတိဝီရိယဖြင့် မီးမှုတ်၊ အသံတိတ်ကာ ငြိမ်နေ လိုက်ကြသည် ကျနော်လည်း တနေကုန်လမ်းလျှောက်ထားရသဖြင့် လှဲနေရင်းက အိပ်ပျော်လုလု။

“တိုးနိုးနိုပါ၊ တိုးနိုးနိုပါ”

ဟိုမှာ မိုရှေးမိုင်းနင်းမိလို့ ဟုလှမ်းပြောရင်း နေသာဆိုးပါတယောက် ဒါးပလိုင်းကိုလွယ်လျှက် အမောတကော ရောက် လာသည်။

“ဘာ … ဘယ်လိုဖြစ်တာလဲ”

မိုရှေးမှာ တိုးနိုးနိုပါ(တိုးနိုးနို၏အဖေ)ရဲ့ ယောက်ဖ။ တိုးနိုးနိုမို(တိုးနိုးနို၏အမေ) ရဲ့ အကို။

“ညနေက မိုရှေးကို တောကြက်ထောင်ဖို့ပြင်နေတာတွေ့တယ်။ ခိုဒိုးကားရွာဖက်သွားတဲ့လမ်းမှာ သွားထောင်မလို့ လုပ်နေလို့ သူ့ကိုသတိပေးခဲ့သေးတယ်။ အဲ့ဒီလမ်းက စစ်သားတွေဖြတ်ဖြတ်သွားတတ်လို့ ဗိုလ်သဲဒယ်အဖွဲ့က မိုင်းထောင် တဲ့ ကျော်ဂေါ်အယ်က ဒီလမ်းမှာမိုင်းထောင်မယ်လို့ အကြောင်းကြားထားပြီးသား”

ဗိုလ်သဲဒယ်ဆိုတာက ကေအန်ယူကတပ်ခွဲမှူး၊ နှုတ်ခမ်းမွှေးစစ၊ အရပ်မြင့်မြင့်နှင် ဆက်ဆံရေးကောင်းသူ။ ပညာတတ် တယောက်။

“ဒါဆိုရင် ဒီဖက်ကထောင်တဲ့မိုင်းပေါ့” လို့ ကျနော်ဖြတ်မေးလိုက်သည်။

“သေချာတာပေါ့၊ ထောင်မယ်ဆိုရင်လည်း ဘယ်နေရာလောက်မှာဆိုတာ မပြောထားဘူး။ လမ်းဆိုတာက အရှည်ကြီး။ ဘယ်နားမှာဆိုတာ ဘယ်လိုခန့်မှန်းမလဲ”

“မိုရှေးကလည်းဂရုမစိုက်တာပါ၊ ကြက်ထောင်စရာနေရာတွေအများကြီးပဲ”

အချိန်က ၁၂ - နာရီကျော်ကျော်။ လကွယ်ညမို့ တလောကလုံးမှောင်မဲနေသည်။ ဒီဇင်ဘာလမို့ အအေးဓာတ်က အားကောင်းဆဲ။ ကျနော်မျက်လုံးထဲတွင်တော့ သဘောကောင်းကောင်း၊ ခပ်အေးအေးနေတတ်သည့် ကိုမိုရှေးမျက်နှာ ကို မြင်ယောင်နေမိသည်။

“ဒီလိုနေလို့တော့မဖြစ်ဘူး၊ မိုရှေးကိုဒီည တွေ့အောင်သွားရှာမှဖြစ်မယ်။ ဆရာလည်းလိုက်ခဲ့ပေါ့”

တိုးနိုးနိုပါ စဉ်းစားနေရင်းမှ ရုတ်တရက်ပြောလိုက်သည်။ တိုးနိုးနိုပါက ကျနော့်မွေးစားအဖေ။ အသက်သိပ် မကွာလှေ ပမယ့် မိဝေးဖဝေးဖြစ်နေတဲ့ကျနော့်ကို မိဘတဦးလို သဘောထားနိုင်သူ။ သူ့သားတိုးနိုးနို ကျောင်းတက်ရင်း ဖျားလို့ ကျနော်ဆေး သွားကုဖူးသည်။

တိုးနိုးနိုအထက်ကနှစ်ယောက်နဲ့ အောက်ကတယောက် ရောဂါနဲ့ဆုံးပါးဖူးသဖြင့် သူ့ သားရောဂါ ကို ပျောက်အောင်ကုသပေးသူ၊ ကျေးဇူးရှင်အဖြစ်ကျနော့်ကို သတ်မှတ်ထားဟန်ရှိသည်။

သူ့အိမ်တွင်လာနေဖို့ ဖိတ်ခေါ်ကာ၊ သား အရင်းတယောက်လို သဘောထားခဲ့သူလည်းဖြစ်သည်။

“ဆရာမှာဆေးပါတယ်မဟုတ်လား”

တိုးနိုးနိုပါမှ ဆက်၍မေးသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျနော်နားချင်နေသည်။ တနေကုန်ပင်ပန်းခဲ့သည်နှင့် အိပ်ချိန်လွန်နေခြင်းများကြောင့် အလွန်အိပ်ချင်လှပြီ။ သို့သော်မိုရှေးက တိုးနိုးနိုပါရဲ့ယောက်ဖ၊ လယ်ခိုဒိုးသာရွာရဲ့ သင်းအုပ် ဆရာ၊ ဒါထက်အရေးကြီးတာက ကလေးငယ်(၂) ယောက်ရဲ့ဖခင်၊ သူ့မိသားစုကို စုစည်းရွာမှာထားခဲ့ပြီး ရွာမှာဟင်းစား ပြန်လာရှာစားသူ၊ တခုခုများဖြစ်သွားရင် …

“ကျနော့်မှာပါပါတယ်၊ ဆေးမစုံပေမယ့် တတ်နိုင်သလောက်ကြည့်လို့ရတာပေါ့”

“ဟုတ်တယ်ဆရာ၊ ဆရာပါလာတယ်ဆိုရင် မိုရှေးလည်းအားရှိမှာ”

“ဒါဆိုရင်မြန်မြန်သွားကြမယ်၊ ကျော်ကဒါက ဆရာ့ဆေးပုလိုင်းကိုလွယ်ကူလိုက်” ဟုပြောကာ တိုးနိုးနိုပါက
ဓားချင်းကို လွယ်၊ တူမီးကိုထမ်းကာ ရှေ့ဆုံးမှထွက်သွားသည်။ ကျနော်နှင့် ရွာသားများက နောက်မှ …။

(၃)

ရွာကိုဖြတ်တက်၍ ၁၅ - မိနစ်လောက်လျှောက်အပြီး ဓာတ်မီးရောင်နှင့် လူတစုကိုမြင်လိုက်ရသည်။ ဓာတ်မီး အလင်းေ ရာင်များမှာ အတန်းလိုက်မဟုတ်ဘဲ အစုလိုက်ဖြစ်နေခြင်းနှင့် ကရင်လိုစကားပြောသံများကိုကြားနေရသဖြင့် ရွာ သားများ ဖြစ်ကြောင်းခန့်မှန်နိုင်သည်။ ကျနော်စိုးရိမ်မိသည်မှာ ဗုန်းကွဲသံကြားသဖြင့် အစိုးရစစ်တပ်များတောနင်းနိုင်၍ တည့်တည့် တိုးမိမည်ကိုသာ။ ပို၍နီးလာလေလေ စကားသံများမှာ ပို၍ရှင်းလာလေလေဖြစ်ပြီး၊ လယ်ခိုဒိုးသာရွာသူကြီး ဦးစောထူးနှင့် ရွာသားများဖြစ်နေကြသည်။

“တိုးနိုးနိုပါရေ၊ မိုရှေးတော့ ခြေတဖက်ပြတ်သွားပြီ၊ ခုနက နေဆဲပြန်ရောက်လို့ပြောပြတယ်။ သူနဲ့အတူတူသွားတာ တဲ့၊ ကြက်ထောင်ချောက်တွေလိုက်ချပြီးအပြန် မိုရှေးက တောကြောင်သွားစောင့်မယ်လို့ပြောပြီး စားပင်ဖက်ကိုအသွား နင်းမိသွား တာတဲ့။ နေဆဲလည်းလန့်ပြီးပြန်ပြေးလာတယ်။ ခက်တာက ညကလည်းမှောင်၊ အဲ့ဒီနားတဝိုက်မှာက မိုင်းက ၂ - လုံး ကျန်သေးတယ်ဆိုတော့ သွားရမှာ ခပ်လန့်လန့်ဖြစ်နေကြတယ်”

“ဟာ ဆရာလူဗိုလ်လဲ ပါတာပဲ၊ အတော်ပဲဆရာရေ၊ ဆရာ့ကိုပဲ အားကိုးရမှာပဲ” ဟု နေဆဲမှလှမ်း ပြောသည်။

သူဆိုလိုတာကို ကျနော်သဘောပေါက်၏။ ကျနော်က ဒီရွာမှာစာသင်တဲ့ဆရာဆိုပေမယ့်ကျောင်းသားတပ်မတော် ကဆိုတာ ရွာသားတိုင်းသိကြသည်။ သို့ကြောင့်ပင် မိုင်းအကြောင်းကို ကျနော်နားလည်လိမ့် မည်ဟုထင်ပုံရသည်။ အမှန်က ကျနော်နဲ့မနီးစပ်ခဲ့။ ကျနော်က ABSDF ရဲဘော်တယောက်ဖြစ်ပေမယ့် ကျနော်ထမ်းဆောင်ဖူးသည့် တာဝန်များထဲတွင် တိုက်ခိုက်ရေးကဏ္ဍမပါ။ ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် ပညာရေးဌာနများတွင်သာ လုပ်ကိုင်ခဲ့ဖူးသဖြင့် မိုင်းကိစ္စကို နား မလည်ရိုးအမှန်။

“ဆရာရေ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့လည်း ခြေမချရဲဘူးဖြစ်နေကြတယ်။ မသွားရင်လည်း သွေးထွက် လွန်ပြီး မိုရှေးတယောက် ဒုက္ခရောက်မှာ”

ကျနော်ဘာဆက်လုပ်ရမည်နည်း။ လမ်းသိသည့်ရွာသားများကလည်း ရှေ့ကမသွားရဲ။ ကျနော်ကိုယ်တိုင်က လည်း ထိုနည်းတူစွာ။ ပို၍ဆိုးသည်ကား မိုင်းကိစ္စကိုကျနော်နားမလည်ကြောင်း ရွာသားများကိုရှင်းပြရင်လည်း ကြောက်၍ ပြောသည်ဟု ထင်နိုင်သည်။ ယုံကြည်မှုကင်းမဲ့သွားနိုင်သည်။ မတတ်နိုင်တော့၊ မိမိ၏ကျေးဇူးရှင်များအပေါ် ကျေးဇူးဆပ် နိုင်ခွင့်ကို လက်ရှိအခြေအနေနဲ့ပဲ အရယူရတော့မည်။ ဘဝဘဝတွေနဲ့ရင်းပြီး ဗမာမှန်ရင် လူဆိုး၊ လူယုတ်မာဟု သတ်မှတ် ထားခဲ့ကြသော တောင်ပေါ်ဘွဲကရင်များကို ကောင်းသည့်ဗမာဆိုတာ ရှိသေးကြောင်းကို ကြုံတုန်းသက်သေပြရမည်။

“ဒါဆိုရင် ကျနော်ရှေ့ကသွားမယ်။ ခပ်လှမ်းလှမ်းကလိုက်ခဲ့ကြ၊ ကျနော်ကလမ်းမသိတော့ လမ်းခွဲရှိရင် အော်ပေး ပေါ့။ ကဲ သွားကြစို့”

 ရှေ့မှသာလျှောက်ခဲ့ရသည် ကျနော့်စိတ်မှာ လေးနေ၏။ ခြေနှစ်ဖက်မှာ ခဲကြီးကြီးဆွဲထားသလိုလို။ အရဲစွန့်၍ ရှေ့ မှထွက်ခဲ့ရပေမယ့်ဘုရားတနေမိ၏။ လမ်းကလည်းမှောင်၊ ဓာတ်မီးကလည်း အားနည်းနေသဖြင့် တောင်ကြောတလျှောက် အဆင်းအတက်ကိုလမ်းလျှောက်ရသည်မှာ မဖြောင့်။ ဖြစ်နိုင်လျှင် ဤအဖြစ်အပျက်ကို အိပ်မက်သာဖြစ်စေချင်တော့သည်။

(၄)

ဗီဒီယိုကြည့်သလို၊ ကက်ဆက်နားထောင်သလိုသာ ကျော်လို့ရရင် လက်ရှိအခြေအနေကို ကျော်လိုက်ချင်၏။

“ဆရာ … ဆရာ့ဓာတ်မီးက သိပ်အားမကောင်းဘူး၊ ကျနော့်ဓာတ်မီးနဲ့လဲပေးမယ်၊ ခဏစောင့်ပါဦး”

 နောက်မှ တိုးနိုးနိုပါအသံကြောင့် ခဏရပ်စောင့်၍ဓါတ်မီးလဲလိုက်သည်။ တိုးနိုးနိုပါ၏ ကျနော့်အပေါ် မေတ္တာထား နိုင်မှုနှင့် ဂရုတစိုက်ရှိမှုတို့ကို သတိပြုလိုက်မိသည်။ ကျနော့်မှာတော့ ခဏတာ ခုလိုရပ်နားခွင့်ရရှိလိုက်ခြင်းသည်ပင် မဟာ အခွင့်အရေးတရပ်။ စိတ်ကိုအတင်းချုပ်တည်းကာလျှောက်နေရခြင်းမှ ကင်းလွတ်ခွင့်၊ လွတ်မြောက်ခွင့်ပေတည်း။
ဓာတ်မီးလဲလိုက်ခြင်းကြောင် လမ်းကိုကောင်းကောင်းမြင်ရလေပြီ။ လမ်းမမြင်ရ၍ ဖြေးဖြေးလျှောက်နေရသည်ဟု ဆင်ခြေပေးခွင့်မရှိတော့။ ခပ်သွက်သွက်လျှောက်မှဖြစ်တော့မည်။ ကျနော့်ကိုကျနော်လည်း အမျိုးမျိုးအားပေးနေရသည်။

တပ်ရင်းမှရဲဘော်များ၏ နောက်ပြောင်ပြောခဲ့ဖူးသည်များကို ပြန်သတိရမိသည်။ မိုင်းမှာ ကိုယ်ပိုင်နံပါတ်နဲ့ နာမည် တွေ ကပ်ပါပြီးသားတဲ့။ အတွေ့အကြုံများထဲမှ စကားများဖြစ်၏။ ရှေ့ကသွားတဲ့လူမထိပဲ နောက်ကလူကိုထိတဲ့အဖြစ်တွေ၊ လူအများသွားလာနေကျနေရာနဲ့ အမြဲနေနေကျနေရာတွေမှာ ခဏလာလည်တဲ့လူကျမှထိတတ်တဲ့အဖြစ်တွေကနေ ပေါ် လာတဲ့စကားလေ။
ဟုတ်သည်။ ကံပါရင်တော့ နင်းမိမှာပဲ။ ခုမနင်းမိလည်း နောက်နင်းမိချင် နင်းမိနိုင်တာပဲ။ ဖြေးဖြေးလျှောက် လျှောက်၊ မြန်မြန်လျှောက်လျှောက်၊ နောက်ကလျှောက်လျှောက်၊ ရှေ့က
 လျှောက်လျှောက် ထိချင်တဲ့သူထိမှာပဲ။ မထူး တော့ပါဘူး၊ ရဲရဲသာလျှောက်တော့လူဗိုလ်ရေဟု စွတ်အတင်းအားပေးကာ သွက်သွက်ကလေး လျှောက်လိုက်မိသည်။

အတော်ကလေးလျှောက်မိပြီး ခပ်ညည်းညည်းအော်သံကိုကြားလိုက်ရ၍ အပြေးလေးသွားကြည့်မိသည်။ သေချာ တာပေါ့ ကိုမိုရှေး။ ညာဖက်ခြေ ဒူးဆစ်အောက်တွင်မရှိတော့။ ပက်လက်အနေအထားဖြင့်လဲနေသည်။ သွေးများမှာ မြင်မ ကောင်း။ မျက်နှာမှာလည်း စိုးရိမ်သောကများနှင့်အတူ ညှိုးငယ်နေ၏။

“ကိုမိုရှေး၊ ကျနော်ဆရာလူဗိုလ်ပါ။ ကျနော်တို့ရောက်လာကြပြီ ဘာမှအားမငယ်နဲ့။ တိုးနိုးနိုပါလည်းပါတယ်”
ဟု တတ်နိုင်သမျှ အားပေးစကားဆိုရင်း သူ့လက်တဖက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။

“ဆရာရယ်ကယ်ပါဦး၊ ကျနော်တော့ဒုက္ခရောက်ပြီ၊ ခြေထောက်လည်းမရှိတော့ဘူး” မိုရှေးရဲ့မျက်နှာမှာ မျက်ရည် အရွှဲသား။

ဒီအချိန်မှာပဲ ရွာသားတဖွဲ့လုံးရောက်လာကြသည်။ ကျနော်က ကိုမိုရှေးခြေထောက်ကို ပါလာသည့်ပုဆိုးဖြင့် ဖြန့် အုပ်ထားပေးလိုက်သည်။ မြင်နေရလျှင် ရွာသားတယောက်ဝင်လာတိုင်း “ဟာ” “ဟယ်” အသံများနှင့် မျက်နှာပျက်ပျက် သွားတတ်မှုများကြောင့် လူနာအားငယ်သွားမှာကို စိုးရိမ်မိ၍။

ကျိန်းသေသည်မှာ ကျနော်သည် ဆေးပညာကျွမ်းကျင်သူတယောက်မဟုတ်။ အထူးသဖြင့် ခုလိုထိခိုက်ဒဏ်ရာများနှင့် ပို၍ပင်မနီးစပ်။ လေ့လာဖတ်ရှုဖူးသမျှများနှင့် အတန်အသင့်သော အတွေ့အကြုံများအရသာ ကုသနေရခြင်း ဖြစ် သည်။ ကျောင်းစာသင်ပေးရင်းက ကျောင်းသားများကို စ၍ကုသခဲ့သည်။ ပထမစားဆေးများနှင့်သာ။ နောက်ပိုင်းဖြေ ဆေး၊ အသက်ကယ်ဆေးများရှိလာမှ ထိုးဆေးများကိုအသုံးပြုခဲ့သည်။ ကျောင်းသားများကိုကုသနိုင်မှုများအပေါ် ရွာသားများမှ ယုံကြည်လက်ခံလာကြ၍ ရွာမှပင် ဆေးဝါးများဝယ်ယူပေးကာ ကုသစေခဲ့၏။ မိမိ၏စေတနာထားမှု၊ ရွာသားများ၏ ယုံ ကြည်မှုနှင့် ဆေးပညာကို တတ်နိုင်သရွေ့လေ့လာကာ စနစ်တကျအသုံးချနိုင်မှုများကြောင့် လယ်ခိုဒိုးသာရွာသာမက နီးစပ် ရာရွာများမှပင် မိမိကိုအားကိုးလာကြသည်။

“ဖြစ်တတ်လျှင်ပျောက်တတ်သည်”ဟူသော ရိုးရာအစွဲများဖြင့် ရောဂါကို ရင် ဆိုင်နေရာမှ ကုသမှုကို အလေးထားလာကြခြင်းဖြစ်၏။

ပါလာသည့်ဆေးများထဲမှပင် သွေးတိတ်ဆေး၊ သွေးအားနည်းမှုမှ သက်သာစေနိုင်သည့်ဆေးများပေးပြီး သူကြီး နှင့် တိုးနိုးနိုပါတို့ကို ခပ်လှမ်းလှမ်းသို့ခေါ်ကာ လူနာရှေ့တွင် မျက်နှာမပျက်မိကြဖို့၊ စိတ်ဓာတ်ကျစေနိုင်မည့်စကားများကို မပြောမိစေဖို့၊ ပုခက်နှင့်ပင် ထမ်းစင်ကိုအမြန်လုပ်ကြဖို့တို့ကိုသတိပေးလိုက်သည်။ ပုခက်မှာ ကျနော့်တွင်အသင့်ပါလာ၍ အဆင်ပြေသွားပြီး၊ ထမ်းစင်အတွက်ဝါးခုတ်ရန်ကိုမူ တိုးနိုးနိုပါမှတာဝန်ယူလိုက်၏။
ထိုအချိန်တွင် ကိုမိုရှေးမှ ရေဆာသည်ဆို၍ ဗီတာမင်ကေစားဆေး (၂) လုံးကို ရေဗူးအဖုံးနှင့်တခွက်စာရေဖြင့် တိုက်ပေးလိုက်သည်။ ရေများများပေးသောက်၍မဖြစ်။

(၅)

နှစ်ယောက်တဖွဲ့ဖြင့် လူနာကိုအလှည့်ကျထမ်းကာ ပြန်ခဲ့ကြသည်။ လမ်းကလည်းဆိုး၊ မှောင်ကလည်းမှောင်မို့ ခက်ခက်ခဲခဲသွားနေရသဖြင့် ခရီးကသိပ်မတွင်။ စိတ်မကောင်းမှုများကြားက ကြည်နူးမှုဖြစ်ရသည်မှာ ရွာသားများသည် ခိုကပ်ခြင်းမရှိသည့်အပြင် အတင်းလုထမ်းနေကြသဖြင့် တားနေရသည့်အဖြစ်ကိုပင်။

“ဆရာလူဗိုလ်…ဒီညတော့ နီးစပ်ရာဖာလာခြံတခုမှာပဲ အိပ်လိုက်ကြတော့မယ်။ ညဥ့်လည်းသိပ်နက်နေပြီ။ ဆရာ လည်းရှိသမျှဆေးနဲ့ အတတ်နိုင်ဆုံးကူညီပေးပါ။ မနက်စောစောထပြီး ကျနော်တို့မိုရှေးကို သံတောင်ကိုပြန်ခေါ်သွား မယ်လေ”

“ရပါတယ်သူကြီးရယ်၊ ကျနော့်ကိုတော့ ဘာမှထည့်တွက်မနေပါနဲ့။ ကျနော့်မှာဆေးမစုံလို့သာ စိတ်မကောင်းဖြစ် နေရတာပါ။ ဒီအချိန်မှာ ဒရစ်သွင်းနိုင်ရင်သိပ်ကောင်းမယ်။ ကျနော့်မှာလည်းမပါဘူး”

သူကြီးနှင့်စကားပြောနေစဉ် လူနာခေါ်ခိုင်းသည်ဆို၍ အမြန်လိုက်သွားရပြန်သည်။ ရာသီဥတုမှာအေးလွန်းသဖြင့် ဒဏ်ရာမှကိုက်ခဲနေဟန်ရှိသည်။

“ဆရာရေ၊ ကျနော့်ကိုကယ်ပါဦး။ ခြေထောက်ကတအားနာနေလို့”

“ဟုတ်ကဲ့ပါကိုမိုရှေး၊ ကျနော် အခုပဲဆေးတလုံးထိုးပေးမှာပါ။ ဒီဆေးထိုးပြီးရင် သက်သာသွားမှာပါ”

ကျနော်အရေးပေါ်သိမ်းထားသည့် ဆိုဆီကွန် ထိုးဆေးပေးလိုက်ပြီး၊ ဗီတာမင်ကေစားဆေးကိုပါ ထပ်ပေးလိုက် သည်။ ဒီအချိန်လူနာအိပ်ပျော်သွားပါက လူနာရော ကျန်ရွာသားများပါအကျိုးရှိနိုင်သည် မဟုတ်ပါလား။

“ဘာမှအားမငယ်နဲ့ကိုမိုရှေး၊ ကျနော့်သူငယ်ချင်းတွေထဲမှာလည်း ဒီလိုအဖြစ်မျိုးတွေ အများကြီး တွေ့ခဲ့ဖူးတယ်။ ရဲဘော်တယောက်ဆို မာနယ်ပလောမကျခင်တိုက်ပွဲတခုမှာ လက်ထဲကမိုင်းထကွဲလို့ လက်(၂) ဖက် ပြတ်သွားပြီး မျက်လုံး (၂) လုံးပါ ထိသွားတယ်။ မျက်လုံးတလုံးတော့ပြန်မြင်ရတယ်။ သူနာမည်က မိုးကျော်တဲ့”

“သူကစိတ်ဓာတ်မကျတဲ့အပြင် ဒဏ်ရာရပြီးနောက်ပိုင်းစိတ်ဓာတ်က ပိုပြင်းထန်လာတယ်လို့တောင် ပြောလို့ရ တယ်။ လက်(၂)ဖက်နဲ့ မျက်လုံးတလုံးမကောင်းတော့ပေမယ့် တစက်ကလေးမှ အနားမနေဘူး။ ရှေ့တန်းစခန်းကုန်းတွေ အထိ လိုက်နေနိုင်သေးတယ်။ လမ်းလျှောက်ရင်လည်း သူ့ကိုတွဲခေါ်တာမျိုးကို မကြိုက်ဘူး။ ဘယ်သူ့ကိုမှလည်း အားမကိုး ဘူး”

တတ်နိုင်သမျှ အားပေးနေရင်းနဲ့ပဲ လူနာအိပ်ပျော်သွားသည်။ ကျနော်လည်းအိပ်ချင်နေပြီ။ အိပ်စရာနေရာ ရှာ ကြည့်တော့ ဝါးသဲ့ပြားတချပ်ခင်းထားသော နေရာလွတ်တခုကိုတွေ့ရသည်။ ဘေးနားမှာမီးဖိုနှင့်။

“ဆရာ ဒီမှာဆရာအတွက်နေရာလုပ်ထားတယ်။ ခဏအိပ်လိုက်ပါလား”

“ကျေးဇူးပဲ တိုးနိုးနိုပါရေ”

အချိန်က ည ၂ - နာရီခွဲတောင်ကျော်သွာပြီ၊ ကျနော်လည်းခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားသည်။

(၆)

“ဆရာ ဆရာ ခဏလောက်ထပါဦး၊ မိုရှေးခေါ်ခိုင်းလို့”

အိပ်ပျော်လို့ တနာရီတောင်မပြည့်သေးမီတွင် တိုးနိုးနိုပါလာပြန်နှိုးသည်။ ဆေးပလိုင်းကိုလွယ်၍ ချက်ချင်းလိုက် သွားလိုက်သည်။

“ဆရာရယ် ဆရာ့ကိုလည်းအားနာပါတယ်၊ ကျနော်ဘယ်လိုမှ အိပ်လို့မရတော့လို့ပါ။ ဒဏ်ရာက တအားနာတာပဲ ဆရာရယ်၊ ကျနော့်ကိုဆေးထပ်ထိုးပေးပါဦး”

ရာသီဥတုကအေးလွန်း၍ ဒဏ်ရာမှနာသည်ဆိုသည်မှာ သဘာဝကျပါသည်။ သို့သော် ကျနော့်မှာဆိုဆီကွန် မရှိ တော့၊ ဒိုင်ယာဇီဖင်ထိုးဆေးတလုံး ထပ်ထိုးပေး၍၊ နောက်ထပ် ဒိုင်ယာဇီပင်စားဆေးနှင့် ဗီတာမင်ကေ ထပ်ပေးလိုက်သည်။

“ကိုမိုရှေးရေ၊ စိတ်ထဲမှာ ဒဏ်ရာအကြောင်းပဲတွေးပူနေရင်တော့ အိပ်လို့ရမှာမဟုတ်ဘူး၊ ဖြစ်ခဲ့ပြီးမှတော့ ရတဲ့ နည်းနဲ့ဆက်ရင်ဆိုင်ကြရမှာပဲ။ ဘုရားသခင်လည်းခင်ဗျားကို ပစ်ထားမှာမဟုတ်ပါဘူး၊ တတ်နိုင်ရင် ဟိုးငယ်ငယ်က အကြောင်းတွေဖြစ်ဖြစ်၊ လူပျိုအရွယ်တုန်းက အကြောင်းတွေပဲဖြစ်ဖြစ် တွေးနေလိုက်ပါလား။ ခင်ဗျားအိပ်ပျော်သွား လိမ့် မယ်”

ကျနော်ပြောသလိုလုပ်၍ပေလား၊ ဆေးတန်ခိုးကြောင့်ပေလားမသိ၊ ခဏကြာတော့ လူနာပြန်အိပ်ပျော်သွားသည်။ ကျနော်လည်းနေရာကိုပြန်၍ မီးခဏလှုံပြီး ပြန်အိပ်လိုက်သည်။ တိုးနိုးနိုပါတယောက်သာ လူနာဘေးတွင် စောင့်နေပြီး၊ ကျန် ရွာသားအားလုံးမှာ အိပ်ပျော်နေကြလေပြီ။

(၇)

ကျနော်ပြန်နိုးလာတော့ နံနက် ၄ - နာရီခွဲပြီးပြီ၊ ရွာသားတချို့က ခရီးထွက်ဖို့ပြင်နေကြပြီး၊ တချို့က ထမင်းချက်နေ ကြသည်။ လူနာကို လှမ်းအကဲခပ်ကြည့်တော့ အိပ်ပျော်နေဆဲ။ တိုးနိုးနိုပါလည်းလူနာဘေးတွင် အိပ်ပျော်လျှက်။ တညလုံး စောင့်နေရသဖြင့် အိပ်ချင်ရှာမှာပေါ့။

“နိုးပြီလားဆရာ၊ နည်းနည်းလင်းလာတာနဲ့ ကျနော်တို့ခရီးထွက်ကြမယ်။ လမ်းမှာလိုမယ်ထင်တာလေးတွေကို လည်း ပြင်ဆင်ပေးလိုက်ပါဦးဆရာ”
သူကြီးမှနှုတ်ဆက်ရင်း လူနာအတွက်စိတ်ပူပင်နေမှုများကို ထုတ်ဖော်ပြသည်။

“ဟုတ်ကဲ့ပါသူကြီး၊ ကျနော့်မှာရှိတဲ့ဆေးတွေထဲက လိုအပ်မယ့်ဆေးတွေ ပေးလိုက်ပါမယ်။ ဒါပေမဲ့ ဆေးထိုး တတ် တဲ့ လူတယောက်တော့လိုမယ်”

“ဒါဆိုရင် ကျော်ကဒါဖြစ်မလားဆရာ”

“ကောင်းတယ်သူကြီး၊ အရင် ကျနော့်ဆီမှာ လာလေ့လာဖူးတယ်။ ဆေးလည်းထိုးဖူးတယ်။ သူ့ကိုခဏခေါ်ပေးပါ လားသူကြီး၊ ကျနော်လိုတာလေးတွေ မှာလိုက်ချင်လို့”

“နေဆဲရေ၊ ကျော်ကဒါကို ခဏသွားခေါ်ပေးစမ်းပါဦး၊ ငါခေါ်ခိုင်းတယ်လို့ပြောလိုက်”

 ဆေးပုလိုင်းထဲမှ လိုအပ်မယ်ထင်တဲ့ဆေးတွေကို ထုတ်ကြည့်နေသည်။ လမ်းမှာလိုနိုင်တာတွေက သွေးတိတ် ဆေး၊ စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အသက်ကယ်ဆေးတွေ။ သံတောင်မြို့ရှိဆေးရုံကို အချိန်မီရောက်သွားဖို့ပဲ လိုသည်။ လမ်းမှာအနည်းဆုံး (၈) နာရီလောက်ကြာနိုင်တာမို့ လိုအပ်မည့်ဆေးတွေကို တွက်လိုက်၏။

“ဆရာ ကျနော်ရောက်ပြီ၊ ဘာကိစ္စလဲဆရာ”

“သြော် ကျော်ကဒါရေ ဒီလို၊ ကျနော်ကခင်ဗျားတို့နဲ့လိုက်လို့မရဘူး။ လူနာကလမ်းမှာ ဆေးထိုးဖို့လိုဦးမယ်။ ဒါကြောင့် ခင်ဗျားကို ဆေးပစ္စည်းတွေအပ်လိုက်ပြီး လိုတာတွေမှာလိုက်ချင်လို့”

 “ပြောပါဆရာ”

“အရေးကြီးတာက လူနာကိုရေများများမတိုက်မိဖို့ ဂရုစိုက်ပါ။ ရေများများသောက်ရင် သွေးထွက်များမယ်။ ဒါကြောင့် လမ်းမှာ သူရေတောင်းသောက်ရင် ရေဗူးဖုံးတဖုံးစာပဲတိုက်ပါ။ ရေတိုက်တိုင်း ဗီတာမင်ကေ (၂) လုံးထည့်တိုက်၊ နောက်ပြီး သိပ်နာ၊ သိပ်ကိုက်တယ်ပြောရင် ဒိုင်ယာဇီဖင်ထိုးဆေးကို အကြောထဲကနေထိုးပေးပါ။ လူနာအခြေအနေဆိုးလို့ ဥပမာ ထူးထူးခြားခြားအမူအရာပျက်နေရင်တော့ အသက်ကယ်ဆေးကိုအကြောထဲကပေး။ နောက်ပြီး ဆေးတွေကိုလည်း သေသေ ချာချာသိမ်းထားပေးနော်။ ရှင်းရဲ့လား ကျော်ကဒါ၊ မရှင်းရင်၊ နားမလည်ရင်ပြန်မေးနော်”

“ရှင်းပါတယ်ဆရာ”

 ဆေးတွေနဲ့ ဆေးပစ္စည်းတွေကို ကျော်ကဒါကိုအပ်လိုက်သည်။ ခဏနေတော့ မိုးလင်းစပြုလာပြီး၊ လူနာပါနိုးလာ သဖြင့် ဆေးထပ်ပေးရင်း အားပေးစကားပြောရပြန်သည်။ လူနာမှာ ဆေးအရှိန်ကြောင့်ပေလား၊ သူ့ကိုယ်သူထိမ်းနိုင်လာ၍ ပေလားမသိ၊ အရင်လောက်မညည်းတော့။

“ကဲ ကိုမိုရှေးရေ၊ နောက်မှပြန်တွေ့ကြမယ်၊ အားလုံးပဲဗျာ လမ်းမှာဂရုစိုက်ကြပါ။ ရေများများမတိုက်မိစေဖို့တော့ အားလုံးပဲသတိထားကြပါဗျာ”

လူနာကိုထမ်းပြီးထွက်သွားကြပြီ၊ တိုးနိုးနိုပါတယောက် ရှေ့အတော်ရောက်ပြီးမှ ကျနော်ရှိရာသို့ပြန်လာကာ …

“ဆရာရေ ကျနော်တို့ ၂ - ရက်၊ ၃ - ရက်လောက်ကြာရင်ပြန်လာမယ်။ ဆရာ ကျနော်တို့တဲမှာ ပြန်စောင့်နေပေါ့၊ ဂျီသားတွေ ဆရာကြိုက်သလိုလုပ်စား၊ သွားလိုက်ဦးမယ်နော်ဆရာ”

ရွာသားများ ကျနော့်မြင်ကွင်းထဲမှ တစစပျောက်ကွယ်သွားကြပြန်ပြီ။ လယ်ခိုဒိုးသာရွာအနီးတဝိုက်တွင် လူဆို၍ ကျနော်တယောက်ထဲ။ ဒုတိယအကြိမ်မြောက် တယောက်ထဲ။

(၈)

တိုးနိုးနိုပါ ပြန်အလာကို (၅) ရက်ကြာစောင့်ပြီး ပြန်မလာနိုင်တော့ဟုယူဆမိသဖြင့် ကျနော်ကို မူဒိုရွာသို့ပြန်ခဲ့ သည်။ သို့သော်လမ်းရှိ သော့ခေါ်စောရွာသို့အရောက် အရေးပေါ်လူနာရှိနေသဖြင့် (၂) ည ဝင်အိပ်လိုက်ရသည်။ ဒုတိယ ညနေတွင် သံတောင်မှ ပြန်လာသောရွာသားအချို့ထံမှ လယ်ခိုဒိုးသာရွာမှ သတင်းများကို ကြားလိုက်ရ၏။

“ဆရာရေ၊ သောက်ရေခပ်ချောင်းရောက်တော့ မိုရှေးကရေဆာလို့တောင်းသောက်တယ်။ ရေနဲနဲပဲတိုက်ကြပါ တယ်။ ဒါပေမဲ့ သူကဒေါသထွက်ပြီး ငါ့ကိုရေလေးတောင် မသထာကြတော့ဘူးလားလို့ပြောရင်း အော်အော်ပြီးငိုလို့ ရေ အဝပေးသောက်လိုက်ကြတယ်တဲ့။ သောက်ရေခပ်ချောင်းကထွက်ကတည်းက သွေးထွက် ပိုများလာတယ်တဲ့။ နောက် သံတောင်မြို့ လည်းဝင်ရော စိတ်လျှော့လိုက်ပုံရတယ်၊ ဆေးရုံမရောက်ခင် လမ်းမှာပဲအသက်ထွက်သွားတယ်”

“ဟာ ဒါဆို သွားတဲ့နေက့ထဲက မိုရှေးဆုံးတာပေါ့”

”ဟုတ်တယ်ဆရာ၊ ဆရာဆီပြန်အကြောင်းကြားဖို့ လူကြုံကလည်းမရှိ၊ ဟိုမှာလည်းနာရေးကိစ္စနဲ့ လူတွေကလည်း မအားကြ။ ဆရာ့ကိုတော့ အားနာစရာဖြစ်သွားတယ်”

“မလိုပါဘူးဗျာ၊ အစအဆုံးမကူညီလိုက်နိုင်တာကိုပဲ ကျနော်စိတ်မကောင်းဖြစ်မိတာပါ”

ဟုတ်ပါသည်။ ကိုမိုရှေးအခြေအနေမှာ စိုးရိမ်လောက်စရာ အခြေအနေမရှိ။ ငြိမ်းငြိမ်းချမ်းချမ်းကာလဖြစ်ပြီး လမ်း ပန်းဆက်သွယ်ရေးသာကောင်းခဲ့လျှင် ခုလိုဝမ်းနည်းကျေကွဲဖွယ်ရာ အဖြစ်ဆိုးမျိုးနှင့်ကြုံနိုင်စရာမရှိပေ။ ခုတော့ ကလေး နှစ်ယောက်နှင့် သူ့မိန်းမခမျာဒုက္ခဝဋ်ကျွေးကြမ္မာတွေကို ဆက်ခံရရှာပေဦးတော့မည်။

ဆရာစောဘွဲ့မှူးသီချင်းထဲက “တောင်ပေါ်မှာဝေ၊ တောင်ပေါ်မှာနေ၊ တောင်ပေါ်မှာကြွေ သစ်ရွက်တွေလို တို့ဘ၀ဟာလည်း” စာသားလေးလို… ။ ။

(ကရင်ပြည်နယ်၊ တပ်မဟာ (၂)နယ်မြေ၊ သံတောင်မြို့နယ်ရှိ ဘွဲကရင်များ၊ အထူးသဖြင့် လယ်ခိုဒိုးသာရွာသားများနှင့် တိုးနိုးနိုပါတို့မိသားစုအား လွမ်းဆွတ်သတိရခြင်း အမှတ်တရ…)