ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အီကြာအော် - "ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်"

Cartoon Saw Ngo (2008)

အီကြာအော် - "ဖွတ်ကလေး၊ နာရီတလုံးနှင့် ဗိုလ်အောင်ဒင်"
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆


"ငါက ဗိုလ်အောင်ဒင်
နင်က ဒါကိုမမြင်"

ခက်သေးတရွာလုံး ထုံးစံအတိုင်း လော်ဘေးဒဏ်ကို ခံနေရပေသည်။ ဗိုလ်အောင်ဒင် ပြန်မလာပါစေနှင့်ဟု အီကြာအော်တွေးမိသည်။

အသက်ငါးဆယ်ကျော်လာပြီမို့ အအိပ်ဆတ်ပြီး ညဘက် အိပ်မပျော်ချင်သလို ဖြစ်သည်။ အနှီ ထိုထိုသောလော်ဖြင့် တဖက်သားကို ဒုက္ခပေးလေ့ရှိသည့် ခက်သေးလော်ကိုင်အလှူခံများကို ငါနှင့် ကိုင်တုတ်ချင်စိတ်ကလေးကို မျိုသိပ်လိုက်ရပေသည်။

ထိုစဉ်အခါတွင် ခက်သေးရွာလယ်ခေါင်မှ ယာဉ်ကျောပြောင်းပြန်စီးလာသော ဖွတ်ကလေးတယောက် ဆိုင်ကယ်တဖွတ်ဖွတ်နှင့် အီကြာအော်ဆီ ရောက်လာလေတော့သည်။

"ကွမ်းတရာ ရေတမုတ်နဲ့
နာရီလေးတော့ ငါ့ဆီ ထားခဲ့"

ဖွတ်ကလေးက သူ့အသံပြဲဖြင့် သီချင်းဆိုရင်း ဆိုင်းမဆင့် ဗုံမပါပဲ အီကြာအော်ဆီ အလည်လာခြင်း ဖြစ်သည်။

"ဟေ့ကောင် ဖွတ်ကလေး နာရီလေးတော့ ထားခဲ့ လုပ်မနေနဲ့၊ မင်းအသံပြဲကြီးသာ ထားခဲ့ပါကွာ"

ဖွတ်ကလေးလည်း ဗိုလ်အောင်ဒင်ဂိုက်ချိုး၍ စိတ်ကြီးဝင်နေသည်ကို အသာရပ်လိုက်လေသည်။

"နာရီလေးတော့ ထားခဲ့ရမပေါ့ ဆရာအော်ရဲ့"

"ဟေ့ကောင် ပါတိတ်နာရီလားကွ ရှော့ရှိတယ်၊ တိုးတိုးလုပ်ပါကွာ၊ မင်းလည်း တစ်တစ်ဂျာနယ်လစ် ကြီးလို အီလိမ်ထောင်နံ့ ဥပဒေ ၆၆ ဃ နဲ့ ဂန့်နေဦးမယ်"

ခက်သေးတရွာလုံး နာရီတလုံးဖြင့် အလုပ်မရှိ အလုပ်ရှာကာ တိုင်ပတ်နေကြသည်။

တစ်တစ်ဂျာနယ်လစ်ကြီးခမျာလည်း ယုန်ကန်ဝန်ဂျီးချုပ်၏ အမျက်တော်ရှမှုကို ခံယူတော်မူ၍ ၆၆ ဃ တန်ခိုးဖြင့် လက်ထိပ်တန်းလန်းနှင့် မော်စကိုသို့ ဂျောင်းရရှာလေသည်။

"ဝန်ဂျီးချုပ်ကွီးဖြိုးက သူ နာရီ မယူကြောင်းပြောတာပဲ ဆရာအော်ရဲ့၊ တစ်တစ်က စလွန်တာပေါ့"

"ဝန်ဂျီးချုပ်ကလည်း မယူဘူးဆိုလည်း ပြီးရောပေါ့ကွာ၊ အခုအရေးယူတဲ့ကိစ္စက စာကလေးကို အမြောက်နဲ့ပစ်သလိုပဲ၊ လူကြားလို့မကောင်းဘူးလေ၊ အသရေဖျက်မှုနဲ့ တရားစွဲ ရတာပဲကွ"

အီကြာအော်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်လေသည်။ အမေပုကို အားပါးတရ ထောက်ခံ အားပေးမဲပေးခဲ့သည်မှာ တနှစ်ပင်ပြည့်သွားပြီ။ ဆင်ဖမ်းမည် ကျားဖမ်းမည်ဆိုကာ ကြွေးကျော်ခဲ့သာ အမေပုတပည့်ကျော်များလည်း ခက်သေးရွာ အမှိုက်ပုံနားတွင် ယင်ကောင်လောက်သာ ဖမ်းနေကြ သည်ကို အားမလို အားမရ ဖြစ်မိသည်။

"ဦးခိုနီကလည်း သူ ပါတိတ်နာရီ မပေးဘူးပြောတာပဲ၊ ဝန်ဂျီးချုပ်နဲ့လည်း အပြင်မှာ ကောင်းကောင်းတောင် မတွေ့ဖူးဘူးတဲ့ သတင်းစာ ရှင်းလင်းပွဲတောင် လုပ်လိုက်သေးတယ်"

"ဟေ့ကောင် ဖွတ်ကလေး ခိုနီဆိုတာက ဘယ်ရွာလူကြီးတက်တက် သူ့အတွက် ဆိုတဲ့သူပဲ၊ တို့ခက်သေးရွာကလည်း အလုပ်မရှိ ကြောင်ရေချိုးဆိုသလိုပဲ တခုခုဆို အလုပ်မရှိ သတင်းစာ ရှင်းလင်းပွဲလုပ်ကြတာ"

"မင်း မှတ်ထားရမှာက တကမ္ဘာလုံးမှာ လာဘ်အစားဆုံး ခက်သေးရွာကွ၊ မင်းက ဘာအောက်မေ့နေလဲ၊ သူခိုးတိုင်းက ခိုးတယ်ဝန်ခံမလားကွ"

"ဆရာအော် ပြောတာနော် ကျနော်မပါဘူး"

"ဟေ့ကောင် ဖွတ်ကလေး မင်းကလည်းကွာ၊ ဆရာတပည့် နှစ်ကိုယ်ကြားလေးပြောတာများ၊ ဖွဘုတ်ထဲ မဖွနဲ့နော်"

အီကြာအော်က အီလိမ်ထာင်နံ့ဥပဒေ ၊၆၆ ဃ ကို သတိရသွားပြီး လေသံကလေးဖြင့် ပြောလိုက်လေသည်။

"ဒါဖြင့် ဆရာအော်က ဒီပါတိတ်နာရီကိစ္စမှာ ဘယ်လိုထင်သလဲ"

"မထင်တတ်တာပဲကောင်းမယ်ထင်တယ်၊ တရားရုံးက ဆုံးဖြတ်ရမှာပေါ့ကွာ"

ခက်သေးရွာသားပြီပြီ ကိုယ့်အမြင်ကို ကိုယ်မပြောရဲသော အီကြာအော်က ဘေးဘီကြည့်ပြီး လေပြေလေးဖြင့် တီးတိုး ပြောလိုက်လေသည်။ တစိတ်ကို တအိတ်လုပ်ပြီး ဖော်လံဖားဖွ တတ်သူများက ခက်သေးရွာတွင် မှိုလို ပေါက်နေသည်မဟုတ်ပါလား။ အီကြာအော် ဖွခံရလျှင် အီလိမ်ထောင်နံ့မိပြီး အော်နေရမည်။

"ကွီးဖြိုးကို ကျုပ်ကတော့ ထောက်ခံတယ် ဆရာအော်၊ သူ့ကို ဝိုင်းရံရမယ်၊ သူက မျိုးနဲ့ရိုးနဲ့ ချမ်းသာပြီးသား"

"အံမယ် သောက်ကျိုးနဲ၊ မင်းတောင် လေကြီးလေကျယ်တွေ ဖြစ်နေပြီ"

မင်းငယ်ပါသေးတယ်ကွာ ဆိုသောအကြည့်ဖြင့် အီကြာအော်ကကြည့်ပြီး သူ့အံသွားကို လက်ဖြင့် ထိုးပြလိုက်လေသည်။

"စောင့်ကြည့်ရမှာပေါ့ကွာ၊ အေးကွ တစ်တစ်ကလည်း သေချာမှဖွရမှာ"

"ဒါနဲ့ မင်းလက်က နာရီတွေ ဘာတွေနဲ့ပါလား၊ ဘာနာရီလဲကွ၊ ပြစမ်းပါဦး"

"အဟီး.....၊ ပါတိတ်နာရီ အတုလေးပါ ဆရာအော်ရယ်"

"အတုမြင် အတတ်သင်ပါလား ဖွတ်ကလေးရယ်၊ မင်းကို ဘယ်သူကများ ကန်တော့သွားလည်း၊ မင်းက မျိုးရိုးလိုက် ချမ်းသာတယ်ဆိုပြီး ငါ့ကို လာမလိမ်နဲ့၊ အကြောင်းသိတွေ"

ခက်သေးရွာတွင် ကန်တော့သည်က ခေတ်စားသည် မဟုတ်ပါလား။ လာဘ်ပေးသည်ကိုတောင် ကန်တော့သည်ဟု သုံးစွဲသည်အထိ ခက်သေးရွာကြီးက ယဉ်ကျေးသည်။ တော်တော်ယဉ်ကျေးသော ခက်သေးရွာကြီးပေတကား။

"ဒါကတော့ ဆရာရယ် ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပေါ့၊ လူနာရှင်တယောက်က ဘောက်ကန်ရွာက ပြန်လာတာပါလာလို့ ကန်တော့သွားတာပေါ့"

"ပြစမ်းပါဦးကွ၊ ပါတိတ်နာရီလေး မြင်ဖူးတယ် ရှိအောင်"

အသက်ကလည်း ၅၀ ကျော်လာပြီမို့ အဝေးတင်မက အနီးပါ မှုန်နေသော အီကြာအော်က ဖွတ်ကလေး၏ပါတိတ်နာရီကို သေချာယူ၍ ကြည့်လေသည်။

"အတုလား အစစ်လား မသိပါဘူးကွာ၊ အစစ်မှ မမြင်ဘူးတာ၊ မင်းဟာဆိုတော့ အတုကြီးမှန်းတော့ သိတယ်၊ မင်းဝန်ဂျီးချုပ်ဖြစ်ရင်တော့ ခိုနီက အစစ်နဲ့ လာကန်တော့မှာပေါ့"

"နေဦးကွ၊ ငါတို့က နာရီပဲ မဲနေတာ၊ ခိုနီက တခြားဟာတွေကို တခြားတယောက်ကို မပေးဘူး ပြောမသွားဘူး၊ ဒီကောင် ထုံးစံအတိုင်း လူလည်ကျတယ်"

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသော ဒေါ်အွန်မေးက ထုံးစံအတိုင်း

"ကိုအော်ရေ၊ ပါတိတ်တွေ ပါတက်တွေ လုပ်မနေနဲ့၊ တော့်လို ပါမစ်မပေးနိုင် အရေးမပါသူကို နာရီလက်ဆောင်ပေးဖို့ ကိုခိုနီက အိပ်မက်ထဲတောင် စဉ်းစားမှာမဟုတ်ဘူး၊ အခု ကုန်ဈေးနှုန်းတွေက ခေါင်ခိုက်နေပြီ၊ ဈေးတွေ ထပ်မတက်ခင် ကိုခိုနီ့ဆိုင်မှာ ဆီလေး ဆန်လေး ဆိုင်ဖွင့်တုန်း အကြွေးသွား ယူလိုက်ပါဦး"

ဤသို့ဆိုလျှင် အီကြာအော်က ဖွတ်ကလေးကို "ဘယ်နှနာရီ ထိုးပြီလဲ" ဟု မေးလိုက်လေသည်။

ဖွတ်ကလေးက သူ့လက်မှ ပါတိတ်နာရီအတုဖြင့် ဟန်လုပ်ရင်း

"၁၁ နာရီပဲ ရှိပါသေးတယ် ဆရာအော်ရဲ့၊ ဟာ.... နာရီက ၁၁ မှာ ရပ်နေတယ်"

"မင်းဟာကြီးက အင် ကြီးကိုးကွ"

ထိုစဉ် အီကြာအော်၏အိမ်ရှေ့မှ ကြွက်နီတို့ ကလေးတသိုက်က အုပ်စုလိုက် ဗိုလ်အောင်ဒင် သီချင်းဆိုသွားသည်ကို နားထောင်ရင်းပြုံးမိကာ ခိုနီစူပါမတ်ကက်သို့ အကြွေးဝယ် ထွက်လေ တော့သတည်း။

"ဗိုလ်အောင်ဒင် ကြမ်းတာရမ်းတာ
မကြောက်ပါနဲ့ မိန်းခေးရယ်.....၊
ကွမ်းတရာ ရေတမုတ်နဲ့
ပါတိတ်လေးတော့ ထားခဲ့......"။ ။

သဗ္ဗေသတ္တာကမ္မသကာ