ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈



မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈
(လူငယ်တွေ ကျမ်းပိစေမည့် လူကြီးတို့၏ စာပေဂိုဏ်းများ)
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၆


မာန်။ ။ ကျနော်ကြားဖူးတာလေးတခုမေးပါရစေဆရာ ၊ဆရာစာပေနယ်မှာ ကျင်လည်ရင်းနဲ့
ဆရာ အဝကျွန်းချစ်မောင်တို့ ဆရာမြတ်ခိုင်တို့နဲ့ နယ်ခရီး ထွက်ဖြစ်တဲ့အကြောင်း ညပိုင်းတွေပါ လျောက်လည်ဖြစ်တယ်လို့ ကျနော်ကြားဖူးတယ်၊ အဲဒါလေးသိပါရစေဆရာ။

မင်းသစ်။ ။ ကျနော် အဝကျွန်းတို့ မြတ်ခိုင်တို့နဲ့ ခရီးမသွားဖူးဘူး။

မာန်။ ။ ဒါဆို ကျနော်အမှတ်မှားတာဖြစ်မယ်၊ ဆရာဟိန်းလတ်နဲ့လူချင်းမှားတာနေမယ်..

မင်းသစ်။ ။ ဟုတ်မယ်၊ ကျနော်တော့ မသွားဖူးဘူး၊ လွဲသွားပြီ

မာန်။ ။ ဆရာ့စာပေအကြောင်း ဆက်ပြောပါဦးဆရာ

မင်းသစ်။ ။ အဲဒါပဲ၊ နောက်ကျတော့လည်း ပြတ်သွားပြန်ရော ၊နောက်ထပ် ဆယ်နှစ်လောက် ပြတ်ပြန်ရော ၊တစ်ခါ သုံးလေးနှစ်လောက်ပြန်ရေး ပြန်ရော၊ အခုကျတော့ အရင်ကသေရမှာမကြောက်ပေမဲ့ အခုသေရမှာနည်းနည်းကြောက်လာတယ်၊ ရေးချင်တာတွေ မရေးလိုက်ရမှာစိုးလို့၊ အချိန်ကမကျန်တော့ဘူးလေ၊ အချိန်တွေရှိတုန်းက ဘာမှမလုပ်ခဲ့ဘူး၊ ဖြုန်းတီးပစ်ခဲ့တယ်၊ ကိုယ့်ဟာကိုယ် သိတယ်လေ၊ အခုချိန်မကျန်တော့ဘူး၊ ခုနှစ်ဆယ့်တစ်နှစ်၊ ဒီအရွယ်ထိနေနိုင်တာကိုက ဘုရားသခင်ကျေးဇူးပါပဲ၊ ဘာပဲပြောပြော အချိန်ကမကျန်တော့ဘူး၊

မာန်။ ။ဟုတ်တာပေါ့ဆရာရယ်၊ ကိုယ်ရေးချင်တာတွေလည်း အများကြီးရှိသေးတာကိုး၊ ရေးရမှာတွေလည်း အများကြီးကိုး။ အခုဆရာ့ရဲ့ကျူရှင်လောကပြီးပြီ၊ မိုးဝေဖြတ်သန်းမှုတွေပြီးပြီဆိုတော့ အဲဒီဖြတ်သန်းတဲ့ကာလတွေမှာ ဆရာမှတ်မှတ်ရရဖြစ်တဲ့ စာပေအဖြစ်အပျက်တွေ ဆရာ့စိတ်ထဲရှိတာတွေ ပြောပြပါဦး

မင်းသစ်။ ။ နံပါတ်တစ်၊ ကျနော်တို့လုပ်ချင်တွေ ကျနော်တို့ထုတ်ချင်တဲ့မဂ္ဂဇင်းတွေ ဖတ်မယ့်လူ မရှိဘူး

မာန်။ ။ အဲဒါဘယ်လောက်ကြာပြီလဲဆရာ

မင်းသစ်။ ။ကြာပြီ၊1970 လောက်ကတည်းက။ ဘယ်လိုဟာမျိုးတွေလည်း ဆိုတော့၊ တကယ့်စာပေစစ်တွေပေါ့ဗျာ ၊ခင်ဗျားတို့ ကျနော်တို့ဖတ်ချင်တဲ့ဟာမျိုးတွေပေါ့၊ အဲဒါတွေကလည်း ဖတ်မယ့်သူက ခင်းဗျားတို့ကျနော်တို့လောက်ပဲရှိတာ၊ ကျနော် မိုးဝေလုပ်တာလည်း ပြုတ်၊ တခါ 91 လောက်မှာ စပယ်ဖြူလုပ်တာလည်း ပြုတ်၊
နောက်ပြီးကျတော့ သူများထုတ်ပေးတာပါ၊ ပင်းယထုတ်တော့လည်း ပြုတ်၊ နောက် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထုတ်တာပါ၊ ကိုတာရဲ့ချင်းတွင်းမဂ္ဂဇင်း၊ အဲဒါလုပ်တော့လည်း ပြုတ်။ ကျနော်တို့လုပ်ချင်တာတွေ လုပ်လို့မရဘူးဗျ။ 

အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ စိတ်ကုန်သွားတယ်။ အထူးသဖြင့် မဂ္ဂဇင်းထုတ်ဝေရေးပေါ့၊ ကျနော်ပြောမယ်။ ကျနော်အခုထုတ်ထားတဲ့စာအုပ်သုံးအုပ် ရှိတယ်၊ တအုပ်က လွမ်းရတဲ့သူတွေ၊ အဲဒါကနှစ်ကြိမ်ရှိပြီ။ေ နာက်တအုပ်က အိပ်မက်ကွန်ဖရင့် ဝတ္တုတိုပေါင်းချုပ်။ေ နာက်တအုပ်က ပညာရေးပညာရေးရှက်ဖွယ်၊ ဒါက သုံးကြိမ်ရှိပြီ။ ကဲတွက်ကြည့်စမ်း အဲဒီမှာ ကျနော်တကယ် တန်ဖိုးထားတာက ကျနော့်ဝတ္တုတိုပေါင်းချုပ်ပေါ့။ မရောင်းရဘူး ဟိုဟာတွေလောက်။ ဟုတ်တယ်နော်၊ ပညာရေး ပညာရေး ရှက်ဖွယ်ဆိုတာကျတော့ဗျာ၊ ခေတ်နဲ့ကွက်တိဖြစ်ပြီးတော့အဲဒီလို။

အဲဒီတော့ကိုမာန်ရာ၊ တော်တော်လေး စိတ်ကုန်ပါတယ်၊ အခုဘာဖြစ်လာလဲဆိုတော့ လူကအနုပညာအားနည်းလာတယ်၊ အားနည်းလာတော့ own creation ကဗျာတို့ ဝတ္တုတိုတို့ သိပ်မရေးနိုင်ဘူး။ ဒါပေမဲ့ကိုယ့်အတွေ့အကြုံနဲ့ကိုယ့်ခေါင်းထဲက သုတကိုပဲ နိုက်ထုတ်ပြီးတော့ အရံသင့်ရေးလိုက်ရုံပါပဲ။ အဲဒါနဲ့ ကျနော်ဆောင်းပါးတွေရေးဖြစ်သွားတယ်။ သို့သော် အဲဒီမှာလည်းပဲ ကိုယ်ဝတ္တုတိုရေးဖြစ်တဲ့ကဗျာရေးဖြစ်တဲ့ဟာလေးက အထောက်အကူဖြစ်ပါတယ်၊
တင်ပြပုံကျတော့ သူများတွေရဲ့ဆောင်းပါးနဲ့မတူတော့ဘူး၊ ကျနော်တို့က ဝတ္တုတိုသမားကနေ လာတာကိုး၊ အဲဒါမျိုးလေးတွေပေါ့၊ ဘာပဲပြောပြောလုံးဝမရေးဖြစ်တာထက်စာရင်တော့ ရေးဖြစ်တယ်၊ မသေခင်ရေးဦးမယ်ပေါ့။
ကျနော့်ကို ရုပ်ရှင်တေးကဗျာက မတင်တင်ဦးက ကဗျာအကြောင်းရေးခိုင်းတော့၊ ဟာ ကျုပ်မရေးရဲဘူးလို့၊ ခုခေတ်ခေတ်ပေါ်ကဗျာတွေအကြောင်း။ အဲဒီလိုပဲ ကိုမျိုးမြင့်ညိမ်းက ရေးပါဦးဗျာတဲ့၊ အဲဒါဆိုရင်တော့ ကျနော်ရေးမယ်နော်လို့၊
ခင်ဗျားတို့မဂ္ဂဇင်းပါ ထိမလားတော့မသိဘူးလို့၊ ထိထိဗျာရေးတဲ့၊ ကျနော်ရေးလိုက်တယ်၊ ကျနော်တို့ဘက်ကရော တာဝန်ကျေရဲ့လားစာပေဆောင်းပါး၊ နောက်တခါ ဒီလထုတ် ရုပ်ရှင်တေးကဗျာမှာ ကျနော်ထပ်ရေးတယ်၊ အနုပညာဟာ ရှေ့မှာရှိတယ်၊ အဲဒါက ကျမ်းပိကြမှာစိုးလို့၊ ကလေးတွေကျမ်းပိကြမှာစိုးလို့။

မာန်။ ။ဆိုလိုတာကဘာကိုဆိုလိုတာလဲဆရာ

မင်းသစ်။ ။ ကျနော်ပြောပြမယ်ဗျ၊ ကျနော်တို့အထူးသဖြင့်1964 ခုနှစ်နောက်ပိုင်းတက္ကသိုလ်ရောက်
တဲ့ကျောင်းသားအများစုဟာ အနုပညာမတတ်တော့ဘူး၊ မတတ်ရတာက သူတို့အပြစ်မဟုတ်ဘူး၊ အသင်မခံရလို့၊ မသင်တော့ဘူးတဲ့၊ အဲဒီတော့သူတို့တတွေကြီးပြင်းလာတဲ့ ခေတ်ကြတော့လည်း အမှောင်ခေတ်ထဲမှာကြီးပြင်းလာရတယ်၊ စာအုပ်စာတမ်းက မရှိဘူး အင်္ဂလိပ်လိုရေးထားရင် မဖတ်တတ်တော့ဘူး။
အဲဒီတော့ကျနော်တို့ဆီမှာက ဖတ်တတ်တဲ့သူ၊ ဖတ်တတ်တဲ့သူရေးလို့ရှိရင် အဲဒါလေးတွေပဲ ဖတ်ရတယ်၊ ဆိုတော့ ခင်ဗျားစောစောကပြောတဲ့ဟာလေးပြန်ပြီးတော့စကြရအောင်၊ ဒီပဋိပက္ခ ဘယ်ကစသလဲဆိုတာလေး၊ ကဗျာမှာ ကာရန်မဲ့ခြင်းမမဲ့ခြင်းကိစ္စက နောက်မှပြောမယ်၊ စကားပြေ မှာစတာ၊ form နဲ့ comtent၊ ပုံသဏ္ဍန်နဲ့အကြောင်းအရာ၊ ဘယ်ဟာက ဘာ၊ အဲဒါငြင်းကြတာ၊ လူကြီးတွေကငြင်းကြတာ၊ ငြင်းတဲ့အခါကြတော့ အင်္ဂလိပ်စာအုပ်ကြီးတွေ ကိုင်ငြင်းကြတယ်၊ ငြင်းတော့ ကဗျာဆရာပေါက်စ၊ စာရေးဆရာပေါက်စလေးတွေကလည်း (ဆေးစာဖတ်ရာ နားထောင်ပါရောဂါပျောက်နိုးနိုးပေါ့)၊သူတို့မှာက original လည်း မမြင်ဖူးဘူး၊ သူတို့လူကြီးတွေ ရေးသမျှဖတ်ပေါ့ဗျာ။
အဲဒီမှာတင် ဂိုဏ်းတွေ ကွဲကုန်ရော၊ ဇင်နိုးကြူး ဂိုဏ်း၊ ဒါက ကဗျာနဲ့ပတ်သက်တယ်၊ ကျေးဇူးရှိတယ်၊ မြဇင် မောင်သာနိုး မင်းလှညွန့်ကြူး၊ ဇင်နိုးကြူးဂိုဏ်း။ သူတို့က ရမ်သမ်ကိုတင်သွင်းတာပေါ့၊ ကာရန်ကို ဘာနဲ့အစားထိုးမလဲ၊ ကာရန်ကို ရမ်သမ်နဲ့ အစားထိုးမယ်ပေါ့၊ အမှန်တော့ ရမ်သမ်ကိုက ညီတာကိုပြောတာ။ ရမ်သ်မစ်ဖြစ်တယ်ဆိုရင် ညီတာ။ ထားပါတော့ဗျာ၊ ဒါက ဇင်နိုးကြူးဂိုဏ်း။

နောက်ပြီးတော့ တခါ ဘာဂိုဏ်းပေါ်သေးတုန်းဆိုတော့ နေနတ်မင်းဂိုဏ်း။ ဒါက စကားပြေနဲ့ ပတ်သက်တာ။ မောင်နေဝင်း၊ နတ်နွယ်၊ မင်းကျော်။ သူတို့ကတော့ form နဲ့ comtent၊ ပုံသဏ္ဍန်နဲ့ အကြောင်းအရာမှာ ပုံသဏ္ဍန်အရေးကြီးတယ်၊ တကယ်တန်း တွက်ကြည့်တော့ ဒါက ကျွဲကူး ရေပါတွေ။ အနုပညာဆိုတာ ပုံသဏ္ဍန်တခုတည်းနဲ့ တည်ဆောက်လို့မှမရတာ။ အကြောင်း အရာချည်းလည်း တည်ဆောက်လို့မရဘူး၊ အဲဒါကိုဗျာ၊ အနိုင်လုနေကြတာ၊ပြောကြတာဗျာ အင်္ဂလိပ်စာအုပ်ကြီးတွေနဲ့။ 

အဲဒီမှာနောက် ထပ်တဂိုဏ်းထပ်ပေါ်လာတယ်၊ ဂုန်ယုန်ဂိုဏ်း။ ဒဂုန် တာရာနဲ့ လင်းယုန်မောင်မောင်။ သူတို့က ဘာပြောတုန်းဆိုတော့ ကာရန်မဲ့ချင်မဲ့ အဘိဓာန်(အဘိဓမ္မာ) မမဲ့နဲ့။ နောက်ပြီးတော့ အတတ်ပညာဆိုတာ မုဆိုးကိုစိုင်သင်သွားလိမ့်မယ်၊ အဲဒီ ဂုန်ယုန်ဂိုဏ်းကနာမည်ကသာ နှစ်ယောက်တည်း။ သူတို့ နောက်မှာ အုပ်စုက သိပ်တောင့် တယ်၊ အဲဒီကာလမှာ ကျွန်းကပြန်လာကြတဲ့ မြသန်းတင့်၊ ဗန်းမော်တင်အောင်တို့၊
အပြင်ဘက်မှာရှိနေတဲ့ ပါရဂူတို့၊ တင်မိုးတို့၊ မောင်သာနိုးတို့ မောင်စွမ်းရည်တို့။
အဲဒီမှာ ယနေ့မြန်မာစာပေဆိုပြီးတော့ ဂုန်ယုန်ဂိုဏ်းက ထုတ်ကြတယ်။ ဆရာနတ်နွယ်ရဲ့တံခွန်တိုင်မောင်နှမများနဲ့ ဆရာတင့်ဆန်းရဲ့ချောလည်းချောတဲ့ဘေဘီစာအုပ်တွေကို အပစ်အခတ်အညစ်အသတ်ဆိုတဲ့စကားလုံးနဲ့စပြီးတော့ ဝေဖန်လိုက်တာ။ ကိုစွမ်းရည်ကျေးဇူးကြောင့်မို့လို့ အဲဒီစာအုပ်နှစ်အုပ် အရမ်းရောင်းရတာပဲ။  အဲဒီစာအုပ်တွေ ညစ်ပတ်တယ်တဲ့ဟေ့ ဖတ်ကြရအောင်ဆိုပြီးတော့၊ ဟားဟား။



ဆက်လက်ဖော်ပြပါမည်။

သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

အပိုင်း (၁)အပိုင်း (၂)အပိုင်း (၃) အပိုင်း (၄) အပိုင်း (၅)အပိုင်း (၆)အပိုင်း (၇)