ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် ● တောင်အာဖရိကနိုင်ငံ အကြမ်းဖက်ဆန္ဒပြမှုများ


ကိုသန်းလွင် ● တောင်အာဖရိကနိုင်ငံ အကြမ်းဖက်ဆန္ဒပြမှုများ
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၆

(၁)
တောင်အာဖရိကနိုင်ငံမှ ဆန္ဒပြပွဲများသည် တဖြည်းဖြည်းနှင့် အကြမ်းဖက်မှုများဖြင့် အဆုံးသတ်သွားလေ့ရှိပါသည်။ ယခုနှစ် နှစ်ဦးပိုင်းက မြူနီစပါယ် နယ်နိမိတ် ပြင်ဆင်ရေးဆွှဲခြင်းကို မကျေနပ်၍ လူဆင်းရဲများအများစုနေထိုင်ရာ လင်ပိုပိုနယ် (Lym popo Province) တွင် စာသင်ကျောင်းပေါင်း ၃၆ ကျောင်းကို ဆန္ဒပြသူများက ဖျက်ဆီးခဲ့ကြသည်။ စာသင်ကျောင်း အများ စုမှာ မီးရှို့ခံရခြင်းဖြစ်ပြီး အချို့မှာ အဆောက်အဦးကို သုံး၍မရလောက်အောင် ဖျက်ဆီးသွားကြခြင်းဖြစ်သည်။

Service Delivery  ခေါ် အစိုးရ၏ ၀န်ဆောင်မှုလုပ်ငန်းများ လျှပ်စစ်နှင့် ရေဖြန့်ဖြူးမှု၊ ရေမြောင်းပိတ်ဆို့နေခြင်း အမှိုက်သရိုက် တွေစုပုံနေခြင်းများမှာ မြင်မကောင်းအောင် ဖြစ်နေကြပြီ၊ လူနေမှုအဆင့်အတန်းကို မကျေနပ်ကြသဖြင့် ဆန္ဒပြပွဲများကိုနေ့စဉ် လိုလိုမြင်နေကြရသည်။  ကားဘီးတာယာကဲ့သို့သော ရရာပစ္စည်းများကို လမ်းပေါ်တွင် မီးပုံရှို့ကြခြင်းကြောင့် လမ်းများ ပိတ်ဆို့ကုန်သည်။ တက္ကသိုလ်ကျောင်းများတွင် ကျောင်းလခ စားရိတ် ကြီးမားခြင်းကြောင့်  ကျောင်းသားများက ဆန္ဒပြကြရာ စာကြည့်တိုက်များ၊ ဓါတ်ခွဲခမ်းများ၊ စာသင်ခန်းများမှာ  မီးသင့်လောင်ပြီး ပျက်စီးဆုံးရှုံးကြရသည်။ သာမာန်အားဖြင့် ငြိမ်းငြိမ်း ချမ်းချမ်းဖြင့် ပြီးသွားကြသော ဆန္ဒပြမှုများမှာ အဘယ့်ကြောင့် အကြမ်းဖက်လာကြရပါသနည်းဟု တွေးတောစရာဖြစ်လာ ပါသည်။

(၂)
ဆိုခဲ့သည့်အတိုင်း အစိုးရကပေးသော ၀န်ဆောင်မှုလုပ်ငန်းများ၏ အဆင့်အတန်းမှာ နိမ့်ကျလှသည်။ လူမဲ လူငယ် လူဦးရေ တ၀က်ကျော်မှာ အလုပ်လက်မဲ့ ဖြစ်နေကြသည်။ စီးပွားရေးတိုးတက်မှု မရှိသည့်အပြင် တဖက်စောင်းနင်းမညီမျှမှုများမှာ နေရာတကာတွင်ရှိနေကြသည်။ လူမဲအများစုမှာဆင်းရဲတွင်းက မလွတ်နိုင်ကြသေးပါ။

Universal Suffrage ခေါ် လူမဲများ မဲပေးပိုင်ခွင့်နှင့်အတူ မိမိတို့ ကိုယ်ပိုင်အစိုးရကို မဲပေးရွေးချယ်ခဲ့ကြသည်မှာ ၂၂ နှစ်ကြာ ပြီဆိုသည့်တိုင် ဆင်းရဲသားလူထုအဖို့ အခြေအနေမှာ မပြောင်းလဲခဲ့ပေ၊ ဂျိုဟန်နက် (စ) ဘတ် တက္ကသိုလ်က ခန့်မှန်းရာတွင် ဆန္ဒပြမှုများမှာ တနေ့လျင် ပျမ်းမျှ ၁၁ ကြိမ်အထက်မှာရှိသည်။ အလုပ်အကိုင်ပြဿနာအပါအ၀င် ပြဿနာပေါင်းစုံ လုံးချာ လိုက်နေသည်။

ယခင်ကမူ ဆန္ဒပြပွဲများမှာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးစီးသွားခဲ့ကြပါသည် သို့ပါသော်လည်း ပြည်သူပြည်သား အများ စုမှာသူတို့၏ ပြဿနာများကို တာဝန်ရှိသူ အစိုးရများနှင့် မီဒီယာများက ဂရုမစိုက်ကြဟု ခံစားမိကြသည်။ (Burn to be heard) ခေါ် မီးရှို့မှ လူသိမည်ဟူသော အယူအဆနှင့် မီးရှို့နေကြခြင်း ဖြစ်ဟန်တူသည်။

ဆန္ဒပြမှုများကြောင့် ခိုးမှု၊ ၀ှက်မှုများလည်း ထိမ်းသိမ်းမနိုင်ဖြစ်လာကြပါသည် အစိုးရက သေချာအရေးမယူနိုင်သောအခါ မီးရှို့ရှို့၊ ခိုးလိုခိုး ခဲဖြင့်ပေါက်လိုပေါက် ဘာမှမဖြစ်နိုင်ဟု မြင်လာကြသည်။

အကြမ်းဖက်မှုဆိုသည်မှာ လျော့နည်းသွားတတ်သော သဘောမရှိ၊ တာဝန်ရှိသူများက ခပ်ကြမ်းကြမ်း နှိပ်ကွပ်လျှင် ဆန္ဒပြ သူများကလည်း ပိုမိုကြမ်းတမ်းလာရန်သာရှိသည်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းများသို့ သေချာ လေ့ကျင့်ထားခြင်းမရှိ သော နှိမ်နင်းရေး တပ်ဖွဲ့ကို စေလွှတ်လျှင် ကျောင်းသားများကလည်း ရရာလက်နက်နှင့် ဉာဏ်ရှိသလို တုန့်ပြန်လာ တတ်ကြ သည်။ မကြာသေးမှီက အဖြစ်အပျက်တခုတွင်ကျောင်းသားတစ်ဦးမှာရာဘာ ကျည်ဆံ ၁၃ ချက်မျှ အပစ်ခံရသည်ဟုဆိုသည်။

ပို၍စိုးရိမ်စရာကောင်းသည်မှာ အကြမ်းဖက်မှုများကြောင့် မူလအခြေခံပြသနာမှာ ရှေ့တန်းရောက်မလာတော့ ဘဲအာရုံလွဲ သွားတတ်ကြပါသည်။ ပစ္စည်းအခိုးခံရခြင်း၊ မီးရှို့ခံရခြင်းကြောင့် ဘဏ္ဍာငွေဆုံးရှုံးမှုများ ဖြစ်ကြရပါသည်။

တောင်အာဖရိကနိုင်ငံမှာ သွေးစွန်းသော ကိုလိုနီခေတ်ရှိခဲ့ဘူးပါသည်။ အသားရောင်ခွဲခြားသည့် (Apertheid) အစိုးရခေတ် ကလည်း အာဖရိကယူနီယံ (ANC ) ၏ဆန္ဒပြမှုများကို လူဖြူအစိုးရက သေနတ်ကျည်ဆံများဖြင့်သာ နှိပ်ကွပ်ဖြေရှင်းလေ့ရှိခဲ့ကြပါသည်။ ၁၉၉၀ ခုနှစ်များက ပြည်တွင်းစစ်ဖြစ်တော့မည်လားဟု စိုးရိမ်ခဲ့ရသော နိုင်ငံ တွင် ယခုအခါ ရာဇ၀တ်မှုခင်းကြီးများ ဖြစ်ပွားနေခြင်းမှာ အဆန်းမဟုတ်တော့ပါ။

(၃)
ခေါင်းဆောင်ကြီး နယ်လဆင်မန်ဒဲလားက ကမ္ဘာ့အဆိုးဆုံးပြစ်မှုကျူးလွန်သူများကို အပြစ်ပေးနိုင်ရန် ICC ခေါ်အပြည်ပြည် ဆိုင်ရာတရားရုံး ကိုထူထောင်ရန် ဆော်သြခဲ့ပါသည်။ လူသားအချင်းချင်း လူမဆန်စွာ မညှာ မတာ နှိပ်စက်ငြှင်းပမ်းမှုများကြောင့် သူတို့အာဖရိက တိုက်သားများမှာ များစွာ ဆင်းရဲဒုက္ခ ကြုံခဲ့ကြရသည်ဟု ပြောခဲ့ပါသည်။ ၁၉၉၈ ခုနှစ်က တည်ထောင်ခဲ့သော အိုင်စီစီ တရားရုံး၏ဥပဒေများကို မိမိတို့နိုင်ငံ၏ ဥပဒေများ အဖြစ်လည်း ပြဌာန်းပေးခဲ့ပါသည်။

လက်ရှိသမ္မတ ဂျက်ကော့ဇူးမား ၏လက်ထက်တွင်မူ  ဤတရားရုံးနှင့် သဘောတူလက်မှတ်ထိုးထားမှုများကို ရုတ်သိမ်းခါ တရားရုံးမှ ထွက်တော့မည်ဟု အောက်တိုဘာ ၂ရ ရက်နေ့က ကျေငြာခဲ့ပါသည်။ ဤတရားရုံးသည် အာဖရိကနိုင်ငံများကို တဖက်စောင်းနင်း နှိပ်ကွက်နေသည်ဟု စွတ်စွဲခဲ့ပါသည်။ မန်ဒဲလားက လက်နှင့်ရေးခဲ့ သည်ကို သူ၏အရိုက်အရာဆက်ခံသူက ခြေဖြင့် ဖျက်ခဲ့ခြင်းဖြစ်ပါသည်။ တရားရုံးက ၀ရမ်းထုတ်ထားသော ဆူဒန်သမ္မတ မစ္စတာဘာရှီရား ကို တောင်အာဖရိကားသို့ လာရန် ဖိတ်ခေါ်ခဲ့ဘူးသည်။ စာချုပ်သတ်မှတ်ချက် များအရဆိုလျင် ဆူဒန်သမ္မတကို တောင်အာဖရိက အရောက်တွင် ဖမ်းပေးရမည်ဖြစ်၏၊ သို့ပါသော်လည်း သမ္မတဇူးမားက ဆူဒန်သမ္မတကို တိုင်းပြည်မှ အမြန်ဆုံးထွက်ခွာသွားရန်သာ စီစဉ် ပေးခဲ့သည်။

ယခုနှစ်စောစောပိုင်းက သူနေထိုင်ရာအိမ်တော်ကို မတန်တဆဈေးကြီးပေးပြီး ပြင်ဆင်ခဲ့သည်ဟု စွပ်စွဲခံရသည်။ လက်နက် ၀ယ်ယူရာတွင် သမ္မတကို လာဘ်ထိုးခဲ့ရသည်ဟု စွတ်စွဲနေကြသည်။ သူ့ကို ဆန့်ကျင်သူ ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ကိုလည်း လုပ်ကြံစွပ်စွဲချက်များဖြင့် တရားရုံးတွင် စွဲချက်တင်ရန် ပြင်ဆင်နေကြသည်။ ပါတီတွင်းမညီညွတ်မှုများကြောင့် စွပ် စွဲတိုက်ခိုက်မှုအသံများဖြင့် ပွက်လောရိုက်နေပြီး  ယခုအခါ အိုင်စီစီမှထွက်ရန်ကြေငြာလိုက်ခြင်းကို ဖွဲ့စည်းပုံဥပဒေနှင့် ညီညွတ်မှုမရှိဟု ဆိုနေကြသည်။

(၃)
ဒီမိုကရေစီနိုင်ငံတော်တို့တွင် ပြည်သူအများ၌ တရားမျှတမှုမရှိဘူးဟု ယူဆသောအချက်များကို တင်ပြပိုင်ခွင့် ရှိကြပါသည်။ တရားဝင်ဖြစ်စေ၊ တရားမ၀င်သောနည်းလမ်းများဖြင့်ဖြစ်စေ ဆန္ဒထုတ်ဖေါ်သူတို့ကို အရေးမယူကြပါ၊ ဆန္ဒထုတ်ဖေါ်သူများ ကလည်း အကြမ်းဖက်မှုကိုလှုံ့ဆော်သောအပြုအမူများကို ရှောင်ရှားကြရပါသည်။

နစ်နာချက်မှာ မှန်ကန်သည်ဆိုပါက တာဝန်ရှိသူများက ထိုနစ်နာချက်များကိုဖြေရှင်းပေးရပါမည်၊ အစိုးရက ဖြေရှင်းပေးရန်ပျက်ကွက်လျင်ပြည်သူ့အသံကို အုပ်ချုပ်သူတို့က မကြားဖူးဟု ပြည်သူကယူဆတတ်ကြပါသည်။ နောက်ဆက်တွဲအဖြစ် သူတို့၏ ဆန္ဒပြပွဲများသည်အကြမ်းဖက်သူများနှင့်သာအဆုံးသတ်သွားလေ့ရှိကြပါသည်။

မကြာမီကကျင်းပခဲ့သော မဲရွေးချယ်ပွဲများတွင် ပြည်သူလူထုက အတိုက်အခံ Democratic Alliance ပါတီကို တခဲနက်မဲ ပေးခဲ့ကြပါသည်။ မျှော်လင့်ချက်မှာ အစိုးရကိုမိမိတို့လူနေမှု အဆင့်အတန်းမြင့်မားလာစေရေး ပြုပြင်ရေးလုပ်ငန်း များလုပ် ဆောင်လာစေရန် ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံတို့တွင် ကောင်းမြတ်သော အစဉ်အလာ အကျိုးကျေးဇူးများစွာရှိကြပါသည်။ ထိုဒီမိုကရေစီ၏ အသီးအပွင့် များကို ခံစားနိုင်စေရန်မှာမူ အုပ်ချုပ်သူအစိုးရများနှင့် ပြည်သူတို့မှာ ဆက်သွယ်မှု၊ အချင်းချင်း နားလည်မှုတို့ လိုအပ်သည် ဟုသာဆိုရန်ရှိပါတော့သည်။

ကိုသန်းလွင်
Ref: Economist Journal, October 29, 2016