စံလှကြီး - ဒီမိုကရေစီ စတင်ရာ ဒေသမှ မညီညွတ်ကြသူများ၏ သမိုင်း သင်ခန်းစာ



စံလှကြီး - ဒီမိုကရေစီ စတင်ရာ ဒေသမှ မညီညွတ်ကြသူများ၏ သမိုင်း သင်ခန်းစာ

ဒီလှိုင်းဂျာနယ်၊ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆

ယနေ့ခေတ်တွင် ဒီမိုကရေစီ ဟူသော စကားမှာ ကမ္ဘာနှင့်အဝှမ်း ကျယ်ပြန့်လျက် ရှိသည်။ စစ်အေး တိုက်ပွဲကာလက အာဏာရှင် နိုင်ငံများပင် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ အုပ်ချုပ်နေကြ၏။ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများ လုံးဝ ပပျောက်ပြီဟု မဆိုနိုင်စေကာမူ ဒီမိုကရေစီ စနစ်က ကမ္ဘာတွင် အောင်ပွဲခံနေသည်ကတော့ အထင်အရှားပင်။ ဒီမိုကရေစီ ဟူသော စကားလုံးသည် ဂရိဘာသာမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်ပြီး လူအများ၏ အုပ်ချုပ်ခြင်းဟု အဓိပ္ပါယ် ရသည်။ ဂရိမြို့ပြ နိုင်ငံများမှ တဆင့် ကမ္ဘာတဝှမ်းလုံးသို့ ဒီမိုကရေစီ စနစ် ပျံ့နှံ့သွားခဲ့သည်။ ဒီမိုကရေစီ အစ ဂရိလူမျိုးတွေက ဟုပင် ဆိုရချေမည်။

ဒီမိုကရေစီ စနစ် သာမက ဥရောပတိုက် တစ်ခုလုံး၏ ယဉ်ကျေးမှုများသည်လည်း ဂရိနိုင်ငံမှပင် စတင်ခဲ့သည်။ ဥရောပ၏ စာပေ အနုပညာများကို နားလည်ရန် ရှေးဟောင်း ဂရိယဉ်ကျေးမှုကို သဘောပေါက်ရန် လိုသည်ဟု ဆိုသည်။ ဂရိလူမျိုးတွေက ကျန်းမာရေးလည်း လိုက်စားသည်။ သူတို့တွေ စတင်ခဲ့သည် အိုလံပစ် ပြိုင်ပွဲမှာ ယနေ့ခေတ် အထိ ကမ္ဘာနှင့် အဝှမ်း စိတ်ဝင်စားမှု အခံရဆုံး ပြိုင်ပွဲကြီး ဖြစ်သည်။ ထို့ပြင် ဆိုကရေးတီး၊ ပလေတို၊ အာခီးမီးဒီး အစရှိသည့် တွေးခေါ်ပညာရှင်များ သိပ္ပံပညာရှင်များသည်လည်း ဂရိလူမျိုးများသာ ဖြစ်သည်။ ထိုပညာရှင်များထံမှ မြစ်ဖျားခံ၍ ယနေ့ သိပ္ပံပညာရပ်များ ဒဿန ပညာရပ်များ ပေါ်ထွန်းခဲ့သည်။ ဒါတင်မက ပိုက်သာဂိုးရပ်၊ ယူကလစ် စသော သချာင်္ပညာရှင်များသည်လည်း ဂရိလူမျိုးတွေပင်။ သူတို့၏ သချာင်္ သီအိုရီများမှာ ယနေ့အထိ လေ့လာနေရဆဲပင်။ သီအိုရီ ဟူသော စကားလုံးသည်ပင် ဂရိဘာသာ ပေါက်ဖွား လာခြင်းဖြစ်သည်။ ယနေ့ခေတ် ဆရာဝန်များ ဘွဲ့ယူရာတွင် ဆိုရသော သစ္စာဓိဌာန်မှာလည်း ဆေးပညာ၏ ဖခင်ဟု ဆိုရမည့် ဂရိသမားတော်ကြီး ဟစ်ပိုကရေးတီး ထားခဲ့သည့် အစဉ်အလာပင်။ မည်မျှ အံ့သြ ချီးကျူးစရာ ကောင်းသော ဂရိလူမျိုးတွေပါနည်း။ ခေတ်သစ် ဒဿနပညာ၊ သိပ္ပံပညာ၊ အနုပညာ၊ အားကစား၊ သချာင်္ပညာ၊ ဆေးပညာ စသည့် အားလုံးသော ပညာရပ်တွေမှာ သူတို့ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဥာဏဗလ သာမဟုတ် ကာယဗလ ဟုဆိုရမည့် တိုက်ရည် ခိုက်ရည် တွင်လည်း ဂရိတွေက ထိပ်တန်းပင်။ ပညာရှင် ဆိုကရေးတီး ကိုယ်တိုင် ငယ်စဉ်ဘဝက တိုက်စွမ်းရည် ကောင်းလှသော စစ်သားဟောင်းကြီး ဖြစ်သည်။ ဂရိ မြို့ပြ နိုင်ငံများထဲမှ စပါတာ မြို့သားတွေ၏ သတ္တိဗျတ္တိကတော့ သမိုင်းတွင်ပင် စာတင်ခံရသည်။ ယနေ့ခေတ်အထိ သတ္တိ အလွန် ကောင်းလှသူများကို စပါတာ သတ္တိဟု တင်စား ခေါ်ဝေါ်ရလေသည်။ ကာယဗလ ဥာဏဗလ စွယ်စုံရသည့် ဂရိတွေမှာလည်း အကြီးမားဆုံး အားနည်းချက်ကြီး တစ်ခု ရှိပြန်သည်။ ထိုအားနည်းချက်ကား သူတို့ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်းပင် ဖြစ်သည်။

ဂရိတို့သည် ပင်ကိုဇာတိအားဖြင့် စည်းလုံးမှုကို ကြိုက်သော လူမျိုးများ မဟုတ်ခဲ့ချေ။ ဂရိနိုင်ငံ၏ ပထဝီ အနေအထားကလည်း ဒေသ တစ်ခုနှင့် တစ်ခု တောင်တန်းများဖြင့် ကာဆီးထားသဖြင့် ဂရိတို့မှာ မြို့ပြနိုင်ငံငယ်များ အဖြစ် အစိတ်စိတ် အမွှာမွှာ ဖြစ်နေခဲ့သည်။ မြို့ပြနိုင်ငံ အချင်းချင်း ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လှပေသည်။ အေသင်ကြီးစိုးမှုကို စပါတာက လက်မခံနိုင်။ စပါတာ လွှမ်းမိုးလာသည်ကိုလည်း သီးဗီးမြို့ပြ နိုင်ငံက ကြည့်မနေနိုင်။ ထို့အတူ သီးဗီး တန်ခိုးတက်လာမည်ကိုလည်း ကျန် မြို့ပြ နိုင်ငံငယ်များက မနှစ်မြို့။ သူတို့ အချင်းချင်းလည်း အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်ကြပြန်သည်။ ပထဝီ အနေအထား ကြောင့်ပင်လား သို့တည်းမဟုတ် ဂရိအချင်းချင်း အကျောမခံနိုင်သည့် ဂုဏ်တု ဂုဏ်ပြိုင်မှုကြောင့်လား ထိုနှစ်ခုလုံးကြောင့်ပင်လော မဆိုနိုင် ဂရိတွေ မညီညွတ်ခဲ့တာတော့ အမှန်ပင် ဖြစ်ပေသည်။

ဂရိမြို့ပြ နိုင်ငံများ၏ အနေအထားကလည်း ဆန်းကြယ်သည်။ ထိုမြို့ပြ နိုင်ငံလေးများသည် ကိုယ်စီ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံငယ်လေးများ ဖြစ်သည်။ ဂရိတွေ ရံဖန်ရံခါ စည်းလုံးညီညွတ်တာမျိုးတော့ ရှိခဲ့ဖူးသည်။ ပြင်ပမှ ဝင်ရောက် တိုက်ခိုက်သော ဘေးရန် အန္တရာယ် ကြုံသည့် အခါမျိုးတွင် ဂရိတွေ စည်းလုံးညီညွတ်စွာဖြင့် ခုခံ ကာကွယ်ခဲ့ဖူးသည်။ သို့သော် သာမန် အချိန်များတွင်ကား သူတလူ ငါတမင်း အစိတ်စိတ် အမွှာမွှာ ကွဲနေခဲ့သည်သာ ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံငယ်များကား ပတ်ဝန်းကျင်ရှိ အင်အားကြီး နိုင်ငံများက အလွယ်တကူ သိမ်းသွင်းခြင်း ခံရမည်သာ ဖြစ်သည်။ ဂရိတွေ အောင်မြင်ခဲ့ဖူးသော ရန်သူများမှာ ဘေးပတ်ဝန်းကျင်မှ မဟုတ်။ အလွန်ဝေးလံလှသော အာရှဘက်မှ စစ်တပ်များသာ ဖြစ်သည်။

ထို့ကဲ့သို့ ဂရိ မြို့ပြနိုင်ငံတွေ အချင်းချင်း တိုက်ခိုက်နေဆဲမှာပင် သူတို့နှင့်ကပ်လျက် မက်ဆီဒိုးနီးယား နိုင်ငံသည် ဖိလစ်ဟူသော ဘုရင် တစ်ပါး၏ လက်အောက်တွင် အင်အားကြီးမားလာသည်။ ဖိလစ်ကိုယ်တိုင်လည်း စစ်တိုက် အလွန်တော်သူ ဖြစ်သည်။ အချိန်လွန်မှ ဖိလစ်၏ အန္တရာယ်ကို ရိပ်စားမိသော ဂရိ မြို့ပြနိုင်ငံများသည် မက်ဆီဒုန် စစ်တပ်ကြီး၏ လက်အောက်သို့သာ ကျရောက်ရလေတော့သည်။ ဂရိတို့ မောင်းကိုထုပါ လူစုပါ လုပ်နေစဉ်တွင်ပင် ဖိလစ် ဦးဆောင်သော မက်ဆီဒိုးနီးယား တပ်ကြီးသည် ဂရိမြို့နိုင်ငံများကို အောင်မြင်စွာ သိမ်းပိုက်ပြီးလေပြီ။ အချင်းချင်း တိုက်ခိုက်ရင်းဖြင့်သာ အချိန်ကုန်ခဲ့သော ဂရိမြို့များကား သူတပါး၏ ဓားအောက်သို့သာလျှင် ကျရောက်၍ ရှုံးခြင်းကြီး ရှုံးကြရလေသည်။ ဖိလစ်ကား နောင်သောအခါ ကမ္ဘာ့သမိုင်းတွင် ကျော်ကြားလာမည့် အလက်ဇန္ဒားမင်းမဟာ(Alexander the Great) ၏ ခမည်းတော်ပင် ဖြစ်သည်။

မက်ဆီဒုန် ဘုရင် ဖိလစ် အနိစ္စရောက်ပြီး သားတော် အလက်ဇန္ဒား၏ လက်ထက်တော်တွင် ဂရိမြို့ပြနိုင်ငံ တစ်ခု ဖြစ်သော သီးဗီး(Thebes) က အကဲစမ်း ပုန်ကန်ရန် ကြိုးပမ်းခဲ့သေးသည်။ သက်တော် (၂၀) မျှသာ ရှိသေးသော ဘုရင်လေး ဖြစ်၍ အကဲစမ်းမည် ဆိုကလည်း စမ်းချင်စရာပင်။ သို့သော် ထိုပုန်ကန်မှုကို ဘုရင်လေး အလက်ဇန္ဒားက ရက်စက်စွာ နှိမ်နှင်းလိုက်သည်။ တစ်မြို့လုံးရှိ အဆောက်အအုံများကို ဖြိုချ ဖျက်ဆီးလိုက်သည်။ သူအလွန် နှစ်သက်သော စာဆိုတော်ကြီး၏ အိမ် တစ်လုံးကိုသာ ချွင်းချန် ထားခဲ့သည်။ ရှေး ဘုရင်စနစ်၏ ထုံးစံအတိုင်း အစရှိ နောက်နောင် မဖြစ်ရလေအောင် စံနမူနာပြ နှိပ်ကွပ်ခြင်းပင်။

အလက်ဇန္ဒားမင်းမဟာ၏ စွမ်းရည်ကတော့ ကမ္ဘာ့သမိုင်းတွင် အထင်အရှား နေရာရသူ ဖြစ်သည့် အတိုင်း အထွေအထူး ပြောစရာ မလိုပေ။ စစ်ပွဲတိုင်း၏ အစပိုင်းတွင် နောက်ကွယ်ကသာ လိုအပ်သမျှကို စီမံခန့်ခွဲလေ့ ရှိသော်လည်း နောက်ဆုံး အဆင့် မြင်းတပ်နှင့် နင်းပြီး အနိုင်တိုက်ရတော့မည် ဆိုလျှင် သူကိုယ်တိုင် တပ်ဦးမှ ပါလာတတ်သည်။ ထိုအရာသည်ပင် သူ့တပ်သားများ အတွက် အလွန်ကြီးမားသော အောင်စိတ် ဖြစ်လာပြီး တိုက်ပွဲတိုင်းကို အနိုင်ရလေတော့သည်။

ဂရိ မြို့ပြနိုင်ငံများမှာလည်း အလက်ဇန္ဒား၏ လက်အောက်တွင် ဝပ်စင်းရရုံမက သူ့တပ်တွင်ပါ တပ်သားများ အဖြစ် ဝင်ရောက် အမှုထမ်းရလေတော့သည်။ အလက်ဇန္ဒား စစ်ချီရာသို့ ဂရိလူမျိုးများစွာ လိုက်ပါရပြီး ကမ္ဘာ့နေရာ အသီးသီးတွင် ပျံ့နှံ့ ကျန်ရစ်ခဲ့ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ လောကတွင် ပညာကြွယ်ဝ မိလိန္ဒမင်း ဟူ၍ ထင်ရှားခဲ့သည့် မိလိန္ဒမင်းကြီးမှာ ဂရိလူမျိုး ဖြစ်ပြီး မေနန္ဒာဟု အမည်ရသည်ဟု ဆိုသည်။ မျိုးနှင့် ရိုးနှင့် ပညာကြီးသည့် နေရာတွင် ပိဋကသုံးပုံးတွင်ပါ နေရာယူနိုင်သော ဂရိလူမျိုးတွေဟု ဆိုရမည်။ သို့သော် ကိုယ့်အချင်းချင်း မညီညွတ်ကြသဖြင့် အင်အားကြီး နိုင်ငံကြီး တစ်ခု မထူထောင်နိုင်ရုံမျှမက သူတပါး လက်အောက်သို့ အချိန် ကြာမြင့်စွာ ကျရောက်ခဲ့ရလေသည်။

အလက်ဇန္ဒားမင်းမဟာ လွန်လေပြီး နောက်တွင် ဂရိတို့သည် မက်ဆီဒိုးနီးယား လက်အောက်မှ လွတ်ရန် ကြိုးစားခဲ့ကြသည်။ ဘီစီ ၁၉၇ တွင် ရောမလူမျိုးတို့က မက်ဆီဒိုးနီးယားကို ဝင်ရောက် တိုက်ခိုက်သော အခါ ဂရိတို့က ကူညီခဲ့ကြသည်။ သို့သော် ရောမလူမျိုးတို့၏ ကျွန်သဘောက် ဘဝသို့ ကျရောက်ရပြန်သည်။ ဘီစီ ၁၄၆ တွင် ဂရိမြို့ပြ နိုင်ငံအားလုံး ရောမတို့ လက်အောက်သို့ ရောက်ခဲ့ရလေသည်။ ထိုမျှမက ရောမ ကြေးရေတတ်များ၏ အိမ်ဂေဟာများတွင်ပင် ဂရိလူမျိုးတို့မှာ အစေခံများ ဖြစ်ကုန်ကြသည်။ တိုင်းပြည်လည်းဆုံးရှုံး လူများလည်း ကျွန်ဖြစ်ကုန်သည့် ဂရိတို့ အဖြစ်က ကြေကွဲဖွယ် ဖြစ်သည်။

ဤသို့ဖြင့် ဂရိတို့သည် အလက်ဇန္ဒား မင်းမဟာ လက်ထက်တော်မှ စ၍ အေဒီ ၁၉ ရာစု အစလောက် အထိ နှစ်ပေါင်း (၂၀၀၀) ကျော်တိုင် သူတပါး လက်အောက်ခံ လူမျိုးများ ဖြစ်ခဲ့ကြလေသည်။ သူတို့၏ နောက်ဆုံး အရှင်သခင်တို့ကား ၁၅ ရာစုလောက်မှ စတင်၍ အုပ်စိုးသော တူရကီတို့ ဖြစ်ကြသည်။ (၁၈၂၉) တွင်မှ ဂရိတို့မှာ တူရကီတို့ လက်အောက်က လွတ်မြောက်ကြလေသည်။

ဒီမိုကရေစီ အတွေးအခေါ်များ စတင်ခဲ့ရာ ဒေသ၊ ခေတ်မီ သိပ္ပံပညာရပ်များကို အစပျိုးခဲ့ရာ လူမျိုး၊ ကာယဗလ ဥာဏဗလ စွယ်စုံရသည့် ဂရိလူမျိုးများကား အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ရင်း မညီညွတ်နိုင်ခဲ့သဖြင့် တိုင်းပြည်ပါ ဆုံးရှုံးပြီး နှစ်ပေါင်း (၂၀၀၀) ကျော်တိုင် တိုင်းတပါး လက်အောက်တွင် အောက်ကျ နောက်ကျ နေခဲ့ရသည့် အဖြစ်မှာ သံဝေဂနှင့် သမိုင်း သင်ခန်းစာ ယူစရာပင် ဖြစ်ပါကြောင်း။

ကိုးကား

ဥရောပ ယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
မြန်မာ့ စွယ်စုံကျမ်း
Glimpses of World History(JAWAHARLAL NEHRU)
(နိုဝင်ဘာ ၁၄ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၄၄) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)