ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)


ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)
တွေ့ဆုံမေးမြန်းသူ စာရေးဆရာ မာန် (တောင်လုံးပြန်) 
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆


ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင်ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
မာန် (တောင်လုံးပြန်)
====

(၁၅၊ ၁၀၊ ၂၀၁၆) စနေနေ့၊

မာန်။ ။  အရင်ဆုံးပေါ့ဆရာရယ်၊ ကျနော်က ကျနော်လေးစားတဲ့ဆရာတွေဆိုရင် အသေးစိတ် မေးလေ့ရှိပါတယ်။ ဆရာဦး ဝင်းငြိမ်းတို့ကိုမေးခဲ့တုန်းကလိုပေါ့။ ဒါကြောင့် ဆရာ့ရဲ့ငယ်ဘဝ၊ ဆရာ့မိဘ မောင်နှမတွေ၊ ဆရာ့ငယ်ဘဝဖြတ်သန်းမှုလေး တွေ ပြောပြပေးပါ။ အဲဒါတွေက ဆရာပြောပြမှသိရမှာ မို့လို့ပါ။
မင်းသစ်။ ။ ဟုတ်ကဲ့၊ ကျနော်ကဒုတိယကမ္ဘာစစ်အတွင်းမွေးတာ။ (၁၉၄၆) မွေးတော့၊ အိမ်မှာ အားလုံးက ဗကပတွေ၊ အလုပ်အကိုင်ကျတော့ အမေက ဆရာမ၊ နာမည်က ဒေါ်သန်းခင်၊ ကျနော့် အဖေက ဦးစံရွှေ၊ သူကအောက်သား၊ မြန်အောင် သား၊ ကုန်သည်။ အမေကစစ်ကိုင်း၊ ငဇွန်သူ၊ ကျနော်ကြီးပြင်းခဲ့ရတဲ့ဘဝက ဗကပအုပ်စုထဲမှာကြီးပြင်းရတာ။

မာန်။ ။ ဆက်ပြောပါဦးဆရာ။
မင်းသစ်။ ။ အဲဒီတုန်းက ကျနော်တို့အိမ်က ငဇွန်မှာပေါ့။ ငဇွန်ကို ရဲဘော်ဖြူတွေအုပ်ချုပ်ထားတဲ့ အချိန်မှာ ဗကပတွေလာရင် ခိုးပြီးလာကြတယ်။ ဘယ်သူတုန်းဆိုတော့ ပီကင်းပြန် မမျိုးသန့်၊ ဒေါ် နို့တလုံးစိန်ပေါ့၊ သူတို့လာလို့ရှိရင် မြင်းနဲ့လာကြတယ်။ မြင်းကိုစီးပြီးတော့ လာကြတာ။ စီးလာပြီး ငဇွန်တဖက်ကမ်းမှာ မြင်းတွေဝှက်ကြ၊ အပ်ထားခဲ့ကြပြီးမှ အိမ်ကိုခေါင်းပေါင်း ကြီးတွေနဲ့ လာကြတယ်။ ကျနော့်ကိုထိန်းတဲ့ ကလေးထိန်းလိုလို ဘာလိုလိုနေကြတယ်၊ သူတို့လာလို့ ထမင်းဟင်းချက် ကျွေးမယ်ဆိုရင်လည်း မီးဖိုကိုထရံနဲ့၊ အဲဒါကိုစောင်ပတ်ပြီးတော့မှ ချက်ရတယ်။ မီးမြင်မှာစိုးလို့။ ဘေးအပြင်ဧည့်သည် လာတယ်လို့ထင်သွားကြမှာစိုးလို့။ နောင်လည်း သူတို့ဗကပများစည်းရုံးရေးတို့ ဟောပြောရေးတို့ဆိုပြီးတော့ နယ်ဆင်းလို့ရှိ ရင်လည်း အဲဒီကုလားရွာတို့ ကံကုန်းတို့။

မာန်။ ။ အဲဒီကာလက ရဲဘော်ဖြူနဲ့ ဗကပမတည့်ကြဘူး၊ တွေ့ရင်သတ်ကြမှာ၊ အဲဒီလိုလား ဆရာ။
မင်းသစ်။ ။ မတည့်ဘူး၊ သတ်ကြမှာ၊ နေဦးဗျ၊ ကျနော်မှားသွားပြီ ရဲဘော်ဖြူက ဗကပဘက်က၊ နို့တလုံးစိန်တို့က ဗကပတွေ၊ ရဲဘော်ဝါ (ပြည်သူ့ရဲဘော်) က ဖဆပလဘက်က၊ ငဇွန်ကိုသိမ်းထားတာ  ရဲဘော်ဝါတွေဗျ။ အဲဒီရဲဘော်ဝါတွေကလည်း ကိုယ့်အမျိုးတွေချည်းပါပဲ။ နောက်ပြီးတော့ အဘိုးက ငဇွန်ကျောင်းအုပ်ကြီးဆိုတော့၊ အဘိုးတပည့်တွေ၊ အဲဒါကြောင့်သက် သာတာလည်း ပါပါတယ်။ နောက်၊ အသတ်ခံရတော့မယ်ဆိုတော့လည်း ရဲဘော်ဝါတွေပဲ လာပြောပေးကြတာ။ ပြေးကြပါ တော့တဲ့။ ညကြီးမင်းကြီးကိုပဲ လှေအကြီးကြီးနဲ့ ကျနော်တို့မိသားစု စစ်ကိုင်းကိုဆန်ပြေးကြရတာ။ အဲဒီမှာ မင်းသစ် စစ်ကိုင်း သား ဖြစ်သွားတော့တာပဲ။

မာန်။ ။ ဩော်၊ စစ်ပြေးရင်းနဲ့ စစ်ကိုင်းသားဖြစ်သွားတဲ့သဘောပေါ့ဆရာ။
မင်းသစ် ။ ။ ဟုတ်တယ်၊ စစ်ပြေးရင်းနဲ့ဖြစ်သွားတာ။ ကျနော့်မှာ နှမလေးတယောက် ရှိတယ်၊ အသက်ဆယ်နှစ်လောက်ကွာ တယ်၊ စစ်ပြီးတော်တော်ကြာမှမွေးတာ၊ အဲဒီတော့ ကျနော်ဘဝက အဲဒီလိုကြီးပြင်းရင်း ဘာကိုကျေးဇူးတင်ရသလဲဆိုတော့၊ ကျနော့်ဆရာတွေ၊ ဦးလေးတွေ၊ အစ်ကို တွေ ကစာအလွန်ဖတ်ခဲ့တဲ့သူတွေ၊ အဒေါ်တွေကလည်း စာသိပ်ဖတ်ကြတဲ့သူတွေ၊ အဒေါ်တွေက ဘာစာတွေသဲသဲမဲမဲဖတ်သလဲဆိုတော့ ဗန်းမော်တင်အောင်နဲ့ အောင်လင်းကိုဖတ်တာ၊ နောက်ပိုင်းမှာ တက္ကသိုလ်ဘုန်းနိုင်ဖတ်တယ်၊ သူကနောက်ကျတာကိုး၊ ဒီအဒေါ်တွေကြောင့်မို့လို့လည်း စာတွေဖတ်ရတာပေါ့ဗျာ။ ယုတ်စွ အဆုံး တိုင်းရင်းမေကအစ ဖတ်ရတယ်။

မာန်။ ။ ဆရာ့ရဲ့ကျောင်းနေရတဲ့ဘဝလေး ပြောပြပါဦး။
မင်းသစ်။ ။ ကျောင်းနေတော့ စစချင်းတုန်းက ငဇွန်မှာပေါ့၊ ငဇွန်မှာ သူငယ်တန်းလေး၊ သူငယ်တန်းလေးမပြီးခင် စစ်ကိုင်း ကိုပြေးရတာဆိုတော့ စစ်ကိုင်းရောက်၊ တစ်နှစ်နား၊ ပြီးမှကျောင်း ဆက်တက်၊ ကျောင်းဆက်တက်တော့ ရှစ်တန်းအထိ တက်ပါတယ်၊ မူလတန်းကနေ စတက်တာပေါ့၊ အဲဒီမှာလည်း ကံကောင်းတယ်ဗျ၊ ကံကောင်းတယ်ဆိုတာ ဒုတိယကမ္ဘာစစ် မတိုင်မီက ဆရာ ဆရာ မကြီးတွေ မသေသေးဘူး။ သူတို့ဆီကနေပြီးတော့ မြန်မာစာနဲ့အင်္ဂလိပ်စာ ကောင်းကောင်းရလိုက် တယ်၊ အဲဒါ ကျနော်တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ။ ကျနော် အေဘီစီဒီမတတ်ခင်မှာပဲ အင်္ဂလိပ်လို သီချင်းဆိုနေပြီ၊ အဓိပ္ပါယ်လည်းမသိဘူး။ ဒါပေမဲ့ ပါးစပ်ကရနေပြီ၊ ဆိုနေပြီ၊ အဲဒါပြီးတော့မှ အေဘီ စီဒီသင်ရတာ၊ သင်တဲ့အခါကျတော့လည်း သိပ်တော်တဲ့ဆရာဆရာမကြီးတွေ။ မစ္စဘာဒင်တို့၊ အင်ဂလိုအင်ဒီးယန်း ကုလားမကြီးတွေ၊ ဒေါ်မိမိတို့ ဒေါ်ဖွားဖွားတို့၊ အဲဒီ လိုဆရာကောင်းတွေနဲ့ သင်ခဲ့ရတယ်။ နောက်၊ (၁) တန်းမှာ ပထဝီနဲ့သမိုင်းကို ကောင်းကောင်းသင်နေပြီ။ ဆရာမကြီး ဒေါ် ရီရီတဲ့၊ ပုံပြောပြီးသင်တာ။

မာန်။ ။ (၁) တန်းမှာနော်၊ ဟုတ်လားဆရာ။
မင်းသစ်။ ။ (၁) တန်းမှာဗျာ။

မာန်။ ။ ဟုတ်ကဲ့ဆရာ။ ဆရာမှတ်မိရင်လည်းပြောပါ၊ မမှတ်မိရင်လည်းနေပါ၊ အဲဒီကာလတုန်းက ဆရာတို့သင်ခဲ့စတဲ့ သင်ရိုးညွှန်းတမ်းလေးတွေ မှတ်မိသေးလား။
မင်းသစ်။ ။မှတ်မိတယ်ခင်ဗျ။ ကျနော်တို့အဲဒီတုန်းကသင်ရတာတွေက ပန်းချီ၊ စက်မှုလက်မှု၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အဲဒီမှာပထဝီနဲ့သမိုင်းကိုပုံပြောသလို သင်တာ၊ ပြဋ္ဌာန်းချက်စာအုပ် မထားဘူး။ ကျနော်တို့ကလည်း အဲဒီအချိန်ကိုစောင့် နေတာ၊ ဘာဖြစ်လို့တုန်းဆိုတော့ လွတ်သွားမှာစိုးလို့၊ နောက်နေ့ကို မလွတ်ဘူး၊ ဘယ်နားအကြောင်းပြောမလဲပေါ့၊ ကျနော် တို့ကိုအပြင်ဘက် ခေါ်ထုတ်သွားတာ။ သစ်ပင်စိပ်မှာဝိုင်ထိုင်ပြီးတော့ ဆရာမက ဘယ်နား ဘယ်ဒေသအကြောင်းဆိုပြီး ပြောပြီ။ အဲဒီတိုင်းပြည်က ဘယ်နားလေးက တိုင်းပြည်ပေါ့။ သမိုင်းသင်တော့လည်း အဲဒီလိုပဲ။

မာန်။ ။ သူက အဲဒါတွေသင်တာ စာမေးပွဲမှာ မေးခွန်းနဲ့မေးမှာမို့လို့လား ဆရာ။
မင်းသစ်။ ။မစစ်ဘူး၊ဟိုဟာပေါ့ဗျာ၊ ကျနော်တို့သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့တဲ့၊ ကျနော်တို့ဆရာမကြီးပြောတာကြတော့မင်းတို့ပထဝီသိရမယ်။ မင်းတို့ ပထဝီမသိရင် အကန်းပဲတဲ့၊ မကန်းအောင်လို့ ပထဝီ သင်ပေးတာပေါ့။

မာန်။ ။ဩော်၊ သမိုင်းသင်တာ မအအောင်လို့၊ ပထဝီသင်တာ မကန်းအောင်လို့။
မင်းသစ်။ ။အေးဗျာ၊ စကားစပ်လို့ပြောရဦးမယ်၊ ဟိုတလောက သူငယ်ချင်းကြီး အကယ်ဒမီများရှင် မောင်တင်ဦးကြီး မသေခင်တုန်းက၊ ကျနော်ရယ်၊ နေအောင်ရယ်၊ မေသန်းနုရယ်ကို ဒိုင်လူကြီးလုပ်ခိုင်းတယ်။ ရုပ်ရှင်မင်းသားမင်းသမီးရွေး ပွဲ မှာ၊ အဲဒီမှာတယောက်က တက်လာတယ်ဗျ။ ကျမက ပထဝီမဟာဝိဇ္ဇာနဲ့ကျောင်းပြီးတာပါတဲ့။ ကျနော်တို့ကလည်း မေးခွန်း လေးတွေမေးရတယ်။ မေးရင် သူအမှတ်ရတယ်။ ကျနော်ကလည်း သူအမှတ်ရစေချင်လို့ မေးတာပါ။ မြန်မာပြည်မှာ မြစ်အများစုမြောက်ကနေ တောင်ကိုစီးဆင်းတယ်။ တောင်ကနေမြောက်ကိုစီးဆင်းတဲ့မြစ် ခြောက်ခုရှိတယ်။ အဲဒီထဲက မြစ်တမြစ်ကိုပြောပါ၊ တမြစ်ပဲ ပြောခိုင်းတာ၊ ကျမတို့မသင်ခဲ့ရဘူးတဲ့။ ဟဲဟဲ၊ အဲဒါ မဟာဝိဇ္ဇာပထဝီကြီး။



အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖောပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။