ဇာဝါရီ - ပူပန်သောက ရင်တမမနဲ့ အမေရိကန်များ



ဇာဝါရီ - ပူပန်သောက ရင်တမမနဲ့ အမေရိကန်များ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၆

မြန်မာစာဖတ်ပရိသတ်အနေနဲ့ ပြင်သစ်နိုင်ငံရှိ ချားလီ အပ်ဒိုး (Charlie Hebdo) အပတ်စဉ်မဂ္ဂဇင်းကို ၂၀၁၅ ဇန်နဝါရီလ (၇) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အနည်းနဲ့အများ သိရှိကြမှာပါ။ ၁၉၇၀ (၁၉၈၁ မှာ ရပ်နားပြီး၊ ၁၉၉၂ မှာ ပြန်လည်ထုတ်ဝေ) နှစ်က စတင်ထုတ်ဝေခဲ့တဲ့ အပတ်စဉ်မဂ္ဂဇင်းကို ပြင်သစ်နိုင်ငံရေးသမားတွေ အထူးသဖြင့် ဆန့်ကျင်ဘက် လက်ယာ နိုင်ငံရေးသမားတွေ၊ ဘာသာရေး မျက်ကန်းမျိုးချစ်တွေက မနှစ်သက်ပါဘူး။ မဂ္ဂဇင်းရဲ့  အငြင်းပွားစရာ ကာတွန်း၊ သရော်စာတွေကြောင့်လည်း မကြာခဏ ပြဿနာတက် တရားစွဲဆို၊ တိုက်ခိုက်မှုတွေ ခံရတယ် (မြန်မာနိုင်ငံမှာဆို ၆၆(ဃ) နဲ့ တအုပ်စုလုံး အရေးယူခံရမှာ သေချာတယ်)။

အဆိုးဆုံးဖြစ်ရပ်က ရုပ်ပုံရုပ်ထု ကိုးကွယ်ခြင်းမရှိ၊ အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ သူတို့ရဲ့  သူတော်စင် တမန်တော် မိုဟာမက် နဲ့ အလာလ်ရှင်မြတ်တို့ကို လှောင်ပြောင်ရေးဆွဲထားတဲ့ မျက်နှာဖုံးကာတွန်းကြောင့် ပဲရစ်မြို့ ပေါ်ရှိ တဲ့ ချားလီ အပ်ဒိုး မဂ္ဂဇင်းတိုက်ကို ၂၀၁၁ နိုဝင်ဘာလမှာတကြိမ်၊ ၂၀၁၅ ဇန်နဝါရီလ (၇) ရက်နေ့မှာ ဒုတိယကြိမ် အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အုပ်စုတွေက အစ္စလာမ်ဘာသာကို စော်ကားလို့ဆိုပြီး ရုံးအဖွဲ့ဝင် (၁၂) ဦးကို ပစ်သတ်ပြစ်တယ်။ (၁၁) ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ကြတယ်။

ဒီတကြိမ် နိုဝင်ဘာလ (၉) ရက်နေ့ထုတ် မဂ္ဂဇင်း မျက်နှာဖုံးမှာတော့ လူပြောအများဆုံး ကမ္ဘာကြီးနဲ့ အမေရိကန်နိုင်ငံသားတွေ (အထူးသဖြင့် မြို့ ပေါ်နေ ဒီမိုကရက် ပညာတတ်တွေ၊ အမျိုးသမီးများနဲ့ ဟီလာရီ ကလင်တန် ကို ထောက်ခံအားပေးသူတွေ) ကို အရှက်တကွဲ၊ အံ့သြတုန်လှုပ်သွားခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲရလဒ်ကို လှောင်ပြောင်ထားတဲ့ ကာတွန်း (ဖော်ပြပါပုံကို ကြည့် - Credit Charlie Hebdo - charliehebdo.fr အင်တာနက် စာမျက်နှာမှ)။

အမေရိကန်နိုင်ငံအတွင်း ဒီနှစ်ပိုင်းအတွင်း ကြီးထွားလာတဲ့ လူမျိုးရေး (လူဖြူ - လူမည်း/လူနည်းစု) ပြဿနာကို မီးရှို့ ယပ်တောင်ခပ်၊ လူမည်းအိုဘားမား သမ္မတ ဖြစ်လာတဲ့အပေါ် မချိတင်ကဲ ဖြစ်ခဲ့ကြတဲ့ လူဖြူအစွန်းရောက်တွေ (KKK, Nero Nazi, Skinhead, White Supremacist) ကို မြှောက်ထိုးပင့်ကော်၊ လူမျိုးရေးသွေးခွဲစကားတွေ၊ ညစ်ပက်ကြမ်းကြုတ် လိမ်ညာဖြီးလုံးတွေနဲ့ (ကလင်တန် မုန်းတီးသူများရဲ့  ထောက်ခံမှုနဲ့) အများမမျှော်လင့်ထားတဲ့ ဒေါ်နယ်ထရမ့် အမေရိကန်နိုင်ငံရဲ့  (၄၅) ယောက်မြောက် သမ္မတ ဖြစ်လာတာကြောင့် ပြည်သူအများစု အိပ်မက်ဆိုးမက်၊ အထိတ်တလန့်ဖြစ်ကာ
ဒီလို သမ္မတအုပ်ချုပ်မှုအောက်မှာ မနေတော့ဘူး ပြောဆိုသူတွေ၊ စိုးရိမ်ပူပန်သူများအတွက် ချားလီ အပ်ဒိုး မျက်နှာဖုံကာတွန်းက “Obama de nouveau citoyen comme les autres -- Obama, once again a regular citizen, like the rest of us - အိုဘားမားလည်း အခုတော့ ဒို့တွေလိုပဲ သာမန်ပြည်သူ ပြန်ဖြစ်ပြီ” စာတန်းနဲ့ လူဖြူ ရဲနှစ်ယောက် ပစ်ခတ်လို့ ဇောချွေးတလိပ်လိပ်၊ ပြူးတူးပြဲတဲ အသက်လုပြေးနေတဲ့ အိုဘားမား ရုပ်ပြောင်ပုံက လက်ရှိ လူဖြူရဲ နဲ့ လူမည်းတွေကြား ဖြစ်နေတဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ လူမျိုးရေးပဋိပက္ခတွေကို ထိထိမိမိ သရုပ်ဖော်လိုက်တယ်။

ပြောလဲပြောစရာ

ဒီနှစ် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ လူရှစ်ရာကျော် (အများစု လူမည်း နဲ့ လက်တင်နိုင်ငံသား) လူဖြူ ရဲတွေရဲ့  ပစ်ခတ်မှု၊ ရိုက်နှက်မှု၊ ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သေဆုံးခဲ့တယ်။ လူဖြူ ရဲတွေရဲ့  လက်မြန်ခြေမြန် (Trigger --) ပစ်ခတ်မှုနဲ့ သေဆုံးသူတွေအတွက် လူမည်းတွေက တရားဥပဒေနဲ့အညီ (ရဲတွေကို) အရေးယူဖို့ တောင်းဆိုနေချိန်မှာ လူမည်းတွေရဲ့  တောင်းဆိုမှု (Black Lives Matter) ကို လှောင်ပြောင် ပြစ်တင်ဝေဖန်ရှုတ်ချ၊ လူဖြူရဲတွေရဲ့  လုပ်ရပ်ကို ချီးကျူး (လက်လွတ်စပယ်) ပြောဆိုမှုတွေကြောင့် ရှေ့ မှာ ဖြစ်လာနိုင်တဲ့ မိမိတို့ အခွင့်ပြန်သာပြီ အထင်နဲ့ လူဖြူအစွန်းရောက်တွေက ဘာသာမတူ၊ လူမျိုးကွဲပြား လူနည်းစုတွေအပေါ် တရားမဲ့ ကျူးလွန်မှုတွေ ဖြစ်လာနိုင်တာကို အများစု စိုးရိမ်ပူပန်နေကြတယ်။ တချို့ မြို့ ရွာတွေမှာ ဒီရက်အတွင်း လူမျိုးစုလူနည်းစုတွေကို ခြိမ်းခြောက်ပြောဆိုမှု သတင်းတွေကို တွေ့မြင်ကြားနေရတယ် (အမေရိကန်နိုင်ငံမှာ အရုပ်ဆိုးအကျည်းတန်လှတဲ့ လူဖြူတွေ ကြီးစိုးတဲ့ ကျေးကျွန်စနစ်၊ လူမျိုးရေး (ဘာသာရေး) ခွဲခြားဆက်ဆံမှုတွေ နှစ်ပေါင်းရာချီ တည်ရှိခဲ့ပြီး လွန်ခဲ့တဲ့ ၁၉၇၀ အစောပိုင်းကာလမှ ပျောက်ကွယ်သွားခဲ့တယ်)။

အခုတော့ အမေရိကန်နိုင်ငံရေး ဂငယ်ကွေ့ (U-turn) ပြောင်းလဲမှုက မယုံနိုင်စရာ … အမေရိကန်ပြည်ထောင်စုရဲ့  ပထမဦးဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တဲ့ ဘာရက် အိုဘားမားကို မကျေနပ် သဘောမကျခဲ့တဲ့ အစွန်းရောက် လူဖြူကြီးစိုးရေး အုပ်စုတွေ အလိုကျ ဘာရက် ဟူစိန် အိုဘားမား (Barack Hussein Obama) က အမေရိကန်မှာ မွေးဖွားသူမဟုတ် (အာဖရိကန် ကင်ညာသား)၊ မူစလင်ဘာသာဝင်၊ တရားမဝင် ခိုးဝင်လာတဲ့ မက်ဆီကန် နဲ့ တောင်အမေရိကတိုက်သားတွေကို မတားမြစ်နိုင်သူ၊ အစ္စလာမ် အကြမ်းဖက်များကို ပြတ်ပြတ်သားသား မချေမှုန်းနိုင်သူ၊ လူဖြူတွေရဲ့  လုပ်အားခဝင်ငွေတွေနဲ့ တရားမဝင် ခိုးဝင်လာသူတွေ နဲ့ လူမည်းများအတွက် ဈေးနှုန်းချို ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးသူ၊ ရုရှား တရုတ်တို့ကို ကြောက်ရွံသြဇာခံသူ၊ အမေရိကန်သြဇာကို ကမ္ဘာမဖြန့်နိုင်တဲ့ အမေရိကန်သမိုင်းမှာ အညံ့ဆုံး၊ အချော်ဆုံး ခေါင်းဆောင် စတဲ့ အခြေအမြစ်မရှိ စွပ်စွဲချက် သောင်းခြောက်ထောင်နဲ့ အမျိုးသမီး၊ ဘာသာမတူ၊ လူမျိုးကွဲတွေကို မှိုချိုးမျှစ်ချိုး ပြောဆိုတဲ့ပုဂ္ဂိုလ် သမ္မတဖြစ်လာတော့ အရှက်တကွဲ ဖြစ်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ ကမ္ဘာကြီး အထိတ်တလန့်၊ ရင်တမမနဲ့ စိုးရိမ်ပူပန်ကြောင့်ကြကြတာ မဆန်းပေ။

နောက်ဆုံး အမေရိကန်နိုင်ငံသူ/သားတွေ ဆုတောင်းနေကြတာက မစ္စတာထရမ့် မဲရဖို့အတွက် ဖြီးဖျန်းပြောခဲ့သလို (သမ္မတသက်တမ်းမှာ) မရမ်းကားရင် ကမ္ဘာကြီး ငြိမ်းချမ်း၊ အမေရိကန်ပြည်သူတွေ ကောင်းစွာအိပ်စက်နိုင်ပါလိမ့်မယ်။

ချားလီ အပ်ဒိုး (Charlie Hebdo) မဂ္ဂဇင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေသည်။